Pancreatic Cancer (ပန်ကရိယကင်ဆာ)

Pancreatic Cancer (ပန်ကရိယကင်ဆာ)

ပန်ကရိယကင်ဆာဆိုသည်မှာ ဝမ်းဗိုက်အတွင်းရှိ ဂလင်းတစ်ခုဖြစ်သည့် ပန်ကရိယ (Pancreas) တွင် ကင်ဆာအကျိတ်တည်ခြင်းဖြစ်သည်။ ပန်ကရိယသည် ဝမ်းဗိုက်အတွင်းရှိ သစ်ရွက်ပုံ ရှည်မြောမြောဂလင်းတစ်ခုဖြစ်ပြီး အစာအိမ်၏အောက်ဘက်၊ အူသိမ်ဦးပိုင်းနှင့် ကပ်လျက်တည်ရှိသည်။ ပန်ကရိယဂလင်းတွင် ဦးပိုင်း၊ လည်ပင်းပိုင်း၊ ကိုယ်ထည်ပိုင်း၊ အမြီးပိုင်းနှင့် ခေါက်၍ ဦးပိုင်းအောက် ကပ်လျက်တည်ရှိသောအပိုင်း ဟူ၍ အပိုင်း (၅) ပိုင်း ရှိသည်။ အစာခြေရည်များနှင့် အင်ဆူလင်ဟော်မုန်း (insulin)၊ ဂလူကာဂွန် ဟော်မုန်း (glucagon) တို့ကို ထုတ်လုပ်ခြင်း၊ အစာခြေရည်များကို ပန်ကရိယပြွန်မှတစ်ဆင့် အူသိမ်အတွင်းသို့ ပို့လွှတ်ခြင်းတို့ကို လုပ်ဆောင်ပေးသည်။ အင်ဆူလင်နှင့် ဂလူကာဂွန် ဟော်မုန်းတို့ကိုမူ သွေးကြောတွင်းသို့ပို့ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိသည်။ ပန်ကရိယကင်ဆာသည် အစောပိုင်းအဆင့်တွင် ရောဂါရှာဖွေတွေ့ရှိရန် ခက်ခဲသောကြောင့်၊ အများစုသည် ရောဂါပျံ့နှံ့ပြီးမှသာ စစ်ဆေးတွေ့ရှိရလေ့ရှိပြီး ရောဂါပျောက်ကင်းနှုန်း နည်းပါးသည်။

ပန်ကရိယကင်ဆာ အမျိုးအစားများ

ပန်ကရိယကင်ဆာသည် ပန်ကရိယ ဂလင်းအတွင်းရှိ မတူညီသော ဆဲလ်အမျိုးအစားများမှ စတင်ဖြစ်ပွါးနိုင်ရာ၊ ၎င်းကို အဓိကအားဖြင့် အမျိုးအစားကြီး နှစ်မျိုး ခွဲခြားနိုင်သည်။

