တာနာဆင်ဒရုန်း (Turner Syndrome) သည် လိင်အင်္ဂါသတ်မှတ်ပေးသော ခရိုမိုဆုမ်း အရေအတွက် ပုံမှန်မဟုတ်ခြင်းကြောင့် ဖြစ်သော မျိုးဗီဇဆိုင်ရာရောဂါတစ်ခုဖြစ်သည်။ မိန်းကလေးများတွင်သာ ဖြစ်ပေါ်တတ်ပြီး အရှင်မွေးမိန်းကလေး (၂၅၀၀) တွင် (၁) ယောက်ဖြစ်နိုင်သည်။ လိင်အင်္ဂါမျိုးဗီဇ ခရိုမိုဆုမ်း (XX) တစ်စုံ ရှိရမည့်အစား X ခရိုမိုဆုမ်း တစ်ခုမပါရှိခြင်း သို့မဟုတ် တစ်စိတ်တစ်ပိုင်းမပါရှိခြင်းကြောင့်ဖြစ်သည်။ တာနာဆင်ဒရုန်းသည် များစွာသော ကျန်းမာရေးပြဿနာများနှင့် ဖွံဖြိုးမှုပြဿနာများကို ဖြစ်စေသည်။ အချို့တွင် သန္ဓေသားဘဝမှစတင်ပြီး တွေ့နိုင်သလို မွေးဖွားပြီးနောက်ပိုင်းမှ သိရှိရသည်လည်းရှိသည်။ လက္ခဏာအနည်းငယ်သာပါသော မိန်းကလေးများတွင် ဆယ်ကျော်သက်အရွယ်ရောက်မှ သိသည်လည်းရှိသည်။ နယ်ပယ်အစုံမှ ကျန်းမာရေးပညာရှင်များနှင့် ကုသမှုရယူရန် လိုအပ်ပြီး ပုံမှန်စစ်ဆေးမှုများ ပြုလုပ်နေရန် လိုအပ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
တာနာဆင်ဒရုန်းသည် လိင်အင်္ဂါသတ်မှတ်ပေးသော ခရိုမိုဆုမ်း ပုံမှန်မဖြစ်ခြင်းကြောင့်ဖြစ်သော အခြေအနေတစ်ခုဖြစ်သည်။ ပုံမှန်အားဖြင့် လူတစ်ဦးတွင် ခရိုမိုဆုမ်းဟုခေါ်သော မျိုးဗီဇအစုအဝေး (၄၆) ခု (၂၃ စုံ) ပါဝင်သည်။ ၄င်းတို့ထဲမှ လိင်အင်္ဂါသတ်မှတ်ပေးသော ခရိုမိုဆုမ်းနှစ်ခုမှာ (X, Y) တို့ဖြစ်သည်။ အမျိုးသားများတွင် XY တစ်စုံဖြစ်၍ အမျိုးသမီးများတွင် XX တစ်စုံဖြစ်သည်။ တစ်နည်းအားဖြင့် Y ခရိုမိုဆုမ်းသည် အမျိုးသားများတွင်သာ ပါရှိသည်။ သားယောက်ျားလေးများသည် ဖခင်ဆီမှ Y ခရိုမိုဆုမ်းနှင့် မိခင်ထံမှ X ခရိုမိုဆုမ်းတစ်ခုစီဖြင့် (XY) တစ်စုံရရှိသည်။ သမီးမိန်းကလေးများသည် မိဘနှစ်ယောက်လုံးထံမှ X ခရိုမိုဆုမ်းတစ်ခုစီဖြင့် (XX) တစ်စုံရရှိသည်။ တာနာဆင်ဒရုန်း မိန်းကလေးများတွင်မူ X ခရိုမိုဆုမ်းတစ်ခု လုံးဝမပါရှိခြင်း (XO) သို့မဟုတ် တစ်စိတ်တစ်ပိုင်း ပျောက်နေခြင်းကြောင့် လက္ခဏာများ ပေါ်လာခြင်းဖြစ်သည်။ အဓိကအမျိုးအစား နှစ်မျိုးရှိသည်။
- Monosomy
ဖခင်၏ သုက်ကောင် (သို့မဟုတ်) မိခင်၏ မျိုးဥတွင် ပြဿနာရှိသောကြောင့် ခရိုမိုဆုမ်းတစ်ခုသည် လုံးဝမပါရှိခြင်းဖြစ်သည်။ ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းတွင် X ခရိုမိုဆုမ်းတစ်ခုသာရှိသည်။ - Mosaicism
