Asthma and Pregnancy (ကိုယ်ဝန်ဆောင်နှင့် ပန်းနာရင်ကျပ်ရောဂါ)

Asthma and Pregnancy (ကိုယ်ဝန်ဆောင်နှင့် ပန်းနာရင်ကျပ်ရောဂါ)

ကိုယ်ဝန်ဆောင်အမျိုးသမီးများ ခံစားရတတ်သော နာတာရှည်ရောဂါများအနက် ပန်းနာရင်ကျပ်ရောဂါသည် ဖြစ်ပွါးမှုအများဆုံးရောဂါဖြစ်ပြီး ကိုယ်ဝန်ဆောင်များ၏ (၄) ရာခိုင်နှုန်းမှ (၈) ရာခိုင်နှုန်းထိ ဖြစ်ပေါ်ခံစားရနိုင်သည်။ ပန်းနာရင်ကျပ်ရောဂါ (Bronchial asthma) သည် နာတာရှည် အဆုတ်ရောဂါတစ်မျိုးဖြစ်ပြီး အဆုတ်အတွင်းရှိ လေပြွန်များသည် ပတ်ဝန်းကျင်ရှိ လှုံ့ ဆော်မှုများကို လိုအပ်သည်ထက်ပို၍ တုံ့ပြန်မှုများနေသောကြောင့် ဖြစ်ပွါးရခြင်းဖြစ်သည်။

ပန်းနာရင်ကျပ်ဝေဒနာရှင်များ ကိုယ်ဝန်ဆောင်လာသောအခါ ရောဂါပြင်းထန်နိုင်မှုသည် တစ်ဦးနှင့် တစ်ဦး မတူညီကြပါ။ (၄၀) ရာခိုင်နှုန်းခန့်သော ကိုယ်ဝန်ဆောင်များသည် ‌ရောဂါဝေဒနာပိုမိုပြင်းထန်လာနိုင်ပြီး မှန်ကန်ထိရောက်သော ကုသမှုမျိုးမရရှိနိုင်ပါက မိခင်နှင့် ကလေးတွင် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာတတ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ပန်းနာရင်ကျပ်ဖြစ်စေနိုင်သော အကြောင်းအရာများကို အတိအကျမသိနိုင်သော်လည်း ပတ်ဝန်းကျင်ရှိ ဓာတ်မတည့်စေသောအရာများနှင့် ထိတွေ့မိသည့်အခါ ပြင်းထန်သော ရင်ကျပ်လက္ခဏာများ ခံစားရနိုင်သည်။ ကိုယ်ဝန်ဆောင်ကာလတွင် ခန္ဓာကိုယ်မှ ကိုယ်ခံအားစနစ်ပြောင်းလဲတုံ့ပြန်မှုများကြောင့် လည်းကောင်း၊ ကိုယ်ဝန်ဆောင်ဟော်မုန်းများကြောင့် လည်းကောင်း၊ သန္ဓေသားဖြင့် ကြီးထွားလာသော သားအိမ်၏ ပင့်တင်ထားမှုကြောင့် လည်းကောင်း အချို့သော ကိုယ်ဝန်ဆောင်များတွင် ပန်းနာရင်ကျပ်ရောဂါလက္ခဏာများ ပိုမိုဆိုးရွားလာနိုင်သည်။

ရောဂါလက္ခဏာများ

ပန်းနာရင်ကျပ် ရောဂါလက္ခဏာ ပြင်းထန်မှုများသည် တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါ။ ရောဂါလက္ခဏာများသည် ပေါ်လိုက် ပျောက်လိုက်ဖြစ်တတ်ပြီး အေးသောရာသီဥတုများတွင် ပိုအဖြစ်များသည်။ ပတ်ဝန်းကျင်ရှိ ဓာတ်မတည့်စေသောအရာများနှင့် ထိတွေ့မိသည့်အခါ အဆုတ်လေပြွန်များ ရောင်ရမ်းခြင်း၊ လေပြွန်အတွင်း ချွဲများထွက်လာခြင်း၊ လေပြွန်များ ကျဉ်းသွားခြင်းတို့ကြောင့်

