ကျောရိုးသည် အလယ်တည့်တည့်တွင် တည့်မတ်မနေဘဲ ဘေးတစ်ဖက်တစ်ချက်သို့ ကွေးကောက်နေခြင်းကို ကျောရိုးစောင်းခြင်း (Scoliosis) ဟုခေါ်သည်။ ကျောရိုးစောင်းခြင်းသည် အစကနဦးတွင် ရောဂါလက္ခဏာအဖြစ် ခံစားရလေ့မရှိသော်လည်း နောက်ပိုင်းတွင် ကျောရိုးနာကျင်ခြင်းနှင့် ကိုယ်ဟန်အနေအထား ပုံစံမမှန်ခြင်းတို့ တွေ့နိုင်သည်။ ကျောရိုးစောင်းခြင်းကို ဆယ်ကျော်သက်အရွယ်များတွင် တွေ့ရလေ့ရှိပြီး စောစောစီးစီး သတိပြုမိရန် လိုအပ်သည်။ ကျောရိုးစောင်းခြင်း အများစုမှာ သာမန်မျှဖြစ်ပြီး ရောဂါလက္ခဏာမခံစားရပါက ကုသမှု မလိုအပ်ပေ။ ရောဂါလက္ခဏာခံစားရပါက ကုသမှုနည်းလမ်းများအနေဖြင့် ကာယကုထုံးဖြင့်ကုသခြင်း၊ ကျောရိုးအထိန်းများ ဝတ်ဆင်ခြင်း၊ ခွဲစိတ်ကုသမှုပြုလုပ်ခြင်းဖြင့် သက်သာပျောက်ကင်းနိုင်သည်။
ကျောရိုးစောင်းခြင်း အမျိုးအစားများနှင့် အကြောင်းရင်းများ
ကျောရိုးစောင်းခြင်း အမျိုးအစားများစွာရှိပြီး အမျိုးအစားအလိုက် ဖြစ်ပေါ်စေသည့် အကြောင်းရင်းကွဲပြားနိုင်သည်။ အများစုသော လူနာများတွင် ဖြစ်ပေါ်စေသည့် အကြောင်းရင်းကို မတွေ့ရှိနိုင်ပါ။
- အကြောင်းရင်း မသိသော ကျောရိုးစောင်းခြင်း (Idiopathic Scoliosis)
- ဤအမျိုးအစားသည် အဖြစ်အများဆုံး ကျောရိုးစောင်းခြင်း အမျိုးအစားဖြစ်သည်
- ဖြစ်ပေါ်ရသောအကြောင်းရင်း _ ဖြစ်ပေါ်စေသည့်အကြောင်းရင်းကို တိကျစွာ မတွေ့ရှိနိုင်သော်လည်း မျိုးဗီဇနှင့် သက်ဆိုင်နိုင်ခြေရှိသည်
- ဆယ်ကျော်သက်များတွင် ပို၍တွေ့ရပြီး နံရိုးနှင့်ဆက်နေသည့် ကျောရိုးအပိုင်းတွင် စောင်းခြင်း အတွေ့ရများသည်
- မွေးရာပါ ကျောရိုးစောင်းခြင်း (Congenital Scoliosis)
- သန္ဓေသားဘဝတွင် စတင်ဖြစ်ပေါ်ပြီး မွေးဖွားချိန်၌ စတင်သတိပြုမိသည်
- ဖြစ်ပေါ်ရသောအကြောင်းရင်း
- သန္ဓေသား ကြီးထွားနေစဉ်အတွင်း ကျောရိုးဆစ် ပုံသဏ္ဌာန်မမှန်ခြင်း
- မျိုးဗီဇ ပြောင်းလဲခြင်း
- ကြွက်သားနှင့် အာရုံကြော ပုံမှန်မဟုတ်သောကြောင့် ကျောရိုးစောင်းခြင်း (Neuromuscular Scoliosis)
- အာရုံကြော သို့မဟုတ် ကြွက်သားစနစ်ကို ထိခိုက်စေသော ရောဂါများကြောင့် ကျောရိုးကို ထောက်မထားသည့် ကြွက်သားများ အားနည်းခြင်း သို့မဟုတ် ဟန်ချက်မညီခြင်းတို့မှ ဖြစ်ပေါ်လာသည်
- ဖြစ်ပေါ်ရသောအကြောင်းရင်း
- စီပီရောဂါ (Cerebral Palsy)
