Addiction (စွဲလမ်းမှု)

Addiction (စွဲလမ်းမှု)

စွဲလမ်းမှုဆိုသည်မှာ ကာယကံရှင်၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ ပေါင်းသင်းဆက်ဆံရေး၊ လုပ်ငန်းခွင်၊ လူနေမှုဘဝ စသည်တို့ကို ထိခိုက်လာစေနိုင်သည့် ကာလရှည်ကြာ ခံစားရတတ်သော အခြေအနေတစ်ခုဖြစ်သည်။ အဆိုပါအခြေအနေတွင် မကောင်းသော၊ အန္တရာယ်ဖြစ်စေနိုင်သော အကျိုးဆက်များ ရှိနေပါလျက်နှင့် စွဲလမ်းသည့်အရာ သို့မဟုတ် အပြုအမူကို အာသာဆန္ဒဖြင့် ထပ်တလဲလဲ ရှာဖွေရယူခြင်း၊ အသုံးပြုခြင်း၊ ပြုမူလုပ်ဆောင်ခြင်း စသည့်လက္ခဏာများ တွေ့ရှိရတတ်သည်။ စွဲလမ်းမှုကို ရောဂါဝေဒနာတစ်ခုအဖြစ် သတ်မှတ်သည်။ စွဲလမ်းမှုသည် ကုသမှုအကူအညီ ရယူနိုင်သည့်၊ ကုသမှုအကူအညီ ရယူသင့်သည့် အခြေအနေတစ်ခုလည်းဖြစ်သည်။ စွဲလမ်းမှုကို အဓိကအားဖြင့် (၂) မျိုးခွဲခြားနိုင်သည်။

  1. ဆေး သို့မဟုတ် ဓာတုပစ္စည်းတစ်မျိုးမျိုး အသုံးပြုခြင်းကို စွဲလမ်းမှု
    စွဲလမ်းမှု ဖြစ်ပေါ်စေနိုင်သည့် ဆေးများ၊ ဓာတုပစ္စည်းများ၊ ကုသမှုအတွက် အသုံးပြုသည့် အချို့သောဆေးဝါးများကို ပညာရပ်ဆိုင်ရာ အခေါ်အဝေါ်အရ (Substance) ဟု ပေါင်းစည်းသတ်မှတ် ခေါ်ဆိုသည်။ ၎င်းတို့ကို အရက်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သောဆေးများ ဟူ၍ ယေဘုယျ ခွဲခြားနိုင်သည်။ ၎င်းတို့စွဲလမ်းမှုကို အရက်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သည့်ဆေးများ စွဲလမ်းမှု (Substance Addiction) ဟု ခေါ်ဆိုကြသည်။ အရက်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေနိုင်သောဆေးများ သုံးစွဲခြင်းဆိုင်ရာ ရောဂါ (Substance Use Disorder) ဟူ၍လည်း ခေါ်ဆိုကြသည်။
  2. အပြုအမူတစ်ခုခုကို စွဲလမ်းမှု
    စွဲလမ်းမှုအမျိုးအစား နောက်တစ်ခုမှာ အပြုအမူတစ်ခုခုကို စွဲလမ်းမှု (Behavioral Addiction) ဖြစ်သည်။ ဆေးဝါးများနှင့် မသက်ဆိုင်သော စွဲလမ်းမှု (Non-substance Addiction) ဟုလည်း ခေါ်ဆိုကြသည်။
အရက်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သည့်ဆေးများကို စွဲလမ်းမှု (Substance Addiction / Substance Use Disorder)

ဤအခြေအနေနှင့်ဆက်နွှယ်နေသည့် ဆေး/ဓာတုပစ္စည်း အမျိုးအစားများတွင်

  • အရက်အမျိုးမျိုး (Alcohol)
  • ကဖိန်း (Caffeine)
  • ဆေးခြောက် (Cannabis)
  • လှုံ့ဆော်မဲ့အာရုံခံစားမှုဖြစ်စေသောဆေးများ (Hallucinogens)
  • အိပ်ဆေး၊ စိတ်ငြိမ်ဆေးများ (Hypnotics, Sedatives, Anxiolytics)
  • ရှူရှိုက်ရသောဆေးများ (Inhalants)
  • ဘိန်းအာနိသင်ရှိသောဆေးများ (Prescription & non-prescription opioids)
  • စိတ်ကြွဆေးအမျိုးအစားဆေးများ (Prescription & non-prescription stimulants)
  • ဆေးလိပ်၊ ဆေးရွက်ကြီး၊ နီကိုတင်းအမျိုးအစားများ (Tobacco/Nicotine)
  • အီးစီးကရက် (electronic cigarette / e-cigarettes / vape) စသည်တို့ ပါဝင်သည်။

အဆိုပါ ဆေး/ဓာတုပစ္စည်းများသည် ဓာတုဖွဲ့စည်းပုံအရ တစ်ခုနှင့်တစ်ခု မတူညီသော်လည်း ၄င်းတို့ အားလုံးသည် “အပြုအမူလုပ်ဆောင်မှုတစ်ခုခုကို ထပ်တလဲလဲလုပ်ဆောင်လာစေရန် ဦးနှောက်အတွင်းမှအားပေးသည့်နေရာ (Reward Center)” ကို လှုံ့ဆော်ပေးတတ်သည့်အတွက် ကာယကံရှင်အနေနှင့် သာယာပျော်ရွှင်မှု ခံစားလာရတတ်သည်။

