Tonsil stones (Tonsilloliths) (အာသီး၌ကျောက်ဖြစ်ခြင်း)

Tonsil stones (Tonsilloliths) (အာသီး၌ကျောက်ဖြစ်ခြင်း)

အာသီးကျောက်များသည် အာသီးအတွင်းဖြစ်သော သေးငယ်သည့် ကျောက်စရစ်ကဲ့သို့သော အဖုများဖြစ်သည်။ အဆိုပါ အာသီးကျောက်များသည် မာကျောစေသော သတ္တုများ (ဥပမာ _ ကယ်လ်ဆီယမ်)၊ စားကြွင်းစားကျန်များနှင့် ဘက်တီးရီးယားပိုးများဖြင့် ဖွဲ့စည်းထားသည်။

ခံတွင်းနံ့ဆိုးခြင်းသည် အာသီးကျောက်ဖြစ်ခြင်း၏ အဓိကလက္ခဏာဖြစ်ပြီး ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း စသည်တို့ကိုလည်း ဖြစ်ပေါ်စေသည်။

အာသီးများသည် လည်ချောင်း၏ အနောက်ဘက်တွင်ရှိသော ဂလင်းကဲ့သို့သော အစိတ်အပိုင်းများ ဖြစ်ပြီး တစ်ဖက်စီတွင် တစ်ခုစီရှိသည်။ အာသီးများသည် ပိုးဝင်ခြင်းကို ကာကွယ်တိုက်ဖျက်သည့် သွေးဖြူဥဆဲလ်များဖြစ်သော လင်မ်ဖိုဆိုက် (Lymphocytes) များပါဝင်သည့် တစ်ရှူးများဖြင့် ဖွဲ့စည်းထားပြီး ကိုယ်ခံအားစနစ်တွင် ပါဝင်သည်ဟု ယူဆကြသည်။ ထို့ပြင် အာသီးများသည် လည်ချောင်းမှတစ်ဆင့် ဝင်ရောက်လာသော ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်များကိုလည်း ကာကွယ်ပေးသည်။ ယေဘုယျအားဖြင့် အာသီးကျောက်များ ဖြစ်ခြင်းကြောင့် ပြင်းထန်သော ကျန်းမာရေးပြဿနာများ မဖြစ်နိုင်သော်လည်း ရေရှည်ဖြစ်ပြီး မသက်သာပါက သက်ဆိုင်ရာဆရာဝန်နှင့် ပြသရန်လိုသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အစာအကြွင်းအကျန်များ၊ ဆဲလ်သေများ၊ ဘက်တီးရီးယားများနှင့် အကျိအချွဲများကဲ့သို့သော အညစ်အကြေးများသည် အာခေါင်၏ အနောက်ဘက်ရှိ အာသီးအခေါင်းပေါက်ငယ်များ (Tonsillar crypts) ကြားတွင် ရောက်ရှိစုပုံသွားပြီး မာကျောလာကာ အာသီးကျောက်များ ဖြစ်ပေါ်လာသည်။ အာသီးကျောက်များသည် ခံတွင်းသန့်ရှင်း‌ရေး အားနည်းသူများ၊ မကြာခဏပိုးဝင်၍ အာသီးရောင်သူများ၊ အာသီးအရွယ်အစား ကြီးသူများနှင့် အာသီးအခေါင်းပေါက်ငယ်နက်သူများ စသည်တို့တွင် ပို၍အဖြစ်များကြောင်း တွေ့ရှိရသည်။ ထို့ပြင် မျက်နှာအရိုးများအတွင်းရှိ လေခိုအိတ်များ၏ နာတာရှည်ပြဿနာများနှင့် မကြာခဏ အာသီးရောင်ခြင်းများကြောင့်လည်း အာသီးကျောက်ဖြစ်ပေါ် နိုင်သည်။ ရောဂါလက္ခဏာများသည် အများအားဖြင့် အရွယ်အစားသေးငယ်သော အာသီးကျောက်များတွင် ပြလေ့မရှိသော်လည်း ရှားပါးသော အရွယ်အစားကြီး အာသီးကျောက်များတွင်မူ လက္ခဏာများ တွေ့ရလေ့ရှိသည်။

ရောဂါလက္ခဏာများ

အာသီးကျောက်များသည် အရွယ်အစားသေးပါက သတိထားမိနိုင်သော သိသာသည့် လက္ခဏာများ မတွေ့ရှိရပါ။ သို့သော် အာသီးကျောက်များနှင့်အတူ တွဲ၍ တွေ့ရှိရသော ရောဂါလက္ခဏာများမှာ_