  1. ပန်ကရိယပြွန်ပိုင်းဆိုင်ရာအကျိတ်များ (Exocrine Tumors)
    ပန်ကရိယအကျိတ်အားလုံး၏ (၉၀) ရာခိုင်နှုန်းကျော် သို့မဟုတ် (၁၀) ယောက်တွင် (၉) ယောက်ထက် မနည်းသည် Exocrine အကျိတ်များ ဖြစ်ကြသည်။
    • Pancreatic ductal adenocarcinoma
      • ၎င်းသည် ပန်ကရိယကင်ဆာ အမျိုးအစားများထဲတွင် အတွေ့ရအများဆုံး အမျိုးအစား ဖြစ်သည်
      • ဤကင်ဆာအမျိုးအစားသည် အစာခြေရည်များ စီးဆင်းရာ ပန်ကရိယ၏ ပြွန်များမှ စတင်ဖြစ်ပေါ်သော အဒီနိုကင်ဆာအမျိုးအစား (adenocarcinoma) ဖြစ်သည်
      • ကင်ဆာအကျိတ်ကြီးထွားလာသောအခါ သည်းခြေပြွန် (bile duct) သို့မဟုတ် အဓိက ပန်ကရိယပြွန် (main pancreatic duct) ကို ပိတ်ဆို့ခြင်း ဖြစ်ပေါ်စေနိုင်သည်
  2. ပန်ကရိယ၏ ဟော်မုန်းထုတ်လုပ်သော အာရုံခံဆဲလ်အကျိတ်များ (Neuroendocrine Tumors – NETs)
    • ဤအမျိုးအစားသည် ပန်ကရိယအကျိတ်အားလုံး၏ (၁၀) ရာခိုင်နှုန်းအောက်သာ ရှိသည်
    • ၎င်းအကျိတ်များသည် ပန်ကရိယအတွင်းရှိ ဟော်မုန်းများ ထုတ်လုပ်သောဆဲလ်များ သို့မဟုတ် neuroendocrine ဆဲလ်များမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်
    • Neuroendocrine အကျိတ်များကို Islet cell carcinoma ဟုလည်း ခေါ်ဆိုကြသည်၊ ၎င်းကို pancreatic endocrine cancer ဟုလည်း ရည်ညွှန်းနိုင်သည်
    • Neuroendocrine ကင်ဆာသည် အခြား ပန်ကရိယကင်ဆာ လက္ခဏာများနှင့် မတူဘဲ ကွဲပြားသည့် ရောဂါလက္ခဏာများ ပြသနိုင်သည်၊ [ဥပမာ – ဝမ်းလျှောခြင်း (diarrhea) နှင့် သွေးအားနည်းခြင်း (anemia)]

ရှားပါးသော အခြား ပန်ကရိယကင်ဆာ အမျိုးအစားများ

  • အထက်ပါ အမျိုးအစားများအပြင်၊ ပန်ကရိယအတွင်းရှိ အခြားဆဲလ်အမျိုးအစားများမှ စတင်ဖြစ်ပေါ်လာသော ရှားပါးကင်ဆာအမျိုးအစားများ ရှိသေးသည်
  • ဥပမာအားဖြင့်၊ ပန်ကရိယအတွင်း အင်ဆူလင်ဟော်မုန်း (insulin) သို့မဟုတ် ဂလူကာဂွန်ဟော်မုန်း (glucagon) ထုတ်လုပ်သော ဆဲလ်များမှ ကင်ဆာဖြစ်လာခြင်း (ဥပမာ – insulinomas နှင့် glucagonomas) တို့ ဖြစ်ကြသည်
  • ဤကင်ဆာများသည် အင်ဆူလင် သို့မဟုတ် ဂလူကာဂွန်ဟော်မုန်းများကို လွန်ကဲစွာ ထုတ်လုပ်သည်
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ပန်ကရိယကင်ဆာကို ဖြစ်ပွါးစေသည့် အကြောင်းရင်းအတိအကျကို မသိရှိရသေးသော်လည်း အခြားကင်ဆာအမျိုးအစားအားလုံးကဲ့သို့ပင် မျိုးဗီဇပြောင်းလဲခြင်း (mutation) ကြောင့် ဆဲလ်များ ထိန်းချုပ်မရဘဲ ကြီးထွားပွါးများလာကာ ကင်ဆာအကျိတ် စတင်ဖြစ်ပွါးသည်။

