တံတောင်ဆစ်အရိုးကျိုးခြင်းဆိုသည်မှာ တံတောင်ဆစ်ကို ဖွဲ့စည်းထားသော အရိုးများထဲမှ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ အရိုးကျိုးခြင်းကို ဆိုလိုသည်။ ကလေးများတွင် အများဆုံးဖြစ်ပွါးလေ့ရှိသော်လည်း အသက်အရွယ်မရွေးဖြစ်နိုင်သည်။ တံတောင်ဆစ်သည် လက်မောင်းရိုးနှင့် လက်ဖျံရိုးများကို ဆက်သွယ်ပေးထားသော ရှုပ်ထွေးသည့် အဆစ်တစ်ခုဖြစ်ပြီး၊ လက်ကို ကွေးခြင်း၊ ဆန့်ခြင်း၊ လှည့်ခြင်းများ ပြုလုပ်နိုင်စေရန် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ ထို့ကြောင့် တံတောင်ဆစ်အရိုးကျိုးပါက နေ့စဉ်လုပ်ငန်းဆောင်တာများ ထိခိုက်နိုင်သဖြင့် စနစ်တကျ ကုသမှုခံယူရန် အရေးကြီးသည်။
တံတောင်ဆစ်ဖွဲ့စည်းပုံ
တံတောင်ဆစ်ကို အဓိကအရိုးသုံးခုဖြင့် ဖွဲ့စည်းထားသည်။
- လက်မောင်းရိုးအဖျားအပိုင်း (Distal Humerus) _ လက်မောင်းရိုး၏ အောက်ဆုံးအပိုင်းဖြစ်သည်
- လက်ဖျံအပြင်ရိုး (Radius) _ လက်ဖျံရိုးနှစ်ခုအနက် လက်မဘက်ခြမ်း အပြင်ဘက်ရှိ အရိုးဖြစ်သည်
- လက်ဖျံအတွင်းရိုး (Ulna) _ လက်ဖျံရိုးနှစ်ခုအနက် လက်သန်းဘက်ခြမ်း အတွင်းဘက်ရှိ အရိုးဖြစ်သည်
ဤအရိုးများသည် အရွတ်များ (ligaments) ဖြင့် တစ်ခုနှင့်တစ်ခု ဆက်စပ်လျက်ရှိပြီး ပေါင်းစပ်လှုပ်ရှားခြင်းဖြင့် တံတောင်ဆစ်ကို လိုအပ်သလို အကွေးအဆန့်နှင့် လှည့်ပတ်နိုင်စေသည်။
တံတောင်ဆစ်အရိုးကျိုးခြင်း အမျိုးအစားများ
ထိခိုက်ဒဏ်ရာရသည့်နေရာကိုလိုက်၍ တံတောင်ဆစ်အရိုးကျိုးခြင်းကို အောက်ပါအတိုင်း ခွဲခြားနိုင်သည်။
- လက်ဖျံအတွင်းရိုး၏ အိုလီခရေနွန်ပိုင်းကျိုးခြင်း (Olecranon Fracture)
တံတောင်ဆစ်၏ အနောက်ဘက်တည့်တည့်ရှိ အိုလီခရေနွန်အရိုးသည် ကြွက်သားဖြင့် ဖုံးအုပ်မထားဘဲ အရေပြားအောက်တွင် တိုက်ရိုက်ရှိနေသည့်အတွက် မကြာခဏဆိုသလို ကျိုးတတ်သည်။ - လက်ဖျံအပြင်ရိုး၏ ခေါင်းပိုင်းကျိုးခြင်း (Radial Head Fracture)
လက်ဖျံအပြင်ရိုး၏ အပေါ်ဆုံးအပိုင်း (ခေါင်းပိုင်း) ကျိုးခြင်းဖြစ်သည်။ - လက်မောင်းရိုး အဆုံးပိုင်းကျိုးခြင်း (Distal Humerus Fracture)
လက်မောင်းရိုး၏ အောက်ဆုံးအပိုင်း ကျိုးခြင်းဖြစ်ပြီး ကလေးများနှင့် သက်ကြီးရွယ်အိုများတွင် အဖြစ်များသည်။
ဒဏ်ရာပြင်းထန်မှုအလိုက် ခွဲခြားခြင်း
ထိခိုက်ဒဏ်ရာ၏ ပြင်းထန်မှုအလိုက် အရိုးကျိုးခြင်းကို ပုံစံအမျိုးမျိုး ခွဲခြားနိုင်သည်။
- မူလနေရာမှ ရွေ့မသွားသည့် အရိုးကျိုးခြင်း (Undisplaced fracture)
