Infective endocarditis (နှလုံးအတွင်း ပိုးဝင်ရောင်ရမ်းခြင်း)

Infective endocarditis (နှလုံးအတွင်း ပိုးဝင်ရောင်ရမ်းခြင်း)

နှလုံးသည် ပုံမှန်အားဖြင့် ညာဘက်ခြမ်းသွေးဝင်ခန်း၊ သွေးလွှတ်ခန်းနှင့် ဘယ်ဘက်ခြမ်းသွေးဝင်ခန်း၊ သွေးလွှတ်ခန်း စသည့် အခန်း (၄) ခုဖြင့် ဖွဲ့စည်းထားသည်။ သွေးဝင်ခန်းများနှင့် သွေးလွှတ်ခန်းများအကြားတွင် အဆို့ရှင်များရှိ၍ သွေးအဝင်အထွက်ကို ထိန်းပေးသည်။ ထိုနှလုံးအခန်းများ၏ အတွင်းနံရံများနှင့် အဆို့ရှင်များကို ဘက်တီးရီးယားအပါအဝင် အခြားပိုးမွှားများ ဝင်ရောက်ခြင်းကို နှလုံးအတွင်း ပိုးဝင်ရောင်ရမ်းခြင်း (Infective endocarditis) ဟုခေါ်သည်။ နှလုံးနံရံများ ရောင်ရမ်းခြင်းကြောင့် နှလုံးအဆို့ရှင်များ ပျက်စီးခြင်းကို ဖြစ်စေသည်။ နှလုံးပိုးဝင်ခြင်းကို ဆေးဝါးများဖြင့် ကုသနိုင်သလို တစ်ခါတစ်ရံ ခွဲစိတ်ကုသရန် လိုအပ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

နှလုံးပိုးဝင်ခြင်းသည် ဘက်တီးရီးယား၊ မှိုပိုးများနှင့် အခြားပိုးမွှားများကြောင့် ဖြစ်ပွါးလေ့ရှိသည်။ ပိုးမွှားများသည် သွေးထဲသို့ ဝင်ရောက်လာပြီးနောက် နှလုံးဆီသို့ ထပ်မံရောက်ရှိကာ နှလုံးအတွင်းနံရံများနှင့် အဆို့ရှင်များတွင် တွယ်ကပ်ခိုအောင်းနေသည်။ ထိုသို့နှလုံးနံရံများတွင် တွယ်ကပ်နေသော ရောဂါဖြစ်စေသည့် ဘက်တီးရီးယား သို့မဟုတ် မှိုပိုးများပေါ်တွင် သွေးဥမွှားများနှင့် သွေးခဲစေသော Fibrin ပရိုတင်းမျှင်များ စုပုံလာကြပြီး Vegetations ဟုခေါ်သော အဖုအလုံးငယ်များဖြစ်ပေါ်လာသည်။ ထိုအဖုများမှ ကိုယ်ခန္ဓာအတွက် အန္တရာယ်ဖြစ်စေသော ဓာတ်များနှင့် အင်ဇိုင်းများကို ထုတ်ပေးပြီး၊ နှလုံးအတွင်းနံရံများကို ရောင်ရမ်းစေရုံမက ဘေးပတ်လည်ရှိ ပုံမှန်နှလုံးကြွက်သားတစ်ရှူးများကိုပါ ပျက်စီးစေသလို အနာကျက်ခြင်းကိုလည်း နှောင့်နှေးစေသည်။

ယေဘုယျအားဖြင့် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်သည် သွေးထဲသို့ ဝင်ရောက်လာသော ဘက်တီးရီးယားများကို ဖျက်ဆီးရှင်းလင်းပေးသည်။ သို့ရာတွင် အချို့အခြေအနေများ၌ အရေပြား၊ ခံတွင်း၊ လည်ချောင်း သို့မဟုတ် အူလမ်းကြောင်းများမှ ဘက်တီးရီးယားများသည် သွေးထဲမှတစ်ဆင့် နှလုံးသို့ရောက်ရှိပြီး ရောဂါဖြစ်စေနိုင်သည်။ သွေးထဲသို့ ပိုးမွှားများဝင်ရောက်ခြင်းကို ဖြစ်စေသော အကြောင်းရင်းများစွာရှိပြီး နှလုံးအဆို့ရှင်များ ပျက်စီးနေသောသူများတွင် ရောဂါပိုးဝင်နိုင်ခြေ ပိုများသည်။ သို့သော် ပုံမှန်နှလုံးအဆို့ရှင် ရှိသူများတွင်လည်း နှလုံးပိုးဝင်နိုင်ခြေရှိသည်။

