Alopecia ဆိုသည်မှာ လက်တင်ဘာသာစကားအရ “ဆံပင်ကျွတ်ခြင်း၊ အမွေးအမှင်ပါးခြင်း” ကို ရည်ညွှန်းသည်။ ဦးရေပြား၊ မျက်နှာနှင့် အခြားအမွေးအမှင်ရှိသော ခန္ဓာကိုယ်အစိတ်အပိုင်းများတွင် ဖြစ်ပွါးနိုင်သည်။ အမျိုးသား၊ အမျိုးသမီး၊ ကျား မ မရွေး၊ အသက်အရွယ်မရွေး ဖြစ်ပွါးနိုင်ပြီး ရောဂါအမျိုးအစားပေါ် မူတည်၍ ဖြစ်နိုင်ခြေ ပြောင်းလဲနိုင်သည်။
အမျိုးအစားများ
- ပြန်ပေါက်နိုင်သော ဆံပင်ကျွတ်ခြင်းအမျိုးအစားများ (Non-Scarring Alopecia)
ဤအမျိုးအစားတွင် ဆံပင်အုံများ (Hair Follicles) ပျက်စီးခြင်း မရှိသေးသောကြောင့် ဆံပင်ပြန်ပေါက်နိုင်သည်။- အမျိုးသားဟော်မုန်းကြောင့် ဆံပင်ကျွတ်ခြင်း (Androgenetic Alopecia)
ဤအမျိုးအစားကို ယောက်ျားပုံစံ သို့မဟုတ် မိန်းမပုံစံ ဆံပင်ပါးခြင်းဟူ၍လည်း ခေါ်သည်။ ၎င်းသည် မျိုးဗီဇနှင့် ဟော်မုန်းများ၏ အပြောင်းအလဲများကြောင့် အဓိကဖြစ်ပေါ်သည်။ အမျိုးသားများတွင် ထိပ်ပြောင်ခြင်း သို့မဟုတ် နဖူးဆံစပ်ကျယ်ခြင်းပုံစံဖြင့် ဖြစ်ပေါ်တတ်ပြီး၊ အမျိုးသမီးများတွင်မူ ဆံပင်ထုထည် ပါးလာခြင်းပုံစံဖြင့် တွေ့ရလေ့ရှိသည်။ - အကွက်လိုက်ပုံစံ ဆံပင်ကျွတ်ခြင်း (Alopecia Areata)
ဤအမျိုးအစားသည် ကိုယ်ခံအားစနစ်မှ ဆံပင်ပေါက်ခြင်းကို မှားယွင်းစွာ ဟန့်တားတိုက်ခိုက်ခြင်းကြောင့် ဖြစ်တတ်သည်။ ရောဂါလက္ခဏာမှာ အဝိုင်းပုံစံ ဆံပင်ကျွတ်ကွက်များ ရုတ်တရက် ပေါ်လာခြင်းဖြစ်သည်။ ၎င်းတွင် ဦးရေပြားတစ်ခုလုံးမှ ဆံပင်များကျွတ်ခြင်း (Alopecia Totalis) နှင့် ခန္ဓာကိုယ်တစ်ခုလုံးရှိ ဆံပင်၊ မျက်ခုံးမွေး၊ ကိုယ်မွေးအားလုံး ကျွတ်ခြင်း (Alopecia Universalis) စသည့် အမျိုးအစားကွဲများလည်း ပါဝင်သည်။ - စိတ်ပင်ပန်းမှုများကြောင့် ဆံပင်ကျွတ်ခြင်း (Telogen Effluvium)
စိတ်ဖိစီးမှု၊ နာမကျန်းဖြစ်မှု၊ ကလေးမွေးဖွားပြီးကာလနှင့် အချို့သော ဆေးဝါးများကြောင့် ဆံပင်အလုံးအရင်း ကျွတ်ခြင်းဖြစ်သည်။ ဤအခြေအနေသည် များသောအားဖြင့် ယာယီဖြစ်ပြီး၊ ဖြစ်စေသောအကြောင်းအရာများကို ကုသပြီးလျှင် ဆံပင်များ ပြန်လည်ပေါက်နိုင်သည်။ - ဓာတုပစ္စည်းများကြောင့် ဆံပင်ကျွတ်ခြင်း (Anagen Effluvium)
