Giant Cell Arteritis (Temporal arteritis) (သွေးလွှတ်ကြောရောင်ရောဂါ)

Giant Cell Arteritis (Temporal arteritis) (သွေးလွှတ်ကြောရောင်ရောဂါ)

Giant Cell Arteritis (GCA) ဆိုသည်မှာ သွေးလွှတ်ကြောရောင်ရမ်းခြင်း (Vasculitis) ရောဂါ အမျိုးအစားတစ်ခုဖြစ်ပြီး ဦးခေါင်း၊ လည်ပင်းနှင့် လက်များရှိ သွေးလွှတ်ကြောများ၏ အတွင်းဆုံးနံရံ (Inner lining) များ ရောင်ရမ်းခြင်းဖြစ်သည်။ အထူးသဖြင့် နားထင်ဘေးနားရှိ သွေးကြောများ ရောင်ရမ်းသောကြောင့် နားထင်သွေးကြောရောင်ရောဂါ (Temporal Arteritis) ဟုလည်း ခေါ်သည်။ နားထင်ဘေးနားရှိ သွေးကြောများသည် ဦးရေပြား၊ မေးရိုးကြွက်သားနှင့် မျက်စိ၏ အမြင်အာရုံကြောများကို သွေးထောက်ပံ့ပေးသောကြောင့် ထိုသွေးကြောများရောင်ရမ်းသောအခါ ဦးရေပြားနာခြင်းနှင့် အမြင်အာရုံထိခိုက်ပျက်စီးခြင်းများကို ဖြစ်စေနိုင်သည်။ ထို့ပြင် ကိုယ်ခန္ဓာ၏ အခြားအရေးကြီးသော သွေးကြောများကိုပါ ထိခိုက်ရောင်ရမ်းစေနိုင်သောကြောင့် အမြန်ကုသမှုခံယူရန် အရေးကြီးသည်။

ထိုရောဂါသည် Polymyalgia Rheumatica (PMR) ခေါ် တစ်ကိုယ်လုံးရှိကြွက်သားများနှင့် အဆစ်အမြစ်များ နာကျင်ရောင်ရမ်းသည့်ရောဂါနှင့် တွဲလျက်တွေ့ရတတ်ပြီး PMR ရောဂါရှိသူများတွင်လည်း သွေးကြောရောင်ရောဂါ ဖြစ်နိုင်ခြေ မြင့်မားသည်ကို တွေ့ရသည်။ ‌ထိုရောဂါသည် သွေးလွှတ်ကြောရောင်ရောဂါများအနက် အဖြစ်အများဆုံး ဖြစ်သော်လည်း တွေ့ရရှားပါးသော ရောဂါတစ်ခုဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင် လူတစ်သိန်း၌ လူ (၂၀) ဝန်းကျင်တွင်သာ ရောဂါတွေ့ရသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

သွေးလွှတ်ကြောရောင်ရောဂါ ဖြစ်ပွားရသည့် အဓိကအကြောင်းရင်းကို တိတိကျကျ မသိရသေးပါ။ သို့သော် သုတေသီများ၏ ယူဆချက်များမှာ_

  • ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်မှု
    ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ် ချို့ယွင်းမှုကြောင့် ပုံမှန်သွေးကြောများကို တိုက်ခိုက်ကာ ရောင်ရမ်းစေခြင်း ဖြစ်သည်။ သုတေသနပညာရှင်များက ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်မှုကြောင့် ဖြစ်သောရောဂါ (Autoimmune disease) ဟု သတ်မှတ်ကြသည်။
  • အသက်အရွယ်ကြီးရင့်ခြင်း
    GCA သည် အသက်ကြီးသူများတွင် အဓိက ဖြစ်ပွါးလေ့ရှိသောကြောင့် အသက်ကြီးလာခြင်းသည် ရောဂါဖြစ်စေရန် အရေးကြီးသည့် အချက်တစ်ခုဟု ယူဆသည်။
  • မျိုးဗီဇနှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ
    မျိုးဗီဇဆိုင်ရာ ပြောင်းလဲမှုများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များသည်လည်း ကိုယ်ခံအားစနစ်၏ တုံ့ပြန်မှုကို ထိခိုက်စေနိုင်သည်။

