Pityriasis Alba (စပါးညှင်း)

Pityriasis Alba (စပါးညှင်း)

Pityriasis Alba (စပါးညှင်း) သည် အသက် (၃)နှစ် မှ (၁၆)နှစ်ကြား ကလေးနှင့် ဆယ်ကျော်သက်များတွင် အဓိကဖြစ်ပွါးလေ့ရှိသော အန္တရာယ်ကင်းသည့် အရေပြားရောဂါ အခြေအနေတစ်ခုဖြစ်သည်။ ၎င်းသည် ကူးစက်တတ်သော ရောဂါမဟုတ်ဘဲ အချိန်ကြာလာသည်နှင့်အမျှ အလိုအလျောက် သက်သာ ပျောက်ကင်းသွားတတ်သောကြောင့် ပုံမှန်အားဖြင့် ဆေးကုသမှု ခံယူရန် မလိုအပ်ပေ။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

စပါးညှင်း ဖြစ်ပေါ်ရသည့်အကြောင်းရင်း အတိအကျကို မသိရှိရသေးသော်လည်း အရေပြားအရောင်ကို ဖြစ်စေသော မယ်လနင်ဓာတ် (Melanin) လျော့နည်းသွားခြင်းကြောင့် ဖြစ်သည်ဟု ယူဆကြသည်။ အသားခြောက်သွေ့သောသူများနှင့် နှင်းခူဖြစ်တတ်သော အရေပြားရှိသူများတွင် ပိုမိုဖြစ်ပွါးလေ့ရှိသည်။ နေရောင်ခြည်နှင့် ထိတွေ့သောအခါ ပတ်ဝန်းကျင်အရေပြားသည် အရောင်ရင့်လာပြီး၊ စပါးညှင်းကွက်များက အရောင်ဖျော့နေသောကြောင့် ပိုမိုထင်ရှားလာတတ်သည်။ မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်နိုင်ခြေပိုများပြီး ပန်းနာရင်ကျပ် (Asthma)၊ နှင်းခူ (Eczema) နှင့် ပန်းဝတ်မှုန်ဓာတ်မတည့်ခြင်း (Hay fever) စသည့် ‌ရောဂါအခြေအနေများဖြစ်ပွါးဖူးသည့် မိသားစုရာဇဝင်ရှိသူများတွင် ပိုမိုဖြစ်ပွါးလေ့ရှိသည်။ ဗီတာမင်ဓာတ်ချို့တဲ့မှုကြောင့် ဖြစ်ပွါးသည်ဟုဆိုရန် လုံလောက်သော အထောက်အထားမရှိပါ။

ရောဂါလက္ခဏာများ

စပါးညှင်းသည် မျက်နှာတွင် အဖြစ်အများဆုံးဖြစ်ပြီး၊ လက်မောင်း၊ ကျော၊ ရင်ဘတ်နှင့် လည်ပင်းတို့တွင်လည်း ဖြစ်ပွါးတတ်သည်။ ၎င်း၏ လက္ခဏာရပ်များမှာ_

  • အရောင်နှင့် ပုံသဏ္ဌာန်
    အနီရောင် သို့မဟုတ် ပန်းရောင်အကွက်အဖြစ် စတင်ပေါ်ပေါက်သည်။ ထို့နောက် ပတ်ဝန်းကျင်အရေပြားထက် အရောင်ပိုဖျော့သော (အဖြူရောင်နီးပါး) အဝိုင်း၊ ဘဲဥပုံ သို့မဟုတ် တိကျသော ပုံသဏ္ဌာန်မရှိသည့် အကွက်များအဖြစ် ပြောင်းလဲသွားသည်။ အသားရောင်ညိုသူများတွင် ပို၍သိသာသည်။
  • အရွယ်အစားနှင့်အသွင်အပြင်
    အကွက်များသည် တစ်လက်မအရွယ်ခန့်အထိ ရှိနိုင်ပြီး အရေပြားမျက်နှာပြင်နှင့် တစ်ပြေးညီ ပြားချပ်နေခြင်း သို့မဟုတ် အနည်းငယ်ဖောင်းကြွနေခြင်းမျိုး ဖြစ်နိုင်သည်။ ခြောက်သွေ့ပြီး အဖတ်လန်နေတတ်သည်။ ခြောက်သွေ့ခြင်းနှင့် အဖတ်လန်ခြင်းသည် ဆောင်းရာသီတွင် ပိုမိုဖြစ်ပွါးတတ်သည်။ အနည်းငယ် ယားယံခြင်းရှိနိုင်သည်။