သန္ဓေသားဖွံ့ဖြိုးမှု၏ အစောပိုင်းအဆင့် ဆဲလ်ကွဲပွါးမှုတွင် အမှားဖြစ်ပေါ်ခြင်းကြောင့်ဖြစ်သည်။ ထိုသို့ဖြစ်ခြင်းကြောင့် ဆဲလ်အချို့တွင် X ခရိုမိုဆုမ်းနှစ်ခုပါပြီး အချို့တွင် X ခရိုမိုဆုမ်းတစ်ခုသာပါသည်။
ရောဂါလက္ခဏာများ
တစ်ဦးနှင့်တစ်ဦး ခံစားရသည့် လက္ခဏာများသည် တူညီမှုမရှိဘဲ ကွဲပြားသည်။ အချို့သူများတွင် လက္ခဏာများသည် သိသာမှုမရှိသော်လည်း အချို့တွင် လက္ခဏာများစွာကို စောစီးစွာတွေ့နိုင်သည်။
အသက်အရွယ်အလိုက်တွေ့နိုင်သော လက္ခဏာများမှာ_
- သန္ဓေသားဘဝ
သန္ဓေသားအာထရာဆောင်း (Fetal ultrasound) တွင် အောက်ပါလက္ခဏာများကို တွေ့နိုင်သည်။- လည်ပင်းအနောက်ဘက်နေရာတွင် အရည်များစုဝေးနေခြင်း သို့မဟုတ် သန္ဓေသားခန္ဓာကိုယ်တွင် ပုံမှန်မဟုတ်သောအရည်များ စုဝေး၍ ဖောရောင်နေခြင်း
- နှလုံးချို့ယွင်းချက်များ ပါရှိခြင်း
- ကျောက်ကပ်ပုံမမှန်မှုများ တွေ့ရခြင်း
- မွေးကင်းစကလေးငယ်များ
- ကလေးသည် ပုံမှန်ထက် အနည်းငယ်သေးခြင်း
- ခြေဖဝါး လက်ဖဝါးများ ဖောနေခြင်း
- လည်ပင်းနောက်ဘက်ရှိ အရေပြားများ ပုံမှန်ထက်ပို၍ တွန့်ခေါက်နေခြင်း
- နှလုံးပုံမမှန်မှုများရှိခြင်း (ဥပမာ _ အဆုတ်သွေးပြန်ကြောကျဥ်းခြင်း၊ မွေးရာပါ နှလုံးသွေးကြောမကြီး ကျဥ်းခြင်း)
- တစ်နှစ်အောက်ကလေးငယ်များ
- အခြားကလေးများနှင့်ယှဥ်လျှင် သေးခြင်း၊ အရပ်ပုခြင်း
- အစားကျွေးရခက်ခြင်း
- ကိုယ်အလေးချိန်တက်ရန် ခက်ခဲခြင်း
- အိပ်စက်မှုပုံစံ မမှန်ခြင်း
- ကလေးငယ်များ
- တက်ကြွလွန်ခြင်း
- အပြုအမူပိုင်းဆိုင်ရာ ခက်ခဲမှုများ၊ အလွန်အမင်း ကြောက်ရွံ့လွယ်ခြင်း
- မကြာခဏ နားအတွင်းပိုင်းအလယ်ခန်း ပိုးဝင်ရောင်ရမ်းခြင်း
- အာရုံခံစားမှုအပိုင်းပြဿနာများကြောင့် အကြားအာရုံဆုံးရှုံးခြင်း
- အသက်အရွယ်အလိုက်ရှိသင့်သည့် အရပ်၊ ကိုယ်အလေးချိန်ထက်နည်းခြင်း
- သင်ကြားမှုပိုင်းဆိုင်ရာ ပြဿနာများရှိခြင်း
- ကလေးကြီးများ
- ကလေး၏အရပ်သည် အရပ်တိုင်းတာသည့် ဇယားကွက်၏ အောက်ဆုံးလိုင်းဖြစ်သော 3rd centile အောက်တွင်ရှိပြီး အသက်ကြီးလာသည်နှင့်အမျှ ထိုလိုင်းနှင့် တဖြည်းဖြည်းဝေးကွာလာကာ သိသိသာသာအရပ်ပုလာခြင်း
- နားအတွင်းပိုင်းအလယ်ခန်း ရောဂါများ
