Fibroadenoma breast (ဖိုင်ဘရို အဒီနိုးမား ရင်သားအကျိတ်)

Fibroadenoma breast (ဖိုင်ဘရို အဒီနိုးမား ရင်သားအကျိတ်)

ဖိုင်ဘရို အဒီနိုးမား (Fibroadenoma) သည် အသက် (၁၅)နှစ် မှ (၃၅)နှစ်ကြား အမျိုးသမီးများတွင် အများဆုံးတွေ့ရသော ကင်ဆာမဟုတ်သည့် (Benign) ရင်သားအကျိတ်များဖြစ်သည်။ လက်ဖြင့်စမ်းကြည့်လျှင် ရွေ့လျားနေတတ်သည်။ အချို့အကျိတ်များသည် အလိုအလျောက် သေးငယ်သွားပြီး ပျောက်ကွယ်သွားနိုင်သည်။

အမျိုးအစားများနှင့် ကင်ဆာဖြစ်နိုင်ခြေ
အမျိုးအစားကင်ဆာဖြစ်နိုင်ခြေ
ရိုးရိုးအကျိတ် (Simple)မရှိသလောက် နည်းပါးသည်
ရှုပ်ထွေးသောအကျိတ် (Complex)
အရည်အိတ်၊ ထုံးဓာတ်စုပုံသည့် အစက်ငယ်များ (calcifications) သို့မဟုတ် ရင်သားဆဲလ်များ ပွါးများပါဝင်နေခြင်း
အနည်းငယ် ပိုများသည်။

အသားစစစ်ဆေးမှုတွင် အခြားကင်ဆာဖြစ်စေနိုင်သော ပြောင်းလဲမှု (ဥပမာ – Atypical hyperplasia) တွေ့ရှိက အန္တရာယ်ပိုများသည်။
အကြီးစား (Giant) သို့မဟုတ် ဆယ်ကျော်သက်အရွယ်တွင် ဖြစ်ပွါးသည့် အကျိတ် (Juvenile)အကျိတ်အရွယ်အစား (၅) စင်တီမီတာထက် ကြီးခြင်း

အကျိတ်ကြောင့် ရင်သားပုံသဏ္ဌာန် ပြောင်းလဲသွားခြင်း
လျင်မြန်စွာ ကြီးထွားလာပါက Phyllodes tumour ကဲ့သို့သော အခြားရှားပါးအကျိတ်များနှင့် ခွဲခြားသိရှိရန် လိုအပ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အကြောင်းရင်း အတိအကျမသိရသေးသော်လည်း သုတေ​သနတွေ့ရှိချက်များအရ အီစတိုဂျင် (Oestrogen) ကဲ့သို့သော မျိုးပွါးခြင်းဆိုင်ရာ ဟော်မုန်းများ (Reproductive Hormones) ၏ လှုံ့ဆော်မှုကြောင့် ဖြစ်ပေါ်သည်ဟု ယူဆကြသည်။

  • ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် ဟော်မုန်းကုထုံးယူနေစဉ် အရွယ်အစား ကြီးလာနိုင်သည်
  • သွေးဆုံးပြီးနောက် (ဟော်မုန်းကျဆင်းသောအခါ) ကျုံ့သွားလေ့ရှိသည်
ရောဂါလက္ခဏာများ
  • နာကျင်မှု _ ပုံမှန်အားဖြင့် နာကျင်မှုမရှိသော အကျိတ်ဖြစ်သည်
  • ပုံသဏ္ဌာန်နှင့် မိမိဘာသာ စမ်းသပ်ပါက ခံစားတွေ့ရှိချက်များ _ ဝိုင်းစက်၍ အနားသတ်များ ချောမွေ့ပြီး ရာဘာကဲ့သို့ မာကျောသော ခံစားမှုရှိသည်
  • ရွေ့လျားနိုင်မှု _ ရင်သားအရေပြားအောက်တွင် လက်ဖြင့်စမ်းသပ်ပါက လွယ်ကူစွာ ရွေ့လျားနိုင်သောကြောင့် “Breast Mouse” ဟုလည်း ခေါ်ဆိုကြသည်
  • အရွယ်အစား _ ပဲစေ့ခန့်မှ ဂေါက်သီးလုံးခန့်အထိ အရွယ်အစား အမျိုးမျိုးရှိနိုင်သည်
  • အရည်အတွက်၊ တည်နေရာ _ တစ်ခုတည်း သို့မဟုတ် တစ်ခုထက်ပို၍၊ ရင်သားတစ်ဖက်တည်း သို့မဟုတ် နှစ်ဖက်လုံးတွင် ရှိနိုင်သည်
  • ဓမ္မတာနှင့် ဆက်စပ်မှု _ ရာသီမလာမီ ရက်အနည်းငယ်အလိုတွင် အနည်းငယ် တင်းမာခြင်း သို့မဟုတ် နာကျင်ခြင်းမျိုး ခံစားရနိုင်သည်
နောက်ဆက်တွဲပြဿနာများ