စပါးညှင်းအကွက်များသည် အောက်ပါအတိုင်း အဆင့်ဆင့်ပြောင်းလဲ၍ ဖြစ်ပေါ်လေ့ရှိသည်။

  1. အဖတ်အနည်းငယ်ပါသော ပန်းရောင်အကွက် သို့မဟုတ် ဖောင်းကြွအဖုအနေဖြင့် စတင်ဖြစ်ပေါ်သည်
  2. အရေပြားပေါ်တွင် သေးငယ်သောအဖတ်များပါသည့် အရောင်ဖျော့အကွက်ဖြစ်လာသည်
  3. ထို့နောက်တွင် အဖတ်မပါသော အရောင်ဖျော့သည့် အမှတ်အသားအဖြစ် ကျန်ခဲ့သည်
  4. နောက်ဆုံးတွင် အလိုအလျောက် ပျောက်ကင်းသက်သာသွားသည်
နောက်ဆက်တွဲပြဿနာများ

ယေဘုယျအားဖြင့် ပြင်းထန်ဆိုးရွားသော နောက်ဆက်တွဲပြဿနာ မရှိပါ။ သို့သော် စပါးညှင်းဖြစ်နေသော အရေပြားသည် တစ်ခါတစ်ရံ ယားယံသောကြောင့် ကုတ်ခြစ်မိပါက အရေပြားပေါက်ပြဲပြီး သွေးထွက်ခြင်း၊ ရောဂါပိုးဝင်၍ အရေပြားရောင်ရမ်းခြင်းနှင့် အမာရွတ်ကျန်ခြင်း စသည့် နောက်ဆက်တွဲပြဿနာ အနည်းငယ် ဖြစ်ပေါ်နိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အရေပြားပုံမှန်မဟုတ်သော အကွက်များဖြစ်ခြင်း၊ ထိုအကွက်များကြောင့် အလွန်အမင်းယားယံခြင်း၊ ‌ရောင်ရမ်းခြင်းနှင့် စိတ်မသက်မသာဖြစ်ခြင်းစသည်တို့ ခံစားရပါက မိသားစုဆရာဝန်နှင့် ပြသရမည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်းနှင့် အရေပြားကို အသေးစိတ်စစ်ဆေးခြင်းဖြင့် ရောဂါသတ်မှတ်နိုင်သည်။ အများစုတွင် သီးခြားစမ်းသပ်စစ်ဆေးမှုများ မလိုပါ။ သို့သော် အချို့သောအခြေအနေများတွင် အခြားသော အရောင်ဖျော့ အ‌ရေပြားအကွက်များနှင့် ခွဲခြားရန်အတွက် အခြားသောစစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်နိုင်သည်။

  1. ပိုတက်ဆီယမ်ဟိုက်ဒရိုက်ဆိုဒ် (KOH) ဖြင့်စစ်ဆေးခြင်း
    မှိုပိုးကြောင့်ဖြစ်သော ညှင်း (Pityriasis versicolor) ရှိမရှိကို စစ်ဆေးရန် အရေပြားကို ခြစ်ယူပြီး KOH နှင့်ပေါင်းစပ်ကာ အဏုကြည့်မှန်ဘီလူးအောက်၌ ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်။ ၎င်းစစ်ဆေးခြင်းသည် မှိုပိုးဝင်ရောက်ခြင်းကြောင့် ဖြစ်သောရောဂါများကို ရှာဖွေရာတွင် အထောက်အကူဖြစ်စေသည်။
  2. ခရမ်းလွန်ရောင်ခြည်မီးအိမ် (Wood’s lamp) ဖြင့် စစ်ဆေးခြင်း
    အမှောင်ထဲတွင် အရေပြားအကွက်ကို ခရမ်းလွန်ရောင်ခြည်မီးဖြင့် ထိုး၍ အလင်းပြန်ခြင်း ရှိမရှိကို စစ်ဆေးခြင်းဖြစ်သည်။ စပါးညှင်းသည် ပုံမှန်အားဖြင့် ထိုသို့စမ်းသပ်စစ်ဆေးပါက အလင်းပြန်လေ့မရှိပါ။ သို့သော် ခရုသင်းရောဂါကဲ့သို့သော အရေပြားရောင်ခြယ်ဆိုင်ရာပြဿနာများတွင် အလင်းပြန်သောကြောင့် စပါးညှင်းနှင့် ခွဲခြားရာတွင် သုံးသည်။
  3. အရေပြားအသားစယူစစ်ဆေးခြင်း
    အရေပြားနမူနာ အနည်းငယ်ကိုယူ၍ အဏုကြည့်မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်။ ‌ရောဂါသတ်မှတ်ရာတွင် မသေချာခြင်းနှင့် ကုသမှုခံယူထားသော်လည်း ခန့်မှန်းထားသကဲ့သို့ တိုးတက်မှုမရှိခြင်းစသည့် အခြေအနေများတွင် ပြုလုပ်နိုင်သည်။
ကုသခြင်း