- အဝလွန်ခြင်း
- သင်ကြားမှုပိုင်းဆိုင်ရာ ပြဿနာများ
- လူမှုဆက်ဆံရေးဆိုင်ရာ ပြဿနာများ
- ခြေထောက်နှင့် ပတ်သက်သော ပြဿနာများ
- ဆယ်ကျော်သက်များ
- မိဘများ၏ အရပ်အမောင်းနှင့် နှိုင်းယှဉ်ကြည့်ပါက အရပ်ပုနေခြင်း
- ကျောင်းသင်ခန်းစာများ သင်ယူမှုဆိုင်ရာတွင် အခက်အခဲများရှိခြင်း
- အပျိုဖော်ဝင်စအချိန်တွင် ရှိတတ်သော သိသိသာသာ အရပ်ရှည်ထွက်လာခြင်းဖြစ်စဥ် (pubertal growth spurts) မရှိခြင်း
- ရင်သားများ ဖွံ့ဖြိုးမှု မရှိခြင်း
- ရာသီမလာခြင်း
- အပျိုဖော်ဝင်ချိန်နောက်ကျခြင်း
- ကိုယ်ခံအား မူမမှန်တုံ့ပြန်မှုဆိုင်ရာ ပြဿနာများ ဖြစ်နိုင်ခြေများခြင်း
- လူကြီးများ
- အရပ်ပုခြင်း
- ရာသီစက်ဝန်းပုံမမှန်ခြင်း
- မျိုးမပွါးနိုင်ခြင်း
- အဝလွန်ခြင်း
- အကြားအာရုံဆိုင်ရာ ပြဿနာများရှိခြင်း
- နှလုံးပြဿနာများ၊ သွေးတိုးရောဂါများ ရှိခြင်း
- ကိုယ်ခံအား မူမမှန်တုံ့ပြန်မှုများကြောင့် သိုင်းရွိုက်ဂလင်းရောင်ရမ်းခြင်း
ရုပ်ပိုင်းဆိုင်ရာပုံမမှန်မှုများ
တာနားရောဂါရှိသူ မိန်းကလေးများတွင် အများအားဖြင့် အောက်ပါ ရုပ်ပိုင်းဆိုင်ရာ ပုံမမှန်သောလက္ခဏာများကို တွေ့ရှိရပြီး တစ်ဦးနှင့်တစ်ဦး ရောဂါပြင်းထန်မှု အနည်းငယ်ကွာခြားနိုင်သည်။
- မျက်စိ – မျက်လုံးအတွင်းထောင့်ရှိ အရေပြားပိုထူခြင်း (epicanthic folds)၊ မျက်ခွံတွဲကျခြင်း၊ မျက်စိစွေခြင်း၊ မျက်လုံးအိမ်လှုပ်ရှားမှု မြန်ခြင်း၊ အတွင်းတိမ်ဖြစ်ခြင်း၊ အနီးမှုန်ခြင်း
- နား – နားရွက်များသည် ပုံမှန်ထက် အောက်ဘက်သို့ အနည်းငယ်နိမ့်နေခြင်း၊ နားရွက်သည် အနောက်ဘက်သို့ လည်နေခြင်း၊ နားအောက်ပိုင်း ထူနေခြင်း၊ နားမကြားခြင်း
- ပါးစပ် – အောက်မေးရိုးသေးခြင်း၊ အာခေါင်မြင့်နေခြင်း၊ အောက်မေးရိုး ပုံမမှန်ခြင်းကြောင့် သွားများထပ်နေခြင်း၊ သွားမညီမညာဖြစ်ခြင်း
- လည်ပင်း – လည်ပင်းတို၍ ဂုတ်နေရာ၌ အရေပြားများတွဲဆက်၍ ထူနေခြင်း၊ ဆံပင်အရစ်လိုင်းသည် ပုံမှန်မဟုတ်ဘဲ အောက်သို့ရောက်နေခြင်း
- ရင်ဘတ် – ရင်ဘတ်အလယ်နေရာတွင် ချိုင့်နေခြင်း၊ ရင်ဘတ်ကျယ်၍ ရင်သားနှစ်ခုကြားတွင် ပုံမှန်ထက်ဝေးနေခြင်း
- အဆစ်များ – တံတောင်ဆစ်နေရာတွင် လက်သည် အပြင်သို့လန်နေခြင်း (cubitus valgus)၊ မွေးရာပါ တင်ပါးဆုံအဆစ်လွဲနေခြင်း