အရိုးကျိုးသော်လည်း မူလရှိရမည့်နေရာမှ ရွေ့လျားခြင်းမရှိပေ။ - မူလရှိရမည့်နေရာမှ ရွေ့သွားသည့် အရိုးကျိုးခြင်း (Displaced fracture)
အရိုးကျိုးပြီး ကျိုးသွားသော အစိတ်အပိုင်းများ မူလနေရာမှ ရွေ့သွားသည်။ - အရေပြား ဖောက်ထွက်၍ အရိုးကျိုးခြင်း (Open fracture)
ကျိုးသွားသော အရိုးသည် အရေပြားကို ဖောက်ထွက်လာသည့် အခြေအနေဖြစ်သည်။ ၎င်းသည် ရောဂါပိုးဝင်ရောက်နိုင်ခြေ ပိုများသည့်အတွက် အထူးဂရုစိုက်ရသည်။
ကလေးများတွင် အတွေ့ရများသောတံတောင်ဆစ် အရိုးကျိုးခြင်းအမျိုးအစားများ
ကလေးများတွင် အဖြစ်များသည့် လက်မောင်းရိုး အဆုံးပိုင်းအရိုးကျိုးခြင်းကို ထပ်မံခွဲခြားနိုင်သည်။
- လက်မောင်းရိုး အဆုံးပိုင်းမရောက်မီ ကျိုးခြင်း (Supracondylar fracture)
၎င်းသည် ကလေးများ၏ တံတောင်ဆစ်အရိုးကျိုးခြင်းတွင် အတွေ့ရအများဆုံး အမျိုးအစားဖြစ်ပြီး ကုသမှုနောက်ကျပါက အာရုံကြောနှင့် သွေးကြောများ ပျက်စီးနိုင်သဖြင့် အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်သည်။ - လက်မောင်းရိုး အဖျားပိုင်း အတွင်းရိုးကျိုးခြင်း (Medial condyle fracture)
- လက်မောင်းရိုး အဖျားပိုင်း အပြင်ရိုးကျိုးခြင်း (Lateral condyle fracture)
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းများမှာ_
- အမြင့်မှပြုတ်ကျခြင်း _ လက်ကို ဆန့်ထုတ်လျက် ပြုတ်ကျခြင်းသည် အဖြစ်အများဆုံး အကြောင်းရင်းဖြစ်သည်
- တိုက်ရိုက်ထိခိုက်ဒဏ်ရာရခြင်း _ တံတောင်ဆစ်ပေါ်သို့ ပြင်းထန်စွာ တိုက်မိခြင်း (ဥပမာ – တစ်စုံတစ်ခုနှင့်ရိုက်မိခြင်း၊ အားကစားလုပ်ရှားမှုများပြုလုပ်ခြင်း)
- ယာဉ်မတော်တဆဖြစ်ခြင်း _ မော်တော်ကား၊ ဆိုင်ကယ် စသည့် ယာဉ်မတော်တဆမှုများ ကြောင့်ဖြစ်သည်
ဖြစ်ပွါးနိုင်ခြေများသူများ
- ကလေးငယ်များ _ ကြီးထွားနေဆဲ ကလေးအရိုးများသည် အရိုးသိပ်သည်းဆနည်းပြီး ပျော့ပြောင်းနေခြင်းနှင့် ထိခိုက်ဒဏ်ရာရနိုင်ခြေများကြောင့် အရိုးကျိုးနိုင်သည်
- သက်ကြီးရွယ်အိုများ _ အရိုးပွရောဂါ (Osteoporosis) ကြောင့် အရိုးများ ကျိုးလွယ်သည်
- အားကစားသမားများ _ ဘောလုံး၊ ဘတ်စကက်ဘော၊ စက်ဘီး စသည့် ပြုတ်ကျနိုင်ခြေများသော အားကစားမျိုးကို ပြုလုပ်သူများတွင် ဖြစ်နိုင်သည်။
ရောဂါလက္ခဏာများ
အရိုးကျိုးခြင်း ပြင်းထန်မှုအလိုက် ရောဂါလက္ခဏာများ ခံစားရနိုင်သည်။
- တံတောင်ဆစ် နာကျင်ခြင်း
- ရောင်ရမ်းခြင်းနှင့် အညိုအမည်းစွဲခြင်း
- တံတောင်ဆစ်ပုံစံ ပြောင်းလဲသွားခြင်း
- အရိုးအဆစ်များ မတည်ငြိမ်မှုကို ခံစားရခြင်း