သွေးလွှတ်ကြောရောင်ရောဂါကြောင့် သွေးလွှတ်ကြောများ၏ အတွင်းဆုံးနံရံများ ရောင်ရမ်းဖောင်းပွလာပြီး သွေးကြောများ ကျဉ်းမြောင်းလာသည်။ ထို့ကြောင့် သွေးစီးဆင်းမှု လျော့နည်းလာကာ ခန္ဓာကိုယ်၏ အရေးကြီးသော အစိတ်အပိုင်းများဆီသို့ အောက်ဆီဂျင်နှင့် အာဟာရဓာတ်များ ထောက်ပံ့မှု ထိခိုက်စေသည်။ ဤရောဂါသည် တစ်ကိုယ်လုံးရှိ သွေးလွှတ်ကြောများကို ရောင်ရမ်းစေနိုင်သော်လည်း များသောအားဖြင့် ဦးခေါင်းနှင့် နားထင်ဘေးတစ်ဝိုက်ရှိ သွေးလွှတ်ကြောများကို ပိုမိုထိခိုက်စေသည်။

သွေးလွှတ်ကြောရောင်ရောဂါဖြစ်နိုင်ခြေများသူများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • အသက်အရွယ် – အသက် (၅၀) ကျော်သူများတွင်သာ စတင်ဖြစ်ပွါးတတ်ပြီး ရောဂါခံစားရသူအများစုသည် အသက် (၇၀) နှင့် (၈၀) ကြား အသက်ကြီးသူများဖြစ်သည်
  • ကျား/မ – အမျိုးသမီးများတွင် ဖြစ်နိုင်ခြေ (၂) ဆပိုများသည်၊ သို့သော် အမျိုးသားများတွင် ရောဂါဖြစ်ပါက မျက်စိထိခိုက်နိုင်ခြေ ပိုများသည်
  • လူမျိုး – မြောက်ဥရောပနွယ်မျိုး လူဖြူများတွင် အဓိကတွေ့ရသည်
  • မျိုးရိုးလိုက်ခြင်း – မိသားစုဝင်များတွင် ရောဂါဖြစ်သူရှိပါက ရောဂါဖြစ်နိုင်ခြေများစေသည်
  • တစ်ကိုယ်လုံးရှိကြွက်သားများနှင့် အဆစ်အမြစ်များ နာကျင်ရောင်ရမ်းသည့်ရောဂါ (PMR) ရှိခြင်း – ထိုရောဂါရှိသူများတွင် သွေးကြောရောင်ရောဂါ ဖြစ်နိုင်ခြေ အလွန်မြင့်မားသည်
ရောဂါလက္ခဏာများ

သွေးလွှတ်ကြောရောင်ရောဂါ၏ အဖြစ်အများဆုံး လက္ခဏာမှာ ဦးခေါင်းနှင့် နားထင်တစ်ဝိုက်တွင် တဒုတ်ဒုတ်ဖြင့် အပြင်းအထန်ခေါင်းထိုးကိုက်ခြင်းဖြစ်သည် (အသက်ကြီးသူများတွင် ခေါင်းထိုးကိုက်ပါက သွေးကြောရောင်ရောဂါ ဖြစ်နိုင်ခြေကို ဦးစွာထည့်သွင်းစဥ်းစားသင့်သည်)။ ခေါင်းကိုက်ခြင်းသည် တဖြည်းဖြည်း ပိုဆိုးလာနိုင်သလို တစ်ခါတစ်ရံ ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်တတ်ပြီး ခဏတာ သက်သာသောအချိန်များလည်း ရှိသည်။ နားထင်တစ်ဖက်တည်း (သို့မဟုတ်) နှစ်ဖက်လုံးတွင် ဖြစ်နိုင်သည်။ တွေ့နိုင်သော အခြားလက္ခဏာများမှာ_