ပန်ကရိယကင်ဆာ ပိုမိုဖြစ်ပွါးစေသော အချက်များ
  • ဆေးလိပ်သောက်ခြင်း
    စီးကရက်၊ ဆေးပြင်းလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲခြင်းသည် အဓိက အန္တရာယ်ရှိသော အကြောင်းရင်း ဖြစ်ပြီး၊ ပန်ကရိယကင်ဆာဖြစ်ပွါးမှု၏ (၂၂%) ခန့်ရှိသည်။
  • အဝလွန်ခြင်း (အထူးသဖြင့် ခါးတစ်ဝိုက်တွင် အဆီစုခြင်း)
  • ဆီးချိုရောဂါ
    လတ်တလော သွေးချိုဆီးချိုရောဂါ စတင်ဖြစ်ပွါးခြင်း (ရုတ်တရက် သွေးတွင်းအချိုဓာတ် အဆမတန် မြင့်တက်ခြင်း) သည် ပန်ကရိယကင်ဆာ၏ လက္ခဏာတစ်ရပ် ဖြစ်နိုင်သည်။
  • နာတာရှည် ပန်ကရိယရောင်ရောဂါ (Chronic pancreatitis)
  • အရက်အလွန်အကျွံသောက်သုံးခြင်း
    နာတာရှည် ပန်ကရိယရောင်ရောဂါ (Chronic pancreatitis) ဖြစ်ပွါးစေသည့် အဓိက အကြောင်းရင်းဖြစ်သည်။
  • အသက်အရွယ် ကြီးခြင်း
    ပန်ကရိယကင်ဆာသည် အသက်ကြီးသူများတွင် ပိုမိုအဖြစ်များပြီး အများစုမှာ (၆၅) နှစ်အထက် ဖြစ်သည်။
  • မျိုးရိုးလိုက်ခြင်း
    မိသားစုထဲတွင် ပန်ကရိယကင်ဆာ ရာဇဝင်ရှိခြင်း၊ BRCA1 သို့မဟုတ် BRCA2 မျိုးဗီဇပြောင်းလဲမှုများကဲ့သို့သော မျိုးရိုးလိုက်သည့် မျိုးဗီဇပြောင်းလဲမှုများရှိခြင်း
  • ဓာတုပစ္စည်းများနှင့် ထိတွေ့မှု
    ပိုးသတ်ဆေးများ (pesticides) နှင့် ရေနံဓာတုပစ္စည်းများ (petrochemicals) ကဲ့သို့သော ဓာတုပစ္စည်းအချို့နှင့် ထိတွေ့မှုများခြင်း
  • အစားအသောက်ပုံစံ
    အဆီများသော အစားအစာနှင့် အသားများသော အစားအစာများကို စားသုံးခြင်း
ရောဂါလက္ခဏာများ

ပန်ကရိယကင်ဆာသည် အစောပိုင်းအဆင့်တွင် ထင်ရှားသော လက္ခဏာများ မပြသဘဲ အကျိတ်သည် အစာအိမ်၊ အူလမ်းကြောင်းရှိ အခြားကိုယ်တွင်းအင်္ဂါများကို ထိခိုက်လာမှသာ လက္ခဏာများ ပေါ်လာလေ့ရှိသည်။

  • အသားဝါခြင်း (Jaundice) – အရေပြားနှင့် မျက်လုံးအဖြူသားများ ဝါခြင်း သည်းခြေပြွန်ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာပြီး နာကျင်မှုမရှိဘဲ အသားဝါခြင်းသည် ပန်ကရိယကင်ဆာ၏ ပထမဆုံး လက္ခဏာ ဖြစ်နိုင်သည်။
  • ဗိုက်အောင့် ဗိုက်နာခြင်း _ ဝမ်းဗိုက်အပေါ်ပိုင်း အစာအိမ်နေရာတွင် နာကျင်တတ်ပြီး နောက်ကျောဘက်သို့ ပျံ့နှံ့နာကျင်သည်။ အစာစားပြီးနောက် သို့မဟုတ် ပက်လက်လဲလျောင်းနေချိန်တွင် ပိုမိုနာကျင်လေ့ရှိသည်။
  • အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် ကျဆင်းခြင်း
  • အစားအသောက် ပျက်ခြင်း
  • အစာစားချင်စိတ် မရှိခြင်း
  • အလွယ်တကူ ပင်ပန်းနွမ်းနယ်ခြင်း
  • အရေပြား ယားယံခြင်း
  • ဆီးအရောင် ရင့်လာခြင်း၊ ဝမ်းအရောင် ဖြူဖျော့ခြင်း
  • အော့အန်ခြင်း
  • ဆီးချိုရောဂါ စတင်ဖြစ်ခြင်း သို့မဟုတ် ထိန်းချုပ်ရန် ခက်ခဲသော ဆီးချိုရောဂါဖြစ်ခြင်း