ဤအမျိုးအစားသည် ဆံပင်ကြီးထွားနေချိန် (Anagen Phase) တွင် ဖြစ်ပေါ်ပြီး ကင်ဆာဆေးသွင်းကုသမှု (Chemotherapy) သို့မဟုတ် ဆံပင်ကို အဆိပ်သင့်စေသော ဓာတုပစ္စည်းများကြောင့် ဆံပင်များ အလျင်အမြန်ကျွတ်ခြင်းဖြစ်သည်။ ဤဆံပင်ကျွတ်ခြင်းသည်လည်း အများအားဖြင့် ပြန်လည်ပေါက်နိုင်သည်။ - ဆွဲစည်းထားခြင်းကြောင့် ဆံပင်ကျွတ်ခြင်း (Traction Alopecia)
ဆံပင်ကို တင်းကျပ်စွာ စည်းနှောင်ထားသော ပုံစံများ (ဥပမာ _ တင်းကျပ်သော ဆံထုံးများ) ကြောင့် ဆံပင်အမြစ်တွင် အဆက်မပြတ် ဆွဲငင်အား သက်ရောက်ပြီး ဆံစပ်နှင့် နားထင်တစ်ဝိုက်တွင် ဆံပင်ကျွတ်ခြင်းပုံစံဖြင့် တွေ့ရသည်။ ဆံပင်ကို ညင်သာစွာ ထိန်းသိမ်းခြင်းဖြင့် ဤအမျိုးအစားကို ကာကွယ်နိုင်သည်။
- အမျိုးသားဟော်မုန်းကြောင့် ဆံပင်ကျွတ်ခြင်း (Androgenetic Alopecia)
- ပြန်မပေါက်နိုင်သော ဆံပင်ကျွတ်ခြင်း (Scarring Alopecia)
ဤအမျိုးအစားတွင်မူ ဆံပင်အုံများ ရာသက်ပန် ပျက်စီးသွားသောကြောင့် ဆံပင်များ ပြန်လည်မပေါက်နိုင်တော့ပါ။ ရောင်ရမ်းခြင်း၊ ပိုးဝင်ခြင်း သို့မဟုတ် ကိုယ်ခံအားစနစ်ရောဂါများကြောင့် ဖြစ်ပွါးသော အနာများ အမာရွတ်တက်ရာမှ ထိုနေရာ၌ ဆံပင်များ ပြန်မပေါက်ခြင်း အမျိုးအစားဖြစ်သည်။ နောက်ထပ်ဆံပင်များ ထပ်မကျွတ်စေရန်အတွက် စောစီးစွာကုသခြင်းသည် အထူးအရေးကြီးသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ပုံမှန်အားဖြင့် တစ်နေ့လျှင် ဆံပင်အချောင်း (၅၀) မှ (၁၀၀) အထိ ကျွတ်နိုင်သည်။ သို့သော် တစ်ချိန်တည်းမှာပင် ဆံပင်အသစ်များ ပြန်ပေါက်နေသောကြောင့် သိသာမှုမရှိပါ။ အသစ်ထွက်လာသော ဆံပင်များသည် ကျွတ်သည့်အရေအတွက်ကို အစားထိုးခြင်း မပြုလုပ်နိုင်သောအခါတွင် အမွေးအမှင်ပါးခြင်း ဖြစ်ပေါ်လာသည်။ ဆံပင်ကျွတ်ခြင်း၊ အမွေးအမှင်ပါးခြင်းသည် အောက်ပါအကြောင်းရင်းများနှင့် ဆက်စပ်မှုရှိသည်။
- မျိုးဗီဇဆိုင်ရာ အကြောင်းရင်းများ
- မိသားစုမျိုးရိုးတွင် ဆံပင်ကျွတ်သူများရှိခြင်း
- အမျိုးသားဟော်မုန်းကြောင့် ဆံပင်ကျွတ်ခြင်း (Androgenetic Alopecia) (အဖြစ်အများဆုံးအမျိုးအစား)
- ဟော်မုန်းအပြောင်းအလဲမမှန်ခြင်း
- သိုင်းရွိုက်ဟော်မုန်း ပြဿနာများ (သိုင်းရွိုက်ဟော်မုန်းများခြင်း၊ နည်းခြင်း)