  • ဦးရေပြား (သို့မဟုတ်) နားထင်နေရာတွင် အထိမခံနိုင်အောင် နာကျင်ခြင်း
  • အစာဝါးသောအချိန် (သို့မဟုတ်) ပါးစပ်ကျယ်ကျယ် ဟချိန်တွင် မေးရိုးနာကျင်ခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • ဖျားနာခြင်း
  • အစာစားချင်စိတ်မရှိခြင်း (သို့မဟုတ်) ကိုယ်အလေးချိန်ကျဆင်းလာခြင်း
  • မျက်စိအမြင်အာရုံ နှစ်ထပ်မြင်ခြင်း၊ အမြင်အာရုံ ကျလာခြင်း၊ မျက်စိတစ်ဖက် (သို့မဟုတ်) နှစ်ဖက်လုံး အမြင်အာရုံလုံးဝဆုံးရှုံးခြင်းစသည်တို့ဖြစ်သည်။

ထို့ပြင် လက်မောင်းအပေါ်ပိုင်း၊ ပခုံး၊ တင်ပါး၊ ပေါင်အပေါ်ပိုင်း၊ ခါးအောက်ပိုင်းနှင့် တင်ပါးဆုံနေရာများတွင် ကြွက်သားများ ကိုက်ခဲခြင်း၊ နာကျင်တောင့်တင်းခြင်းစသည့် တစ်ကိုယ်လုံးကြွက်သားနာကျင်သော ရောဂါ (PMR) လက္ခဏာများကို လူနာများ၏ (၅၀) ရာခိုင်နှုန်းခန့်တွင် တွေ့ရသည်။

နောက်ဆက်တွဲပြဿနာများ

အချိန်မီကုသမှု မရရှိပါက အောက်ပါ ပြင်းထန်သော နောက်ဆက်တွဲ ပြဿနာများကို ဖြစ်စေနိုင်သည်။

  • မျက်စိကွယ်ခြင်း
    မျက်လုံးဆီသို့ ထောက်ပံ့ပေးထားသော သွေးစီးဆင်းမှု လျော့နည်းသွားခြင်းကြောင့် နာကျင်မှုမရှိဘဲ ရုတ်တရက် မျက်လုံးတစ်ဖက် (ရှားရှားပါးပါး မျက်လုံးနှစ်ဖက်စလုံး) တွင် အမြင်အာရုံ ဆုံးရှုံးနိုင်သည်။ များသောအားဖြင့် အမြင်အာရုံဆုံးရှုံးမှုသည် ပြန်ကောင်းမလာဘဲ တစ်သက်တာလုံး အမြင်အာရုံဆုံးရှုံးခြင်း ဖြစ်နိုင်သည်။
  • သွေးလွှတ်ကြောမကြီး ဖောင်းခြင်း (Aortic aneurysm)
    သွေးလွှတ်ကြောနံရံများ ရောင်ရမ်းခြင်းကြောင့် သွေးကြောနံရံများ အားနည်းပြီး အပြင်ဘက်သို့ အဖုပုံစံ ဖောင်းလာခြင်းဖြစ်သည်။ အများအားဖြင့် ရင်ဘတ်နှင့် ဝမ်းဗိုက်အလယ်ရှိ သွေးလွှတ်ကြောမကြီး (aorta) တွင် ဖြစ်ပေါ်တတ်ပြီး ထိုသွေးကြောဖောင်းသည် အချိန်မရွေး ပေါက်ထွက်နိုင်၍ အသက်အန္တရာယ်ရှိသော ကိုယ်ခန္ဓာအတွင်းပိုင်း သွေးယိုစိမ့်မှုကို ဖြစ်စေနိုင်သည်။ ထိုသို့ သွေးကြောဖောင်းခြင်းသည် ရောဂါစတင်ဖြစ်ပေါ်ပြီး နှစ်အနည်းငယ်ကြာပြီးမှ ဖြစ်ပွါးနိုင်သောကြောင့် သွေးကြောမကြီးကို ရင်ဘတ်ဓာတ်မှန် (သို့မဟုတ်) စီတီဓာတ်မှန်များဖြင့် နှစ်စဥ်ပုံမှန် စစ်ဆေးစောင့်ကြည့်နိုင်သည်။
  • လေဖြတ်ခြင်း (Stroke)
    အဖြစ်များသော နောက်ဆက်တွဲပြဿနာဖြစ်ပြီး လေဖြတ်ခြင်း (သို့မဟုတ်) လေဖြန်းခြင်း (transient ischemic attacks) အခြေအနေများ ဖြစ်ပေါ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အသက်အရွယ်ကြီးသူများတွင် ဦးခေါင်းနှင့် နားထင်တစ်ဝိုက်၌ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း (သို့မဟုတ်) အထက်တွင် ဖော်ပြထားသော လက္ခဏာများခံစားရပါက မိသားစုဆရာဝန်နှင့် ပြသသင့်သည်။ ရောဂါသိရှိပါက ကုသမှုကို အမြန်ဆုံးစတင်ခြင်းသည် အမြင်အာရုံဆုံးရှုံးမှုကို ကာကွယ်နိုင်ရန် အရေးကြီးသော အချက်ဖြစ်သည်။