အချို့တွင်မူ လတ်တလောပန်ကရိယရောင်ရောဂါ (Acute pancreatitis) လက္ခဏာများကဲ့သို့ ခံစားရတတ်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသဆွေးနွေးသင့်သည်။ မိသားစုဆရာဝန်မှ လိုအပ်သော ရောဂါရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ သက်ဆိုင်ရာ အထူးကုဆရာဝန်နှင့် ပြသရန် ညွှန်ကြားခြင်း စသည်တို့ ပြုလုပ်ပေးမည်ဖြစ်သည်။

ရောဂါရှာဖွေခြင်း

ပန်ကရိယကင်ဆာကို စောစောပိုင်းအဆင့်တွင် ရှာဖွေဖော်ထုတ်ရန် ခက်ခဲလေ့ရှိသည်။ ဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်းနှင့် ကိုယ်ခန္ဓာစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည်။

ထို့နောက် အောက်ဖော်ပြပါ ရောဂါရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်သည်။

  • သွေးစစ်ဆေးမှုများ (Blood Tests)
    • အသည်းစွမ်းဆောင်ရည် စစ်ဆေးခြင်း၊ သွေးတွင်း ဘီလီရူဘင် အဝါဓာတ် ပမာဏ စစ်ဆေးခြင်းနှင့် ပန်ကရိယ ကင်ဆာရောဂါပြ ဓာတ်ပစ္စည်း (tumor marker) များ စစ်ဆေးခြင်း စသည်တို့ ဖြစ်သည်
    • ပန်ကရိယကင်ဆာအတွက် CA 19-9 (ပရိုတင်းတစ်မျိုး) မြင့်မားနေခြင်းသည် အကျိတ်ရှိကြောင်း ညွှန်ပြသည်
  • ဝမ်းဗိုက်အာထရာဆောင်း (Abdominal ultrasound)
    • ကနဦးစစ်ဆေးမှုအနေဖြင့် အသုံးပြုသည်
    • အရွယ်အစားသေးငယ်သော ပန်ကရိယကင်ဆာအကျိတ်များကို အာထရာဆောင်းတွင် မတွေ့ရှိရတတ်ပါ
  • အခြား ပုံရိပ်ဖော်စစ်ဆေးမှုများ
    • ကွန်ပျူတာဓာတ်မှန် (CT scan)၊ သံလိုက်ဓာတ်မှန် (MRI)၊ ပီအီးတီစကင်န် (PET scan) စသည်တို့ကို ရိုက်ကူးခြင်းဖြင့် ပန်ကရိယကင်ဆာကို ပိုမိုတိကျစွာ ရှာဖွေနိုင်သည်
    • ကင်ဆာအကျိတ် ဟုတ်မဟုတ်၊ အကျိတ် တည်နေရာ၊ အရွယ်အစားနှင့် အခြား ကိုယ်တွင်းအင်္ဂါများအား ပျံ့နှံ့ရောက်ရှိမှု စသည်တို့ကို သိရှိနိုင်သည်၊ ပုံရိပ်တွေ့ရှိချက်များကို အခြေခံ၍ ကင်ဆာအဆင့် ခွဲခြားသိရှိနိုင်သည်။
  • အစာအိမ်မှန်ပြောင်းဖြင့် အာထရာဆောင်းရိုက်ခြင်း (Endoscopic Ultrasound (EUS)
    • အာထရာဆောင်းပါသော မှန်ပြောင်းအား အစာအိမ်နှင့် အူသိမ်အတွင်းသို့ ထည့်သွင်းကာ ပန်ကရိယနှင့် အနီးရှိကိုယ်တွင်းအင်္ဂါများကို အနီးကပ်ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်
    • လိုအပ်ပါက အသားစယူစစ်ဆေးနိုင်သည်
  • အသားစယူစစ်ဆေးခြင်း (Biopsy)
    အာထရာဆောင်းအကူအညီဖြင့် အထူးပြုလုပ်ထားသောအပ်ငယ်အသုံးပြု၍ သို့မဟုတ် အထက်ဖော်ပြပါ အာထရာဆောင်းပါသော အစာအိမ်မှန်ပြောင်းအသုံးပြု၍ အသားစယူစစ်ဆေးနိုင်သည်။
ကင်ဆာအဆင့် သတ်မှတ်ခြင်း (Staging)