- သားဥအိမ်တွင် အရည်အိတ်များဖြစ်ပေါ်သော ရောဂါစု (Polycystic ovary syndrome – PCOS)
- ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးဖွားခြင်း၊ သွေးဆုံးခြင်း
- စိတ်ဖိစီးမှုများခြင်း၊ ခွဲစိတ်ကုသမှုခံယူရခြင်း သို့မဟုတ် ပြင်းထန်သောရောဂါဖြစ်ခြင်း
- ကိုယ်အလေးချိန် လျင်မြန်စွာ ကျဆင်းခြင်း
- ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများ
- ခွဲစိတ်ကုသမှု သို့မဟုတ် ပြင်းထန်သော နာမကျန်းဖြစ်မှု
- အဖျားကြီးခြင်း
- စိတ်ဒဏ်ရာရခြင်း (စိတ်ထိခိုက်မှု)
- အာဟာရချို့တဲ့ခြင်းများ
- သံဓာတ်ချို့တဲ့ခြင်း (သွေးအားနည်းရောဂါ)
- ဇင့်ဓာတ် (zinc) ချို့တဲ့ခြင်း
- ဗီတာမင် ဒီ သို့မဟုတ် ဘိုင်အိုတင်ဓာတ် ချို့တဲ့ခြင်း
- ပရိုတင်းဓာတ် ချို့တဲ့ခြင်း
- ဆေး၀ါးကုသမှုများ
- ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy)
- စိတ်ကျရောဂါကုဆေးဝါးများ
- သွေးတိုးကျဆေးများ (Beta-blockers)
- ဟော်မုန်းဆိုင်ရာ ကုသမှုများ (ဥပမာ _ ဟော်မုန်းအစားထိုးကုထုံး)
- ဆံပင်အလှပြင်ခြင်းနှင့် ဆံပင်ကုသမှုများ
- ဆံပင်ကို တင်းတင်းကျပ်ကျပ် စည်းနှောင်ထားသော ပုံစံများ (ဥပမာ _ ဆံထုံး၊ ဆံပင်တုတပ်) ဆွဲဆန့်အားကြောင့် ဆံပင်ကျွတ်ခြင်း (Traction alopecia)
- အပူပေးပြီး ပုံသွင်းခြင်း (ဖြောင့်ခြင်း၊ ကောက်ခြင်း) နှင့် ဓာတုပစ္စည်းများဖြင့် ကုသခြင်းများ
- ဆံပင်အရောင် ဆိုးဆေး သို့မဟုတ် ဖြောင့်ဆေး မကြာခဏသုံးစွဲခြင်း
- ရောဂါပိုးမွှားများကူးစက်ခြင်း
- မှိုကူးစက်ခြင်း (ဥပမာ _ ဦးရေပြားယားယံခြင်း)
- ဆံပင်အမြစ်ကို ထိခိုက်စေသော ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးကူးစက်ခြင်း
- အခြားဖြစ်စေသောအကြောင်းအရာများ
- ရေဒီယိုသတ္တိကြွမှုနှင့် ထိတွေ့ခြင်း
- မီးလောင်ဒဏ်ရာ သို့မဟုတ် ဦးရေပြားဒဏ်ရာရခြင်း
- မွေးရာပါ (မွေးကတည်းကရှိသော) အခြေအနေများ
ရောဂါလက္ခဏာများ
ဆံပင်ကျွတ်ခြင်း၏ ရောဂါလက္ခဏာများသည် ဖြစ်ပေါ်သောအကြောင်းရင်းနှင့် ဦးရေပြားအခြေအနေများပေါ် မူတည်၍ ကွဲပြားခြားနားနိုင်သည်။ အဓိကအားဖြင့် ဆံပင်ကျွတ်ခြင်းပုံစံ၊ ဖြစ်ပေါ်လာပုံ၊ ဦးရေပြားအခြေအနေနှင့် ဆက်စပ်လက္ခဏာများပေါ် မူတည်ကွဲပြားသည်။