အပြုအမူတစ်ခုခုကို စွဲလမ်းမှု (Behavioral Addiction/Non-substance Addiction)

ဦးနှောက်အတွင်းရှိ အထက်ဖော်ပြပါ “Reward Center” ကို လှုံ့ဆော်မှုပေးနိုင်သည့် အပြုအမူ လုပ်ဆောင်ချက်များသည်လည်း စွဲလမ်းမှုကို ဖြစ်ပေါ်လာစေနိုင်သည်။ အပြုအမူတစ်ခုခုကို စွဲလမ်းမှုဆိုင်ရာ အခြေအနေအချို့တွင်_

  • လောင်းကစားခြင်း (Gambling)
  • စားသောက်မှုအလေ့အထ (Eating)
  • လေ့ကျင့်ခန်းလုပ်ခြင်း၊ အာဟာရထိန်းညှိခြင်း (Exercising/Dieting)
  • ဈေးဝယ်ခြင်းအလေ့အထ (Shopping)
  • အန္တရာယ်ဖြစ်စေနိုင်သည့်အပြုအမူများ (Risky Behaviors)
  • လိင်မှုကိစ္စအလေ့အထ (Sex)
  • ညစ်ညမ်းစာပေ၊ ဇာတ်လမ်းများကြည့်ရှုခြင်း (Pornography)
  • ဗီဒီယို/အင်တာနက်ဂိမ်းကစားခြင်း၊ (Video/Internet Gaming)
  • ကွန်ပျူတာ၊ ဖုန်း၊ အင်တာနက်အသုံးပြုခြင်း (Computer/Phone/Internet Use) စသည့်အပြုအမူများကို စွဲလမ်းမှုများ ပါဝင်ကြသည်။ အခြားသောအခြေအနေများလည်း ရှိနေနိုင်သည်။

လူတစ်ယောက်အနေနှင့် မည်သည့်လုပ်ဆောင်မှု၊ အလေ့အထမျိုးတွင်မဆို အမြဲလိုလိုနစ်မြောနေကာ နိစ္စဓူဝလုပ်ဆောင်ဖွယ်ရာများ ထိခိုက်လာသည်ဆိုပါက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ အခက်အခဲပြဿနာများ ဖြစ်ပေါ်လာစေနိုင်သည်။ အချို့သော အခြေအနေများတွင် စီးပွားရေးအခက်အခဲ ပြဿနာများလည်း ဖြစ်ပေါ်လာတတ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

စွဲလမ်းမှုသည် အကြောင်းရင်းအခြေအနေများ ဆက်စပ်ဖြစ်ပေါ်လာရသည့် ရှုပ်ထွေးသော အခြေအနေတစ်ခုဖြစ်သည်။ အကြောင်းရင်းတစ်ခုတည်းကြောင့် ဖြစ်ပေါ်လာရခြင်းမျိုး မဟုတ်ပါ။ ပင်ကိုယ်ဇီဝဖြစ်စဉ်အရ လူတို့သည် ၄င်းတို့အတွက် သာယာကောင်းမွန်မှု ဖြစ်ပေါ် ခံစားရသည့် အရာများကို လုပ်ဆောင်လိုကြသည်။ ယေဘုယျအားဖြင့် ကျန်းမာကောင်းမွန်သောအပြုအမူများ လုပ်ဆောင်ခြင်းမှ စိတ်ကျေနပ်မှု ခံစားရတတ်သည်။ မိမိချစ်ခင်နှစ်သက်ရသူတို့နှင့် အတူရှိနေခြင်း၊ စားကောင်းသောက်ဖွယ်များ စားသုံးခြင်း စသည့်အခြေအနေများတွင် ကိုယ်ခန္ဓာမှ (Dopamine) ဓာတ် ထွက်ရှိလာသည်။ အဆိုပါ (Dopamine) ဓာတ်သည် စိတ်ကျေနပ်မှု ခံစားရခြင်းကို ဖြစ်ပေါ်စေသည်။ ဤသို့ဖြင့် စိတ်ကျေနပ်မှု ဖြစ်ပေါ်စေသည့် အပြုအမူများကို ဆက်လက်လုပ်ဆောင်လာတတ်ကြသည်။

အရက်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သည့်ဆေးများ၊ အချို့သောအပြုအမူများ (ဥပမာ _ လိင်မှုကိစ္စ၊ လောင်းကစားခြင်း) စသည်တို့က ဦးနှောက်အတွင်း ဒိုပါမင်း (Dopamine) ဓာတ်များအား အများအပြား တစ်ရှိန်ထိုး ထွက်ရှိလာစေတတ်သည်။ ထိုသို့ထွက်ရှိလာခြင်းသည် နိစ္စဓူဝ နေထိုင်ရှင်သန်မှုအတွက် လုပ်ဆောင်ဖွယ်ရာများ ဆောင်ရွက်ရန် တွန်းအားပေးရမည့်အစား၊ ကာယကံရှင်၏ စဉ်းစားတွေးခေါ်မှုများ၊ စိတ်ခံစားချက်များ၊ အပြုအမူများအပေါ် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာစေနိုင်သည်။ ထိုအခါတွင် ကျန်းမာကောင်းမွန်သော အပြုအမူများနှင့်နှိုင်းယှဉ်လျှင် အရက်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သောဆေးများ သုံးစွဲခြင်း၊ အချို့သောအပြုအမူများ (ဥပမာ _ လိင်မှုကိစ္စ၊ လောင်းကစားခြင်း) လုပ်ဆောင်ခြင်းတို့ဖြင့်သာ စိတ်ကျေနပ်မှု ပိုမိုရယူလိုသည့် စံလွဲတွန်းအားများ ဖြစ်ပေါ်လာစေသည်။

အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ ကာယကံရှင်၏ ဦးနှောက်အတွင်းရှိ ဓာတုပစ္စည်းများအတွင်း ပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး ဆေးများ၊ အပြုအမူများမှ ရလာတတ်သော စိတ်ကျေနပ်မှုများကို ယခင်အချိန်ကာလများလောက် မခံစားရတော့သလိုမျိုး ဖြစ်လာတတ်သည်။ ထို့အတွက်ကြောင့် ကနဦးကကဲ့သို့ စိတ်ကျေနပ်မှုများ ခံစားနိုင်ရန်အတွက် ဆေးသုံးစွဲခြင်း၊ အချို့သော အပြုအမူများ လုပ်ဆောင်ခြင်းတို့ကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာကြရပါတော့သည်။ အဆိုပါအခြေအနေများအပြင် “စွဲလမ်းမှု” ကိုဖြစ်ပေါ်စေနိုင်သည့် အခြားသော အောက်ပါအကြောင်းရင်းများလည်း ရှိနိုင်သည်။

  • မျိုးဗီဇ
    အရက်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေနိုင်သည့် ဆေးများစွဲလမ်းမှု (Substance Addiction) တစ်မျိုးမျိုး၏ ၄၀% မှ ၆၀% ခန့်သည် မျိုးဗီဇနှင့် သက်ဆိုင်နေသည်ဟု ဆိုသည်။ ကာယကံရှင်၏ မိဘ၊ ညီအစ်ကိုမောင်နှမအရင်းအချာ တစ်ဦးဦးတွင် ၄င်းပြဿနာရှိနေပါက ကာယကံရှင်တွင်လည်း အဆိုပါ စွဲလမ်းမှုမျိုး ဖြစ်လာနိုင်ခြေ ပိုများသည်။
  • စိတ်ကျန်းမာရေးဆိုင်ရာအခြေအနေများ
    • စွဲလမ်းမှုသည် စိတ်ကျရောဂါ၊ ပြင်းထန်သော စိတ်ဖိစီးမှုဒဏ်သင့်ရောဂါ၊ စိတ်ကြွစိတ်ကျရောဂါစသည့် စိတ်ကျန်းမာရေးအခြေအနေများနှင့် ဆက်နွှယ်မှုရှိသည်၊ စိတ်ကျန်းမာရေး အခြေအနေတစ်ခုခု ခံစားနေရသူများတွင် ထက်ဝက်ခန့်သည် အရက်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိင်သည့်ဆေးများ စွဲလမ်းမှု (Substance Addiction) ခံစားနေကြရတတ်သည်၊ ထို့အတူ အရက်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေနိင်သည့်ဆေးများ စွဲလမ်းမှု (Substance Addiction) ပြဿနာရှိသူများအတွင်း ထက်ဝက်ခန့်သည် စိတ်ကျန်းမာရေး အခြေအနေတစ်မျိုးမျိုး ခံစားနေကြရတတ်သည်
    • စိတ်ဖိစီးမှုများခံစားနေရခြင်းသည်လည်း စွဲလမ်းမှုပြဿနာများ ဖြစ်ပေါ်လာစေနိုင်သည့် အကြောင်းရင်းတစ်ခုဖြစ်သည်
  • ပတ်ဝန်းကျင်ဆိုင်ရာအခြေအနေများ
    အရက်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သည့်ဆေးများ စွဲလမ်းမှုတွင် ဆေးများရယူရန် အခွင့်အလမ်းရှိသော ပတ်ဝန်းကျင်အနေအထားသည် အဓိကကျသည့် အန္တရာယ်တစ်ခုဖြစ်သည်။ မိသားစု၊ အ‌ပေါင်းအသင်းများအတွင်း ဆေးသုံးစွဲသူ တစ်ဦးဦးရှိနေခြင်း၊ ဆရာဝန်ညွှန်ကြားသောဆေးများကို အလွဲသုံးစွဲခြင်း စသည်တို့သည် ဆေးများသုံးစွဲရန် အခွင့်အလမ်း ပိုမိုများပြားစေနိုင်သည်။ ကလေးဘဝအတွင်း ကြုံတွေ့ခဲ့ရသော ဆိုးဝါးသည့်ဖြစ်စဉ်များသည် ကာယကံရှင်အတွက် စိတ်ဒဏ်ရာ ရစေနိုင်ပြီး ဘဝဖြစ်စဉ်တစ်လျှောက်တွင် ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာခြင်း၊ စွဲလမ်းမှုပြဿနာ ဖြစ်ပေါ်လာခြင်းတို့နှင့် ဆက်နွှယ်နေတတ်သည်။
ရောဂါလက္ခဏာများ

စွဲလမ်းမှုနှင့်သက်ဆိုင်သည့် ရောဂါလက္ခဏာများသည် ကာယကံရှင်များ သုံးစွဲသည့် ဆေးအမျိုးအစား၊ စွဲလမ်းလုပ်ဆောင်တတ်သည့် အပြုအမူ တစ်ခုချင်းအပေါ်မူတည်ပြီး ကွာခြားမှုများရှိသည်။ ထိုသို့ကွာခြားနိုင်သော်လည်း စွဲလမ်းမှုတွင် ယေဘုယျအားဖြင့် အောက်ပါလက္ခဏာများ တွေ့ရှိရသည်။