- တံတောင်ဆစ် လှုပ်ရှားရခက်ခြင်း သို့မဟုတ် လုံးဝမလှုပ်နိုင်ခြင်း
- လက်ချောင်းများတွင် ထုံကျဉ်သောခံစားမှုဖြစ်ခြင်း
- လက်ကောက်ဝတ်သွေးခုန်နှုန်း အားနည်းခြင်း သို့မဟုတ် စမ်းမရခြင်းတို့ ဖြစ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
- အာရုံကြော (သို့မဟုတ်) သွေးကြောထိခိုက်မှု
အရိုးကျိုးပြီး ရွေ့သွားခြင်းကြောင့် အနီးအနားရှိ အာရုံကြောနှင့် သွေးကြောများကို တိုက်ရိုက်ဖိမိနိုင်သည်။ ထို့ပြင် အရိုးကျိုးသည့်နေရာတွင် စုပုံနေသော သွေးခဲများကြောင့်လည်း သွေးကြောနှင့် အာရုံကြောများအပေါ် ဖိအားသက်ရောက်နိုင်သည်။ - အဆစ်အတွင်း ပိုးဝင်ခြင်း
အရိုးကျိုးပြီး အရေပြားပါ စုတ်ပြဲသည့် ပွင့်ကျိုး (Open fracture) အမျိုးအစားတွင် ပိုးဝင်ရောက်နိုင်ခြေ အလွန်မြင့်မားသည်။ - အရိုးနေရာလွဲ၍ ဆက်ခြင်း (Malunion)
အရိုးကျိုးရာမှ ပြန်ဆက်သည့်အခါ ပုံမှန်အတိုင်း မဆက်ဘဲ ပုံသဏ္ဌာန်ပျက်နေနိုင်သည်။ - အရိုးဆက်မှုနှေးခြင်း သို့မဟုတ် မဆက်ခြင်း (Delayed Union or Nonunion)
အရိုးဆက်မှုနှေးခြင်း (သို့မဟုတ်) လုံးဝမဆက်ခြင်းသည် အထူးသဖြင့် ဆေးလိပ်သောက်သူများနှင့် ဆီးချိုရောဂါရှိသူများတွင် ပို၍အဖြစ်များသည်။ အရိုးမဆက်သည့်အခါ တံတောင်ဆစ်တွင် နာကျင်မှုဆက်ရှိနေပြီး အဆစ် ခိုင်ခန့်မှုလည်း နည်းပါးနေမည်။ - အရိုးဖွံ့ဖြိုးမှု ပုံသဏ္ဌာန်မမှန်ခြင်း
ကလေးငယ်များ၏အရိုးသည် ကြီးထွားဆဲဖြစ်သောကြောင့် အရိုးကျိုးပါက အရိုးဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး ပုံသဏ္ဌာန်မမှန်ခြင်း ဖြစ်ပေါ်စေနိုင်သည်။ - အဆစ်တောင့်တင်းခြင်း (Stiffness)
ကြာရှည်စွာ ကျောက်ပတ်တီးစည်းထားခြင်း သို့မဟုတ် ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများကို စနစ်တကျမလုပ်ခြင်းကြောင့် တံတောင်ဆစ် အဆစ်တောင့်တင်းလာနိုင်သည်။ - အဆစ်ရောင်ခြင်း (Arthritis)
ပြင်းထန်သော ဒဏ်ရာရရှိပြီးနောက်ပိုင်းတွင် အဆစ်ရောင်ရမ်းခြင်း ဖြစ်ပေါ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ မိသားစုဆရာဝန်မှ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီး လိုအပ်ပါက အရိုးအထူးကုဆရာဝန်သို့ လွှဲပြောင်းကုသစေမည်။
အရေးပေါ်ပြသရန်
ပြင်းထန်စွာ နာကျင်နေခြင်း၊ တံတောင်ဆစ်ပုံစံ သိသိသာသာ ပြောင်းလဲသွားခြင်း၊ အရိုးသည် အရေပြားကို ထိုးဖောက်ထွက်နေခြင်း၊ လက်ချောင်းများ ထုံကျဥ်နေခြင်း၊ လက်ကောက်ဝတ် သွေးခုန်နှုန်း အားနည်းနေခြင်း သို့မဟုတ် လက်ချောင်းလေးများ ဖြူဖျော့အေးစက်နေခြင်းတို့ ရှိပါက ဆေးရုံ၊ ဆေးခန်းသို့ အရေးပေါ်ပြသရန် လိုအပ်သည်။