- မွေးရာပါ ကျောရိုးကွင်း မဆက်ခြင်း (Spina Bifida)
- ကြွက်သား အားနည်းပျက်စီးရောဂါ (Muscular Dystrophy)
- အခြားအာရုံကြောနှင့် ကြွက်သားများ ထိခိုက်ပျက်စီးသောရောဂါ အခြေအနေများကြောင့် ဖြစ်ပေါ်နိုင်သည်
- လူကြီးများတွင် တွေ့ရသည့် ကျောရိုးစောင်းခြင်း (Adult Degenerative Scoliosis)
- အများအားဖြင့် အသက်ကြီးသော သူများတွင် အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်
- ဖြစ်ပေါ်ရသောအကြောင်းရင်း
- အသက်အရွယ်ကြောင့် ကျောရိုးဆစ်ကြားရှိ အရိုးနုပြား အားနည်းလာခြင်း (Degeneration)
- ကျောရိုးဆစ် ကျီးပေါင်းတက်ခြင်း (Arthritis/Spondylosis)
- အရိုးပွရောဂါ (Osteoporosis) ခံစားရခြင်းတို့ကြောင့် ကျောရိုးသည် တဖြည်းဖြည်းချင်း စောင်းလာခြင်း ဖြစ်နိုင်သည်
- အဖြစ်များသောနေရာ – ခါးရိုးနေရာ (Lumbar Spine) ၌ ကျောရိုးစောင်းခြင်း အဖြစ်များသည်
- အခြားသော ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများ (Other Causes)
- ကျောရိုးထိခိုက် ဒဏ်ရာရခြင်း (Traumatic injury)
- ကျောရိုးဆစ်အတွင်း အလုံး၊ အကျိတ် ဖြစ်ပေါ်ခြင်း (Tumors or Growths)
ဖြစ်ပွါးနိုင်ခြေများသူများ
ကျောရိုးစောင်းခြင်း (Scoliosis) ဖြစ်ပွါးနိုင်ခြေ ပိုများသည့် အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်သည်။
- မျိုးရိုးလိုက်ခြင်း – မိသားစုအတွင်း ကျောရိုးစောင်းခြင်းကို ခံစားနေရသူများ
- ရောဂါအခံများ – ကျောရိုးဆစ်၊ ကြွက်သား သို့မဟုတ် အာရုံကြောစနစ်တို့တွင် ရောဂါတစ်ခုခု ခံစားနေရသူများ သို့မဟုတ် ထိုနေရာများတွင် ထိခိုက်ဒဏ်ရာရဖူးသူများ
- ကျား၊ မ ကွာခြားချက်
ကျောရိုးစောင်းခြင်းသည် အမျိုးသားများနှင့် အမျိုးသမီးများတွင် ဖြစ်ပွါးမှုနှုန်း တူညီသော်လည်း၊ အမျိုးသမီးများတွင် ကျောရိုးစောင်းခြင်း ပိုမိုပြင်းထန်လာနိုင်ပြီး ကုသမှု ခံယူရန် လိုအပ်သည့် အခြေအနေမျိုး ဖြစ်နိုင်ခြေ ပိုများသည်။
ရောဂါလက္ခဏာများ
ကျောရိုးစောင်းခြင်းသည် အများအားဖြင့် ရောဂါလက္ခဏာခံစားရမှု မရှိနိုင်သော်လည်း ပြင်းထန်မှုအလိုက် အောက်ပါလက္ခဏာများ ခံစားရနိုင်သည်။
- ကျောရိုးနာကျင်ခြင်း
- ဖြောင့်ဖြောင့်တန်းတန်း မတ်တတ်ရပ်ရန် ခက်ခဲခြင်း