  • စွဲလမ်းသည့်အခြေအနေကို မရပ်တန့်နိုင်ခြင်း
    • ကာယကံရှင်အနေနှင့် ဆေးသုံးစွဲခြင်း၊ မိမိကိုထိခိုက်စေသည့်အပြုအမူများ လုပ်ဆောင်ခြင်းကို ရပ်တန့်လိုသည့်ဆန္ဒ ရှိနေသည့်တိုင် မရပ်တန့်နိုင်ဘဲ ဆက်လက်လုပ်ဆောင်နေတတ်ကြသည်၊ လျှော့ချရန်/ရပ်တန့်ရန် အကြိမ်ကြိမ် ကြိုးစားတတ်ကြသော်လည်း မအောင်မြင်မှုများ ရှိတတ်ကြသည်၊ စွဲလမ်းမှုအပြုအမူများနှင့် စပ်လျဉ်းပြီး ကာယကံရှင်အနေနှင့် ရင်းနှီးချစ်ခင်ရသူများကို လိမ်လည်လှည့်ဖြား ဖုံးကွယ်မှုများ လုပ်ဆောင်တတ်ကြသည်
  • စွဲလမ်းမှု၏အာနိသင်ကို ခံနိုင်ရည်တိုးလာခြင်း
    • အချိန်ကာလ တာရှည်လာသည်နှင့်အမျှ ဆေးများ၊ အပြုအမူများမှရလာသော စိတ်ကျေနပ်မှု ပီတိသုခ ယခင်ကကဲ့သို့ ခံစားရနိုင်ရန်အတွက် ဆေးသုံးစွဲခြင်း၊ အချို့သော အပြုအမူများ လုပ်ဆောင်ခြင်းတို့ကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာကြသည်
  • ဆေးသုံးစွဲခြင်းနှင့် အခြားစွဲလမ်းနေသည့်အပြုအမူတို့ကို အလွန်အကျွံ အာရုံစိုက် လုပ်ဆောင်လာတတ်ခြင်း
    • စွဲလမ်းမှုပြဿနာရှိသူများသည် ၎င်းအပြုအမူများတွင်သာ နစ်မြုပ်နေတတ်ကြသည်။ စွဲလမ်းမှုနှင့်ဆိုင်သည့်အပြုအမူများနှင့်စပ်လျဉ်းပြီး အာသာပြင်းပြနေတတ်ခြင်း၊ စဉ်းစားနေတတ်ခြင်း၊ စွဲလမ်းမှုနှင့်ဆိုင်သည့် ဆေးများ/အပြုအမူများ ရရှိ/ လုပ် ဆောင်နိုင်ရန်ကြိုးစားရခြင်းတို့နှင့်သာ အချိန်များစွာကုန်ဆုံး နေတတ်ကြရသည်။ ထို့အတွက်ကြောင့် အဆိုပါအပြုအမူများသည် ၄င်းတို့၏ ဘဝများကို လွှမ်းမိုး ခြယ်လှယ်ထားသကဲ့သို့ ခံစားလာကြရတတ်သည်။
  • ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်း
    • ကာယကံရှင်များအနေနှင့် ဆေးသုံးစွဲခြင်း၊ စွဲလမ်းနေသော အပြုအမူကိုပြုလုပ်ခြင်း စသည်တို့အပေါ် ထိန်းချုပ်နိုင်စွမ်း မရှိတော့သကဲ့သို့ ခံစားလာရပြီး ကူရာမဲ့သည့် အခြေအနေမျိုး ဖြစ်လာတတ်သည်၊ အဆိုပါအပြုအမူများနှင့် လူနေမှုဘဝအပေါ် ဆိုးကျိုးသက်ရောက်မှုများကသာ ၎င်းတို့ကိုလွှမ်းမိုးထားသကဲ့သို့ဖြစ်ခြင်း၊ အပြစ်ရှိသူ တစ်ဦးကဲ့သို့ခံစားရခြင်း၊ စိတ်ဓာတ်ကျခြင်း စသည့်အခြေအနေများ ဖြစ်ပေါ်လာတတ်သည်
  • ကိုယ်ရေးကိုယ်တာနှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ
    • စွဲလမ်းမှုသည် ကာယကံရှင်၏ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ လူမှုပေါင်းသင်းဆက်ဆံရေး၊ အလုပ်အကိုင် စသည်တို့အပါအဝင် ဘဝအစိတ်အပိုင်း အားလုံးအပေါ်တွင် အကျိုးသက်ရောက်မှုများ ဖြစ်စေသည်၊ လုပ်ငန်းခွင်၊ ပညာရေး၊ အိမ်တွင်းရေးဆိုင်ရာ တာဝန်များ လုပ်ဆောင်ရာတွင်လည်း အခက်အခဲပြဿနာများ ဖြစ်လာသည်၊ စွဲလမ်းမှုကြောင့် ထိုကဲ့သို့ထိခိုက်နစ်နာမှုများ ရှိနေသော်လည်း ကာယကံရှင်အနေနှင့် ၎င်းတို့၏အပြုအမူများကို ထိန်းချုပ်နိုင်စွမ်း မရှိဘဲ ဖြစ်နေတတ်သည်
  • ဆေးပြတ်သည့်လက္ခဏာများ ခံစားရခြင်း
    • အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သည့် ဆေးတစ်မျိုးမျိုး စွဲလမ်းနေသူများသည် သုံးစွဲမှုကို ရပ်တန့်လိုက်သည့်အခါတွင် စိတ်ခံစားချက်ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများအပါအဝင် ဆေးပြတ်သည့်လက္ခဏာများ ခံစားကြရတတ်သည်၊ အသုံးပြုသည့် ဆေးအမျိုးအစားများအပေါ် မူတည်ပြီး ချွေးပြန်ခြင်း၊ ပျို့အန်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း၊ စိုးရိမ်စိတ်လွန်ကဲခြင်း၊ စိတ်တိုစိတ်ဆတ်ခြင်း စသည်တို့ ခံစားကြရတတ်သည်၊ အပြုအမူတစ်ခုခုကို စွဲလမ်းနေသောသူများတွင်လည်း အဆိုပါအပြုအမူများ မလုပ်ဆောင်ရသည့် အခြေအနေများတွင် စိတ်ခံစားချက်ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ ဖြစ်ပေါ်လာတတ်သည်
ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲအခြေအနေများ

စွဲလမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲအခြေအနေများသည် သုံးစွဲသည့် ဆေးအမျိုးအစား၊ စွဲလမ်းနေသည့် အပြုအမူအမျိုးအစား စသည်တို့အပေါ်တွင်လည်း မူတည်သည် (ဥပမာ _ လိင်မှုကိစ္စ အလွန်အကျွံစွဲလမ်းမှုကြောင့် လိင်မှတစ်ဆင့် ကူးစက်သည့်ရောဂါများ ဖြစ်လာနိုင်သည့်အန္တရာယ် မြင့်မားတတ်ခြင်း၊ မသန့်ရှင်းသော ဆေးထိုးအပ်များဖြင့် သွေးကြောတွင်းသို့ မူးယစ်ဆေးထိုးသွင်း သုံးစွဲခြင်းကြောင့် အသည်းရောင်အသားဝါရောဂါ၊ ခုခံအားကျကူးစက်ရောဂါ၊ အခြားကူးစက်ရောဂါများ ဖြစ်လာနိုင်သည့်အန္တရာယ် မြင့်မားတတ်ခြင်း၊ လောင်းကစားမှု စွဲလန်းခြင်းကြောင့် ငွေကြေးဆိုင်ရာပြဿနာများ ဖြစ်လာခြင်း)။

ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာများ

  • အရက်ကြောင့် အသည်းထိခိုက်ခြင်း၊ ကိုကင်းရှူရှိုက်မှုကြောင့် နှာခေါင်းအတွင်း ထိခိုက်ခြင်း၊ စသည်ဖြင့် ဆေးအမျိုးအစားပေါ် မူတည်ပြီး ဆိုးကျိုးများ ဖြစ်ပေါ်နိုင်သည်
  • ထိခိုက်ဒဏ်ရာရရှိခြင်း
    • ဥပမာအားဖြင့် ဆေးသုံးစွဲခြင်း၊ အမူးလွန်ခြင်း၊ ဆေးလွန်ခြင်းစသည့် အခြေအနေများတွင် ထိခိုက်ဒဏ်ရာရရှိခြင်းများ ဖြစ်နိုင်သည်၊ အချို့ဆေးသုံးစွဲမှုများတွင် ကြမ်းတမ်းရန်လိုခြင်း၊ ခိုက်ရန်ဖြစ်ပွါးတတ်ခြင်းတို့မှတစ်ဆင့် ထိခိုက်ဒဏ်ရာရရှိခြင်းများ ဖြစ်လာနိုင်သည်
    • အရက်နှင့်ဆေးများ အမူးလွန်ပြီး ယာဉ်များမောင်းနှင်ခြင်းကြောင့်လည်း ထိခိုက်ဒဏ်ရာရရှိခြင်း၊ အသက်ဆုံးရှုံးခြင်း စသည့်ပြဿနာများလည်း ဖြစ်ပွါးနိုင်သည်
  • ဆေးလွန်ခြင်း (Overdose)
    • အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သောဆေးများ သုံးစွဲရာမှ ဆေးလွန်ခြင်းကြောင့် သတိလစ်ခြင်း၊ အသက်ဆုံးရှုံးခြင်းစသည်တို့ ဖြစ်လာနိုင်သည်

စိတ်ပိုင်းဆိုင်ရာပြဿနာများ

  • စွဲလမ်းခြင်းကြောင့် အခြားသော စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါပြဿနာများ ဖြစ်ပေါ်လာနိုင်သကဲ့သို့၊ စိတ်ပိုင်းဆိုင်ရာ ရောဂါပြဿနာများကြောင့်လည်း စွဲလမ်းခြင်းပြဿနာများ ဖြစ်ပေါ်လာတတ်သည်၊ တစ်ခါတရံတွင် ဆိုးဝါးပြင်းထန်သော စိတ်ကျန်းမာရေးရောဂါ ပြဿနာများ ဖြစ်ပေါ်လာနိုင်ပြီး အချို့သောအခြေအနေများတွင် ကိုယ့်ကိုယ်ကို အန္တရာယ်ပြုခြင်း၊ အဆုံးစီရင်ခြင်းစသည့် ဆိုးကျိုးဆက်များ ဖြစ်လာတတ်သည်