- ခြေ၊ လက်များ – ခြေချောင်းများ၊ လက်ချောင်းများတိုခြင်း၊ လက်သည်းများသေးခြင်း၊ လက်သည်းများ အပေါ်သို့လန်နေခြင်း၊ လက်သည်းခွံဘေးအရေပြား ဖောင်းနေခြင်း
- အရေပြားဖောရောင်ခြင်း – ခြေ၊ လက်၊ လည်ပင်းများတွင် အရေပြား ဖောရောင်ခြင်း၊ အရေပြားပေါ်တွင် မှဲ့များဖြစ်ပေါ်ခြင်း၊ သွေးကြောမျှင်လေးများ ပေါ်နေခြင်း၊ ဖောင်းကြွနေသော အမာရွတ် (keloid)၊ အဆီဂလင်းများကြောင့် အရေပြားရောင်ရမ်းခြင်းနှင့် ဆံပင်ပါးသော်လည်း ခန္ဓာကိုယ်ရှိအမွေးများ ပိုမိုပေါက်ခြင်း
နောက်ဆက်တွဲပြဿနာများ
တာနာဆင်ဒရုန်းသည် ခန္ဓာကိုယ်အစိတ်အပိုင်းများစွာ၏ ပုံမှန်ဖွံ့ဖြိုးမှုကို သက်ရောက်စေသည်။ သို့သော် ပြင်းထန်မှုသည် တစ်ဦးနှင့်တစ်ဦး တူညီမှုမရှိပါ။ ဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ_
- နှလုံးဆိုင်ရာပြဿနာများ
တာနာဆင်ဒရုန်းကလေးများ၏ (၅၀) ရာခိုင်နှုန်းသည် မွေးရာပါနှလုံးချို့ယွင်းချက်များ သို့မဟုတ် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများကို ဖြစ်စေနိုင်သော နှလုံးတည်ဆောက်ပုံများဖြင့် မွေးဖွားလာသည်။ သွေးလွှတ်ကြောမကြီးနှင့် သက်ဆိုင်သည့်ပြဿနာများ ပါဝင်သည်။ - အရိုးအဆစ်ဆိုင်ရာပြဿနာများ
တာနာဆင်ဒရုန်းရှိသူများသည် အရိုးနှင့်ပတ်သက်သောပြဿနာများ (အရိုးပါးခြင်း၊ ကျောရိုးကောက်ကွေးခြင်း၊ အရိုးကျိုးခြင်း) ဖြစ်နိုင်ခြေ ပိုများသည်။ - အမြင်အာရုံ၊ အကြားအာရုံဆိုင်ရာ ပြဿနာများ
အကြားအာရုံဆုံးရှုံးခြင်း၊ မျက်စိစွေခြင်း၊ အနီးမှုန်ခြင်း၊ အဝေးမှုန်ခြင်းနှင့် အခြားသောမျက်စိပြဿနာများ ဖြစ်ပေါ်နိုင်သည်။ - ကျောက်ကပ်ပြဿနာများ
တာနာဆင်ဒရုန်းရှိသူများ၏ (၃၀) ရာခိုင်နှုန်းခန့်သည် ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် တွဲလေ့ရှိသည်။ ဆီးသွားရခက်ခဲခြင်း၊ ကျောက်ကပ်တစ်လုံးမပါရှိခြင်းတို့ ဖြစ်နိုင်သည်။ ကျောက်ကပ်ပြဿနာများကြောင့် သွေးတိုးခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း ပြဿနာများကို ပိုဖြစ်စေသည်။ - ကိုယ်ခံအား မူမမှန်တုံ့ပြန်မှုဆိုင်ရာ ပြဿနာများ