- ခန္ဓာကိုယ်ရှိ ကြွက်သားများ အားနည်းခြင်း
- ခြေသလုံးနာကျင်ခြင်း၊ ထုံကျဉ်ခြင်း၊ အားနည်းခြင်း
စမ်းသပ်စစ်ဆေးကြည့်ပါက
- ပခုံးနှစ်ဖက် ညီညာမှု မရှိခြင်း
- လက်ပြင်ရိုးတစ်ဖက်သည် ထိုးထွက်နေပြီး အခြားတစ်ဖက်ထက် ကြီးနေခြင်း
- ဦးခေါင်းသည် တင်ပါးဆုံရိုးအပေါ်တည့်တည့် အလယ်ဗဟိုတွင် ရှိမနေခြင်း
- ကိုယ်ကို ရှေ့သို့ ကိုင်းလိုက်သည့်အခါ ကျောပြင်တစ်ဖက်သည် ထိုးထွက်နေခြင်း
- ရင်ညွန့်ရိုး၏ တစ်ဖက်ရှိ နံရိုးအုံသည် ရှေ့သို့ ထိုးထွက်နေခြင်း
- ခါးစောင်းနေခြင်း
- တင်ပါးဆုံဆစ် ညီညာမှု မရှိခြင်း
- ခန္ဓာကိုယ်တစ်ဖက်သို့ အမြဲတမ်း စောင်းနေခြင်း
- ခြေထောက်နှစ်ဖက် အတိုအရှည် မညီခြင်း
- အရေပြားပုံစံ ပြောင်းလဲမှုရှိခြင်းတို့ တွေ့နိုင်သည်။
အချိန်ပိုကြာလာပါက အရပ်နိမ့်လာခြင်း၊ တင်ပါးဆုံရိုးကွင်းနှင့် တင်ပါးဆုံဆစ် ပုံသဏ္ဌာန်မမှန်ခြင်းတို့ကို သတိထားမိနိုင်မည်။
နောက်ဆက်တွဲပြဿနာများ
ကုသမှု မခံယူပါက ပြင်းထန်သည့် ကျောရိုးစောင်းလူနာများသည်
- နာတာရှည်နာကျင်မှု ခံစားရခြင်း
- ရုပ်ပိုင်းဆိုင်ရာပုံစံ ပျက်ယွင်းခြင်း
- ခန္ဓာကိုယ်တွင်းအင်္ဂါ အထူးသဖြင့် အဆုတ်၊ နှလုံးတို့ကို ထိခိုက်နိုင်ခြင်း
- အာရုံကြောထိခိုက်ခြင်း
- ဆီးဝမ်းမထိန်းနိုင်ခြင်း၊ ကြွက်သားအားနည်းခြင်း
- အဆစ်ကျီးပေါင်းတက်ခြင်း
- အာရုံကြောမကြီးပတ်လည်ရှိ စီအက်စ်အက်ဖ်အရည်များ ယိုစိမ့်ခြင်း
- အသက်ရှူရခက်ခဲခြင်းတို့ ခံစားရနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ဆယ်ကျော်သက်ရွယ်များတွင် တွေ့ရလေ့ရှိသည့် ကျောရိုးစောင်းခြင်းကို သူငယ်ချင်းများ၊ ဆရာများ၊ မိဘများမှ စတင်သတိပြုမိလေ့ရှိသည်။ ကျောရိုးစောင်းခြင်း သေချာရန်နှင့် ပြင်းထန်မှုကို သိရှိနိုင်ရန် မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် ရောဂါရာဇဝင်မေးခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်နိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
အရေးပေါ်ပြသရန်
နာကျင်မှု ပြင်းထန်ခြင်း၊ နောက်ဆက်တွဲ ရောဂါလက္ခဏာများ ခံစားရခြင်းများရှိပါက ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ၍ ကုသမှု ခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ၊ ကျောင်းကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် ကျောရိုးစောင်းခြင်း အခြေအနေကို ကြိုတင်သိရှိနိုင်သည်။ ရောဂါရာဇဝင်မေးခြင်း၊ စမ်းသပ်စစ်ဆေးခြင်းတို့ဖြင့် ကျောရိုးစောင်းသည့် အခြေအနေနှင့် တွဲဖက်ရှိနေနိုင်သော နောက်ခံရောဂါများကို သိရှိသည်။