အများစုမှာ ရိုးရိုး (Simple) အမျိုးအစားဖြစ်ပြီး ရင်သားကင်ဆာ ဖြစ်နိုင်ခြေ နည်းပါးသည်။ သို့သော် ရှုပ်ထွေးသောအကျိတ် (complex) နှင့် အကြီးစားအကျိတ် (giant) အမျိုးအစားများအတွက် ဆရာဝန်၏ စောင့်ကြည့်မှု လိုအပ်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အောက်ဖော်ပြပါ လက္ခဏာများ တစ်ခုခုဖြစ်ပွါးပါက မိသားစုဆရာ၀န်များနှင့် တိုင်ပင်ဆွေးနွေး၍ အမြန်ဆေးကုသမှုခံယူသင့်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

  • ရင်သားအလုံး စမ်းမိခြင်း
  • ယခင်အလုံးသည် အရွယ်အစား ပိုမိုကြီးလာခြင်း သို့မဟုတ် ပုံသဏ္ဌာန်ပြောင်းလဲခြင်း
  • နာကျင်ခြင်း၊ ရောင်ရမ်းလာခြင်း အပါအဝင် ရင်သားပြောင်းလဲမှုများ တစ်ခုခု သတိထားမိခြင်း
  • နို့သီးခေါင်းမှ အရည်များ (အထူးသဖြင့် သွေးရည်ကြည် သို့မဟုတ် သွေးရောင်) ထွက်ခြင်း သို့မဟုတ် နို့သီးခေါင်း ပတ်လည်တွင် အနီကွက်များ ဖြစ်ပေါ်ခြင်း
ရောဂါရှာဖွေခြင်း

ရောဂါရှာဖွေခြင်းအတွက် ဆရာဝန်မှ အဆင့် (၃) ဆင့် စမ်းသပ်စစ်ဆေးမှုကို ပြုလုပ်မည်။

  1. ဆရာဝန်မှ ရင်သား စမ်းသပ်စစ်ဆေးခြင်း (Breast examination)
    ဖိုင်ဘရို အဒီနိုးမား ရင်သားအကျိတ် သို့မဟုတ် ကင်ဆာအကျိတ် ဖြစ်သည်ကို ကွဲပြားစွာ သိရှိနိုင်ရန် ရင်သားနှစ်ဖက်၊ ချိုင်း၊ ရင်ဘတ်နှင့် လည်ပင်းများကို ထိုင်လျက် တစ်ကြိမ်၊ လဲလျောင်းလျက် တစ်ကြိမ် စမ်းသပ်စစ်ဆေးမည်။
  2. ရင်သားဓာတ်မှန်၊ အာထရာဆောင်း (Breast imaging)
    ရင်သားပြောင်းလဲမှုများ ပိုမိုသိရှိနိုင်ရန် ရင်သားဓာတ်မှန် (Mammogram) သို့မဟုတ် ရင်သားအာထရာဆောင်း (USG) သို့မဟုတ် (၂) မျိုးလုံးဖြစ်စေ ရိုက်ရန်လိုအပ်သည်။ လိုအပ်ပါက သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း ပြုလုပ်ရတတ်သည်။
    • အသက် (၃၀) နှစ်အောက် အမျိုးသမီးများအတွက် ရင်သား အာထရာဆောင်း (USG) ကို အဓိကထား အသုံးပြုသည်
    • အသက် (၃၅-၄၀) နှစ်နှင့်အထက် အမျိုးသမီးများအတွက် ရင်သားဓာတ်မှန် (Mammogram) နှင့် လိုအပ်ပါက အာထရာဆောင်းတို့ကို တွဲဖက်သုံးစွဲသည်
  3. အသားစယူစစ်ဆေးခြင်း (Biopsy)
    ပုံရိပ်ဖော်ရလဒ်နှင့် စမ်းသပ်စစ်ဆေးမှု ရလဒ်တို့တွင် ရှင်းလင်းမှု မရှိပါက သို့မဟုတ် ကင်ဆာဟုတ်မဟုတ် အတိအကျသိရှိရန် ဆက်လက်၍ အသားစယူစစ်ဆေးမည်ဖြစ်သည်။ ဆေးထိုးအပ်၊ အထူးပြုလုပ်ထားသောအပ်ဖြင့် အသားစယူခြင်း သို့မဟုတ် ခွဲစိတ်ထုတ်ယူစစ်ဆေးခြင်း စသည်တို့ ပြုလုပ်နိုင်သည်။
ကုသခြင်း

ဖိုင်ဘရို အဒီနိုးမား အကျိတ်အများစုသည် ကင်ဆာမဟုတ်သောကြောင့် မည်သည့်ကုသမှုမျှ မလိုအပ်တတ်ဘဲ စောင့်ကြည့်နိုင်သည်။