ကိုယ်ခံအားနှင့်ဆိုင်သော ရောဂါများဖြစ်သည့် Gluten ပရိုတင်းနှင့် ဓာတ်မတည့်သောရောဂါ (Celiac disease)၊ နာတာရှည်အူရောင်ရမ်းနာရောဂါများ၊ ခန္ဓာကိုယ်၏ ခုခံအားစနစ်မှ သိုင်းရွိုက်ဂလင်းကို မှားယွင်းစွာတိုက်ခိုက်ခြင်း (Hashimoto’s disease) ဖြစ်နိုင်ခြေပိုများသည်။ - ဇီဝဗေဒဖြစ်စဥ်ဆိုင်ရာ လက္ခဏာစု (Metabolic syndrome)
နှလုံးရောဂါ၊ သွေးတိုးခြင်း၊ အဝလွန်ခြင်း၊ အမျိုးအစာ (၂) ဆီးချို၊ လေဖြတ်ခြင်းနှင့် အခြားသော ပြဿနာများနှင့်လည်း တွဲလေ့ရှိသည်။ - သင်ကြားမှုဆိုင်ရာ အခက်အခဲများ
အများစုသည် ပုံမှန်ဉာဏ်ရည်ရှိသော်လည်း အချို့သော သင်ကြားမှုဆိုင်ရာ အခက်အခဲများရှိတတ်သည်။ အမြင်အာရုံနှင့် လက်လှုပ်ရှားမှု ပေါင်းစပ်ညှိနှိုင်းမှုဆိုင်ရာစွမ်းရည် (visual-motor) နှင့် နေရာဆိုင်ရာ ခွဲခြားသိမြင်မှုဆိုင်ရာစွမ်းရည် (visual-spatial) များတွင် ပြဿနာရှိနိုင်သည် (ဥပမာ _ ကားမောင်းခြင်းကဲ့သို့သော နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရန် အခက်အခဲရှိနိုင်သည်) - စိတ်ပိုင်းဆိုင်ရာ ပြဿနာများ
မိမိကိုယ်ကို ယုံကြည်မှုကျဆင်းမှုကြောင့် စိတ်ပူပန်မှုများခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးမှုများခြင်း စသည့်ပြဿနာများ ရှိနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
မိမိ၏ ကလေးတွင် တာနာဆင်ဒရုန်းရှိကြောင်း မွေးစကတည်းက သိရှိထားလျှင် သို့မဟုတ် အထက်ပါလက္ခဏာများရှိပါက မိသားစုဆရာဝန် (သို့မဟုတ်) ကလေးအထူးကုဆရာဝန်နှင့် ပုံမှန်ရက်ချိန်းပြသရန်လိုသည်။ သက်ဆိုင်ရာဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ပုံမှန်ကျန်းမာရေး စစ်ဆေးပေးနိုင်မည်ဖြစ်သည်။ တာနာဆင်ဒရုန်းနှင့် တွဲ၍ဖြစ်နိုင်သော ရောဂါများ၏ လက္ခဏာများကို သံသယရှိပါက မိသားစုဆရာဝန်သည် သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ကိုယ်ဝန်ဆောင်ကာလ သန္ဓေသားတွင် တာနာဆင်ဒရုန်းဖြစ်နိုင်ခြေ ရှိမရှိကို စမ်းသပ်ရန် မိခင်လောင်းအား သွေးစစ်ခြင်းနှင့် အာထရာဆောင်း စမ်းသပ်မှုများ (Screening Tests) ကို ပြုလုပ်နိုင်သည်။
- Noninvasive prenatal testing (NIPT)
သန္ဓေသားတွင် မွေးရာပါချို့ယွင်းချက်များ ရှိမရှိ သွေးမှတစ်ဆင့် စစ်ဆေးခြင်းဖြစ်သည်။ - ကိုယ်ဝန်ဆောင်ချိန်ရိုက်ကူးသော သန္ဓေသားအာထရာဆောင်း
သန္ဓေသားတွင် တာနာဆင်ဒရုန်း၏ လက္ခဏာများ ရှိမရှိ စစ်ဆေးနိုင်သည်။