  1. ခံတွင်းနံ့ဆိုးခြင်း
    ခံတွင်းနံ့ဆိုးခြင်းသည် အာသီးကျောက်ဖြစ်ခြင်း၏ အဓိက ရောဂါလက္ခဏာတစ်ခုဖြစ်ပြီး အာသီးပိုးဝင်ခြင်းနှင့် အတူတွဲ၍ တွေ့ရှိရသည်။ နာတာရှည်အာသီးရောင်သူများ၏ ခံတွင်းနံ့များကို စစ်ဆေးရာတွင် ဆာလ်ဖာဒြပ်ပေါင်းများ ပုံမှန်ထက် မြင့်မားစွာပါဝင်ကြောင်း တွေ့ရှိရပြီး ၎င်း၏ (၇၅%) တွင် အာသီး‌ကျောက်ရှိသူများ ဖြစ်ကြောင်းတွေ့ရှိရသည်။
  2. အာသီး‌ရောင်ခြင်း
    အာသီးကျောက် ဖြစ်ပေါ်ရာမှတစ်ဆင့် ထို‌ကျောက်နေရာ၌ ပိုးဝင်ရောင်ရမ်းခြင်းကြောင့် အာသီး‌ရောင်ခြင်းကို ဆက်၍ဖြစ်ပေါ်စေသည်။
  3. ချောင်းဆိုးခြင်း
    အာသီးကျောက်များသည် လည်ချောင်းကို ယားယံစေသောကြောင့်‌ မကြာခဏ ချောင်းဆိုးခြင်းကို ဖြစ်စေသည်။
  4. မျိုချရခက်ခဲခြင်း
    အာသီးကျောက် တည်ရှိသော နေရာနှင့် အရွယ်အစားပေါ် မူတည်၍ အစာနှင့်အရည်များ မျိုချရာတွင် နာကျင်ခက်ခဲမှုများ ရှိနိုင်သည်။
  5. နားကိုက်ခြင်း
    အာသီးကျောက်များသည် အာသီး၏ နေရာမျိုးစုံတွင် တည်ရှိနိုင်ပြီး အာရုံကြောများကို ထိခိုက်မိပါက နားကိုက်ခြင်းအထိ ခံစားရနိုင်သည်။
  6. လည်ချောင်းနာခြင်း

အာသီးကျောက်နှင့် အာသီးရောင်ခြင်း တစ်ပြိုင်နက်ဖြစ်ပေါ်သောအခါ လည်ချောင်းနာခြင်းကို ဖြစ်စေသည်။ အာသီးကျောက်ဖြစ်ခြင်း တစ်ခုတည်းကြောင့်လည်း လည်ချောင်းနာခြင်း ဖြစ်စေနိုင်သည်။

နောက်ဆက်တွဲပြဿနာများ

အာသီးကျောက်များကြောင့် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ ရှားပါးသော်လည်း အာသီးကျောက်အတွင်း ဘက်တီးရီးယားပိုးများ ပေါက်ပွါးပါက ခံတွင်းနံ့ဆိုးခြင်း (Bad Breath) ကို ဖြစ်စေနိုင်သည်။ ထို့ပြင် သွားပိုးစားခြင်းကိုလည်း ဖြစ်စေနိုင်သည်။ အရွယ်အစားကြီးသော အာသီးကျောက်များသည် အာသီးပတ်ဝန်းကျင်ရှိ တစ်ရှူးများကို ပျက်စီးစေပြီး ပြင်းထန်သော ရောင်ရမ်းခြင်း၊ နာကျင်ကိုက်ခဲခြင်းနှင့် ပိုးဝင်ခြင်းကို ဖြစ်စေသည်။ အာသီး‌ကျောက်များသည် အာသီးပိုးဝင်ခြင်းနှင့် အတူတွဲ၍ ဖြစ်ပေါ်ပါက ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်နိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ဖော်ပြပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန် (X-ray) ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာ‌ဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးမည်။

ရောဂါရှာဖွေခြင်း

အာသီးကျောက်များကို ရောဂါရှာဖွေရာတွင် အများစုမှာ လွယ်ကူပြီး အောက်ပါနည်းလမ်းများဖြင့် ပြုလုပ်နိုင်သည်။