  • မကြာခဏ ချောင်းဆိုးခြင်း၊ အထူးသဖြင့် ညအိပ်ချိန်တွင် ချောင်းဆိုးခြင်း
  • ရင်ကျပ်ခြင်း
  • အသက်ရှူလျှင် တရွှီရွှီ မြည်ခြင်း
  • မောခြင်း
  • တခါတရံ ရင်ဘတ်အောင့်ခြင်း စသည့်လက္ခဏာများ ခံစားရနိုင်သည်။

ထိုလက္ခဏာခံစားရမှုများသည် အများစုသော ကိုယ်ဝန်ဆောင်များတွင် ထူးခြားသော ပြောင်းလဲခံစားရမှုမျိုး မရှိပါ။ အချို့တွင် သက်သာသွားနိုင်ပြီး (၄၀) ရာခိုင်နှုန်းသော ကိုယ်ဝန်ဆောင်များတွင် ရောဂါလက္ခဏာ ပိုမို ဆိုးရွားလာနိုင်သည်။ ကိုယ်ဝန်ဆောင်ကာလ (၂၄) ပတ်မှ (၃၆) ပတ်အတွင်း ရောဂါလက္ခဏာများ ပိုမိုခံစားရတတ်ပြီး (၁၀) ရာခိုင်နှုန်းခန့်သည် ကလေးမွေးဖွားချိန်တွင် ရောဂါခံစားရနိုင်သည်။ ကိုယ်ဝန်ကြောင့် ပြောင်းလဲခံစားရသော ရောဂါလက္ခဏာများသည် ကလေးမွေးဖွားပြီး သုံးလခန့်တွင် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်ပြီး နောက်ထပ် ကိုယ်ဝန်ဆောင်ချိန်တွင်လည်း ကိုယ်ဝန်တစ်ကြိမ်နှင့် တစ်ကြိမ် ရောဂါလက္ခဏာပြောင်းလဲပုံများမှာ အတူတူပင်ဖြစ်သည်။

နောက်ဆက်တွဲပြဿနာများ

မှန်ကန်သော ကုသမှုများဖြင့် စနစ်တကျ ကုသပါက နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်ရန် ခဲယဉ်းသော်လည်း အချို့သောကိုယ်ဝန်ဆောင်မိခင်များသည် သန္ဓေသားထိခိုက်မည်ကို စိုးရိမ်ပူပန်သဖြင့် ဆေးကုသမှုများ ရပ်ဆိုင်းလိုက်ခြင်းကြောင့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။ အထူးသဖြင့် ပြင်းထန်သော ပန်းနာရင်ကျပ်ဝေဒနာရှင်များသည် မှန်ကန်သောကုသမှုကို ဆက်လက်ခံယူရန် အလွန်အရေးကြီးသည်။ ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခြင်းမရှိပါက

  • ကိုယ်ဝန်ဆောင်သွေးတိုးခြင်း၊ သွေးဆိပ်တက်ခြင်း
  • ကိုယ်ဝန်လမစေ့မီ ကလေးမွေးဖွားခြင်း
  • ကလေးကိုယ်အလေးချိန် မပြည့်မီခြင်း နှင့် ကလေးတွင် ကျန်းမာရေးပြဿနာများ ပေါ်‌ပေါက်နိုင်ခြင်း စသည့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။

အထက်ပါနောက်ဆက်တွဲပြဿနာများသည် ဆေးလိပ်‌ငွေ့ ရှူရှိုက်ရသူများ၊ ကိုယ်အလေးချိန်များသူတို့တွင် ပိုမိုဖြစ်ပွါးတတ်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

ပန်းနာရင်ကျပ်ရောဂါရှိသူများသည် ကိုယ်ဝန်ရှိလာသည်နှင့်တစ်ပြိုင်နက် ကျန်းမာရေးစောင့်ရှောက်စစ်ဆေးမှု ခံယူရမည်ဖြစ်ပြီး သက်ဆိုင်ရာ သားဖွားမီးယပ်ဆရာဝန် နှင့် အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာ အထူးကုများ ညှိနှိုင်းတိုင်ပင်ပြီး ကုသမှုပြုမည်ဖြစ်မည်။