ရောဂါရှာဖွေခြင်း

သွေးကြောရောင်ရောဂါ၏ အစောပိုင်းလက္ခဏာများသည် အခြားရောဂါများနှင့် ဆင်တူနိုင်သောကြောင့် ရောဂါရှာဖွေရန် ခက်ခဲနိုင်သည်။ ထို့ကြောင့် ဆရာဝန်များသည် လက္ခဏာဆင်တူသော အခြားရောဂါများ မဟုတ်ကြောင်းသက်သေပြရန် လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်သည်။

  • စမ်းသပ်စစ်ဆေးခြင်း
    ရောဂါလက္ခဏာများကို မေးမြန်းစစ်ဆေးခြင်း၊ ခြေထောက်နှင့် လက်များရှိ သွေးခုန်နှုန်း အားနည်းခြင်း၊ ဦးရေပြား နာကျင်ခြင်း၊ နားထင်သွေးကြောများ ရောင်ရမ်းပြီး ထူလာခြင်းတို့ကို စမ်းသပ်သည်။
  • သွေးဓာတ်ခွဲစစ်ဆေးခြင်းနှင့် ပုံရိပ်ဖော်စစ်ဆေးခြင်း
    လိုအပ်ပါက သွေးစစ်ဆေးမှုများနှင့် ပုံရိပ်ဖော်စစ်ဆေးမှုများ ပြုလုပ်ပေးသည်။
  • အထူးကုများထံ လွှဲပြောင်းပေးခြင်း
    လိုအပ်သည့်အခြေအနေတွင် အရိုးအကြောအဆစ် အထူးကုဆရာဝန် (Rheumatologists) များထံ လွှဲပြောင်းပေးသည်။
  1. သွေးစစ်ဆေးခြင်း
    • ESR, CRP
      ကိုယ်ခန္ဓာအတွင်း ရောင်ရမ်းမှုကို ဖော်ပြသော ဓာတ်များဖြစ်သောကြောင့် သွေးကြောရောင်ခြင်း ရှိမရှိ ရောဂါရှာဖွေရာတွင် အသုံးပြုနိုင်သလို ကုသမှုများ၏ ထိရောက်မှုကို စောင့်ကြည့်ရာတွင်လည်း သုံးနိုင်သည်။
    • သွေးအားစစ်ဆေးခြင်း (complete blood count – CBC)
      သွေးအားနည်းခြင်း ရှိမရှိကို စစ်ဆေးနိုင်သည်။
  2. ပုံရိပ်ဖော်စစ်ဆေးမှုများ ပြုလုပ်ခြင်း (‌ရောဂါရှာဖွေခြင်းနှင့် ကုသမှုအပေါ် တုံ့ပြန်မှုများကို စစ်ဆေးခြင်းများအတွက် အသုံးပြုနိုင်သည်)
    • Doppler Ultrasound – အသံလှိုင်းများကို အသုံးပြု၍ သွေးကြောတွင်းရှိ သွေးစီးဆင်းမှုကို တိုင်းတာခြင်းဖြစ်ပြီး သွေးကြောရောင်ရမ်းနေသည့်နေရာများကို ဖော်ထုတ်ရန် အသုံးပြုသည်