  1. မေးမြန်းစမ်းသပ်စစ်ဆေးခြင်း
    • ရောဂါရာဇဝင်မေးမြန်းခြင်း
      လည်ချောင်းနာကျင်ခြင်း၊ ခံတွင်းနံ့ဆိုးထွက်ခြင်း၊ မျိုချရခက်ခဲခြင်း သို့မဟုတ် လည်ချောင်းတွင် တစ်ခုခုရှိနေသကဲ့သို့ ခံစားရခြင်း စသည့် ရောဂါလက္ခဏာများကို ဆရာဝန် သို့မဟုတ် သွားဘက်ဆိုင်ရာဆရာဝန်မှ မေးမြန်းမည်ဖြစ်သည်။
    • ခံတွင်းနှင့် လည်ချောင်းအတွင်း စမ်းသပ်ခြင်း
      သက်ဆိုင်ရာ အထူးကုဆရာဝန် (နားနှာခေါင်းလည်ချောင်း အထူးကုဆရာဝန်) သို့မဟုတ် သွားဘက်ဆိုင်ရာဆရာဝန်သည် ခံတွင်းနှင့် လည်ချောင်းအတွင်းသို့ တိုက်ရိုက်ကြည့်ရှုစစ်ဆေးခြင်းဖြင့် အာသီးမျက်နှာပြင်ပေါ်ရှိ အဖြူရောင် သို့မဟုတ် အဝါရောင် အစက်အပြောက် သို့မဟုတ် အာသီးကျောက်များကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်သည်။
    • မတော်တဆတွေ့ရှိခြင်း
      တစ်ခါတစ်ရံတွင် သွားဘက်ဆိုင်ရာဆရာဝန်မှ သွားနှင့်ခံတွင်း ဓာတ်မှန်ရိုက်စဉ်၌လည်းကောင်း၊ အခြားရောဂါများအတွက် ပုံရိပ်ဖော်စစ်ဆေးမှုများ ပြုလုပ်စဉ်၌လည်းကောင်း မမျှော်လင့်ဘဲ တွေ့ရှိနိုင်သည်။
  2. ပုံရိပ်ဖော်စစ်ဆေးခြင်း (Imaging)
    အာသီးကျောက်များသည် အာသီးတွင်းနက်ရှိုင်းသော အခေါင်းပေါက်ငယ်များ (Crypts) အတွင်း၌ နက်ရှိုင်းစွာ ပိတ်ဆို့နေပြီး အလွယ်တကူ မတွေ့ရှိပါက သို့မဟုတ် အခြားရောဂါများကို သံသယရှိပါက အောက်ပါ စစ်ဆေးမှုများကို ပြုလုပ်နိုင်သည်။
    • ဓာတ်မှန် (X-ray)
    • ကွန်ပျူတာဓာတ်မှန် (CT Scan)
    • သံလိုက်ဓာတ်မှန် (MRI)
ကုသခြင်း

အာသီးကျောက်များကို ကုသရာတွင် အာသီးကျောက်၏ အရွယ်အစား၊ ဖြစ်ပေါ်သည့် ရောဂါလက္ခဏာများနှင့် မည်မျှ အနှောက်အယှက်ပေးသည်ကို မူတည်၍ နည်းလမ်းအမျိုးမျိုးဖြင့် ကုသနိုင်သည်။ ရောဂါလက္ခဏာမပြသော သေးငယ်သည့် အာသီးကျောက်များသည် ကုသမှုခံယူရန် လိုအပ်လေ့မရှိပါ။