ဖြစ်ပေါ်လာပုံနှင့် ပုံစံများ
ဆံပင်ကျွတ်ခြင်းသည် ရုတ်တရက် (ဥပမာ – Alopecia Areata, Telogen Effluvium) ဖြစ်ပေါ်နိုင်သကဲ့သို့ တဖြည်းဖြည်းနှင့် ဆက်တိုက် (ဥပမာ – Androgenetic Alopecia) လည်း ဖြစ်နိုင်သည်။ အချို့အမျိုးအစားများသည် ကုသပြီးပါက ပြန်ကောင်းနိုင်ခြင်း ရှိသော်လည်း အချို့မှာမူ အမြဲတမ်း ဖြစ်နိုင်ခြေရှိသည်။
ဆံပင်ကျွတ်ခြင်းပုံစံများမှာ အမျိုးမျိုးကွဲပြားနိုင်သည်။
- အကွက်လိုက်ကျွတ်ခြင်း (ဥပမာ – Alopecia Areata)
- ဦးရေပြားတစ်ခုလုံး ပါးလာခြင်း (ဥပမာ – Telogen Effluvium)
- ဆံပင်လိုင်းကြောင်း နောက်ဆုတ်ခြင်းနှင့် ထိပ်ပြောင်ခြင်း _ အမျိုးသားများတွင်ဖြစ်သော Androgenetic Alopecia
- ဆံပင်လိုင်းကြောင်းကြား ကျယ်လာခြင်း သို့မဟုတ် ထိပ်ပိုင်းပါးခြင်း _ အမျိုးသမီးများတွင်ဖြစ်သော Androgenetic Alopecia
- ဦးရေပြား သို့မဟုတ် ကိုယ်ခန္ဓာတစ်ခုလုံး ကျွတ်ခြင်း (ဥပမာ – Alopecia Totalis / Universalis)
ဦးရေပြားအခြေအနေနှင့် ဆက်စပ်လက္ခဏာများ
ဆံပင်ကျွတ်သည့် ဦးရေပြား၏ အခြေအနေသည် ရောဂါအမျိုးအစားကို ဖော်ပြသည်။
- ပုံမှန်ဦးရေပြား
အမာရွတ်မထင်သော ဆံပင်ကျွတ်ခြင်း အမျိုးအစားများတွင် ဦးရေပြားသည် ပုံမှန်အတိုင်း ရှိနေတတ်သည်။ - မူမမှန်သော ဦးရေပြား
အမာရွတ်ထင်စေသော Alopecia အမျိုးအစားများတွင် ဦးရေပြားသည် နီရဲခြင်း၊ အဖတ်များဖြစ်ခြင်း သို့မဟုတ် ပြည်တည်နာများ ဖြစ်ပေါ်နိုင်ပြီး ဆံပင်အမြစ်ပေါက်များ ပျောက်ကွယ်သွားခြင်းကို တွေ့ရသည်။ Alopecia Areata တွင်မူ ချောမွေ့ပြီး ထင်ရှားသော ထိပ်ပြောင်နေရာများ ပေါ်လာသည်။ - ယားယံခြင်း၊ နာကျင်ခြင်း
ရောင်ရမ်းခြင်းကြောင့်ဖြစ်သော Alopecia များတွင် ယားယံခြင်း သို့မဟုတ် ပူလောင်ခြင်း လက္ခဏာများ အဖြစ်များသည်။
လက်သည်းပြောင်းလဲမှုများ
အချို့သော ဆံပင်ကျွတ်ခြင်းများတွင် လက်သည်းများ၌ပါ ပြောင်းလဲမှုများ တွေ့ရတတ်သည်။ ဥပမာ _ လက်သည်းပေါ်တွင် အသေးစားချိုင့်ခွက်များ ဖြစ်ပေါ်ခြင်းသည် Alopecia Areata ရောဂါတွင် အများဆုံးတွေ့ရသော လက္ခဏာဖြစ်သည်။ ထို့အပြင် လက်သည်းကျိုးလွယ်ခြင်း သို့မဟုတ် အစင်းကြောင်းထင်ခြင်းများလည်း ဖြစ်ပေါ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
- ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများ
- ဆံပင်အပြီးအပိုင် ကျွတ်ခြင်း (အမာရွတ်ဖြစ်စေသော ဆံပင်ကျွတ်ခြင်း သို့မဟုတ် ကုသမှုမခံယူထားသော အခြေအနေများတွင်)
- ဆံပင်မရှိသည့် ဦးရေပြားသည် အကာအကွယ်မရှိသောကြောင့် နေလောင်ခြင်း သို့မဟုတ် အရေပြားပျက်စီးခြင်း
- အပူချိန်ပြောင်းလဲမှုများ (အအေး သို့မဟုတ် အပူ) ကို ပိုမိုခံစားရခြင်း
- ဦးရေပြားပိုးဝင်ခြင်း (ရှားပါးသော်လည်း အရေပြားပြဲရှခြင်း သို့မဟုတ် ရောင်ရမ်းနေပါက ဖြစ်နိုင်ခြေရှိသည်)
- စိတ်ပိုင်းဆိုင်ရာနှင့် ခံစားချက်ဆိုင်ရာ သက်ရောက်မှုများ
- မိမိကိုယ်ကို ယုံကြည်မှုနည်းခြင်း သို့မဟုတ် ကိုယ်ခန္ဓာပုံပန်းသဏ္ဌာန်အပေါ် မကျေနပ်မှုဖြစ်ခြင်း
- စိတ်ဓာတ်ကျခြင်း သို့မဟုတ် စိုးရိမ်ပူပန်ခြင်း
- လူမှုရေးပတ်ဝန်းကျင်မှ ရှောင်ဖယ်ခြင်း သို့မဟုတ် ရှက်ရွံ့ခြင်း
- ဘဝအရည်အသွေး ကျဆင်းခြင်း သို့မဟုတ် စိတ်ဓာတ်ကျ၍ မိမိကိုယ်ကို ယုံကြည်မှုပျောက်ဆုံးကာ အခြားသူများနှင့် ရောနှောနေထိုင်ရန် မ၀ံ့မရဲဖြစ်ခြင်း (အထူးသဖြင့် ခေါင်း၊ မျက်ခုံးမွေး၊ မျက်တောင်မွေးများကဲ့သို့ မြင်သာထင်သာနေရာများတွင် ဆံပင်ကျွတ်သည့်အခါ)
- လုပ်ငန်းဆောင်တာဆိုင်ရာ ပြဿနာများ
- မျက်တောင်မွေးမရှိခြင်းကြောင့် မျက်လုံးယားယံခြင်း
- မျက်ခုံးမွေးများကျွတ်ခြင်းကြောင့် မျက်လုံးထဲသို့ ချွေးနှင့် ဖုန်မှုန့်များဝင်ခြင်း
- ခရမ်းလွန်ရောင်ခြည် (UV) နှင့် ထိခိုက်ဒဏ်ရာများမှ ကာကွယ်ပေးနိုင်သည့် ဦးခေါင်းဆံပင်များ ဆုံးရှုံးခြင်းကြောင့် အရေပြားကင်ဆာများ ဖြစ်နိုင်ခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
ရုတ်တရက် ဆံပင်ကျွတ်လာလျှင်၊ ဆံပင်အဆုပ်လိုက်ကျွတ်၍ ထိပ်ပြောင်ရောဂါလက္ခဏာများ ဖြစ်လာသည်ဟု သံသယရှိလျှင်၊ ဆံပင်ကျွတ်ခြင်းသည် ဦးရေပြားတစ်ခုလုံးနီးပါး ထိခိုက်လာလျှင်၊ ဆံပင်ကျွတ်ခြင်းကြောင့် စိတ်ညစ်၊ စိတ်ဓာတ်ကျ၍ နေ့စဥ်ကျန်းမာရေးကို ထိခိုက်လာလျှင်၊ မိသားစုထဲတွင် မျိုးရိုးလိုက်ထိပ်ပြောင်ရောဂါ သို့မဟုတ် ကိုယ်ခံအားစနစ်ပြဿနာရောဂါများရှိလျှင်၊ အမျိုးသမီးများတွင် နဖူးဆံစပ် ပါးလာခြင်း (Frontal fibrosing alopecia) မျိုး ဖြစ်နေခဲ့လျှင်သာမက အခြားလက္ခဏာများ ရှိလာလျှင် မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်းတို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ရောဂါရာဇဝင်နှင့် ရောဂါလက္ခဏာများကို အခြေခံ၍ ရောဂါသတ်မှတ်နိုင်သည်။ ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်သောရောဂါနှင့် ပတ်သက်သောဆံပင်ကျွတ်ခြင်းများတွင် ရောဂါကို သိရှိစေရန်အတွက် စမ်းသပ်စစ်ဆေးခြင်းများကို ပြုလုပ်ရန် လိုအပ်သည်။ စိတ်ဓာတ်ကျခြင်းနှင့် ဆက်စပ်နေသော အခြေအနေများအတွက် စိတ်ကျန်းမာရေးဆရာ၀န်များနှင့်တိုင်ပင်၍ ရောဂါအရင်းအမြစ်ကို ရှာဖွေကုသရန် လိုအပ်သည်။
ကုသခြင်း
ဆံပင်ကျွတ်ခြင်းအား ကုသရာတွင် ရောဂါအမျိုးအစား၊ ပြင်းထန်မှုနှင့် အရင်းခံအကြောင်းရင်းပေါ် မူတည်၍ နည်းလမ်းများစွာကို အသုံးပြုနိုင်သည်။
- ဆေးဝါးများ
- ဆံပင်ပေါက်ဆေးများ – ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း Minoxidil ကဲ့သို့သော လိမ်းဆေး သို့မဟုတ် သောက်ဆေးများကို အသုံးပြုသည်
- ရောင်ရမ်းမှုလျှော့ချဆေးများ – အချို့သော ရောင်ရမ်းမှုနှင့် ကိုယ်ခံအားစနစ်ဆိုင်ရာ ဆံပင်ကျွတ်ခြင်းများတွင် စတီးရွိုက် လိမ်းဆေးများ သို့မဟုတ် ထိုးဆေးများကို အသုံးပြုခြင်းဖြင့် အထောက်အကူ ရရှိနိုင်သည်
- ကိုယ်ခံအားစနစ်ထိန်းညှိဆေးများ – Alopecia Areata ကဲ့သို့သော ပြင်းထန်သည့် ကိုယ်ခံအားစနစ်ဆိုင်ရာ ပြဿနာများအတွက် JAK inhibitors (ဥပမာ – Baricitinib) ကဲ့သို့သော သောက်ဆေးများကို အသုံးပြု၍ ကုသမှု ပေးသည်
- ဖြစ်စေသောအကြောင်းရင်းခံကို ကုသခြင်း
- ရောဂါအခံ ကုသခြင်း _ ဟော်မုန်းပြဿနာများ (ဥပမာ _ သိုင်းရွိုက်)၊ ကိုယ်ခံအားစနစ်ဆိုင်ရာ ရောဂါများ သို့မဟုတ် အာဟာရချို့တဲ့မှုများ ဖြစ်ပါက ၎င်းတို့အား ဦးစွာ ကုသမှုပေးသည်
- လူနေမှုပုံစံ ပြုပြင်ပြောင်းလဲခြင်း _ စိတ်ဖိစီးမှု လျှော့ချခြင်း၊ လုံလောက်စွာ အိပ်စက်အနားယူခြင်းနှင့် ဗီတာမင်နှင့် သတ္တုဓာတ် ကြွယ်ဝသော အစားအစာများ စားသုံးခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကို တားဆီးနိုင်သည်