ရောဂါဖြစ်နိုင်ခြေများသော အချက်များ
  • အသက် (၅၀) နှင့်အထက် လူကြီးများ
  • နှလုံးအဆို့ရှင် ခွဲစိတ်မှု ခံယူထားသူများ (Artificial heart valves)
  • ပိုးလေးဘက်နာရောဂါကြောင့် အဆို့ရှင်ပျက်စီးထား‌သောသူများ
  • နှလုံးပိုးဝင်ခြင်း ယခင်က ဖြစ်ဖူးသူများ
  • ‌မွေးရာပါနှလုံးရောဂါရှိသူများ
  • နှလုံးနှိုးဆွစက်တပ်ထားသူများ (Pacemaker implant)
  • မူးယစ်ဆေး အကြောထဲထိုးသွင်း၍ သုံးစွဲသူများ (မသန့်ရှင်းသော ဆေးထိုးအပ်များဖြင့် ကိုကင်း၊ ဟီးရိုးအင်းစသော မူးယစ်ဆေးထိုးသူများသည် နှလုံးပိုးဝင်နိုင်ခြေ ပိုများသည်)
  • သွားနှင့် ခံတွင်းကျန်းမာရေး မကောင်းသူများ
  • ကျန်းမာရေးကောင်းမွန်ရန် သွား၊ သွားဖုံးများနှင့် ခံတွင်း ကျန်းမာရန် လိုအပ်သည်။ သွားသေချာစွာမတိုက်လျှင်၊ ခံတွင်းသန့်ရှင်းရေး မကောင်းလျှင် စားကြွင်းစားကျန်များကြောင့် ပါးစပ်အတွင်း ဘက်တီးရီးယားပိုးများ ပေါက်ပွါးနိုင်ပြီး၊ သွားဖုံးထိခိုက်ဒဏ်ရာရချိန်တွင် ထိုပိုးများ သွေးထဲသို့ ဝင်ရောက်သွားနိုင်သည်။ တစ်ခါတစ်ရံ သွားနှင့်ပတ်သက်သော ကုသမှုများ ခံယူနေစဥ် သွားဖုံးများကို ထိခိုက်နိုင်သဖြင့် ဘက်တီးရီးယားများ သွေးထဲဝင်ရောက်နိုင်သည်။
  • ခန္ဓာကိုယ်တွင် ပိုက်များ (Catheter) ကြာမြင့်စွာထည့်ထားရခြင်း
  • ရောဂါအခြေအနေတစ်ခုကြောင့် အချိန်ကြာကြာ ပိုက်တပ်ထားရခြင်း (နှာခေါင်းအစာပိုက်၊ ဆီးပိုက်များ) သည် ပိုးဝင်နိုင်ခြေ များစေသည်။

အထက်ဖော်ပြပါ ရောဂါအခြေအနေရှိသော လူနာများတွင် အရေပြားပိုးဝင်ခြင်း၊ မှန်ပြောင်းကြည့်ခြင်း၊ ခွဲစိတ်မှုခံယူခြင်း၊ သွားနှင့်ခံတွင်းဆိုင်ရာ ကုသမှုများ ပြုလုပ်ခြင်းစသည့် အခြေအနေများတွင် သွေးထဲသို့ ဘက်တီးရီးယားပိုးများ ဝင်ရောက်ပြီး သာမန်လူများထက် နှလုံးပိုးဝင်ခြင်း ပို၍ဖြစ်နိုင်သည်။