အထက်ပါ စစ်ဆေးမှုများအပြင် ပို၍တိကျသော စစ်ဆေးမှုများမှာ (Diagnostic tests) အောက်ပါအတိုင်းဖြစ်သည်။
- Amniocentesis
သားအိမ်အတွင်းမှ သန္ဓေသားပတ်လည်ရှိ ရေမြွှာရည်ကို ယူ၍ စစ်ဆေးခြင်းဖြစ်သည်။ ကိုယ်ဝန် (၁၄) ပတ်နောက်ပိုင်းတွင် ပြုလုပ်နိုင်သည်။ - Chorionic villus sampling (CVS)
အချင်းမှ တစ်ရှူးအနည်းငယ်ကို ယူ၍ စစ်ဆေးခြင်းဖြစ်သည်။ ကိုယ်ဝန် (၁၀)ပတ် မှ (၁၄) ပတ်တွင် ပြုလုပ်နိုင်သည်။ - မျိုးဗီဇစစ်ဆေးမှု (Karyotyping)
မွေးဖွားလာသည့် ကလေးတွင် တာနာဆင်ဒရုန်း လက္ခဏာများ သံသယရှိပါက ကလေး၏ သွေးနမူနာမှ ခရိုမိုဆုမ်းအရေအတွက်ကို စစ်ဆေးသည့် မျိုးဗီဇစစ်ဆေးမှုဖြင့် တိကျစွာ စစ်ဆေးသတ်မှတ်နိုင်သည်။
ကုသခြင်း
တာနာဆင်ဒရုန်းသည် မျိုးဗီဇရောဂါဖြစ်သည့်အတွက် တိကျသည့် ကုသမှုမရှိပါ။ သို့သော်ဖြစ်ပေါ်သော အခြေအနေများပေါ် မူတည်၍ လူနေမှုပုံစံ ပြောင်းလဲခြင်း၊ သင့်တော်သောဆေးဝါးများနှင့် ကုသခြင်း၊ ခွဲစိတ်ကုသမှုများဖြင့် ရောဂါလက္ခဏာများကို သက်သာစေသည်။
- သက်ဆိုင်ရာဆေးပညာရှင်များ စုပေါင်းညှိနှိုင်းကုသခြင်း (Multidisciplinary Team – MDT)
တာနာဆင်ဒရုန်းရှိသူများသည် ဖွံ့ဖြိုးမှုဆိုင်ရာပြဿနာများနှင့် များစွာသော နောက်ဆက်တွဲပြဿနာများ ရှိသောကြောင့် ရောဂါကုသမှုများတွင် အောက်ပါဆေးပညာရှင်များ စုပေါင်းညှိနှိုင်း၍ ကုသမှုပေးရန် လိုအပ်သည်။- ကလေးအထူးကုဆရာဝန် (Pediatrician) – အသက်အရွယ်အလိုက် ကြီးထွားဖွံ့ဖြိုးမှုနှင့် နောက်ဆက်တွဲပြဿနာများကို စောင့်ကြည့်ရန်
- မျက်စိအထူးကုဆရာဝန် (Ophthalmologist) – အမြင်အာရုံဆိုင်ရာ ပြဿနာများကို စစ်ဆေးကုသရန်
- နားနှာခေါင်းလည်ချောင်း အထူးကုဆရာဝန် (ENT specialist) – အကြားအာရုံဆိုင်ရာ ပြဿနာများကို စစ်ဆေးကုသရန်
- အရိုးအထူးကုဆရာဝန် (Orthopedic surgeon) – အရိုးထိခိုက်မှုများ (ဥပမာ – Scoliosis) ကို ကုသရန်
- ဟော်မုန်းအထူးကုဆရာဝန် (Endocrinologist) – ဟော်မုန်းဆိုင်ရာပြဿနာများကို စစ်ဆေးကုသရန်
- သားဖွားမီးယပ် အထူးကုဆရာဝန် (Gynaecologist) – ရာသီစက်ဝန်းပြဿနာများ၊ မျိုးမပွါးနိုင်ခြင်းစသည့် ပြဿနာများကို စစ်ဆေးကုသရန်
- နှလုံးအထူးကု ဆရာဝန်များ (Cardiologist) – နှလုံးနှင့် သက်ဆိုင်သော ပြဿနာများ၊ နောက်ဆက်တွဲပြဿနာများကို စစ်ဆေးကုသရန်