- ဓာတ်မှန်ရိုက်စစ်ဆေးခြင်း (X-ray)
ကျောရိုးတစ်လျှောက်လုံးကို အရှေ့နှင့် ဘေးဘက်မှ မြင်သည့်ပုံစံဖြင့် ဓာတ်မှန်ရိုက်စစ်ဆေးသည်။ ကျောရိုးစောင်းခြင်း ပြင်းထန်မှုအဆင့်ကို ကျောရိုးကွေးကောက်သည့် ဒီဂရီအား တိုင်းတာခြင်းဖြင့် သတ်မှတ်သည်။- ကွေးကောက်သည့် ဒီဂရီ (၁၀) အောက်ဖြစ်ပါက ကျောရိုးစောင်းခြင်းမရှိပါ
- ကွေးကောက်သည့် ဒီဂရီ (၁၀-၂၄) ကြားဖြစ်ပါက သာမန်ကျောရိုးစောင်းခြင်းဟု သတ်မှတ်သည်
- ကွေးကောက်သည့် ဒီဂရီ (၂၅-၃၉) ကြားဖြစ်ပါက အလယ်အလတ် ကျောရိုးစောင်းခြင်းဟု သတ်မှတ်သည်
- (၄၀) ဒီဂရီထက် ပို၍ ကွေးကောက်ပါက ပြင်းထန်သည့် ကျောရိုးစောင်းခြင်းဟု သတ်မှတ်သည်၊
- ကွန်ပျူတာဓာတ်မှန်ရိုက်စစ်ဆေးခြင်း (CT scan)
အရိုးအခြေအနေကို ရှုထောင့်အမျိုးမျိုးမှ စစ်ဆေးသည်။ ကိုယ်တွင်းအင်္ဂါများ၏ အခြေအနေကို ဆန်းစစ်သည်။ - သံလိုက်ဓာတ်မှန်ရိုက်စစ်ဆေးခြင်း (MRI)
အာရုံကြောများ၊ ကြွက်သားများ၊ ကျောရိုးဆစ်ကြားရှိ အရိုးနုပြားအခြေအနေများကို သိနိုင်သည်။
နောက်ခံရောဂါများ ရှာဖွေခြင်းအတွက် စစ်ဆေးမှုများ (Investigations for Underlying Conditions)
ကျောရိုးစောင်းခြင်းသည် အကြောင်းရင်းတစ်ခုခုကြောင့်ဟု သံသယရှိပါက အောက်ပါတို့ကို စစ်ဆေးနိုင်သည်။
- အာရုံကြောနှင့် ကြွက်သားတုံ့ပြန်မှု စစ်ဆေးခြင်းများ (NCS EMG)
- မျိုးဗီဇစစ်ဆေးမှု (Genetic Testing) – ရှားပါးသော မျိုးဗီဇဆိုင်ရာ ရောဂါများ (ဥပမာ – Marfan Syndrome) နှင့် ဆက်စပ်မှု ရှိမရှိ စစ်ဆေးခြင်း (အထူးသဖြင့် အကြောင်းရင်းမသိသော Scoliosis အချို့တွင်)
- ဆီးနှင့် သွေးစစ်ဆေးခြင်း – ကြွက်သားများ သို့မဟုတ် အရိုးများ၏ ဇီဝကမ္မဖြစ်စဉ်ကို ထိခိုက်စေသော ရောဂါများ (ဥပမာ _ အရိုးဆိုင်ရာ ဇီဝကမ္မချို့ယွင်းချက်များ) ကို စစ်ဆေးရန်
ကုသခြင်း
ကျောရိုးစောင်းသည့် လူနာအားလုံးသည် ကုသမှုခံယူရန် မလိုအပ်ပေ။
ကုသမှု၏ ရည်ရွယ်ချက်များမှာ_
- ခံစားနေရသော ရောဂါလက္ခဏာများသက်သာရန်
- ကျောရိုးစောင်းသည့် ကွေးကောက်မှုဒီဂရီ ပိုဆိုးမလာစေရန်