- ရှောင်ကြဉ်ခြင်း _ ဆံပင်ကို အလွန်တင်းတင်းကျပ်ကျပ် စည်းခြင်း (Traction Alopecia ကို ကာကွယ်ရန်) နှင့် ပြင်းထန်သော ဓာတုပစ္စည်းများ (ဆံပင်ညှပ်ဆေး၊ ဆံပင်ဆိုးဆေး) အသုံးပြုခြင်းကို ရှောင်ကြဉ်သင့်သည်
- ခေတ်မီနည်းပညာနှင့် ခွဲစိတ်ကုထုံးများ
- ဆံပင်ပြန်ပေါက်စေသော ကုထုံးများ
- Low-level Laser Therapy (LLLT) _ အလင်းကုထုံး (UV အလင်းဖြင့် ကုသခြင်း) နှင့် လေဆာကုထုံးများသည် ဆံပင်ပြန်ပေါက်စေရန်အတွက် ယခင်ကုသမှုများကို မတုံ့ပြန်သော လူနာများတွင် အသုံးပြုသည့် နည်းလမ်းများဖြစ်သည်
- PRP ကုထုံး _ အထူးကုဆရာဝန်များမှ သွေးရည်ကြည် (Platelet-Rich Plasma) ကို ဦးရေပြားအတွင်း ထိုးသွင်းခြင်းဖြင့် ဆံပင်အုံများကို အားဖြည့်ပေးသည်
- ဆံပင်အစားထိုး ခွဲစိတ်ကုသမှု _ အချို့သော ဆံပင်ကျွတ်ခြင်း အမျိုးအစားများ (ဥပမာ – Androgenetic Alopecia) တွင် ဆံပင်အစားထိုးခြင်းကို ရွေးချယ်စရာ ကုသမှုတစ်ခုအဖြစ် စဉ်းစားနိုင်သည်
- ဆံပင်ပြန်ပေါက်စေသော ကုထုံးများ
- စိတ်ပိုင်းဆိုင်ရာနှင့် အလှအပဆိုင်ရာ ထောက်ကူမှု
- အလှအပဆိုင်ရာ ပစ္စည်းများ အသုံးပြုခြင်း _ လူနာများ စိတ်ပိုင်းဆိုင်ရာ သက်သောင့်သက်သာရှိစေရန်နှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြန်လည်ရရှိစေရန်အတွက် ဆံပင်တုများ၊ ဦးထုပ်များ သို့မဟုတ် ခေါင်းစည်းများကို အသုံးပြုသည်
ကာကွယ်ခြင်း
ဆံပင်ကျွတ်ခြင်းကို လျှော့ချရန်နှင့် ဆံသားကျန်းမာရေးကို ထိန်းသိမ်းရန်အတွက် အောက်ပါ ကာကွယ်မှု နည်းလမ်းများကို လိုက်နာသင့်သည်။
- အာဟာရနှင့် ကျန်းမာရေး ထိန်းသိမ်းခြင်း
- ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာ စားသုံးခြင်း _ သံဓာတ်၊ ပရိုတင်း၊ ဇင့် (သွပ်) နှင့် ဗီတာမင်များ ကြွယ်ဝစွာပါဝင်သော မျှတသည့် အစားအစာများကို စားသုံးခြင်းဖြင့် ဆံပင်အုံများကို အားဖြည့်ပေးသည်
- စိတ်ဖိစီးမှုလျှော့ချခြင်း _ အနားယူခြင်း၊ လေ့ကျင့်ခန်း သို့မဟုတ် တရားထိုင်ခြင်းစသည့် နည်းလမ်းများဖြင့် စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်သည်