ရောဂါရှာဖွေခြင်း
ရောဂါရှာဖွေရာတွင် လူနာအား ထိခိုက်ဒဏ်ရာရသည့်ပုံစံကို မေးမြန်းခြင်းနှင့် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်သည်။ အထူးသဖြင့် တွဲဖက်ဖြစ်ပွါးနိုင်သော သွေးကြောနှင့် အာရုံကြော ထိခိုက်ဒဏ်ရာ ရှိမရှိကို အဓိကစမ်းသပ်သည်။ ထို့နောက် အောက်ပါပုံရိပ်ဖော်စစ်ဆေးမှုများကို ပြုလုပ်၍ ရောဂါကို အတည်ပြုသည်။
- တံတောင်ဆစ်ဓာတ်မှန် (X-ray)
ဓာတ်မှန်ရိုက်ခြင်းဖြင့် အရိုးကျိုးသည့်နေရာနှင့် ပုံစံကို တိတိကျကျ သိရှိနိုင်သဖြင့် သင့်လျော်သောကုသမှု ပေးနိုင်သည်။ - ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT Scan)
၎င်းသည် ကျိုးသည့်အရိုး၏ အပိုင်းအစများကို အသေးစိတ်ပုံဖော်ပေးနိုင်ပြီး ခွဲစိတ်မှုအတွက် ပိုမိုအထောက်အကူပြုသည်။ - သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI)
အရိုးနုများနှင့် အရွတ်များ စုတ်ပြဲခြင်း ရှိမရှိကို အသေးစိတ်သိရှိရန် လိုအပ်သည့်အခါ ဤနည်းလမ်းကို အသုံးပြုသည်။
ကုသခြင်း
ကနဦးအရေးပေါ်ကုသခြင်း
- ထိခိုက်ဒဏ်ရာရသည့် တံတောင်ဆစ်ကို အထိန်းပြား (Brace or splint) တပ်ဆင်ရမည်
- အရေပြား ဖောက်ထွက်ဒဏ်ရာရှိပါက ပိုးသတ်ထားသောသောအဝတ်စဖြင့် ဖုံးအုပ်ကာ ပတ်တီးစည်းရမည်
- RICE နည်းလမ်းဖြင့် ကုသမည်
- အနားယူခြင်း (Rest) _ နာကျင်ခြင်းပိုဆိုးမလာစေရန် ၊ တံတောင်ဆစ်လှုပ်ရှားမှုကို ရပ်တန့်ပါ၊ လက်မောင်းကြိုးသိုင်း (Arm bag) ဖြင့်သိုင်း၍ အဆစ်လှုပ်ရှားမှုကို အနားပေးပါ
- ရေခဲကပ်ခြင်း (Ice) _ ဒဏ်ရာရသည့် ပထမဆုံးနေ့တွင် နာကျင်သည့်နေရာ၌ ရေခဲအိတ် (သို့မဟုတ်) အအေးကပ်ပတ်တီးကို တစ်ကြိမ်လျှင် (၁၀) မိနစ် မှ (၁၅) မိနစ်ခန့် တစ်နာရီခြား အသုံးပြုပါ
- ဖိအားပေးခြင်း (Compression) _ ဆွဲဆန့်နိုင်သော မျှော့ပတ်တီး (Elastic Bandage) ဖြင့် ထိခိုက်ဒဏ်ရာရသည့်နေရာကို စည်းနှောင်ကာ ဖိအားပေးနိုင်သည်၊ ဖိအားပေးခြင်းဖြင့် နာနေသော နေရာသို့ သွေးစီးဆင်းမှုကို လျှော့ချပေးပြီး ရောင်ရမ်းမှုကို လျှော့နည်းစေသည်
- အမြင့်တင်ထားခြင်း (Elevation) _ ထိခိုက်ဒဏ်ရာရသည့် တံတောင်ဆစ်ကို နှလုံးရှိသည့်နေရာထက် ပိုမြင့်နေစေရန် မြှင့်ထားပေးပါ၊ ခေါင်းအုံးများ၊ ကူရှင်များဖြင့် ခုခံထားနိုင်သည်
တံတောင်ဆစ်အရိုးကျိုးခြင်းကို အရိုးကျိုးသည့် အမျိုးအစားနှင့် ပြင်းထန်မှုအပေါ် မူတည်၍ အောက်ပါနည်းများဖြင့် ကုသနိုင်သည်။