ကိုယ်ဝန်ဆောင်မိခင်အနေဖြင့် ရောဂါလက္ခဏာများ ကင်းရှင်း၍ နေ့စဉ်လုပ်ငန်းဆောင်တာများကို ဆောင်ရွက်နိုင်ရန်၊ ညဘက်တွင်လည်း ကောင်းမွန်စွာ အိပ်ပျော်စေရန်၊ အဆုတ်၏ ဆောင်ရွက်နိုင်စွမ်းကို အကောင်းဆုံးချိန်ညှိရန်၊ ‌ဆေးလိုအပ်ချက်ကို အနည်းဆုံးလျှော့ချနိုင်ရန် ရည်ရွယ်၍ ကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသားအတွက် ဘေးအန္တရာယ်ကင်းသော ဆေးများကို ညွှန်ကြားမည်ဖြစ်သည်။

ထို့ပြင် ကိုယ်ဝန်ဆောင်မိခင်အနေဖြင့် ပန်းနာရင်ကျပ်ရောဂါ၏ အရေးပေါ် လက္ခဏာများကို မှတ်သား၍ ည္ဗန်ကြားချက်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။

ရောဂါရှာဖွေခြင်း

ပန်းနာရင်ကျပ်ဝေဒနာရှင်များသည် ကိုယ်ဝန်ဆောင်ချိန်တွင် ပုံမှန်စစ်ဆေးမှုများထက်ပို၍ ထပ်မံစစ်ဆေးရန် မလိုအပ်ပါ။ သို့သော် ရောဂါ၏ ပြင်းထန်မှုကို သိရှိနိုင်ရန်အတွက် အဆုတ် လုပ်ဆောင်နိုင်စွမ်းကို တိုင်းတာသည့် စစ်ဆေးမှုကို ဆောင်ရွက်ရန် လိုအပ်နိုင်ပြီး မိခင်နှင့် သန္ဓေသားကို ထိခိုက်မည်မဟုတ်ပါ။

ပြင်းထန်သော ရောဂါဝေဒနာရှင်များတွင်မူ သန္ဓေသားအပေါ် ရောဂါအကျိုးသက်ရောက်မှုကို သိရှိရန်အတွက် ပုံမှန် အာထရာဆောင်းရိုက်ကူးပြီး သန္ဓေသား၏ကြီးထွားဖွံ့ဖြိုးမှုကို စစ်ဆေးရန်လိုအပ်သည်။

ကုသခြင်း

ရောဂါပြင်းထန်မှုပေါ် မူတည်၍ ဆေးများကို နေ့စဉ် သို့မဟုတ် လိုအပ်သည့်အခါ ရှူရန် သို့မဟုတ် သောက်ရန် လိုအပ်နိုင်သည်။ ပန်းနာရင်ကျပ်ရောဂါအတွက် ဆေးများတွင် လက္ခဏာသက်သာစေသည့်ဆေးများ (Relievers) နှင့် လက္ခဏာမဖြစ်ပေါ်အောင် ထိန်းပေးသော ကာကွယ်ဆေးများ (Controllers) ဟူ၍ရှိသည်။

ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း ရောဂါကို အကောင်းဆုံးထိန်းချုပ်နိုင်ပြီး မိခင်နှင့် သန္ဓေသားအပေါ် ဘေးအကင်းဆုံးဖြစ်မည့် ဆေးများကို ရွေးချယ်ညွှန်ကြားမည်ဖြစ်ရာ တိကျစွာ လိုက်နာရမည်ဖြစ်သည်။ ပန်းနာရင်ကျပ်ကို ဆေးဖြင့် ထိန်းချုပ်ခြင်းသည် ရောဂါမထိန်းချုပ်နိုင်ဘဲ ပြင်းထန်စွာ ရင်ကျပ်နေခြင်းထက် မိခင်နှင့်ကလေးအတွက် ပိုမိုဘေးကင်းသည်ကို နားလည်ထားရန် အရေးကြီးသည်။