- စိတ်ရောဂါကု အထူးကုဆရာဝန်များ (Psychiatrist) ပူးပေါင်းပါဝင်ရန်တို့ လိုအပ်သည်
- ဆေးဝါးများဖြင့် ကုသခြင်း
သက်ဆိုင်ရာရောဂါများကို ကုသမှုအပြင် ဟော်မုန်းဆေးများပေးခြင်းဖြင့်လည်း ကုသမှုပေးနိုင်သည်။
ဟော်မုန်းကုသမှုများ- ကြီးထွားမှုဆိုင်ရာ ဟော်မုန်းကုထုံးပေးခြင်း (Growth hormone)
တစ်မျိုးတည်းသော်လည်းကောင်း အခြားသောဟော်မုန်းကုသမှုများနှင့် တွဲ၍သော်လည်းကောင်း ပေးနိုင်သည်။ ထိုးဆေးအဖြစ် နေ့စဥ်ပေးရန် လိုအပ်သည်။ ကလေးဘဝအစောပိုင်းမှ စတင်၍ ဆယ်ကျော်သက်အရွယ်အထိ သင့်တော်သည့်အချိန်၌ စောစီးစွာပေးနိုင်ပါက ပုံမှန်အရပ်ရောက်သည်အထိ ကြီးထွားမှုကို တိုးတက်စေသည်။ စောစီးစွာ ကုသမှု ပေးနိုင်ပါက အရပ်နှင့် အရိုးကြီးထွားမှုကို ပိုမိုကောင်းမွန်စေသည်။ - အီစတိုဂျင် ဟော်မုန်းကုထုံး
မိန်းကလေးအများစုသည် အပျိုဖော်ဝင်ရန်အတွက် အီစတိုဂျင်ဟော်မုန်းနှင့် အခြားသောဟော်မုန်းများ ပေးရန်လိုအပ်သည်။ အီစတိုဂျင်ဟော်မုန်းပေးခြင်းကို အသက် (၁၁) နှစ်ခန့်မှ စတင်ပေးလေ့ရှိသည်။ ရင်သားများ ကြီးထွားစေရန်နှင့် သားအိမ်အရွယ်အစား ကြီးစေရန် ကူညီပေးသည်။ ထို့ပြင် အရိုးများ သန်မာစေရန်နှင့် နှလုံးကျန်းမာရေးကိုလည်း အထောက်အကူပြုသည်။ အီစတိုဂျင်ဟော်မုန်းကို သွေးဆုံးချိန် ပျမ်းမျှအသက်အရွယ် ရောက်သည်အထိ ပေးလေ့ရှိသည်။ - ပရိုဂျက်စတင် ဟော်မုန်းကုထုံး
အီစတိုဂျင်ဟော်မုန်းပေးပြီး (၁၈)လ မှ (၂၄)လအကြာတွင် ပရိုဂျက်စတင်ဟော်မုန်းကို ပေးနိုင်သည်။ ထိုသို့ပေးခြင်းအားဖြင့် ပုံမှန်ရာသီစက်ဝန်းကဲ့သို့ သွေးဆင်းခြင်းကို ဖြစ်စေသည်။
- ကြီးထွားမှုဆိုင်ရာ ဟော်မုန်းကုထုံးပေးခြင်း (Growth hormone)
- အခြားကုသနည်းများ
- လူနေမှုပုံစံပြောင်းလဲခြင်း
တာနာဆင်ဒရုန်းရှိသူများသည် နှလုံးရောဂါများနှင့် ဆက်စပ်နေသည့်အတွက် သွေးတွင်းအဆီဓာတ်များခြင်း၊ အဝလွန်ခြင်းကြောင့်ဖြစ်သော နှလုံးရောဂါ၏ နောက်ဆက်တွဲပြဿနာများကို လျှော့ချရန်အတွက် လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများစားခြင်းဖြင့် ကျန်းမာသောလူနေမှုပုံစံကို ရရှိစေသည်။ - ကိုလက်စထရော ကျစေသောဆေးများပေးခြင်း