ကိုယ်ရေးကိုယ်တာနှင့် လူမှုရေးပိုင်းဆိုင်ရာ ပြဿနာများ

  • စွဲလမ်းမှုဆိုင်ရာ အခြေအနေများနှင့်သာ အချိန်ကုန်လွန်နေသည့်အတွက်ကြောင့် ကာယကံရှင်အတွက် အရေးပါသော လူမှုပေါင်းသင်းဆက်ဆံရေးများ (ဥပမာ _ မိသားစု၊ လုပ်ငန်းခွင်၊ ချစ်ခင်ရသူများနှင့် ဆက်ဆံရေးများ) ထိခိုက်လာခြင်း
  • အခြားသောကိစ္စများအပေါ် အာရုံမစိုက်နိုင်ခြင်း၊ စွဲလမ်းသည့် အပြုအမူအတွက် (ဥပမာ _ ဆေးသုံးစွဲရန်) ငွေကြေးကုန်ကျမှု များလာခြင်း စသည်တို့ကြောင့် စီးပွားရေးထိခိုက်ကျဆင်းမှုများ ဖြစ်လာခြင်း
  • စွဲလမ်းသည့်အပြုအမူများလုပ်ဆောင်ရန် (ဥပမာ _ စွဲလမ်းနေသည့်ဆေးများရရှိလာရန်) ဥပဒေ ဖောက်ဖျက်ခြင်း၊ ရာဇဝတ်မှုကျူးလွန်ခြင်းများ လုပ်ဆောင်လာခြင်း
  • ဆိုးဝါးသည့်အခြေအနေများတွင် နိစ္စဓူဝလုပ်ငန်းဆောင်ရွက်မှု၊ တစ်ကိုယ်ရေသန့်ရှင်းရေး ထိန်းသိမ်းစောင့်ရှောက်မှုများ ထိခိုက်သည်အထိဖြစ်လာခြင်းများ ရှိလာတတ်သည်။

အမျိုးသမီးများအနေနှင့် ကိုယ်ဝန်ဆောင်ကာလအတွင်း အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများ သုံးစွဲခြင်းကြောင့် သန္ဓေသားတွင် မွေးရာပါ ကိုယ်လက်အင်္ဂါ ချို့ယွင်းမှုများ ဖြစ်ပေါ်လာနိုင်ပြီး၊ အချို့သောအခြေအနေများတွင် သန္ဓေသားအသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

စွဲလမ်းမှုပြဿနာရှိသူများအနေနှင့်_

  • မိမိတွင် ထိုကဲ့သို့ပြဿနာရှိနေသည်ကို လက်မခံလိုခြင်း၊ သတိမပြုခြင်း
  • မိမိကိုယ်မိမိ ထိန်းသိမ်းနိုင်လိမ့်မည်ဟု ထင်မှတ်နေခြင်း
  • တဒင်္ဂခံစားရသော သာယာမှုများကို မစွန့်လွှတ်လိုခြင်း
  • မိမိ၏စွဲလမ်းမှုအပြုအမူကို ရပ်တန့်လိုက်ပါက ခံစားရနိုင်သည့် အခြေအနေများ (ဥပမာ _ အရက်ပြတ်သည့်လက္ခဏာများ ခံစားရခြင်း) ကို ကြောက်ရွံ့နေခြင်း
  • စွဲလမ်းမှုအပြုအမူကို စွန့်လွှတ်ရန်အတွက် ဆုံးဖြတ်ရခက်နေခြင်း
  • ကုသမှုနှင့်စပ်လျဉ်းပြီး ကြောက်ရွံ့တတ်ခြင်း၊ ယုံကြည်မှုနည်းပါးခြင်း
  • အခြားသူများ မသိရှိစေလိုခြင်း၊ လူမှုဂုဏ်သိက္ခာစွန်းထင်းမည်ကို စိုးရိမ်ခြင်းစသည့် အကြောင်းများကြောင့် ကုသမှုရယူရန် နှောင့်နှေးတတ်ခြင်း၊ ကုသမှုမရယူခြင်းများ ရှိတတ်ကြသည်။

စွဲလမ်းမှုပြဿနာ လက္ခဏာများ ခံစားနေရခြင်း၊ နောက်ဆက်တွဲဆိုးကျိုးများ ရှိလာခြင်း၊ မိမိ၏ နိစ္စဓူဝ လူနေမှုဘဝကို ထိန်းသိမ်းရန် အခက်အခဲများရှိနေခြင်း၊ အခြားသော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ရောဂါပြဿနာများ ခံစားနေခြင်း စသည့်အခြေအနေများတွင် အထွေထွေရောဂါကုဆရာဝန်၊ မိသားစုဆရာဝန်၊ စိတ်ပညာရှင်၊ စိတ်ကျန်းမာရေး အထူးကုဆရာဝန်စသော ကုသမှုဆိုင်ရာ တတ်ကျွမ်းနားလည်သူများနှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

ဖြစ်စဉ်အခြေအနေများကို သေချာစွာ စစ်ဆေးမေးမြန်းခြင်း၊ ကာယကံရှင်အကြောင်း ပြောပြနိုင်သည့် မိသားစုဝင်၊ မိတ်ဆွေများထံမှ သိလိုချက်များ မေးမြန်းခြင်း၊ စွဲလမ်းမှုပြဿနာများအလိုက် ရောဂါအဆင့်သတ်မှတ်နိုင်သည့် လက္ခဏာများ ရှိမရှိ စိစစ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်း၊ အခြားလိုအပ်သောစစ်ဆေးမှုများ (ဥပမာ _ ဆေးသုံးစွဲမှုများတွင် ဆီးစစ်ဆေးခြင်း) ပြုလုပ်ခြင်းတို့ဖြင့် ရောဂါဖော်ထုတ် သတ်မှတ်နိုင်သည်။