နှလုံးနံရံများ ရောင်ရမ်းခြင်းသည် များသောအားဖြင့် ပိုးဝင်ခြင်းကြောင့် ဖြစ်သော်လည်း အချို့ရောဂါများတွင် နှလုံးပိုးဝင်ခြင်းမရှိဘဲ vegetations အဖုအကျိတ်ငယ်များ ဖြစ်စေသည်။ ထိုအခြေအနေကို ပိုးဝင်ခြင်းမဟုတ်သော နှလုံးနံရံ‌ရောင်ရမ်းခြင်း (Non-infective endocarditis/ Sterile vegetation) ဟုခေါ်သည်။ သွေးခဲဓာတ်များ ပုံမှန်ထက်များ၍ သွေးခဲလွယ်သောရောဂါများ၊ အက်စ်အယ်လ်အီးရောဂါ (SLE) ရောဂါရှိသူများတွင် တွေ့ရတတ်ပြီး Libman-sacks endocarditis ဟုလည်း ခေါ်ကြသည်။

ရောဂါလက္ခဏာများ

လူတစ်ဦးနှင့်တစ်ဦး ရောဂါလက္ခဏာများ ကွာခြားနိုင်သည်။ အချို့တွင် လက္ခဏာများသည် တဖြည်းဖြည်း ပေါ်လာတတ်သလို အချို့မှာမူ ရက်ပိုင်းအတွင်း ဖြစ်ပေါ်နိုင်သည်။ ရောဂါဖြစ်စေသော ပိုးအမျိုးအစားနှင့် အခံနှလုံးရောဂါရှိခြင်း စသည့်အချက်များပေါ်လည်း မူတည်သည်။

အတွေ့ရများသောလက္ခဏာများမှာ_

  • အဖျားငွေ့ငွေ့ရှိခြင်း၊ ချမ်းတုန်ခြင်း
  • ညဘက်ချွေးထွက်များခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • ခြေဆစ်၊ လက်ဆစ်များနှင့် ကြွက်သားများ နာကျင်ခြင်း
  • အသက်ရှူစဥ် ရင်ဘတ်အောင့်ခြင်း
  • အသက်ရှူမဝဘဲ မောပန်းခြင်း
  • ခြေ‌ထောက်နှင့် ဝမ်းဗိုက်များ ဖော‌ရောင်ခြင်း
  • နှလုံးခုန်နှုန်းမြန်ခြင်း
  • နှလုံးအသံပိုများ ကြားရခြင်း (murmur) သို့မဟုတ် နဂိုရှိနေသော အသံပိုများ၏ အသံအနေအထား ပြောင်းသွားခြင်းတို့ဖြစ်သည်။

တစ်ခါတစ်ရံတွေ့နိုင်သော လက္ခဏာများမှာ_

  • အစားရှောင်ခြင်းမရှိဘဲ ပိန်လာခြင်း
  • ဆီးထဲတွင် သွေးအနည်းငယ်ပါခြင်း
  • ဘယ်ဘက်ရင်ဘတ် နံရိုးအောက်ဘက် ဘေလုံးရှိသောနေရာတွင် နာကျင်ခြင်း
  • လက်ဖဝါး၊ ခြေဖဝါးများတွင် အနီရောင် သို့မဟုတ် ခရမ်းရောင် သို့မဟုတ် အညိုရောင် အကွက်များ ဖြစ်ပေါ်ခြင်း (အကွက်များသည် အရေပြားနှင့် တပြေးညီဖြစ်နေပြီး နာကျင်ခြင်းမရှိပါ) (Janeway lesions)
  • ခြေချောင်း၊ လက်ချောင်းထိပ်များတွင် အနီရောင် သို့မဟုတ် ခရမ်း‌ရောင် နာကျင်သော အဖုငယ်များ၊ အရောင်ရင့်ရင့် အကွက်ငယ်များ ဖြစ်ပေါ်ခြင်း (Osler node)
  • အရေပြားအောက်တွင် သွေးယိုစိမ့်သဖြင့် အရေပြား၊ မျက်ဖြူနေရာနှင့် ပါးစပ်ထဲ၌ အနီစက်ငယ်များ (Petechiae) ဖြစ်ပေါ်ခြင်း စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ

နှလုံးနံရံများတွင် တွယ်ကပ်နေသော Vegetations အဖုငယ်များကြောင့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်သည်။ ထိုအဖုငယ်များသည် နှလုံးနံရံမှ ပြုတ်ထွက်ကာ ဦးနှောက်၊ အဆုတ်၊ ကျောက်ကပ်စသော ကိုယ်တွင်းအင်္ဂါများနှင့် ခြေ၊ လက်များအထိ ပျံ့နှံ့‌ရောက်ရှိနိုင်၍ သွေးကြောများကို ပိတ်စေနိုင်သည်။ နောက်ဆက်တွဲပြဿနာများတွင်_

  • နှလုံးအဆို့ရှင်များ ပျက်စီး၍ ကျဥ်းသွားခြင်း၊ မလုံခြင်း
  • နှလုံးလုပ်ငန်း ပျက်စီးခြင်း
  • နှလုံးခုန်နှုန်း မမှန်ခြင်း
  • ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း
  • နှလုံးအဆို့ရှင်ပတ်လည်၊ ဦးနှောက်၊ အဆုတ်နှင့် အခြားကိုယ်တွင်းအင်္ဂါများတွင် ပြည်တည်နာများ ဖြစ်ပေါ်ခြင်း
  • အဆုတ်သွေးကြော သွေးခဲပိတ်ခြင်း
  • ကျောက်ကပ်ပျက်စီးခြင်း
  • ဘေလုံးကြီးခြင်း
  • ခြေချောင်း၊ လက်ချောင်းများတွင် သွေးကြောပိတ်ခြင်းကြောင့် ပုပ်သွားခြင်း
  • ပိုးဆိပ်ပျံ့နှံ့ခြင်း
  • အသက်သေဆုံးခြင်းတို့ ပါဝင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများ ဖြစ်ပေါ်လျှင်၊ အထူးသဖြင့် မွေးရာပါနှလုံးရောဂါများ ရှိခြင်း၊ နှလုံးပိုးဝင်ခြင်း ယခင်ဖြစ်ဖူးသူများသည် ပိုသတိထားသင့်ပြီး နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွင် ပြသစစ်ဆေးရန် လိုအပ်သည်။ လက္ခဏာဆင်တူသော ရောဂါများလည်း ရှိနိုင်သဖြင့် ဆရာဝန်များမှ သေချာစမ်းသပ်စစ်ဆေးပြီး ရောဂါရှာဖွေပေးမည်။ အထူးသဖြင့် ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ အဆစ်အမြစ်များနာကျင်ခြင်း၊ မောခြင်း၊ ခေါင်းကိုက်ခြင်း လက္ခဏာရှိပါက အမြန်ဆုံးပြသသင့်သည်။

ရောဂါရှာဖွေခြင်း

‌ရောဂါရှာဖွေရန် ဆရာဝန်မှ ‌ရောဂါရာဇဝင်နှင့် လက္ခဏာများကို မေးမြန်းခြင်း၊ ကိုယ်ခန္ဓာကို စမ်းသပ်စစ်ဆေးခြင်း စသည်တို့ ပြုလုပ်မည်ဖြစ်သည်။ ထို့နောက် ‌‌ရောဂါအတည်ပြုရန် သို့မဟုတ် ဆင်တူသော အခြားရောဂါများ ဖြစ်နိုင်ခြေကို ဖယ်ထုတ်ရန် လိုအပ်သော ဓာတ်ခွဲစစ်ဆေးမှုများ၊ ပုံရိပ်ဖော်စစ်ဆေးခြင်းများကို ညွှန်ကြားမည်။