ပန်ကရိယ ကင်ဆာရောဂါရှာဖွေပြီးနောက် ကင်ဆာ ပျံ့နှံ့မှုအတိုင်းအတာကို သိရှိရန် ပုံရိပ်ဖော်စစ်ဆေးခြင်း (Imaging scan) များ ပြုလုပ်သည်။ ယင်းလုပ်ငန်းစဉ်ကို ကင်ဆာအဆင့်သတ်မှတ်ခြင်း (Staging) ဟုခေါ်သည်။ ကင်ဆာရောဂါကုထုံးများ ရွေးချယ်ရာတွင်လည်းကောင်း၊ ခွဲစိတ်ကုသရာတွင်လည်းကောင်း လွန်စွာအထောက်အကူပြုသည်။

ယေဘုယျအားဖြင့် ပန်ကရိယကင်ဆာကို အောက်ပါအတိုင်း ခွဲခြား သတ်မှတ်နိုင်သည်။

  • ခွဲစိတ်ဖယ်ရှားနိုင်သည့်အဆင့် (Resectable)
    အကျိတ်သည် ပန်ကရိယတွင်သာ ရှိပြီး အနီးတစ်ဝိုက်ရှိ သွေးကြောကြီးများ၊ ကိုယ်တွင်းအင်္ဂါများသို့ မရောက်သေးသောကြောင့် ခွဲစိတ်ဖယ်ရှားနိုင်သည်။
  • ခွဲစိတ်ဖယ်ရှားရန် မလွယ်ကူသော အဆင့် (Borderline resectable)
    ပန်ကရိယသာမက ဂလင်းအနီးရှိသွေးပြန်ကြော အကျိတ်အနည်းငယ်ရောက်ရှိနေပါက ခက်ခဲစွာ ခွဲစိတ်ဖယ်ရှားရသည်။
  • ခွဲစိတ်ဖယ်ရှား၍ မရသော အဆင့် (Locally advanced)
    ပန်ကရိယဂလင်းအနီးရှိ သွေးကြောကြီးများ (အထူးသဖြင့် သွေးလွှတ်ကြော) အား ကင်ဆာအကျိတ် ငုံသွားသည့် ပမာဏ များသည့်အခါ ခွဲစိတ်ဖယ်ရှားရန် မဖြစ်နိုင်တော့ပေ။
  • ခန္ဓာကိုယ်၏ အခြား ကိုယ်တွင်းအင်္ဂါများသို့ ပျံ့နှံ့နေသောအဆင့် (Metastatic)
ကုသခြင်း

ပန်ကရိယကင်ဆာ ကုသရာတွင် အကျိတ်တည်နေရာ၊ ကင်ဆာအဆင့်၊ လူနာ၏ ကျန်းမာရေးအခြေအနေနှင့် ကင်ဆာပျံ့နှံ့မှုရှိမရှိ စသည့် အချက်များပေါ်တွင် မူတည်သည်။