  • စောင့်ကြည့်ခြင်း (Monitoring)
    အလုံးသည် ရိုးရိုးအကျိတ်ဖြစ်ကြောင်း အသားစ စစ်ဆေးအတည်ပြုပြီးပါက အရွယ်အစားသေးငယ်ပြီး ကင်ဆာလက္ခဏာမရှိလျှင် ပုံမှန် အာထရာဆောင်း ရိုက်၍ (၃ လကြာတိုင်းရိုက်လေ့ရှိသည်) အရွယ်အစားနှင့် ပုံသဏ္ဌာန် ပြောင်းလဲမှု ရှိမရှိ စောင့်ကြည့်ခြင်းဖြစ်သည်။
  • ခွဲစိတ်ဖယ်ရှားခြင်း (Surgical Removal / Lumpectomy)
    အောက်ပါအခြေအနေများတွင် ခွဲစိတ်ဖယ်ရှားရန် လိုအပ်နိုင်သည်။
    • မူလအလုံးအရွယ်အစားကြီးမားခြင်း
    • အလုံးသည် လျင်မြန်စွာ အရွယ်အစား ကြီးထွားလာခြင်း သို့မဟုတ် ပုံသဏ္ဌာန် ပြောင်းလဲခြင်း
    • အသားစယူ စစ်ဆေးမှု ရလဒ်များ ရှင်းလင်းပြတ်သားမှု မရှိခြင်း (ဥပမာ – Phyllodes tumour နှင့် ခွဲရခက်ခြင်း)
    • လူနာကိုယ်တိုင် စိုးရိမ်ပူပန်၍ ဖယ်ရှားလိုခြင်း
  • ပြင်းထန်သော အအေးဓာတ်ကိုအသုံးပြု၍ ဆဲလ်များကို ဖျက်ဆီးခြင်း (Cryoablation)
    • သေးငယ်သော အကျိတ်အချို့တွင် ရိုးရိုးအကျိတ်ဖြစ်ကြောင်း အသားစစစ်ဆေးအတည်ပြုပြီးပါက Cryoablation နည်းဖြင့် ကုသနိုင်သည်
ကာကွယ်ခြင်း

ဖိုင်ဘရို အဒီနိုးမားကို အတိအကျ ကာကွယ်ရန် နည်းလမ်းမရှိသော်လည်း အောက်ပါတို့ကို ပုံမှန်ပြုလုပ်ခြင်းဖြင့် စောစီးစွာ သိရှိနိုင်ရန် အထောက်အကူပြုသည်။

  • ရင်သားကို မိမိဘာသာ ပုံမှန်စစ်ဆေးခြင်း (Breast Self-Examination) – ရင်သား၏ အလုံးအကျိတ် ပြောင်းလဲမှုများကို သတိပြုမိရန် မိမိရင်သားကို ပုံမှန်စစ်ဆေးနေခြင်း
  • ပုံမှန် ဆေးစစ်မှုခံယူခြင်း _ ဆရာဝန်နှင့် ပုံမှန် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်၍ ရင်သားကို စမ်းသပ်စစ်ဆေးခြင်း
  • ရင်သားဓာတ်မှန် သို့မဟုတ် ရင်သားအာထရာဆောင်းရိုက် စစ်ဆေးခြင်း (Breast imaging) ရိုက်ခြင်း _ အသက်အရွယ်အလိုက် ဆရာဝန်၏ အကြံပြုချက်အတိုင်း ရင်သားဓာတ်မှန်ရိုက်၍ စမ်းသပ်စစ်ဆေးခြင်း

References

  1. Mayo Clinic. (n.d.). Fibroadenoma: Symptoms and causes. Retrieved September 1, 2025, from https://www.mayoclinic.org/diseases-conditions/fibroadenoma/symptoms-causes/syc-20352752
  2. Cleveland Clinic. (n.d.). Fibroadenomas of the breast. Retrieved September 1, 2025, from https://my.clevelandclinic.org/health/diseases/15690-fibroadenomas-of-the-breast

Published: 1 December 2025

Share

1 December 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Clavicle Fracture (ညှပ်ရိုးကျိုးခြင်း)
Feb 28, 2026
Diseases and Conditions

Clavicle Fracture (ညှပ်ရိုးကျိုးခြင်း)

ညှပ်ရိုးကျိုးခြင်းအများစုကို မခွဲစိတ်ဘဲကုသသည့် နည်းလမ်းများဖြင့်...

Patau Syndrome (Trisomy 13) (ပါတောင်း ဆင်ဒရုန်း)
Feb 28, 2026
Diseases and Conditions

Patau Syndrome (Trisomy 13) (ပါတောင်း ဆင်ဒရုန်း)

ပါတောင်း ဆင်ဒရုန်း (Patau Syndrome) သည် ခန္ဓာကိုယ်အင်္ဂါအစုံတွင်...

Foot Drop (ခြေဖျားကော့မရခြင်း)
Feb 28, 2026
Diseases and Conditions

Foot Drop (ခြေဖျားကော့မရခြင်း)

ခြေဖျားကော့မရခြင်းသည် အာရုံကြော၊ ကြွက်သား သို့မဟုတ်...