မခွဲစိတ်ဘဲ ကုသသည့်နည်းလမ်း
မူလနေရာမှ ရွေ့မသွားသည့် အရိုးကျိုးခြင်းများတွင် ဤနည်းလမ်းကို အဓိကအသုံးပြုသည်။ အချို့အခြေအနေတွင် ရွေ့သွားသည့် အရိုးကျိုးခြင်းများအား မေ့ဆေး (သို့မဟုတ်) ထုံဆေးပေး၍ အရိုးကို ပြန်တည့်စေပြီး မခွဲစိတ်ဘဲ ကုသသည်။
- ကျောက်ပတ်တီးစည်း၍ ကုသခြင်း
- Plaster of Paris (POP) သို့မဟုတ် ဖိုင်ဘာဂလပ်စ် (Fiberglass) ပတ်တီးများ စည်းခြင်းဖြင့် အရိုးများကို မူလနေရာတွင် တည်ငြိမ်စွာရှိစေပြီး ပုံမှန်အတိုင်း ပြန်ဆက်စေသည်။
- ဖိုင်ဘာဂလပ်စ် ပတ်တီးသည် ပေါ့ပါးခြင်း၊ ရေစိုခံနိုင်ခြင်းနှင့် အရိုးဆက်မှုအား ဓာတ်မှန်ဖြင့် ပိုမိုရှင်းလင်းစွာ မြင်နိုင်ခြင်းတို့ကြောင့် ကုသမှုတွင် ပိုမိုတွင်ကျယ်စွာ အသုံးပြုလာကြသည်။
- ဆေးဝါးပေးခြင်း
နာကျင်မှုနှင့် ရောင်ရမ်းမှု သက်သာစေရန် ပါရာစီတမော၊ အိုင်ဗျူပရိုဖန် ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများကို ပေးနိုင်သည်။ - ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်း
အရိုးကျိုးခြင်း၏ နောက်ဆက်တွဲပြဿနာတစ်ခုဖြစ်သော အဆစ်တောင့်တင်းခြင်းကို ကာကွယ်ရန်နှင့် ကြွက်သားများ သန်မာစေရန်အတွက် ထိခိုက်ဒဏ်ရာရချိန်မှစ၍ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများကို စနစ်တကျ စတင်ပြုလုပ်ရမည်။
ခွဲစိတ်ကုသသည့်နည်းလမ်း
အောက်ပါအခြေအနေများတွင် ခွဲစိတ်ကုသမှု လိုအပ်သည်။
- မူလနေရာမှ ရွေ့သွားသော အရိုးကျိုးခြင်းများ
- အရိုး အစိတ်စိတ်အမြွှာမြွှာ ကျိုးခြင်း
- အရေပြားဖောက်ထွက်၍ အရိုးကျိုးခြင်း (Open fracture)
- လက်ဖျံအတွင်းရိုး၏ အိုလီခရေနွန်ပိုင်းကျိုးခြင်း (Olecranon Fracture)
ခွဲစိတ်ကုသမှုတွင် ကျိုးနေသော အရိုးအပိုင်းအစများကို ပြန်လည်တည့်မတ်စေရန် ပြုလုပ်ပြီး သတ္တုပြား၊ ဝက်အူ၊ စတီးချောင်း (သို့မဟုတ်) ဝိုင်ယာကြိုးများဖြင့် တည်ငြိမ်အောင် ပြုပြင်သည်။ ခွဲစိတ်ပြီးနောက်တွင် အဆစ်လှုပ်ရှားမှုနှင့် ကြွက်သားအား ပြန်လည်ကောင်းမွန်စေရန်အတွက် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများကို စနစ်တကျ ဆက်လက်ပြုလုပ်ရန် လိုအပ်သည်။
ကာကွယ်ခြင်း
တံတောင်ဆစ်ထိခိုက်ဒဏ်ရာရရှိမှုနှင့် အရိုးကျိုးနိုင်ခြေကို လျှော့ချရန်အတွက် အောက်ပါနည်းလမ်းများကို လိုက်နာသင့်သည်_
- အကာအကွယ်ပစ္စည်းများ ဝတ်ဆင်ခြင်း
အားကစားပြုလုပ်သည့်အခါ သင့်လျော်သော တံတောင်ဆစ်အကာအကွယ်ပစ္စည်းများ ဝတ်ဆင်ပါ။ - လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ခြင်း