  1. ခွဲစိတ်ကုသခြင်း (Surgery)
    ကင်ဆာကို အကုန်အစင် ပျောက်ကင်းအောင် ကုသနိုင်သည့် တစ်ခုတည်းသော လက်တွေ့ကျသော နည်းလမ်းမှာ ကင်ဆာအကျိတ် ခွဲစိတ်ဖယ်ရှားခြင်း ဖြစ်သည်။ အကျိတ်တည်နေရာအပေါ် မူတည်၍ အောက်ဖော်ပြပါ ခွဲစိတ်နည်းများ အသုံးပြုသည်။
    • ဝှစ်ပဲ (Whipple) ခွဲစိတ်နည်း
      • ပန်ကရိယဦးပိုင်းတွင် တည်ရှိသော ကင်ဆာအကျိတ်အား ခွဲစိတ်ဖယ်ရှားခြင်းဖြစ်သည်
      • ဤခွဲစိတ်မှုတွင် ပန်ကရိယဦးပိုင်း (head of the pancreas) နှင့်အတူ အူသိမ်ဦးပိုင်း (duodenum)၊ သည်းခြေအိတ်နှင့် သည်းခြေပြွန်တစ်စိတ်တစ်ပိုင်းတို့ကို ခွဲစိတ်ဖယ်ရှားခြင်းဖြစ်သည်
    • ပန်ကရိယ အမြီးပိုင်းအား ခွဲစိတ်ဖယ်ရှားခြင်း (Distal Pancreatectomy)
      ကင်ဆာအကျိတ်သည် ပန်ကရိယ၏ အမြီးပိုင်းတွင် ရှိပါက ၎င်းအပိုင်းနှင့် ဘေလုံး (spleen) ကိုပါ ဖယ်ရှားခြင်း ဖြစ်သည်။
    • ပန်ကရိယတစ်ခုလုံး ခွဲစိတ်ဖယ်ရှားခြင်း (Total Pancreatectomy)
      ကင်ဆာသည် ပန်ကရိယတစ်ခုလုံးသို့ ပျံ့နှံ့နေပါက ပန်ကရိယတစ်ခုလုံးကို ဖယ်ရှားရသည်။
      (ပန်ကရိယဂလင်း မရှိဘဲ အသက်ရှင်နေနိုင်သော်လည်း သက်တမ်းတစ်လျှောက်လုံး ဆီးချိုရောဂါအတွက် အင်ဆူလင်ထိုးခြင်းနှင့် အစာခြေဖျက်ရန် အင်ဇိုင်းဆေးများ သောက်သုံးရန် လိုအပ်သည်)
  2. ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy)
    ၎င်းကို ခွဲစိတ်မှုမပြုမီ အကျိတ်ကို ကျုံ့စေရန် သို့မဟုတ် ခွဲစိတ်မှုအပြီး ကျန်ရှိသော ကင်ဆာဆဲလ်များကို နှိမ်နင်းရန် အသုံးပြုနိုင်သည်။ ကင်ဆာအဆင့် မြင့်မားသော လူနာများတွင် အသုံးပြုသည်။
  3. ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation Therapy)
    ကင်ဆာဆေးသွင်းကုထုံးနှင့် ပေါင်းစပ်၍ အများဆုံး အသုံးပြုလေ့ရှိသည်။
  4. ကင်ဆာဆဲလ်သီးသန့် ပစ်မှတ်ထားကုသခြင်း (Targeted Therapy)
    ကင်ဆာဆဲလ်များ ကြီးထွားပျံ့နှံ့မှုကို ထိန်းချုပ်သည့် ပရိုတင်းများကို တိုက်ရိုက်ပစ်မှတ်ထားသော ဆေးဝါးများ အသုံးပြုကုသခြင်း ဖြစ်သည်။
  5. နာကျင်မှုဝေဒနာကို ကုသခြင်း (Pain Management)
    ကြီးထွားလာသော အကျိတ်သည် အာရုံကြောများကို ဖိမိပါက ပြင်းထန်စွာ နာကျင်တတ်သည်။ ဆေးဝါးများ၊ ထုံဆေး သို့မဟုတ် စတီးရွိုက် ထိုးဆေးများ အသုံးပြု၍ ကုသနိုင်သည်။
  6. ဝေဒနာသက်သာစေရေး ပြုစုကုသခြင်း (Palliative Care)
    ကင်ဆာကြောင့် ပြင်းထန်သော နာကျင်ခြင်း၊ သွေးအားနည်းခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဆေးများ၏ ဘေးထွက်ဆိုးကျိုးများ စသည်တို့ကို ကုသပေးခြင်းဖြစ်သည်။
    အဆိုပါကုသမှုများသည် ရောဂါအလုံးစုံ ပျောက်ကင်းနိုင်ခြင်းအတွက် ရည်ရွယ်ခြင်းမရှိသော်လည်း ရောဂါအမြစ်ဖြတ်ကုသမှုများနှင့် တွဲသုံးနိုင်သည်။
ကာကွယ်ခြင်း