    • သွေးကြောပုံဖော် သံလိုက်ဓာတ်မှန် (Magnetic Resonance Angiography – MRA) – ပုံရိပ်ကြည်လင်ပြတ်သားစေသော ဆေးရည် (Contrast media) ကို သံလိုက်ဓာတ်မှန်ရိုက်ချိန်တွင် တွဲဖက်အသုံးပြုခြင်းဖြင့် သွေးကြောများ၏ ပုံရိပ်များကို ပိုမိုတိကျပြတ်သားစွာ မြင်နိုင်သည်
    • Positron Emission Tomography (PET) Scan – PET စီတီဓာတ်မှန်ကို သုံး၍ သွေးကြောအကြီးများ (ဥပမာ- သွေးလွှတ်ကြောမကြီး Aorta) ရောင်ရမ်းခြင်းအတွက် စစ်ဆေးခြင်းဖြစ်သည်၊ သေးငယ်သော ရေဒီယိုသတ္တိကြွပစ္စည်းပါဝင်သည့် ထိုးဆေးကို သွေးကြောထဲသို့သွင်း၍ ရောင်ရမ်းသော နေရာများကို ရှာဖွေနိုင်သည်
  3. အသားစယူ စစ်ဆေးခြင်း (Temporal Artery Biopsy)
    သွေးကြောကြီးရောင်ရမ်းသောရောဂါကို ဖော်ထုတ်ရန် နားထင်သွေးလွှတ်ကြော အသားစယူခြင်း (Temporal artery biopsy) သည် အတိကျဆုံးနည်းလမ်းဖြစ်သည်။ ထုံဆေးအသုံးပြု၍ နားထင်တစ်ဝိုက်တွင် ရှိသော နားထင်သွေးလွှတ်ကြောမှ အသားစအနည်းငယ်ကိုယူ၍ ဓာတ်ခွဲစစ်ဆေးခြင်းဖြစ်သည်။ လူနာသည် ပြင်ပလူနာအနေဖြင့် အသားစယူနိုင်သလို များစွာ နာကျင်ခြင်းမရှိဘဲ အမာရွတ်ကျန်ခြင်းလည်း နည်းပါးသည်။ သွေးကြောရောင်ရောဂါရှိပါက အသားစစစ်ဆေးရာတွင် သွေးလွှတ်ကြောနံရံ၌ သွေးဖြူဥများ စုဝေးနေသော ဆဲလ်အစုအဝေးများ (Giant cells) များကို တွေ့ရပြီး ရောင်ရမ်းမှုများကိုလည်း တွေ့နိုင်သည်။ သို့ရာတွင် တစ်ခါတစ်ရံ ထိုဆဲလ်များ မတွေ့သည့် အခြေအနေများတွင် ဆရာဝန်များသည် အခြားတစ်ဖက်ရှိ နားထင်သွေးလွှတ်ကြောမှ အသားစယူခြင်းကို ပြုလုပ်နိုင်သည်။
ကုသခြင်း

စတီးရွိုက်ဆေးများဖြင့် ကုသခြင်း
သွေးလွှတ်ကြောရောင်ရောဂါကုသရာတွင် အမြင်အာရုံဆုံးရှုံးခြင်း (Vision loss) မှ ကာကွယ်နိုင်ရန် ကုသမှုကို တတ်နိုင်သမျှအမြန်ဆုံး စတင်ရန် လိုအပ်သည်။ အဓိက အသုံးပြုသောဆေးမှာ Prednisone ဟုခေါ်သော စတီးရွိုက်ဆေးဖြစ်သည်။ အကယ်၍ မျက်စိအမြင်အာရုံ ထိခိုက်ခြင်းရှိပါက ဆရာဝန်မှ ပိုမိုထိရောက်သော စတီးရွိုက်ထိုးဆေးများကို သွေးကြောထဲသို့ သွင်း၍ ကုသမှု ပေးမည်ဖြစ်သည်။