အားကစားမပြုလုပ်မီနှင့် ပြုလုပ်ပြီးချိန်တွင် သွေးပူလေ့ကျင့်ခန်းနှင့် အကြောလျှော့လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ခြင်းဖြင့် အရိုးနှင့်အဆစ်များကို ကြံ့ခိုင်စေမည်။ ထို့ပြင် ကြွက်သားသန်မာရေးလေ့ကျင့်ခန်းများလည်း ပြုလုပ်ပါ။ - မှန်ကန်သော နည်းစနစ်ဖြင့် လေ့ကျင့်ခြင်း
အားကစားလှုပ်ရှားမှုများတွင် မှန်ကန်သော နည်းစနစ်များဖြင့် လေ့ကျင့်ယှဉ်ပြိုင်ပါ။ - မျှတသော အာဟာရပြည့်ဝအောင်စားသုံးခြင်း
ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီ ကြွယ်ဝသော အစားအစာများ (ဥပမာ- နို့၊ ဒိန်ချဉ်၊ ဟင်းနုနွယ်) ကို စားသုံးခြင်းဖြင့် အရိုးပွရောဂါကို ကာကွယ်နိုင်သည်။ - ယာဉ်မတော်တဆမှုများ မဖြစ်စေရန် ကာကွယ်ခြင်း
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာခြင်း၊ ထိုင်ခုံအသက်ကယ် ခါးပတ်ပတ်ခြင်း၊ ဆိုင်ကယ်ဦးထုပ်ဆောင်းခြင်း - လုပ်ငန်းခွင်မတော်တဆမှုများ မဖြစ်စေရန် ကာကွယ်ခြင်း
သက်ဆိုင်ရာလုပ်ငန်းခွင်အလိုက် လမ်းညွှန်သတိပေးချက်များအတိုင်း မပျက်မကွက် လိုက်နာကျင့်သုံးခြင်း - အရိုးပွ၊ အရိုးပါးရောဂါ ကာကွယ်ခြင်း
အသက် (၅၀) နှစ်ကျော်လျှင် သို့မဟုတ် မိသားစုတွင် အရိုးပွ၊ အရိုးပါးရောဂါ ရာဇဝင်ရှိလျှင် အရိုးသိပ်သည်းဆ တိုင်းတာခြင်းပြုလုပ်ရန် မိသားစုဆရာဝန်နှင့် တိုင်ပင်ခြင်း
ဤအချက်များသည် တံတောင်ဆစ်ဒဏ်ရာကို ကာကွယ်နိုင်ရုံသာမကဘဲ ကျန်းမာသန်စွမ်းသော အရိုးနှင့်ကြွက်သားများ ပိုင်ဆိုင်နိုင်စေရန်လည်း အထောက်အကူပြုသည်။
References:
- Cleveland Clinic. (n.d.). Elbow fractures. Retrieved September 18, 2025, from https://my.clevelandclinic.org/health/diseases/22050-elbow-fractures
- Mayo Clinic. (n.d.). Broken arm: Symptoms & causes. Retrieved September 18, 2025, from https://www.mayoclinic.org/diseases-conditions/broken-arm/symptoms-causes/syc-20353260
- WebMD. (n.d.). Broken elbow. Retrieved September 18, 2025, from https://www.webmd.com/a-to-z-guides/broken-elbow
- Gateshead Health NHS Foundation Trust. (n.d.). Elbow fracture. Retrieved September 18, 2025, from https://www.gatesheadhealth.nhs.uk/resources/elbow-fracture
Published: 26 September 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.