- ကျောရိုး၏လုပ်ငန်းဆောင်တာများ တိုးတက်လာစေရန်တို့ဖြစ်သည်။
ကုသမှုပေးရန်အတွက် ထည့်သွင်းစဉ်းစားရသည့်အချက်များမှာ_
- ကျောရိုးစောင်းသည့် အမျိုးအစား
- ကျောရိုးကွေးကောက်သည့် ဒီဂရီ
- မိသားစုရာဇဝင်
- လူနာ၏အသက်
- အရိုးကြီးထွားရန် ကျန်ရှိသည့် နှစ်အပိုင်းအခြား
- နောက်ခံရောဂါအခြေအနေတို့ဖြစ်သည်။
မခွဲစိတ်ဘဲကုသသည့်နည်းလမ်း
ကျောရိုးစောင်းသည့် လူနာအများစုမှာ ခွဲစိတ်မှုခံယူရန် မလိုအပ်ပေ။ သို့သော် အောက်ပါအကြံပြုချက်များကို လိုက်နာသင့်သည်။
- ကျောရိုးစောင်းသည့် ကွေးကောက်မှုဒီဂရီ ပိုဆိုးလာခြင်း ရှိမရှိ သိရှိနိုင်ရန် (၆) လ တစ်ကြိမ် စစ်ဆေးခြင်း
- အကိုက်အခဲပျောက်ဆေးများကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း သောက်သုံးခြင်း
- ကြွက်သားသန်မာရေး လေ့ကျင့်ခန်းများနှင့် အဆစ်လှုပ်ရှားမှု လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း
- ကျောရိုးတည်ငြိမ်မှုရှိစေရန် ကျောရိုးထိန်းအပတ်များ ဝတ်ဆင်ခြင်း _ ချိုင်းအောက်ဘက်မှ တင်ပါးဆုံထိ ဝတ်ဆင်ရသော ကျောရိုးထိန်းအပတ်များကို ပလတ်စတစ်ဖြင့် ပြုလုပ်ထားပြီး တစ်နေ့လျှင် (၁၃-၁၈) နာရီခန့် ဝတ်ဆင်ရန် လိုအပ်သည်၊ အရိုးကြီးထွားမှု ရပ်တန့်သွားသည့် အချိန်အထိ ဝတ်ဆင်ရမည်၊ မိန်းကလေးများမှာ အသက် (၁၄) နှစ်အရွယ်တွင် ကြီးထွားမှုရပ်တန့်ပြီး ယောက်ျားကလေးများမှာ အသက် (၁၆) နှစ်ခန့်တွင်ရပ်တန့်သည်၊ သို့သော် တစ်ဦးနှင့်တစ်ဦး အရိုးကြီးထွားမှုရပ်တန့်ချိန်မှာ ကွာခြားနိုင်သည်
- နောက်ခံအကြောင်းရင်းရောဂါများရှိပါက ကုသမှုပေးခြင်းတို့ ဖြစ်ကြသည်။
ခွဲစိတ်ကုသသည့်နည်းလမ်း
အထက်ပါနည်းလမ်းများဖြင့် ကုသသော်လည်း သက်သာမှုမရှိပါက ခွဲစိတ်ကုသမှုလိုအပ်နိုင်သည်။ ခွဲစိတ်ကုသသည့် နည်းလမ်းကို အသုံးပြုခြင်းဖြင့် ကျောရိုးကိုတည်ငြိမ်စေခြင်း၊ ခန္ဓာကိုယ်အနေအထား ဟန်ချက်ညီစေခြင်း၊ အာရုံကြောအပေါ်သို့ သက်ရောက်သည့် ဖိအားလျော့နည်းစေခြင်း ဖြစ်စေသည်။
ခွဲစိတ်ကုသည့် နည်းလမ်းများမှာ_
- ကျောရိုးဆစ်များ တစ်ခုနှင့်တစ်ခု ပူးဆက်စေရန် ခွဲစိတ်ခြင်း (Spinal fusion) _ သတ္တုချောင်းများ၊ အထူးပြုလုပ်ထားသည့် ဝက်အူများအသုံးပြု၍ ခွဲစိတ်ကုသသည်