စတီးရွိုက်ဆေးများဖြင့် စောစောကုသခြင်းသည် အရေးကြီးသောကြောင့် အချို့လူနာများတွင် သွေးကြောရောင် ရောဂါလက္ခဏာဟု သံသယရှိပါက နားထင်သွေးလွှတ်ကြော အသားစမယူခင် အချိန်ကတည်းမှ စတီးရွိုက်ဆေး စတင်ပေးထားလေ့ရှိသည်။ ရောဂါလက္ခဏာများသည် ဆေးစတင်သောက်ပြီး ရက်အနည်းငယ်အတွင်း သက်သာလာသည်ကို တွေ့ရသည်။ သို့သော် တစ်ခါတစ်ရံ အမြင်အာရုံဆုံးရှုံးမှု ရှိသောလူနာများတွင် စတီးရွိုက်ဆေးများပေးသော်လည်း အမြင်အာရုံ ပြန်လည်ကောင်းမွန်လာခြင်း မရှိသည်ကို တွေ့ရသည်။ ထိုလူနာများတွင် စတီးရွိုက်ပေးခြင်းသည် မထိခိုက်သေးသော အခြားတစ်ဖက်မျက်လုံးအတွက် ကာကွယ်မှုပေးနိုင်ရန်ဖြစ်သည်။

စတီးရွိုက်ဆေးများကို အနည်းဆုံး (၁)နှစ် မှ (၂)နှစ်နှင့်အထက် သောက်သုံးရန် လိုအပ်သည်။ ဆေးစသောက်ပြီး တစ်လကြာလျှင် ဆရာဝန်မှ စတီးရွိုက်ဆေးပမာဏကို တဖြည်းဖြည်း ပြန်လည်လျှော့ပေးမည်ဖြစ်သည်။ စတီးရွိုက်ဆေးလျှော့ချိန်တွင် ခေါင်းကိုက်ခြင်း၊ ဦးရေပြားနာခြင်း စသော လက္ခဏာများ အနည်းငယ် ပြန်ဖြစ်ပေါ်လာနိုင်သည်။

သွေးလွှတ်ကြောရောင်ရောဂါအတွက် စတီးရွိုက်ဆေးများကို ပမာဏများများနှင့် အချိန်ကြာကြာ သုံးစွဲရသောအခါ ဘေးထွက်ဆိုးကျိုးများစွာ ဖြစ်ပေါ်နိုင်သည်။ မျက်လုံးအတွင်းတိမ်စွဲခြင်း၊ သွေးတိုးခြင်း၊ ဆီးချိုရောဂါဖြစ်ခြင်း၊ အိပ်မပျော်ခြင်းနှင့် စိတ်ခံစားမှု အတက်အကျမြန်ခြင်းတို့ ဖြစ်ပွားနိုင်သည်။ ထို့ပြင် ခြေထောက်အောက်ပိုင်း ကြွက်သားများ အားနည်းခြင်း၊ မျက်နှာနှင့် ခြေထောက်ဖောယောင်ခြင်း၊ ကိုယ်အလေးချိန်တက်လာခြင်း၊ အရိုးပွခြင်းနှင့် အရိုးကျိုးနိုင်ခြင်းတို့ ဖြစ်ပေါ်နိုင်သောကြောင့် အရိုးသိပ်သည်းဆ စစ်ဆေးခြင်း၊ ဗီတာမင် D နှင့် ကယ်လ်စီယမ်ဓာတ် ဖြည့်စွက်စာများ မှီဝဲခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းနှင့် အရိုးသန်မာစေရန် ဆေးဝါးများ သောက်သုံးခြင်းတို့ ဆောင်ရွက်နိုင်သည်။