ပန်ကရိယကင်ဆာကို ကာကွယ်၍ မရနိုင်သော်လည်း၊ အန္တရာယ်ဖြစ်နိုင်ခြေကို လျှော့ချရန် အောက်ပါတို့ကို လိုက်နာဆောင်ရွက်ပါ။

  • ဆေးလိပ်လုံးဝမသောက်ပါနှင့်၊ ဆေးလိပ်ဖြတ်ရန် နည်းလမ်းများကို ဆရာဝန်နှင့် ဆွေးနွေးပါ
  • အရက်သောက်သုံးမှုကို လျှော့ချပါ
  • ကိုယ်အလေးချိန် ထိန်းသိမ်းပါ
  • အာဟာရပြည့်ဝစွာ စားသောက်ပါ _ လတ်ဆတ်သော သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် အစေ့အဆန်များစွာ စားသုံးပြီး၊ အသားနီ၊ သကြားပါသော အချိုရည်များနှင့် ပြုပြင်ထားသော အစားအစာများကို လျှော့ချပါ
  • အန္တရာယ်ရှိသော ဓာတုပစ္စည်းများ (အပင်ပိုးသတ်ဆေးများ၊ ရေနံဓာတုပစ္စည်းများ) အကာအကွယ်များ ပြည့်စုံစွာ ဝတ်ဆင်အသုံးပြုပါ
  • ပန်ကရိယကင်ဆာရောဂါ ကြိုတင်ရှာဖွေစစ်ဆေးခြင်း (Pancreatic cancer screening)
  • ပုံမှန်အားဖြင့် လူတိုင်းအတွက် ပန်ကရိယကင်ဆာ စစ်ဆေးမှု (routine screenings) ကို လုပ်ဆောင်လေ့မရှိပါ၊ သို့သော် မျိုးရိုးလိုက်သည့် ကင်ဆာမျိုးဗီဇများ ရှိခြင်းနှင့် ကင်ဆာဖြစ်နိုင်ခြေ မြင့်မားသူများအတွက် ပုံရိပ်ဖော်စစ်ဆေးမှုများဖြင့် စောင့်ကြည့်စစ်ဆေးရန် အကြံပြုနိုင်သည်၊ မိသားစုဝင်များ၌ ပန်ကရိယကင်ဆာ ဖြစ်ပွါးသူ ရှိပါက မိသားစုဆရာဝန်နှင့် ဆွေးနွေးပြီး စစ်ဆေးမှုများ ပြုလုပ်သင့်သည်

References:

  1. Patient.info. (n.d.). Pancreatic cancer. Retrieved October 26, 2025, from https://patient.info/cancer/pancreatic-cancer
  2. Mayo Clinic. (n.d.). Pancreatic cancer: Diagnosis & treatment. Retrieved October 26, 2025, from https://www.mayoclinic.org/diseases-conditions/pancreatic-cancer/diagnosis-treatment/drc-20355427
  3. Cleveland Clinic. (n.d.). Pancreatic cancer. Retrieved October 26, 2025, from https://my.clevelandclinic.org/health/diseases/15806-pancreatic-cancer

Published: 18 November 2025

Share

18 November 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Addiction (စွဲလမ်းမှု)
Oct 21, 2025
Diseases and Conditions

Addiction (စွဲလမ်းမှု)

စွဲလမ်းမှု (Addiction) ဆိုသည်မှာ ကာယကံရှင်၏ ဘဝအပေါ် ဆိုးကျိုးများ...

Trigger finger (လက်ချောင်း အကြောညပ်ခြင်း)
Oct 21, 2025
Diseases and Conditions

Trigger finger (လက်ချောင်း အကြောညပ်ခြင်း)

လက်ချောင်းအကြောညပ်ခြင်းသည် အသက်အရွယ်ကြီးသူများနှင့် လက်ကို...

Halitosis (Bad breath) (ခံတွင်းနံ့ဆိုးခြင်း)
Oct 17, 2025
Diseases and Conditions

Halitosis (Bad breath) (ခံတွင်းနံ့ဆိုးခြင်း)

ခံတွင်းနံ့ဆိုးခြင်း (Halitosis) သည် ယေဘုယျအားဖြင့် ခံတွင်းသန့်ရှင်းမှု...