ယနေ့ခေတ်တွင် ကျန်းမာရေးစောင့်ရှောက်မှု နည်းစနစ်များ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နှလုံးရောဂါဝေဒနာရှင် အမျိုးသမီးများအနေဖြင့် ပိုမိုအသက်ရှည်ကျန်းမာလာကြပြီး ကိုယ်ဝန်ဆောင်နိုင်သည်အထိ ကျန်းမာလာကြသည်။ နှလုံးရောဂါဝေဒနာရှင်များအတွက် သားဆက်ခြား ကျန်းမာရေးဆောင်ရွက်မှုများကို မှန်ကန်ထိရောက်စွာ ဆောင်ရွက်ရန် ခက်ခဲသောကြောင့်လည်း နှလုံးရောဂါဝေဒနာရှင် ကိုယ်ဝန်ဆောင် မိခင်လောင်းအရေအတွက်မှာ ယခင်ကထက် ပိုမိုသိသာစွာ များပြားလာနေပြီဖြစ်သည်။
အချို့ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် မွေးရာပါနှလုံးရောဂါ မဟုတ်ဘဲ အရွယ်ရောက်ချိန်မှ ဖြစ်ပေါ်လာသော လေးဘက်နာနှလုံးရောဂါကဲ့သို့ နှလုံးရောဂါဝေဒနာများလည်း ဖြစ်နေတတ်သည်။ ထို့ပြင် သွေးတိုး၊ ဆီးချိုနှင့် သွေးတွင်းအဆီဓာတ်များခြင်း အစရှိသည့် ကျန်းမာရေးပြဿနာများကြောင့်လည်း နောက်ဆက်တွဲနှလုံးရောဂါများ ဖြစ်ပေါ်လာသော ကိုယ်ဝန်ဆောင်အမျိုးသမီးများလည်း ပိုမိုများပြားလာသည်။
ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအနေဖြင့် ကိုယ်ဝန်ကြောင့်ဖြစ်ပေါ်နိုင်သော အန္တရာယ်များအပြင် နှလုံးရောဂါ၏ အန္တရာယ်များကြောင့် ပြင်းထန်ဆိုးရွားသော နောက်ဆက်တွဲပြဿနာများကိုပါ ရင်ဆိုင်ကြုံတွေ့ ကြရသည်။
ကိုယ်ဝန်ဆောင်မိခင် သေဆုံးရသည့်အကြောင်းရင်းများအား လေ့လာရာတွင် ကိုယ်ဝန်ကြောင့် တိုက်ရိုက်သေဆုံးခြင်းမဟုတ်ဘဲ အခြားကျန်းမာရေးပြဿနာများကြောင့် သေဆုံးရသည့် အကြောင်းရင်းများအနက် နှလုံးရောဂါသည် အဓိက ထိပ်တန်းအကြောင်းရင်းတစ်ခုဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကိုယ်ဝန်ဆောင်စဉ်အတွင်းတွင် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲမှုများကြောင့် ကိုယ်ဝန်ဆောင် မိခင်လောင်း၏ နှလုံးသည် ပုံမှန်ထက် (၄၀) ရာခိုင်နှုန်း ပိုမို၍အလုပ်လုပ်ရန် လိုအပ်သည်။ နှလုံးမှ ပိုမိုညှစ်ထုတ်လိုက်သော သွေးများကို လက်ခံရန်အတွက် သွေးကြောများ ပိုမိုကျယ်လာကြသည်။ ကိုယ်ဝန်တွင်ထွက်သော ဟော်မုန်းများကြောင့်လည်း သွေးခဲနိုင်ခြေ ပိုမိုများလာသည်။ ကိုယ်ဝန်ဆောင်မိခင်၏ ကျန်းမာသော ပုံမှန်နှလုံးသည် ထိုသို့သော ဇီဝကမ္မ ပြောင်းလဲမှုများကို တုံ့ပြန်ပြောင်းလဲနိုင်သော်လည်း မကျန်းမာသော နှလုံးအနေဖြင့် ပင်ပန်းခက်ခဲစွာ လုပ်ဆောင်ရင်း ဆိုးရွားသော အခြေအနေများ ဖြစ်ပေါ်လာလေ့ရှိသည်။