ရောဂါအတည်ပြုရန် ပြုလုပ်သော စစ်ဆေးမှုများ
  1. သွေးစစ်ဆေးခြင်း
    • သွေးပိုးမွေးခြင်း
      • ရောဂါရှာဖွေရန် အဓိက အသုံးဝင်သော စစ်ဆေးမှုဖြစ်သည်
      • သွေးထဲရှိ ရောဂါဖြစ်စေသော ဘက်တီးရီးယားကို ပိုးမွေး၍ စစ်ဆေးသည်
      • ပိုးအမျိုးအစားပေါ် မူတည်၍ ပဋိဇီဝပိုးသတ်ဆေးများ ပေါင်းစပ်ကုသရန် ဆုံးဖြတ်ရာတွင်လည်း အထောက်အကူပြုသည်
    • သွေးအားစစ်ဆေးခြင်း (Complete blood count: CBC)
      • ရောဂါပိုးဝင်ခြင်းကြောင့် သွေးအားနည်းခြင်း၊ သွေးဖြူဥများခြင်း စသည်တို့ကို တွေ့နိုင်သည်
    • ပိုးဝင်ခြင်း ပြင်းထန်မှုအတွက် စီအာပီ (C-reactive protein) စစ်ဆေးခြင်း၊ လိုအပ်လျှင် ကျောက်ကပ်လုပ်ငန်း စစ်ဆေးခြင်း၊ သွေးခဲဓာတ်များ စစ်ဆေးခြင်း၊ ရောဂါအခံများအတွက် စစ်ဆေးခြင်း
  2. ပုံရိပ်ဖော်စစ်ဆေးခြင်း
    • အသံလှိုင်းသုံးနှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (Echocardiogram)
      နှလုံးနံရံများနှင့် အဆို့ရှင်များ ပျက်စီးခြင်း၊ နှလုံးသွေးညှစ်အား ကျဆင်းခြင်း၊ နှလုံးအတွင်း vegetations အဖုငယ်များရှိခြင်း၊ နှလုံးအခန်းများ ကျယ်နေခြင်း စသည်တို့ကို ရှာဖွေပေးနိုင်သည်။ ထိုသို့ ပုံရိပ်ဖော်ရာတွင် နည်းလမ်း (၂) မျိုးကို အသုံးပြုနိုင်သည်။
      • ရင်ဘတ်ပေါ်မှတစ်ဆင့် စစ်ဆေးခြင်း (Transthoracic echo)
        အာထရာဆောင်းလက်ကိုင် (Probe) ကို ခန္ဓာကိုယ်ပြင်ပ ရင်ညွန့်ရိုးတစ်လျှောက်တွင် ‌‌ထောက်၍‌တဖြည်းဖြည်းရွှေ့ခြင်းဖြင့် ပုံရိပ်ဖော်စစ်ဆေးခြင်းဖြစ်သည်။
      • အစာရေမျိုပြွန်အတွင်းမှတစ်ဆင့် စစ်ဆေးခြင်း (Transesophageal echo)
        အစာရေမျိုပြွန်ထဲသို့ ပိုက်ငယ်ထည့်၍ ထိုပိုက်မှတစ်ဆင့် အသံလှိုင်းများလွှတ်ပြီး ပုံရိပ်ဖော်ခြင်းဖြစ်သည်။ ပို၍ အသေးစိတ်တိကျသော ပုံရိပ်များကို ဖော်ထုတ်ရာတွင် အသုံးပြုသည်
    • ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း (Chest X-ray) – နှလုံးနှင့် အဆုတ်၏ အခြေအနေကို ဖော်ပြနိုင်သည်၊ နှလုံးပိုးဝင်ခြင်းကြောင့် နှလုံးကြီးခြင်း၊ အဆုတ်သို့ ပိုးပျံ့သောကြောင့် အဆုတ်ရောင်ခြင်း စသည်တို့ကို တွေ့နိုင်သည်
    • ကွန်ပျူတာဓာတ်မှန် (CT scan) သို့မဟုတ် သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း – အခြားနေရာများသို့ ပိုးပျံ့နှံ့ခြင်းကို ရှာဖွေရန် ပြုလုပ်နိုင်သည်
  3. အခြားစစ်ဆေးမှုများ – အီးစီဂျီ (ECG) ဆွဲခြင်း
ကုသခြင်း

နှလုံးပိုးဝင်ခြင်းကို များသောအားဖြင့် ပဋိဇီဝပိုးသတ်ဆေးများပေး၍ ပျောက်ကင်းအောင် ကုသနိုင်သည်။ သို့ရာတွင် အဆို့ရှင်ပျက်စီးသည့်လူနာများတွင် အဆို့ရှင်များကို ပြုပြင်ရန် (သို့မဟုတ်) အစားထိုးရန်အတွက် ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်သည်။