- ဆေးဝါးသတိပြုခြင်း _ ဟော်မုန်းပြောင်းလဲစေနိုင်သော ဆေးဝါးများ သို့မဟုတ် ကိုယ်တိုင်ရွေးချယ်ထားသော ဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ သောက်သုံးခြင်းမှ ရှောင်ကြဉ်သင့်သည်
- ပုံမှန် ကျန်းမာရေးစစ်ဆေးခြင်း _ မိသားစုတွင် ဆံပင်ကျွတ်ခြင်း ရာဇဝင် သို့မဟုတ် ဟော်မုန်းဆိုင်ရာ ပြဿနာများ (ဥပမာ _ သိုင်းရွိုက်) ရှိပါက ကျန်းမာရေးစစ်ဆေးမှု ပုံမှန်ခံယူသင့်သည်။
- ဆံပင်နှင့် ဦးရေပြား စောင့်ရှောက်မှု
- ဆံပင်ကို နူးညံ့စွာ ကိုင်တွယ်ခြင်း _ ဆံပင်ကို ပြင်းထန်စွာ ဖြီးခြင်း၊ ပူပြင်းသော အပူပေးကိရိယာများ (ဆံပင်ဖြောင့်စက်၊ ဆံပင်အခြောက်ခံစက်) အလွန်အကျွံသုံးခြင်းနှင့် ဓာတုပစ္စည်းများ (ဆေးဆိုးဆေး၊ ဆံပင်ညှပ်ဆေး) ဖြင့် မကြာခဏ ကုသခြင်းတို့ကို ရှောင်ရှားပါ
- တင်းကျပ်သော ဆံပင်ပုံစံများ ရှောင်ကြဉ်ခြင်း _ ဆံပင်၏ အမြစ်ကို ဆွဲဆန့်စေတတ်သော အလွန်တင်းကျပ်သည့် ဆံပင်ပုံစံများ (ဆံထုံး၊ ဆံညှပ်) ကို ရှောင်ကြဉ်ပါ
- ဦးရေပြားကို ကာကွယ်ခြင်း _ ဦးရေပြားကို နေလောင်ဒဏ်မှ ကာကွယ်ရန် ဦးထုပ်ဆောင်းခြင်း သို့မဟုတ် ဆံပင်မရှိသော နေရာများတွင် နေလောင်ကာခရင်မ် လိမ်းပါ
- ဦးရေပြားအခြေအနေများကို စောစီးစွာ ကုသခြင်း _ ဗောက်ထခြင်း၊ ပိုးဝင်ခြင်း ကဲ့သို့သော ဦးရေပြားပြဿနာများ ဖြစ်ပေါ်ပါက စောစီးစွာ ကုသမှု ခံယူပါ
References:
- Cleveland Clinic. (n.d.). Alopecia areata. Retrieved November 3, 2025, from https://my.clevelandclinic.org/health/diseases/12423-alopecia-areata
- NHS. (n.d.). Hair loss: Symptoms and causes. Retrieved November 3, 2025, from https://www.nhs.uk/symptoms/hair-loss/
- Mayo Clinic. (n.d.). Hair loss: Symptoms and causes. Retrieved November 3, 2025, from https://www.mayoclinic.org/diseases-conditions/hair-loss/symptoms-causes/syc
- American Academy of Dermatology. (n.d.). Alopecia (hair loss): Types of hair loss. Retrieved November 3, 2025, from https://www.aad.org/public/diseases/hair-loss/types/alopecia
Published: 28 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