  1. အိမ်တွင်းကုသမှုနှင့် မိမိဘာသာ ဖယ်ရှားခြင်း
    သေးငယ်သော အာသီးကျောက်များနှင့် ရောဂါလက္ခဏာ သက်သာစေရန် အောက်ပါတို့ကို ပြုလုပ်နိုင်သည်။
    • ဆားရည်နွေးနွေးဖြင့် ပလုတ်ကျင်းခြင်း
      လည်ချောင်းရောင်ရမ်းခြင်းကို သက်သာစေပြီး အာသီးကျောက်များ ထွက်သွားစေရန် ကူညီနိုင်သည်။
    • ရေများများသောက်ခြင်း
      ခံတွင်းနှင့် လည်ချောင်း အစိုဓာတ်ကို ထိန်းသိမ်းပေးသည်။
    • အားပြင်းပြင်း ချောင်းဆိုးခြင်း
      အားပြင်းပြင်းဖြင့် ချောင်းဆိုးပေးခြင်းသည် အာသီးကျောက်များ ထွက်လာစေရန် ကူညီနိုင်သည်။
    • ရေဖျန်းကိရိယာ (Oral Irrigator/Water Pick) အသုံးပြုခြင်း
      ဖိအားနည်း‌သော ရေဖျန်းကိရိယာကို အသုံးပြု၍ အာသီးအခေါင်းပေါက်ငယ်များကို ညင်သာစွာ ဆေးကြောခြင်းဖြင့် အာသီးကျောက်များကို ဖယ်ရှားနိုင်သည်။
    • ဝါဂွမ်းတုတ်တံ သို့မဟုတ် ကိရိယာငယ်များဖြင့် ညင်သာစွာ ဖယ်ရှားခြင်း
      သန့်ရှင်းသော ဝါဂွမ်းတုတ်တံ (Cotton Swab) ကို အသုံးပြု၍ အာသီးကျောက်များကို ညင်သာစွာ ဖိအားပေး ဖယ်ထုတ်နိုင်သည်။ သို့သော် လည်ချောင်းတစ်ရှူးများကို ထိခိုက်မှုမရှိစေရန် ဂရုစိုက်ရမည်။
  2. ဆေးဝါးဖြင့် ကုသခြင်း
    • ပဋိဇီဝပိုးသတ်ဆေးများ
      အာသီးပိုးဝင်ခြင်း သို့မဟုတ် ဘက်တီးရီးယားပိုးများ စုဆောင်းနေခြင်းကို သံသယရှိပါက ဆရာဝန်မှ ပဋိဇီဝပိုးသတ်ဆေး သောက်ဆေး သို့မဟုတ် လိမ်းဆေးများကို ညွှန်ကြားနိုင်သည်။ သို့သော် ပဋိဇီဝဆေးများသည် အာသီးကျောက်များ ထပ်မံဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း မရှိပါ။
  3. ခွဲစိတ်မှုနည်းလမ်းများ
    အိမ်တွင်းကုသမှုများပြုလုပ်ခြင်းဖြင့် မသက်သာလျှင်၊ ရောဂါလက္ခဏာများ ပြင်းထန်လျှင် သို့မဟုတ် အာသီးကျောက်များ အလွန်ကြီးမားလာခြင်းကြောင့် နေ့စဉ်လူနေမှုပုံစံကို အနှောက်အယှက် ဖြစ်လာလျှင် အောက်ပါနည်းလမ်းများဖြင့် ကုသမှု ပြုလုပ်နိုင်သည်။
    • အာသီးကျောက်များကို ခွဲစိတ်ဖယ်ရှားခြင်း
      အာသီးကို မဖြတ်ထုတ်ဘဲ ကိရိယာငယ်များ သုံး၍ အာသီးကျောက်များကို တိုက်ရိုက်ဖယ်ရှားခြင်းဖြစ်သည်။ အာသီးတစ်ရှူးများ ထိခိုက်မှုမရှိစေရန် ညင်သာစွာ ဆောင်ရွက်ရသည်။
    • အာသီးအခေါင်းပေါက်ငယ်များကို လေဆာ သို့မဟုတ် ရေဒီယိုကြိမ်နှုန်းလှိုင်းဖြင့် ချောမွေ့အောင် ပြုလုပ်ခြင်း (Laser/Radiofrequency Ablation – Cryptolysis)
      လေဆာ သို့မဟုတ် ရေဒီယိုကြိမ်နှုန်းလှိုင်းကို အသုံးပြု၍ အာသီးပေါ်ရှိ ကျောက်များဖြစ်စေသော အာသီးအခေါင်းပေါက်ငယ်များကို မျက်နှာပြင်ချောမွေ့သွားစေရန် ပြုပြင်ပေးခြင်းဖြင့် အာသီးကျောက်များ ထပ်မံဖြစ်ပေါ်နိုင်ခြေကို လျော့ကျစေနိုင်သည်။
    • အာသီးဖြတ်ထုတ်ခြင်း (Tonsillectomy)
      အာသီးကျောက်များ မကြာခဏ ထပ်ခါတလဲလဲ ဖြစ်ပွါးခြင်း၊ အရွယ်အစား ကြီးလာခြင်းကြောင့် ပြင်းထန်သော ရောဂါလက္ခဏာများ ဖြစ်ပေါ်နေခြင်း (ဥပမာ _ အစာမျိုချရခက်ခဲခြင်း) သို့မဟုတ် အခြားကုသမှုများဖြင့် မအောင်မြင်ခြင်း စသည့် အခြေအနေများတွင် အာသီးတစ်ခုလုံးကို ခွဲစိတ်ဖြတ်ထုတ်ခြင်းဖြင့် အာသီးကျောက်ဖြစ်ခြင်း၏ ပြဿနာကို အပြီးတိုင် ဖြေရှင်းနိုင်သည်။
ကာကွယ်ခြင်း