  1. ဆေးဝါးများဖြင့် ကုသခြင်း
    ဘက်တီးရီးယားများကြောင့် ဖြစ်ပါက ပဋိဇီဝပိုးသတ်ဆေးကို သွေးကြောထဲသို့ သွင်း၍ ကုသသည်။ ဆေးများ၏ အကျိုးသက်ရောက်မှုနှင့် ကုသမှုတိုးတက်ခြင်းရှိ၊ မရှိကို သိရှိနိုင်ရန် (၁) ပတ်ခန့် ဆေးရုံတက်၍ ကုသရန် လိုအပ်နိုင်သည်။ ပိုးသတ်ဆေးအာနိသင်များကြောင့် အဖျားနှင့် အခြားလက္ခဏာများ သက်သာလာပါက ဆေးရုံဆင်းနိုင်ပြီး အိမ်နှင့် နီးစပ်ရာဆေးခန်းတွင် ပိုးသတ်ဆေး ဆက်လက်ထိုးနိုင်သည်။ ပဋိဇီဝပိုးသတ်ဆေးများကို ရက်သတ္တပတ်များစွာ ပေးရန် လိုအပ်သည်။
    အကယ်၍ မှိုပိုးများကြောင့် ဖြစ်ပါက မှိုပိုးသတ်ဆေးများဖြင့် ကုသနိုင်ပြီး အချို့သူများတွင် ရောဂါပြန်မဖြစ်စေရန် မှိုပိုးသတ်ဆေးများကို ကာကွယ်ဆေးအနေဖြင့် တစ်သက်လုံးသောက်ရန် လိုအပ်နိုင်သည်။
  2. ခွဲစိတ်ကုသခြင်း
    ပိုးသတ်ဆေး၊ မှိုသတ်ဆေးများဖြင့် ကုသသော်လည်း အလျဥ်းမပျောက်ကင်းခြင်း၊ အချို့ ပြင်းထန်သော မှိုပိုးများကြောင့် ဖြစ်ခြင်း၊ အဆို့ရှင်များ ပျက်စီးခြင်း၊ Vegetation အဖုငယ်များ ကြီးလာ၍ သွေးလှည့်ပတ်မှုကို ပိတ်ဆို့ခြင်း၊ ပြုတ်ထွက်၍ အခြားနေရာသွေးကြောများကို ပိတ်စေခြင်း၊ နောက်ဆက်တွဲပြည်တည်နာများ ဖြစ်ပေါ်ခြင်း စသည့်အခြေအနေများသည် ခွဲစိတ်ကုသရန် လိုအပ်သည်။ အဆို့ရှင်များ ပျက်စီးပါက ဇီဝအဆို့ရှင် (တိရစ္ဆာန်များ၏ တစ်ရှူးများဖြင့် ပြုလုပ်ထားသော သဘာဝအဆို့ရှင်) များနှင့် လူလုပ်အဆို့ရှင်များဖြင့် အစားထိုးလဲလှယ်နိုင်သည်။
ကာကွယ်ခြင်း