ရောဂါကုသခြင်း

စွဲလမ်းမှုဆိုင်ရာပြဿနာများသည် ကုသပျောက်ကင်းနိုင်ခြေရှိသည်။

စွဲလမ်းမှုနှင့်ပတ်သက်၍

  • ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့ခြင်း
  • စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးစသည်တို့တွင် ထိခိုက်လာပြီး ဘဝအရည်အသွေး ကျဆင်းလာခြင်း
  • ရုတ်တရက်ရပ်တန့်လိုက်ပါက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ခံစားမှုလက္ခဏာများ (Withdrawal Symptoms) ဖြစ်ပေါ်လာခြင်း အစရှိသော အခြေအနေများရှိနေပါက သက်ဆိုင်ရာ ကုသမှုကျွမ်းကျင်သူများထံမှ ကုသမှုရယူသင့်သည်
  • ကုသမှုပေးနိုင်သော စွဲလမ်းမှုအခြေအနေ၊ နောက်ဆက်တွဲဆိုးကျိုးဆက်များ ရှိမရှိ စသည်တို့အပေါ် မူတည်ပြီး ကုထုံးများကို လိုအပ်သလို ပေါင်းစည်းအသုံးပြုရသည်

စိတ်ပိုင်းဆိုင်ရာကုသလုပ်ဆောင်ပေးချက်များ (Psychological interventions)
အသိအမြင်-အပြုအမူ ပြောင်းလဲပေးသည့် စိတ်ကုထုံး [Cognitive-Behavioural Therapy (CBT)] သည် ထိရောက်သည့် အဓိကကုထုံးတစ်ခုဖြစ်သည်။ စိတ်ကုထုံးနည်း (Psychotherapy)၊ အစုအဖွဲ့ကုထုံး (Group Therapy) စသည့်ကုထုံးများလည်းရှိသည်။ အခြားသောကုထုံးများလည်းရှိသည်။ အခြေအနေပေါ်မူတည်ပြီး ကာလတာရှည်ကုသမှု ခံယူရန်လိုအပ်နိုင်သည်။ ကာယကံရှင်အနေနှင့် စွဲလမ်းမှုပြဿနာများနှင့် စပ်လျဉ်းပြီး ကောင်းမွန်သော ပြောင်းလဲလိုစိတ် ထက်သန်အားကောင်းလာစေရေးအတွက် လုပ်ဆောင်ပေးသည့် တွေ့ဆုံမေးမြန်းမှု (Motivational Interview) ကိုလည်း စစ်ဆေးမှုပြုလုပ်ရာတွင်လည်းကောင်း၊ ကုထုံးတစ်ခုအဖြစ်လည်းကောင်း အသုံးပြုနိုင်သည်။

ဆေးဝါးများဖြင့်ကုသခြင်း (Pharmacotherapy)
တတ်ကျွမ်းနားလည်သူများနှင့် တိုင်ပင်ပြသရန် လိုအပ်သည်။ စွဲလမ်းမှုလွန်ကဲနေသည့် အပြုအမူ၊ ဆေးသုံးစွဲမှု လုပ်ဆောင်လိုစိတ်၊ အာသာပြင်းပြစိတ်၊ စွဲလမ်းမှုဆိုင်ရာအခြေအနေများကို ရပ်တန့်လိုက်ပါက ခံစားရနိုင်သည့် လက္ခဏာများ လျော့နည်းစေရေးအတွက် ဆေးဝါးကုသမှုများကို အသုံးပြုနိုင်သည်။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ရောဂါအခြေအနေများ ရှိနေပါကလည်း သင့်လျော်သည့် ဆေးဝါးကုထုံးများကို အသုံးပြု၍ ကုသမှုပေးနိုင်သည်။ ဆေးဝါးအမျိုးအစား ရွေးချယ်ခြင်း၊ ဆေးပမာဏချိန်ညှိခြင်း၊ ပြောင်းလဲခြင်း၊ ဆေးဝါးများ ရပ်တန့်ခြင်း စသည်တို့အတွက် နောက်ဆက်တွဲပြန်လည်ပြသရန် (Follow-up)၊ စွဲမြဲစွာ ကုသမှု ဆက်လက်ခံယူရန် လိုအပ်သည်။

အဆိုပါကုသမှုများအပြင်_

  • လုပ်ငန်းစွမ်းဆောင်ရည်များ ပြန်လည်ကောင်းမွန်တိုးတက်လာစေရန် စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာ ပြုစုကုသမှုများ (Psychosocial interventions)၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လိုအပ်သလို လုပ်ဆောင်ပေးခြင်း
  • စွဲလမ်းမှုပြဿနာများနှင့်စပ်လျဉ်းပြီး ကာယကံရှင်၊ မိသားစုနှင့် ပြုစုစောင့်ရှောက်သူများအား စိတ်ပိုင်းဆိုင်ရာ အသိပညာပေးခြင်း (Psychoeducation) တို့ ဆောင်ရွက်ပေးရန်လည်း လိုအပ်သည်