စပါးညှင်းသည် ပုံမှန်အားဖြင့် ကုသမှုမလိုအပ်ဘဲ လအနည်းငယ်မှ နှစ်အနည်းငယ်အတွင်း သူ့အလိုအလျောက် ပျောက်ကင်းနိုင်သည်။ သို့သော် လက္ခဏာများ ပိုဆိုးလာပါက ဆရာဝန်နှင့် ပြသပြီး သင့်တော်သော ကုသမှုကို ခံယူရန် လိုအပ်သည်။ ကုသမှု၏ ရည်ရွယ်ချက်မှာ ရောဂါလက္ခဏာများ သက်သာစေရန်နှင့် အရေပြားအရောင် ပုံမှန်ပြန်ဖြစ်စေရန်ဖြစ်သည်။

  • အပျော့စား စတီးရွိုက်လိမ်းဆေးများ
    1% Hydrocortisone cream
    ကဲ့သို့သော အပျော့စား စတီးရွိုက်လိမ်းဆေးများကို တစ်နေ့လျှင် တစ်ကြိမ် မှ နှစ်ကြိမ် လိမ်းပေးခြင်းဖြင့် ရောင်ရမ်းမှုနှင့် ယားယံမှုများကို သက်သာစေနိုင်သည်။ မျက်နှာကဲ့သို့ ထိခိုက်လွယ်သောနေရာများတွင် အပြင်းစားစတီးရွိုက်ခရင်မ်များ အသုံးပြုခြင်းကို ရှောင်ကြဉ်သင့်သည်။
  • ခုခံအားစနစ် သက်ရောက်မှုရှိသောဆေးများ (Topical calcineurin inhibitors)
    Pimecrolimus သို့မဟုတ် Tacrolimus ကဲ့သို့သော စတီးရွိုက်မပါသည့် လိမ်းဆေးခရင်မ်များကို ထိခိုက်လွယ်သော အရေပြားများအတွက် ရောင်ရမ်းမှု သက်သာစေရန် ဆရာဝန်မှ ညွှန်ကြားနိုင်သည်
  • ဗီတာမင် ဒီ ပါဝင်သော လိမ်းဆေးများ
    Calcitriol ဟုခေါ်သော ဗီတာမင် ဒီ ပါဝင်သည့် လိမ်းဆေးကိုလည်း အသုံးပြုနိုင်သည်
  • အလင်းကုထုံးဖြင့် ကုသခြင်း (Phototherapy)
    • PUVA ကုထုံး – psoralen ခေါ် အပင်မှ ထုတ်ယူသော ဂျယ်လ် သို့မဟုတ် လိုးရှင်းကို လိမ်းပြီးနောက် ခရမ်းလွန်ရောင်ခြည် A ဖြင့် တွဲဖက်ကုသခြင်းဖြစ်သည်
    • ပစ်မှတ်ထား အလင်းကုထုံး (Targeted phototherapy) – စပါးညှင်းဖြစ်နေသောနေရာကိုသာ ပစ်မှတ်ထားပြီး ခရမ်းလွန်ရောင်ခြည်ကို အသုံးပြု၍ ကုသခြင်းဖြစ်သည်
  • အလှအပရေးရာ ကုသမှု
    စပါးညှင်းဖြစ်နေသော အရေပြားကို မိတ်ကပ်ဖြင့် ယာယီဖုံးအုပ်ထားနိုင်သည်။

စပါးညှင်းသည် လအနည်းငယ်မှ နှစ်အနည်းငယ်အတွင်း တဖြည်းဖြည်း ပျောက်ကင်းသွားတတ်သောကြောင့် စိတ်ရှည်စွာဖြင့် စောင့်ကြည့်ကုသရန်လိုသည်။