နှလုံးပိုးဝင်ခြင်းမဖြစ်အောင် အောက်ပါနည်းလမ်းများဖြင့် ကာကွယ်နိုင်သည်။

  • သွားနှင့်ခံတွင်းကျန်းမာရေးကို ဂရုစိုက်ခြင်း _ သွားပုံမှန်တိုက်ခြင်း၊ သွားကြားပွတ်ကြိုး (floss) များကို သုံးခြင်း၊ သွားကျန်းမာရေး ပုံမှန်စစ်ဆေးခြင်း စသည်ဖြင့် သွားနှင့်ခံတွင်းကျန်းမာအောင် ပြုလုပ်ပါ
  • မူးယစ်ဆေးထိုးခြင်းကို လုံးဝရှောင်ကြဉ်ပါ _ မသန့်ရှင်းသောအပ်များကြောင့် သွေးထဲပိုးများ ဝင်ရောက်ပြီး ရောဂါဖြစ်စေနိုင်သည်
  • ရောဂါလက္ခဏာများကို သိရှိထားခြင်း _ အဆို့ရှင် ပုံမှန်မဟုတ်သူများတွင် နှလုံးပိုးဝင်သည့် လက္ခဏာများ (ရက်ရှည်ဖျားခြင်း၊ အလွန်နုံးခြင်း၊ အရေပြားတွင် အကွက်များ၊ အဖုများပေါ်လာခြင်း၊ အနာကျက်နှေးခြင်း) တို့တွေ့ပါက ဆရာဝန်နှင့် ချက်ချင်းပြသသင့်သည်
  • အချို့သော သွားကုသခြင်းများနှင့် အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း၊ ဆီးလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်း၊ ဆီးကျိတ်ကို မှန်ပြောင်းသုံး၍ ခွဲစိတ်ခြင်း၊ အဆုတ်တွင်း မှန်ပြောင်းကြည့်ခြင်း၊ အရေပြားပိုးဝင်ခြင်း၊ အရေပြားအနာများကို ခွဲစိတ်ခြင်းစသည့် ဆေးကုသခြင်း လုပ်ငန်းစဥ်များသည် သွေးထဲသို့ ဘက်တီးရီးယားများ ဝင်‌ရောက်စေနိုင်သည်၊ သို့ဖြစ်၍ ယခင်နှလုံးပိုးဝင်ဖူးသူ၊ အဆို့ရှင်လဲထားသူ၊ နှလုံးအစားထိုးထားသူ၊ မွေးရာပါနှလုံးရောဂါရှိသူ၊ လွန်ခဲ့သည့် (၆) လအတွင်း နှလုံးခွဲစိတ်မှု ခံယူထားသူစသည့် ရောဂါဖြစ်နိုင်ခြေများသူများအနေနှင့် ကုသခြင်းလုပ်ငန်း မစတင်ခင် ဆရာဝန်နှင့် တိုင်ပင်၍ ပဋိဇီဝပိုးသတ်ဆေးများ ကြိုတင်သောက်သုံးထားခြင်းဖြင့် နှလုံးတွင်းသို့ ပိုးမရောက်စေရန် ကာကွယ်ပေးနိုင်သည်

References:

  1. Mayo Clinic. (n.d.). Endocarditis: Symptoms and causes. Retrieved from https://www.mayoclinic.org/diseases-conditions/endocarditis/symptoms-causes/syc-20352576
  2. Mayo Clinic. (n.d.). Endocarditis: Diagnosis and treatment. Retrieved from https://www.mayoclinic.org/diseases-conditions/endocarditis/diagnosis-treatment/drc-20352582
  3. Cleveland Clinic. (n.d.). Endocarditis. Retrieved from https://my.clevelandclinic.org/health/diseases/16957-endocarditis
  4. Cleveland Clinic. (n.d.). Endocarditis. Retrieved from https://my.clevelandclinic.org/health/diseases/16957-endocarditis
  5. NHS. (n.d.). Endocarditis. Retrieved from https://www.nhs.uk/conditions/endocarditis/#:~:text=Contents,%2Dthreatening%20complications%2C%20such%20as
  6. American Heart Association. (n.d.). Heart valves and infective endocarditis. Retrieved from https://www.heart.org/en/health-topics/heart-valve-problems-and-disease/heart-valve-problems-and-causes/heart-valves-and-infective-endocarditis

Published: 27 November 2025

Share

27 November 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Oesophageal varices (အစာရေမျိုပြွန် သွေးကြောထုံးများ)
Jan 29, 2026
Diseases and Conditions

Oesophageal varices (အစာရေမျိုပြွန် သွေးကြောထုံးများ)

အစာရေမျိုပြွန် သွေးကြောထုံးခြင်းသည် အသည်းခြောက်ခြင်း၏ ပြင်းထန်သော...

Carpal Tunnel Syndrome (လက်ကောက်ဝတ်၌ အာရုံကြောပိခြင်း)
Jan 29, 2026
Diseases and Conditions

Carpal Tunnel Syndrome (လက်ကောက်ဝတ်၌ အာရုံကြောပိခြင်း)

လက်ကောက်ဝတ်အတွင်းရှိ အာရုံကြောသွားရာလမ်းကြောင်းအတွင်း...

Sensitive Teeth (သွားကျဥ်ခြင်း)
Jan 28, 2026
Diseases and Conditions

Sensitive Teeth (သွားကျဥ်ခြင်း)

သွားကျဥ်ခြင်းဝေဒနာသည် သွား၏အကာအကွယ် ကြွေလွှာ ပါးလွှာခြင်းကြောင့်...