ဆေးရုံတွင်ကုသခြင်း_

  • ဆေးလွန်ခြင်း (Overdose)
  • ရုတ်တရက်ရပ်တန့်လိုက်ပါက ဆိုးဝါးပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ခံစားမှုလက္ခဏာများ (Withdrawal Symptoms) ဖြစ်ပေါ်ခြင်း
  • ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ရောဂါပြဿနာများ ရှိနေခြင်း
  • ကိုယ့်ကိုယ်ကို အန္တရာယ်ပြုလိုသည့်၊ အဆုံးစီရင်လိုသည့် အတွေး၊ စိတ်ကူးအကြံအစည်များ ရှိနေခြင်း၊ လုပ်ဆောင်ခြင်း စသည့်အခြေအနေများရှိပါက ဆေးရုံတွင် ကုသမှုခံယူရန် လိုအပ်သည်
ရောဂါကာကွယ်ခြင်း

စွဲလမ်းမှုပြဿနာအန္တရာယ် ဖြစ်စေနိုင်သည့် အခြေအနေများကို လျှော့ချခြင်း၊ စွဲလမ်းမှုပြဿနာမှ ကာကွယ်ပေးနိုင်မည့် အခြေအနေများ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပေးခြင်းတို့ ပါဝင်သည်။ ယေဘုယျအားဖြင့်_

  • စွဲလမ်းမှုပြဿနာများနှင့် စပ်လျဉ်းပြီး အသိပညာများပေးခြင်း
  • မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းရှိခြင်း၊ မိသားစု၊ မိတ်ဆွေသူငယ်ချင်းကောင်းများနှင့် ကောင်းမွန်သော ဆက်ဆံရေးရရှိခြင်း၊ ပညာသင်ကြားရေးတွင် စိတ်ဝင်စားခြင်း၊ အကောင်းမြင်စိတ် မွေးမြူခြင်းစသည့် အလေ့အကျင့်ကောင်းများ မွေးမြူပေးခြင်း
  • စွဲလမ်းမှုပြဿနာများနှင့် ယှဉ်တွဲဖြစ်ပေါ်တတ်လေ့ရှိသည့် စိတ်ကျန်းမာရေးပြဿနာများကို ဆောလျင်စွာ ကုသမှုရယူခြင်း
  • ကျန်းမာကောင်းမွန်သော ဘဝနေထိုင်မှုပုံစံမျိုး ရရှိစေခြင်း၊ စိတ်ဖိစီးမှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် သင်ကြားလေ့ကျင့်ပေးခြင်း
  • စွဲလမ်းမှုပြဿနာအန္တရာယ် မြင့်မားစေသည့် ပတ်ဝန်းကျင်အခြေအနေ၊ အပေါင်းအသင်းများကို သတိပြုရှောင်ကြဉ်ခြင်း
  • စွဲလမ်းမှုပြဿနာရှိနေသည့်သူများတွင် နောက်ဆက်တွဲအန္တရာယ်များ လျော့ပါးစေနိုင်မည့် နည်းလမ်းများကို လိုက်နာနေထိုင်ခြင်း စသည်တို့သည် စွဲလမ်းမှုပြဿနာများအား ကာကွယ်လျှော့ချပေးနိုင်သည့် နည်းလမ်းအချို့ဖြစ်သည်။

References:

  1. American Psychiatric Association. (2022). Diagnostic and statistical manual of mental disorders (5th ed., text rev.). https://doi.org/10.1176/appi.books.9780890425787
  2. FamilyDoctor. (2023). Non-substance addiction. American Academy of Family Physicians. Retrieved September 30, 2025, from https://familydoctor.org/condition/non-substance-addiction/
  3. Cleveland Clinic. (2023). Addiction. Retrieved September 30, 2025, from https://my.clevelandclinic.org/health/diseases/6407-addiction
  4. The New Day Center. (n.d.). Addiction. Retrieved September 30, 2025, from https://thenewdaycenter.com/?s=addiction
  5. Mayo Clinic. (n.d.). Drug addiction: Symptoms and causes. Retrieved September 30, 2025, from https://www.mayoclinic.org/diseases-conditions/drug-addiction/symptoms-causes/syc-20365112
  6. WebMD. (2025). Drug addiction. Retrieved September 30, 2025, from https://www.webmd.com/mental-health/addiction/drug-addiction

Published: 21 October 2025

.indent-top{padding-top: 30px;} .indent-bottom{padding-bottom: 30px;}

Share

21 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Oesophageal varices (အစာရေမျိုပြွန် သွေးကြောထုံးများ)
Jan 29, 2026
Diseases and Conditions

Oesophageal varices (အစာရေမျိုပြွန် သွေးကြောထုံးများ)

အစာရေမျိုပြွန် သွေးကြောထုံးခြင်းသည် အသည်းခြောက်ခြင်း၏ ပြင်းထန်သော...

Carpal Tunnel Syndrome (လက်ကောက်ဝတ်၌ အာရုံကြောပိခြင်း)
Jan 29, 2026
Diseases and Conditions

Carpal Tunnel Syndrome (လက်ကောက်ဝတ်၌ အာရုံကြောပိခြင်း)

လက်ကောက်ဝတ်အတွင်းရှိ အာရုံကြောသွားရာလမ်းကြောင်းအတွင်း...

Sensitive Teeth (သွားကျဥ်ခြင်း)
Jan 28, 2026
Diseases and Conditions

Sensitive Teeth (သွားကျဥ်ခြင်း)

သွားကျဥ်ခြင်းဝေဒနာသည် သွား၏အကာအကွယ် ကြွေလွှာ ပါးလွှာခြင်းကြောင့်...