အာသီးကျောက်များသည် ခံတွင်းထဲရှိ အစာအကြွင်းအကျန်နှင့် အခြားပစ္စည်းများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သောကြောင့် အပြည့်အဝ ကာကွယ်ရန် မဖြစ်နိုင်ပါ။ သို့သော် ကောင်းမွန်သော ခံတွင်းသန့်ရှင်းရေး ပြုလုပ်ခြင်းဖြင့် အာသီးကျောက်ဖြစ်ပေါ်မှုကို လျော့နည်းအောင် များစွာလုပ်ဆောင်နိုင်သည်။ လုပ်ဆောင်နိုင်သော နည်းလမ်းများမှာ_

  • သွားပုံမှန်တိုက်ပါ
    အစာစားပြီးချိန်၊ မနက်ပိုင်းနှင့် ညအိပ်ရာဝင်ခါနီးတို့တွင် သွားကို စနစ်တကျ ပုံမှန်တိုက်ပါ။
  • လျှာနှင့် သွားပွတ်ကြိုး သုံးပါ
    သွားတိုက်ခြင်းနှင့်အတူ လျှာသန့်ရှင်းရေး ပြုလုပ်ရန် လျှာခြစ်တံကို သုံးပါ သို့မဟုတ် သွားတိုက်တံဖြင့် ညင်သာစွာတိုက်ပါ။ ထို့ပြင် သွားပွတ်ကြိုး (floss) ကိုလည်း အသုံးပြုပါ။
  • ခံတွင်းသန့်စင်ဆေးရည် သုံးပါ
    အရက်ပြန်မပါသော (alcohol-free) ခံတွင်းသန့်စင်ဆေးရည်ကို အသုံးပြုခြင်းဖြင့် ကောင်းမွန်ကျန်းမာသော ခံတွင်းကို ရရှိစေပြီး အာသီးကျောက်များ ဖြစ်ပေါ်စေသည့် ဘက်တီးရီးယားပိုးများကို လျော့နည်းစေသည်။

ကောင်းမွန်သော ခံတွင်းအလေ့အထများသည် ခံတွင်းရှိ ဘက်တီးရီးယားများကို လျော့နည်းစေသဖြင့် အာသီးကျောက်ဖြစ်ခြင်းကို ဟန့်တားပေးနိုင်သည်။

References:

  1. Cleveland Clinic. (n.d.). Tonsil stones (tonsilloliths). Retrieved October 21, 2025, from https://my.clevelandclinic.org/health/diseases/21505-tonsil-stones
  2. Mayo Clinic Health System. (n.d.). All about tonsil stones. Retrieved October 21, 2025, from https://www.mayoclinichealthsystem.org/hometown-health/speaking-of-health/all-about-tonsil-stones
  3. WebMD. (n.d.). Tonsil stones (tonsilloliths): Treatment and prevention. Retrieved October 21, 2025, from https://www.webmd.com/oral-health/tonsil-stones-tonsilloliths-treatment-and-prevention
  4. Healthline. (n.d.). Tonsil stones: Causes, removal & prevention. Retrieved October 21, 2025, from https://www.healthline.com/health/dental-and-oral-health/tonsil-stones
  5. Healthdirect. (n.d.). Tonsil stones. Retrieved October 21, 2025, from https://www.healthdirect.gov.au/tonsil-stones

Published: 19 November 2025

Share

19 November 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Metatarsalgia (ခြေဖဝါးရှေ့ပိုင်း နာကျင်ခြင်း)
Jul 29, 2026
Diseases and Conditions

Metatarsalgia (ခြေဖဝါးရှေ့ပိုင်း နာကျင်ခြင်း)

ခြေဖဝါးရှေ့ပိုင်းနာကျင်ခြင်း (Metatarsalgia) သည် ခြေချောင်းများ၏...

Avascular Necrosis of Femoral head (ပေါင်ထိပ်ရိုးခေါင်း သွေးပြတ်တောက်၍ အရိုးပျက်စီးခြင်း)
Jul 29, 2026
Diseases and Conditions

Avascular Necrosis of Femoral head (ပေါင်ထိပ်ရိုးခေါင်း သွေးပြတ်တောက်၍ အရိုးပျက်စီးခြင်း)

ပေါင်ထိပ်ရိုးခေါင်း သွေးပြတ်တောက်၍ အရိုးပျက်စီးခြင်း (Avascular Necrosis...

Chronic Suppurative Otitis Media (နာတာရှည် နားပြည်ယိုခြင်း)
Jul 28, 2026
Diseases and Conditions

Chronic Suppurative Otitis Media (နာတာရှည် နားပြည်ယိုခြင်း)

နာတာရှည် နားပြည်ယိုခြင်း (Chronic Suppurative Otitis Media) သည်...