မွေးဖွားသည့်အခါတွင်လည်း နှလုံး၏လုပ်ငန်းတာဝန်များမှာ သိသာလျင်မြန်စွာ ပြောင်းလဲသွားပြီး သာမန်အချိန်များထက် အဆပေါင်းများစွာ အလုပ်လုပ်ရန် လိုအပ်လာသည်။ မည်သို့သောနည်းလမ်းဖြင့် မွေးဖွားသည်ဖြစ်စေ သွေးစီးဆင်းနှုန်းနှင့် သွေးပေါင်ချိန်တို့၏ အလွန်လျင်မြန်သော အပြောင်းအလဲများအပေါ် အလျဉ်မီအောင် နှလုံးမှ လိုက်ပါလုပ်ဆောင်ရသည်။ ထိုသို့လုပ်ဆာင်ရသော ကိုယ်ဝန်ဆောင်မိခင်၏ နှလုံးသည် မွေးဖွားပြီး ရက်သတ္တပတ် အတော်ကြာမှသာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသည်။
ရောဂါလက္ခဏာများ
ကိုယ်ဝန်ဆောင်ကာလတွင် ကြုံတွေ့ရလေ့ရှိသော လက္ခဏာအများစုမှာ နှလုံးရောဂါဝေဒနာရှင်များ ခံစားရတတ်သော ရောဂါလက္ခဏာများဖြစ်သော်လည်း အောက်ဖော်ပြပါ လက္ခဏာများ ဖြစ်ပေါ်လာပါက နှလုံးရောဂါဝေဒနာရှိသော ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် သက်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်သူနှင့် ချက်ချင်း တိုင်ပင်ပြသရန် အထူးအရေးကြီးသည်။
- အသက်ရှူရခက်ခဲခြင်း၊ မောပန်းခြင်း၊ အနားယူနေစဉ်အချိန်တွင်ပင် အသက်ရှူမဝခြင်း
- ရင်တုန်ခြင်း၊ နှလုံးခုန်ခြင်းကို သိသာစွာခံစားရခြင်း၊ နှလုံးခုန်မြန်ခြင်း
- ရင်ဘတ်အောင့်ခြင်း၊ ဝမ်းဗိုက်အောင့်ခြင်း
- ညအိပ်ချိန်တွင် ချောင်းဆိုးခြင်း၊ ချောင်းဆိုးရာတွင်သွေးစများ ပါဝင်နေခြင်း
- ခြေထောက်၊ ခန္ဓာကိုယ်အောက်ပိုင်း ဖောယောင်ခြင်း
- အလွန်ပင်ပန်းနွမ်းနယ် နုံးချည့်ခြင်း
- မူးဝေခြင်း၊ ခန္ဓာကိုယ် ယိမ်းယိုင်နေသလို ခံစားရခြင်း
- ခေါင်းကိုက်ခြင်း၊ မသက်သာဘဲ ပိုမိုပြင်းထန်စွာ ခေါင်းကိုက်ခြင်း
နောက်ဆက်တွဲပြဿနာများ
နှလုံးရောဂါဝေဒနာရှင်များ ကိုယ်ဝန်ဆောင်သောအခါတွင် ဖြစ်ပေါ်တတ်သော နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများမှာ အောက်ပါအတိုင်းဖြစ်သည်။
- ကိုယ်အလေးချိန် အလွန်အမင်းတက်ခြင်း
- ကိုယ်ဝန်ဆိပ်တက်ခြင်း
- နှလုံးအမောဖောက်ခြင်း၊ နှလုံးလုပ်ငန်းပျက်စီးခြင်း
- အချင်းကွာခြင်း
- သန္ဓေသားဖွံ့ဖြိုးမှု နှေးကွေးခြင်း
- သန္ဓေသား သေဆုံးခြင်း
- လမစေ့ဘဲ ကလေးမွေးဖွားခြင်း
- သွေးသွန်ခြင်း
- ကလေးသေဆုံးခြင်း
- မိခင်သေဆုံးခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
နှလုံးရောဂါဝေဒနာရှင်အမျိုးသမီးများအနေဖြင့် ကိုယ်ဝန်ဆောင်ရန် သင့်မသင့်ကို ဆုံးဖြတ်ရန်အတွက် မိမိ၏နှလုံးအထူးကုဆရာဝန်နှင့် ဦးစွာဆွေးနွေးတိုင်ပင်ခြင်းသည် အသင့်တော်ဆုံးနှင့် ဘေးအကင်းဆုံးဖြစ်သည်။