လူနေမှုပုံစံ ပြောင်းလဲခြင်းဖြင့် သွေးတွင်းအဆီဓာတ်ချရန် လုံလောက်မှုမရှိပါက ကိုလက်စထရော ကျစေသောဆေးများကို ပေးနိုင်သည်။ - သွေးပေါင်ကျဆေးများပေးခြင်း
သွေးတိုးခြင်းသည်လည်း အဖြစ်များသောကျန်းမာရေးပြဿနာများ ဖြစ်သောကြောင့် ဆေးများပေး၍ ကုသရန်လိုအပ်သည်။ - နှလုံးခွဲစိတ်ကုသမှုများ
တာနာဆင်ဒရုန်းရှိသူများ၏ နှလုံးပြဿနာများသည် နောက်ပိုင်းတွင် ခွဲစိတ်ကုသမှုပြုလုပ်ရန် လိုအပ်နိုင်သည်။ ပြုလုပ်ရန်လိုအပ်သော ကုသမှုများတွင် အဆို့ရှင် ခွဲစိတ်ပြုပြင်မှုများ စသည်တို့ပါဝင်သည်။
- လူနေမှုပုံစံပြောင်းလဲခြင်း
ကာကွယ်ခြင်း
မျိုးဗီဇကြောင့် ဖြစ်ပွါးသော ရောဂါဖြစ်သည့်အတွက် ကြိုတင်ကာကွယ်၍မရပါ။ အရေးကြီးဆုံးမှာ အထက်ပါရောဂါလက္ခဏာများကို စောစီးစွာသတိထားမိပါက မိသားစုဆရာဝန် (သို့မဟုတ်) သက်ဆိုင်ရာ အထူးကုဆရာဝန်နှင့် ပြသ၍ ညွှန်ကြားချက်များအတိုင်း အချိန်မီပြသ ကုသမှုခံယူခြင်းပင်ဖြစ်သည်။
References:
- Patient.info. (n.d.). Turner syndrome. Retrieved September 25, 2025, from https://patient.info/doctor/congenital-disorders/turner-syndrome-pro
- Children’s Hospital Los Angeles. (n.d.). Turner syndrome. Retrieved September 25, 2025, from https://www.chla.org/conditions/turner-syndrome
- WebMD. (n.d.). What is Turner syndrome? Retrieved September 25, 2025, from https://www.webmd.com/children/what-is-turner-syndrome
- Cleveland Clinic. (n.d.). Turner syndrome. Retrieved September 25, 2025, from https://my.clevelandclinic.org/health/diseases/15200-turner-syndrome
- Mayo Clinic. (n.d.). Turner syndrome: Diagnosis and treatment. Mayo Foundation for Medical Education and Research. Retrieved September 25, 2025, from https://www.mayoclinic.org/diseases-conditions/turner-syndrome/diagnosis-treatment/drc-20360783
- Turner Syndrome Foundation. (n.d.). What is Turner syndrome? Retrieved September 25, 2025, from https://turnersyndromefoundation.org/what_is_turner_syndrome/
Published: 10 October 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.