အများစုသော ပန်းနာရင်ကျပ်ဆေးများသည် ကိုယ်ဝန်ဆောင်ချိန်တွင် သောက်သုံးရန်နှင့် ရှူရန် ဘေးကင်းသည်။

  • လက္ခဏာသက်သာဆေးများ – Salbutamol (Ventolin) ကဲ့သို့သော လေပြွန်ကျယ်စေသော ရှူဆေးများသည် ကိုယ်ဝန်ဆောင်ချိန်အတွင်း ရင်ကျပ်လက္ခဏာများ ဖြစ်ပေါ်ချိန်၌သာမက အရေးပေါ်အခြေအနေများတွင်လည်း ဘေးကင်းစွာ သုံးနိုင်သည်
  • ကာကွယ်ဆေးများ – စတီးရွိုက်ရှူဆေးများ (Inhaled Corticosteroids – ICS) သည်လည်း သတ်မှတ်ထားသော ဆေးပမာဏအတိုင်းသုံးပါက ကိုယ်ဝန်ဆောင်ကာလအတွက် ဘေးကင်းသည်
ရှောင်ကြဉ်ရမည့် သို့မဟုတ် သတိထားရမည့် ဆေးများ
  • Prostaglandins – မီးဖွားချိန်တွင် သားအိမ်ကျုံ့ခြင်းကို အားပေးရန် အသုံးပြုသော သို့မဟုတ် ကိုယ်ဝန်ပျက်ကျသော လူနာများကိုကုသရာတွင် သုံးသော Prostaglandins ဆေးများသည် ပန်းနာရင်ကျပ်ကို ပိုမိုဆိုးရွားစေနိုင်သောကြောင့် မဖြစ်မနေ လိုအပ်ချိန်မှသာ ညွှန်ကြားလေ့ရှိသည်
  • ပါးစပ်မှ သောက်သော စတီးရွိုက်ဆေးများ (Systemic Steroids) – ပြင်းထန်ရင်ကျပ်ချိန်၌ မဖြစ်မနေ သောက်ရန် လိုအပ်ပါက ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် ရက်အနည်းငယ် သောက်သုံးနိုင်သော်လည်း၊ ရေရှည်သုံးစွဲခြင်းသည် သန္ဓေသား၏ ကြီးထွားမှုကို အနည်းငယ် ထိခိုက်စေနိုင်သည်ဟု ဆိုကြသည်။ သို့ရာတွင် ပြင်းထန်သော ရင်ကျပ်ခြင်းကို မကုသဘဲထားခြင်းက ပို၍ အန္တရာယ်ကြီးသောကြောင့် ကောင်းကျိုးနှင့် ဆိုးကျိုးကို ချိန်ဆအသုံးပြုရမည်ဖြစ်သည်

ရင်ကျပ်လက္ခဏာများကို ကောင်းမွန်စွာ ထိန်းချုပ်ကုသထားနိုင်သော ပန်းနာရင်ကျပ်ရောဂါဝေဒနာရှင်များ အနေဖြင့် ရင်ကျပ်ရောဂါကြောင့် ကလေးမွေးဖွားရာတွင် ထိခိုက်မှုမရှိနိုင်ပါ။ သာမာန်ကိုယ်ဝန်ဆောင်များ ကဲ့သို့ပင် ကျန်းမာသောကလေးကို သဘာဝအတိုင်းမွေးဖွားနိုင်ပြီး သားဖွားမီးယပ်ဆရာဝန်များ၊ သားဖွားဆရာမများ၊ အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာ အထူးကုများ ပူးပေါင်းညှိနှိုင်း၍ စောင့်ရှောက်မှုပေးမည်။

ကာကွယ်ခြင်း

ပန်းနာရင်ကျပ်​ရောဂါကို အပြည့်အဝမကာကွယ်နိုင်​သော်လည်း ရုတ်တရက် ရင်ထကျပ်ခြင်းများနှင့် မကြာခဏ ရင်ကျပ်ခြင်းများကို ​လျှော့ချနိုင်သည့် နည်းလမ်းများရှိသည်။ ထိုနည်းလမ်းများမှာ_