ကိုယ်ဝန်ရှိနေပြီဟုသိလျှင် သားဖွားမီးယပ်အထူးကုဆရာဝန်၊ နှလုံးအထူးကုဆရာဝန် နှစ်ဦးစလုံးနှင့် ချက်ချင်း ဆက်သွယ်ပြသ၍ ဆွေးနွေးတိုင်ပင် ကုသမှုခံယူရမည်။ အလွန်အန္တရာယ်များသော ကိုယ်ဝန်ဖြစ်သည့်အတွက် ပုံမှန်ထက်ပို၍ စမ်းသပ်စစ်ဆေးမှုများ၊ ကုသမှုများ ခံယူရမည်ဖြစ်ပြီး ရက်ချိန်းတိုင်း မပျက်မကွက် သွားရောက်ပြသရန် အထူးအရေးကြီးသည်။
ဆရာဝန်များ၏ညွှန်ကြားချက်များအတိုင်း လိုက်နာနေသည့်ကြားမှ အရေးပေါ်အခြေအနေများလည်း ဖြစ်ပေါ်တတ်လာသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအနေဖြင့် အထက်ပါအန္တရာယ်ရှိသော လက္ခဏာများကို သိရှိထားရန် လိုအပ်ပြီး ကြုံတွေ့ခံစားရပါက ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းသွားရောက်ရမည်။
ရောဂါရှာဖွေခြင်း
နှလုံးရောဂါရှိသော ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် ကိုယ်ဝန်စောင့်ရှောက်ရာတွင် ပုံမှန်စစ်ဆေးမှုများအပြင် နှလုံးရောဂါ၏ ပြင်းထန်မှုအခြေအနေကို စစ်ဆေးရန် အီးစီဂျီဆွဲခြင်း (Electrocardiogram)၊ အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (Echocardiogram) တို့ကို ဆောင်ရွက်ရန် လိုအပ်သည်။
နောက်ဆက်တွဲပြဿနာတစ်ခုဖြစ်သော သန္ဓေသားဖွံ့ဖြိုးမှုနှေးကွေးခြင်း ရှိမရှိကို သိရှိရန် ပုံမှန်ထက်ပို၍ အာထရာဆောင်းရိုက်ရန် လိုအပ်သည်။
ကုသခြင်း
နှလုံးရောဂါအတွက် သောက်သုံးရသော ဆေးဝါးများသည် မိခင်နှင့်သန္ဓေသားအတွက် အန္တရာယ်ကင်းရန် လိုအပ်သည့်အတွက် နှလုံးအထူးကုဆရာဝန်မှ အချို့ဆေးအမျိုးအစား၊ ဆေးပမာဏများကို ပြောင်းလဲရန် လိုအပ်နိုင်သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် နှလုံးအထူးကုဆရာဝန်၏ ညွှန်ကြားချက်အတိုင်း တိကျစွာ လိုက်နာသောက်သုံးရန် လိုအပ်ပြီး မိမိသဘောဆန္ဒအလျောက် ဆေးအတိုးအလျော့ ပြုလုပ်ခြင်းကို ရှောင်ရှားရမည်။
နှလုံးရောဂါဝေဒနာရှင် ကိုယ်ဝန်သည်များ ကလေးမွေးဖွားရာတွင်လည်း အထူးစောင့်ရှောက်မှုပေးရန် လိုအပ်သည့်အတွက် ညွှန်ကြားထားသည့် ဆေးရုံများတွင်သာ မွေးဖွားရမည်။ သားဖွားမီးယပ် အထူးကုဆရာဝန်၊ နှလုံးအထူးကုဆရာဝန်၊ မေ့ဆေးအထူးကုဆရာဝန်၊ ကလေးအထူးကုဆရာဝန်များနှင့် သားဖွားဆရာမတို့ ပါဝင်သော “ကိုယ်ဝန်ဆောင် နှလုံးအထူးကုအဖွဲ့ (Pregnancy Heart Team)” မှ အနီးကပ်စောင့်ရှောက်ကာ လိုအပ်သည့်ကုသမှုပေးပြီး မွေးဖွားရမည်။ ခွဲစိတ်မွေးဖွားရမည့် အကြောင်းရင်း မရှိလျှင် မေ့ဆေးအထူးကုဆရာဝန်မှ ခါးဆစ်ရိုးတွင် ပိုက်ချောင်းထည့်၍ အနာသက်သာသောဆေးများ (Epidural Anaesthesia) ထိုးပေးပြီး သဘာဝအတိုင်း မွေးဖွားနိုင်သည်။