- ဆန့်နိုင်သောသတ္တုချောင်းအသုံးပြု၍ ခွဲစိတ်ကုသခြင်း (Expandable rod)_ကလေးများ၏ ကြီးထွားဆဲကျောရိုးများတွင် ဆန့်ထွက်နိုင်သောသတ္တုချောင်းများ ထည့်သွင်းခြင်းအသုံးပြုခြင်းဖြင့် ကလေးများ၏အရိုးရှည်ထွက်လာသည့်အခါ သဟဇာတဖြစ်စေသည်
- ကျောရိုးတွင်းချိတ်ဆက်ကုထုံး (Vertebral Body Tethering)
ကျောရိုးကွေးကောက်နေသော မျဉ်း၏ အပြင်ဘက်အနားတစ်လျှောက်တွင် ဝက်အူများကို ထည့်ထားပြီး၊ ထိုဝက်အူများကြားမှ ခိုင်မာသော ကြိုးတစ်ချောင်းကို ဆက်သွယ်ထားသည်။ ထိုကြိုးကို တင်းကျပ်စွာ ညှစ်ခြင်းဖြင့် ကျောရိုးကို ဖြောင့်တန်းသွားစေသည်။ ကလေးကြီးပြင်းလာသည့်အခါ ကျောရိုးသည် ပိုမိုဖြောင့်တန်းလာနိုင်သည်။
ဤကုသမှုသည် ကျောရိုး၏ ပုံမှန်လှုပ်ရှားမှုကို မထိခိုက်စေပဲ ထိန်းသိမ်းပေးထားသည်။
ခွဲစိတ်ကုသသည့်နည်းလမ်းများမှာ အစဉ်အမြဲခေတ်မီတိုးတက်နေပြီး ခွဲစိတ်မှုဒဏ်ရာပြင်းထန်မှုကို လျှော့ချသည့် နည်းလမ်းများ အသုံးပြုသဖြင့် ခွဲစိတ်ပြီး နလန်ထမှုကို မြန်ဆန်စေသည်။
ကျောရိုးစောင်းခြင်းကိုကုသသည့် ခွဲစိတ်မှုသည် ဘေးကင်းလုံခြုံသည့် ခွဲစိတ်ကုသမှုဖြစ်သော်လည်း အောက်ပါနောက်ဆက်တွဲဆိုးကျိုးများ ဖြစ်နိုင်သည်။
- အနာပိုးဝင်ခြင်း
- သွေးထွက်ခြင်း
- သွေးခဲခြင်း
- အာရုံကြောထိခိုက်မှုဖြစ်ခြင်း
- ကျောရိုးလှုပ်ရှားမှု အကန့်အသတ်ရှိခြင်း
ကာကွယ်ခြင်း
- ကျောရိုးစောင်းခြင်းကို ကာကွယ်မှု မပြုနိုင်သော်လည်း ကျောရိုးစောင်းခြင်း ခံစားရပါက ပိုမိုဆိုးရွားမလာစေရန် ကျောရိုးကြွက်သားများ၊ ဝမ်းဗိုက်ကြွက်သားများ သန်မာရေးလေ့ကျင့်ခန်းများကို ပြုလုပ်သင့်သည်
- ပုံမှန်လှုပ်ရှားသွားလာမှုပြုခြင်းဖြင့် ရောဂါခံစားရသည့်လက္ခဏာများ လျော့ကျနိုင်သည်
References:
- Cleveland Clinic. (n.d.). Scoliosis. Retrieved October 15, 2025, from https://my.clevelandclinic.org/health/diseases/15837-scoliosis
- Mayo Clinic. (n.d.). Scoliosis: Symptoms and causes. Retrieved October 15, 2025, from https://www.mayoclinic.org/diseases-conditions/scoliosis/symptoms-causes/syc-20350716
Published: 3 December 2025
.indent-top{padding-top: 30px;} .indent-bottom{padding-bottom: 30px;}Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