  • ဆေးလိပ်ငွေ့၊ ဖုန်၊ မီးခိုးနှင့် လေထုညစ်ညမ်းသည့်​နေရာများကို ရှောင်ကြဥ်ခြင်း
  • လေသန့်စင်စက်၊ အစိုထိန်းစက်များ အသုံးပြုခြင်း
  • အမွှေးရနံ့များပါသော ဖယောင်းတိုင်များသုံးခြင်း၊ ခြင်ဆေးဖျန်းဆေးများ အသုံးပြုခြင်းကို ရှောင်ကြဥ်ခြင်း
  • အစာအိမ် စားချဥ်ပြန်သည့်ရောဂါ ရှိပါက သေချာစွာကုသခြင်း
  • ရင်ပိုကျပ်စေနိုင်သည့် အရာများအား ရှောင်ကြဥ်ခြင်းတို့ဖြစ်သည်။

ပန်းနာရင်ကျပ်ရောဂါဝေဒနာရှင်များအနေဖြင့် ကိုယ်ဝန်စောင့်ရှောက်ရာတွင် သားဖွားဆရာဝန်များနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ အထူးကုများ၏ ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ခြင်းဖြင့် သာမာန်ကိုယ်ဝန်ဆောင်များနည်းတူ ကျန်းမာသောသားသမီးများကို အောင်မြင်စွာ မွေးဖွားနိုင်မည်ဖြစ်သည်။

References:

  1. Cleveland Clinic. (n.d.). Asthma during pregnancy. Retrieved October 25, 2025, from https://my.clevelandclinic.org/health/diseases/9568-pregnancy-asthma
  2. National Institute for Health and Care Excellence. (2020). Managing asthma in pregnancy, during labour and when breastfeeding (NICE Guideline NG244, Chapter). Retrieved October 25, 2025, from https://www.nice.org.uk/guidance/ng244/chapter/Managing-asthma-in-pregnancy-during-labour-and-when-breastfeeding
  3. NHS. (n.d.). Asthma in pregnancy: Existing health conditions. Retrieved October 25, 2025, from https://www.nhs.uk/pregnancy/existing-health-conditions/asthma/
  4. American College of Allergy, Asthma & Immunology. (2024). Pregnancy and asthma. ACAAI Patient. Retrieved October 25, 2025, from https://acaai.org/asthma/asthma-101/who-gets-asthma/pregnancy-and-asthma/

Published: 21 November 2025

Share

21 November 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Hyperacusis (နားအကြားအာရုံခံစားမှု လွန်ကဲခြင်း)
Apr 24, 2026
Diseases and Conditions

Hyperacusis (နားအကြားအာရုံခံစားမှု လွန်ကဲခြင်း)

နားအကြားအာရုံခံစားမှု လွန်ကဲခြင်း (Hyperacusis) သည် သာမန်အသံများကိုပင်...

Medial Collateral Ligament Injury (ဒူးဆစ်အတွင်းဘက် ဘေးတိုက်အရွတ် ထိခိုက်ဒဏ်ရာရခြင်း)
Apr 24, 2026
Diseases and Conditions

Medial Collateral Ligament Injury (ဒူးဆစ်အတွင်းဘက် ဘေးတိုက်အရွတ် ထိခိုက်ဒဏ်ရာရခြင်း)

ဒူးဆစ်အတွင်းဘက် ဘေးတိုက်အရွတ် ထိခိုက်ဒဏ်ရာရခြင်း (Medial Collateral...

Venous Stasis Dermatitis (သွေးပြန်ကြောပိတ်ဆို့မှုကြောင့် အရေပြားရောင်ရမ်းခြင်း)
Apr 24, 2026
Diseases and Conditions

Venous Stasis Dermatitis (သွေးပြန်ကြောပိတ်ဆို့မှုကြောင့် အရေပြားရောင်ရမ်းခြင်း)

သွေးပြန်ကြောပိတ်ဆို့မှုကြောင့် အရေပြားရောင်ရမ်းခြင်းသည်...