ကာကွယ်ခြင်း
ကိုယ်ဝန်ဆောင်ခြင်းနှင့် နှလုံးရောဂါရှိခြင်းသည် မိခင်ရော ကလေးပါ အသက်ဆုံးရှုံးနိုင်သည်အထိ အလွန်အန္တရာယ်ကြီးသဖြင့် ဆရာဝန်များ၏ ညွှန်ကြားချက်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် အထူးလိုအပ်သည်။
နှလုံးရောဂါဝေဒနာရှင် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများမှ ကာကွယ်ရန် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်သင့်သည်။
- သားဖွားမီးယပ် အထူးကုဆရာဝန်သာမက နှလုံးအထူးကုဆရာဝန်နှင့်ပါ ရက်ချိန်းအတိုင်း ကိုယ်ဝန်စောင့်ရှောက်မှု မပျက်မကွက် ခံယူပါ
- ဆရာဝန်များ ညွှန်ကြားချက်များအတိုင်း လိုက်နာနေထိုင်၍ တိကျစွာ ဆေးဝါးသောက်သုံးပါ
- ကိုယ်ဝန်တွင်ရှိသင့်သော ကိုယ်အလေးချိန်ထက် မများအောင် ကိုယ်အလေးချိန် ထိန်းသိမ်း၍ သင့်တော်သောလေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ပေးပါ
- ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စားသောက်၍ အဆီ၊ အငန်၊ အချိုလျှော့စားပါ
- စိတ်ဖိစီးမှု သက်သာလျော့ပါးအောင် ပြုမူနေထိုင်ပါ
References:
- Mayo Clinic. (n.d.). Heart conditions and pregnancy: Know the risk. Mayo Foundation for Medical Education and Research. Retrieved September 30, 2025, from https://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/pregnancy/art-20045977
- Royal College of Obstetricians and Gynaecologists (RCOG). (n.d.). Cardiac disease and pregnancy (Good Practice No. 13). Retrieved September 30, 2025, from https://www.rcog.org.uk/guidance/browse-all-guidance/good-practice-papers/cardiac-disease-and-pregnancy-good-practice-no-13/
- European Society of Cardiology. (2025). 2025 ESC guidelines for the management of cardiovascular disease and pregnancy. Retrieved September 30, 2025, from https://www.escardio.org/Guidelines/Clinical-Practice-Guidelines/Cardiovascular-Diseases-during-Pregnancy-Management-of
- Cleveland Clinic. (n.d.). Heart disease and pregnancy. Cleveland Clinic. Retrieved September 30, 2025, from https://my.clevelandclinic.org/health/diseases/17068-heart-disease–pregnancy
Published: 11 October 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.