အခြားဆေးဝါးများ
(၂၀၁၇) ခုနှစ်တွင် အမေရိကန် အစားအသောက်နှင့်ဆေးဝါးအဖွဲ့ (US FDA) သည် သွေးလွှတ်ကြောရောင်ရောဂါကို ကုသရန် Tocilizumab ဆေးကို အသုံးပြုခွင့်ပေးခဲ့သည်။ ထိုဆေးကို ကြွက်သားတွင်း ထိုးဆေး (SC) နှင့် သွေးကြောသွင်းဆေး (IV infusion) အနေဖြင့် ရရှိနိုင်သည်။ Tocilizumab ဆေးကို အသုံးပြုခြင်းဖြင့် စတီးရွိုက်ဆေး သောက်ရသောပမာဏကို လျှော့ချပေးနိုင်သဖြင့် ဘေးထွက်ဆိုးကျိုးများကို သက်သာစေသည်။ သို့သော် Tocilizumab ဆေးတွင်လည်း ရောဂါပိုးများဝင်လွယ်ခြင်းစသည့် သက်ဆိုင်ရာဘေးထွက်ဆိုးကျိုးများ ရှိနိုင်သဖြင့် ကောင်းကျိုး၊ ဆိုးကျိုးကို ချိန်ဆပေးရန် လိုအပ်သည်။

တစ်ခါတစ်ရံ စတီးရွိုက်ဆေးလျှော့နေချိန်တွင် ကြွက်သားနာကျင်ခြင်း၊ တောင့်တင်းခြင်းစသည့် PMR ရောဂါ၏ လက္ခဏာများ ဖြစ်ပေါ်တတ်သည်။ ထိုအခြေအနေတွင် စတီးရွိုက်ဆေးပမာဏ အနည်းငယ်တိုးခြင်း (သို့မဟုတ်) Methotrexate ကဲ့သို့ ကိုယ်ခံအားထိန်းညှိဆေးများဖြင့် ကုသနိုင်သည်။

ကာကွယ်ခြင်း

ရောဂါဖြစ်ပွါးရခြင်းအကြောင်းကို အတိအကျ မသိနိုင်သောကြောင့် GCA သွေးကြောရောင်ရောဂါ မဖြစ်အောင် ကာကွယ်သော နည်းလမ်းမရှိပါ။ သို့သော် ရောဂါကို စောစောသိ၍ ကုသမှုကို အမြန်ခံယူပါက ပြန်လည်ကောင်းမွန်လာနိုင်သလို အမြင်အာရုံထိခိုက်ဆုံးရှုံးခြင်းကိုလည်း လျှော့ချပေးနိုင်မည်ဖြစ်သည်။ ထို့ပြင် ရောဂါရှိသူများသည်လည်း အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် မိမိကျန်းမာရေးအခြေအနေကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်သည်။

  • ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို စားသောက်ခြင်း
    သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် အရိုးပွရောဂါတို့ကို ကာကွယ်နိုင်ရန် လတ်ဆတ်သော ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ၊ အစေ့အဆန်နှင့် ပဲအမျိုးမျိုး၊ အဆီနည်းသောအသားနှင့်ငါးများ စသည်တို့ကို ရွေးချယ်စားသုံး၍ ဆား၊ သကြားတို့ကို လျှော့စားခြင်း၊ အရက်လျှော့သောက်ခြင်း စသည်တို့ကို ပြုလုပ်သင့်သည်။
  • ဗီတာမင် D နှင့် ကယ်လ်စီယမ်အားဆေးများ ဖြည့်စွက်သောက်သုံးခြင်း
    ပညာရှင်များက အသက် (၅၀) အထက် အမျိုးသမီးများနှင့် အသက် (၇၀) အထက် အမျိုးသားများသည် တစ်နေ့လျှင် ဗီတာမင် D (၈၀၀) IU နှင့် ကယ်လ်စီယမ်ပမာဏ (၁၂၀၀) မီလီဂရမ် သောက်သုံးသင့်သည်ဟု လမ်းညွှန်ထားသည်။ မိမိနှင့် သင့်တော်သော ပမာဏကို ဆရာဝန်နှင့် တိုင်ပင်၍ သောက်သုံးပါ။
  • လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း
    သွေးတိုး၊ ဆီးချိုရောဂါနှင့် အရိုးပွခြင်းကို ကာကွယ်ပေးနိုင်ခြင်း၊ နှလုံးနှင့် အဆုတ်ကျန်းမာရေးအတွက်လည်း အကျိုးပြုခြင်းတို့အပြင် စိတ်ခံစားမှုကိုပါ ကောင်းမွန်စေသည်။
  • ရက်ချိန်းပုံမှန်ပြသခြင်း
    ဆေးဝါးများ ချိန်ညှိရန်နှင့် ဘေးထွက်ဆိုးကျိုးများကို စောစောသိနိုင်ရန် ရက်ချိန်းအတိုင်း မှန်မှန်ပြသရန် လိုအပ်သည်။
  • သွေးကျဲဆေးသောက်ခြင်း
    မျက်စိသွေးကြောပိတ်ခြင်းနှင့် လေဖြတ်ခြင်း အန္တရာယ်ရှိသူများတွင် အက်စ်ပရင်ဆေး ပမာဏနည်းနည်းကို တစ်နေ့တစ်ကြိမ်သောက်ရန် ဆရာဝန်က ညွှန်ကြားမည်ဖြစ်သည်။

References:

  1. American Academy of Rheumatology. (n.d.). Giant cell arteritis. Retrieved September 1, 2025, from https://rheumatology.org/patients/giant-cell-arteritis
  2. Cleveland Clinic. (n.d.). Temporal arteritis (giant cell arteritis). Retrieved September 1, 2025, from https://my.clevelandclinic.org/health/diseases/temporal-arteritis-giant-cell-arteritis
  3. Eyewiki. (n.d.). Giant cell arteritis. Retrieved September 1, 2025, from https://eyewiki.org/Giant_Cell_Arteritis
  4. Mayo Clinic. (n.d.). Giant cell arteritis — Diagnosis and treatment. Retrieved September 1, 2025, from https://www.mayoclinic.org/diseases-conditions/giant-cell-arteritis/diagnosis-treatment/drc-20372764
  5. Mayo Clinic. (n.d.). Giant cell arteritis — Symptoms and causes. Retrieved September 1, 2025, from https://www.mayoclinic.org/diseases-conditions/giant-cell-arteritis/symptoms-causes/syc-20372758
  6. NHS. (n.d.). Temporal arteritis. Retrieved September 1, 2025, from https://www.nhs.uk/conditions/temporal-arteritis/

Published: 8 October 2025

Share

8 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

More articles
Turner Syndrome (တာနာဆင်ဒရုန်း)
Oct 11, 2025
Diseases and Conditions

Turner Syndrome (တာနာဆင်ဒရုန်း)

တာနာဆင်ဒရုန်းသည် လိင်အင်္ဂါသတ်မှတ်ပေးသော ခရိုမိုဆုမ်းအရေအတွက်...

Heart Disease in Pregnancy (ကိုယ်ဝန်ဆောင်မိခင်နှင့် နှလုံးရောဂါ)
Oct 11, 2025
Diseases and Conditions

Heart Disease in Pregnancy (ကိုယ်ဝန်ဆောင်မိခင်နှင့် နှလုံးရောဂါ)

နှလုံးအထူးကု၊ သားဖွားမီးယပ်အထူးကုနှင့် အခြားပညာရှင်များ ပါဝင်သော...

Paederus Dermatitis (မီးပိုးကောင်အဆိပ်သင့်ခြင်း)
Oct 10, 2025
Diseases and Conditions

Paederus Dermatitis (မီးပိုးကောင်အဆိပ်သင့်ခြင်း)

မီးပိုးကောင်ဟု လူသိများသော ကျိုင်းကောင်တစ်မျိုးအား အရေပြားပေါ်တွင်...