ကာကွယ်ခြင်း

အိမ်တွင်းကုသမှုများဖြင့် စပါးညှင်းဖြစ်ပေါ်ခြင်းကို ကာကွယ်နိုင်သည်။ အိမ်၌ အရေပြားကို နူးညံ့စွာထိန်းသိမ်းခြင်း၊ အစိုဓာတ်ထိန်းခြင်းနှင့် နေရောင်ခြည်ဒဏ်မှ ကာကွယ်ခြင်းတို့ ပြုလုပ်နိုင်သည်။

  • အစိုဓာတ်ထိန်းခြင်း
    အနံ့မပါသော အစိုထိန်းခရင်မ်များ သို့မဟုတ် petroleum jelly ကဲ့သို့သော အဆီပါသည့် လိမ်းဆေးများကို ပုံမှန်လိမ်းပေးခြင်းဖြင့် အရေပြားခြောက်သွေ့မှုကို ကာကွယ်နိုင်သည်။ ရေနွေးနွေးဖြင့် ရေချိုးခြင်း၊ အသားကို ကြမ်းတမ်းစွာ မပွတ်တိုက်ခြင်းနှင့် ပြင်းထန်သော အရေပြား ထိန်းသိမ်းရေးပစ္စည်းများ သုံးစွဲခြင်းကို ရှောင်ကြဉ်ခြင်းတို့ဖြင့် အသားခြောက်သွေ့ခြင်းကို လျော့နည်းစေနိုင်သည်။
  • နေရောင်ခြည်ဒဏ်မှ ကာကွယ်ခြင်း
    SPF (၃၀) နှင့်အထက်ရှိသော နေလောင်ကာခရင်မ်ကို နေ့စဉ်လိမ်းပေးခြင်းဖြင့် စပါးညှင်းဖြစ်နေသောနေရာ ပတ်ဝန်းကျင်ရှိ အရေပြား အရောင်ရင့်လာခြင်းကို ကာကွယ်ပေးပြီး အရေပြားအရောင်ကွာခြားမှုကို လျော့နည်းစေသည်။ ထို့ပြင် အနားကျယ်သော ဦးထုပ်၊ နေကာမျက်မှန်နှင့် လက်ရှည်အဝတ်အစားများဖြင့်လည်း နေလောင်ခြင်းကို ကာကွယ်နိုင်သည်။

References:

  1. Cleveland Clinic. (n.d.). Pityriasis alba. Cleveland Clinic. Retrieved October 9, 2025, from https://my.clevelandclinic.org/health/diseases/pityriasis-alba
  2. DermNet NZ. (n.d.). Pityriasis alba. DermNet NZ. Retrieved October 9, 2025, from https://dermnetnz.org/topics/pityriasis-alba
  3. Emedicine. (n.d.). Pityriasis alba: Overview. Medscape. Retrieved October 9, 2025, from https://emedicine.medscape.com/article/910770-overview
  4. Healthline. (n.d.). Pityriasis alba. Healthline. Retrieved October 9, 2025, from https://www.healthline.com/health/pityriasis-alba#causes
  5. Metropolis Healthcare. (n.d.). Pityriasis alba. Metropolis India. Retrieved October 9, 2025, from https://www.metropolisindia.com/blog/preventive-healthcare/pityriasis-alba#section-what-are-the-complications-of-pityriasis-alba-7

Published: 9 October 2025

.indent-top{padding-top: 30px;} .indent-bottom{padding-bottom: 30px;}

Share

9 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View More
Clavicle Fracture (ညှပ်ရိုးကျိုးခြင်း)
Feb 28, 2026
Diseases and Conditions

Clavicle Fracture (ညှပ်ရိုးကျိုးခြင်း)

ညှပ်ရိုးကျိုးခြင်းအများစုကို မခွဲစိတ်ဘဲကုသသည့် နည်းလမ်းများဖြင့်...

Patau Syndrome (Trisomy 13) (ပါတောင်း ဆင်ဒရုန်း)
Feb 28, 2026
Diseases and Conditions

Patau Syndrome (Trisomy 13) (ပါတောင်း ဆင်ဒရုန်း)

ပါတောင်း ဆင်ဒရုန်း (Patau Syndrome) သည် ခန္ဓာကိုယ်အင်္ဂါအစုံတွင်...

Foot Drop (ခြေဖျားကော့မရခြင်း)
Feb 28, 2026
Diseases and Conditions

Foot Drop (ခြေဖျားကော့မရခြင်း)

ခြေဖျားကော့မရခြင်းသည် အာရုံကြော၊ ကြွက်သား သို့မဟုတ်...