အာရုံကြောအကျိတ်ငယ်များ ထွက်သောရောဂါ (Neurofibromatosis – NF) သည် ဦးနှောက်အာရုံကြောစနစ် (Nervous system) နှင့် အရေပြား (Skin) နှစ်ခုလုံး ရောဂါလက္ခဏာများ ပြသသော မျိုးဗီဇဆိုင်ရာရောဂါစုများ (Neurocutaneous syndromes) တွင် တစ်ခုအပါအဝင်ဖြစ်သည်။ NF ရောဂါသည် ဦးနှောက်၊ ကျောရိုး၊ အာရုံကြောစနစ်နှင့် အရေပြားများပေါ်၌ အာရုံကြောအကျိတ်များ ဖြစ်ပေါ်စေသည်။ ထိုအကျိတ်များသည် အာရုံကြောများ၏အကာ (Nerve sheath) ဆဲလ်များမှ စတင်ဖြစ်ပေါ်သည်။
ဤရောဂါကို အဓိကအားဖြင့် အမျိုးအစားနှစ်မျိုး ခွဲခြားသတ်မှတ်ထားသည်။
- အမျိုးအစား ၁ (Neurofibromatosis type 1 – NF1)
၎င်းသည် NF အမျိုးအစားများတွင် အဖြစ်အများဆုံးဖြစ်ပြီး အရေပြားပြဿနာများ၊ အရိုးပုံပျက်ခြင်းနှင့် အာရုံကြောအကျိတ်များ ဖြစ်ပေါ်စေသည်။ - အမျိုးအစား ၂ (Neurofibromatosis type 2 – NF2)
၎င်းသည် အဖြစ်နည်းပြီး အဓိကအားဖြင့် နားအကြားအာရုံနှင့် ဟန်ချက်ထိန်းသည့် အာရုံကြောတွင် အကျိတ်များ ဖြစ်ပေါ်စေသည်။
NF ရောဂါသည် ကျားမ မရွေး၊ လူမျိုးအားလုံးတွင် ဖြစ်ပွါးနိုင်သည်။ NF1 တွင် အဖြစ်အများဆုံး အာရုံကြောအကျိတ်များမှာ Neurofibromas (အာရုံကြောအကာဆဲလ်မျိုးစုံမှဖြစ်သော အကျိတ်များ) ဖြစ်ပြီး NF2 တွင်မူ Schwannomas (အာရုံကြောအကာဆဲလ်တစ်မျိုးဖြစ်သည့် ရှဝမ်းဆဲလ် – Schwann cells မှစတင်သည့် အကျိတ်များ) ဖြစ်သည်။ ရှဝမ်းဆဲလ် – Schwann cells များသည် မိုင်လင် (Myelin) ဟုခေါ်သော အာရုံကြောလျှပ်စစ်စီးဆင်းမှု ထောက်ပံ့ဓာတ်ပစ္စည်းများကို ထုတ်လုပ်ပေးသည်။ အကျိတ်အများစုသည် ကင်ဆာမဟုတ်သော်လည်း တစ်ခါတစ်ရံတွင် ကင်ဆာအဖြစ်သို့ ပြောင်းလဲနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
NF1 နှင့် NF2 တို့သည် မျိုးဗီဇဆိုင်ရာ ပြောင်းလဲမှုများကြောင့်ဖြစ်သည်။
- NF1 သည် ခရိုမိုဆုမ်း – ၁၇ (chromosome 17) တွင်ရှိသော NF1 မျိုးဗီဇ ချို့ယွင်းမှုကြောင့် ဖြစ်ပွါးသည်၊ ဤမျိုးဗီဇသည် ဆဲလ်များကြီးထွားမှုကို ထိန်းချုပ်ပေးသော Neurofibromin ပရိုတင်းကို ထုတ်လုပ်ရန် တာဝန်ယူသည်
- NF2 သည် ခရိုမိုဆုမ်း – ၂၂ (chromosome 22) တွင်ရှိသော NF2 မျိုးဗီဇ ချို့ယွင်းမှုကြောင့် ဖြစ်ပွါးသည်၊ ဤမျိုးဗီဇသည် ဆဲလ်များကြီးထွားမှုကို ထိန်းချုပ်သည့် Merlin ပရိုတင်းကို ထုတ်လုပ်ရန် တာဝန်ယူသည်
ဤမျိုးဗီဇများ ပုံမှန်အလုပ်မလုပ်နိုင်သောအခါ ဆဲလ်များ မူမမှန်ကြီးထွားလာပြီး အာရုံကြောအကျိတ်များ (Tumors) ဖြစ်ပေါ်စေသည်။ NF1 နှင့် NF2 ရောဂါသည် မိဘမှ သားသမီးသို့ မျိုးရိုးလိုက်နိုင်သကဲ့သို့ မျိုးဗီဇ ပြောင်းလဲမှုအသစ်များကြောင့်လည်း ဖြစ်ပွါးနိုင်သည်။
- မျိုးရိုးလိုက်ခြင်း (Inheritance)
- NF ရောဂါရှိသော မိဘတစ်ဦးမှ NF ရှိသော သားသမီးမွေးဖွားနိုင်ခြေ (၅၀) ရာခိုင်နှုန်းရှိသည်။
- မျိုးဗီဇပြောင်းလဲမှုအသစ်များ (Spontaneous Mutations)
- ရောဂါဖြစ်ပွါးသူ အများစုတွင် မျိုးရိုးမလိုက်ဘဲ မျိုးဗီဇပြောင်းလဲမှုအသစ်များကြောင့် ဖြစ်ပွါးသည်။
ရောဂါလက္ခဏာများ
NF1 နှင့် NF2 တို့တွင် မတူညီသော ရောဂါလက္ခဏာများရှိပြီး ၎င်းတို့သည် အသက်အရွယ်အလိုက် ပြောင်းလဲနိုင်သည်။
ကလေးငယ်ဘဝ
- NF1 ၏ လက္ခဏာများ
- အရေပြားလက္ခဏာများ
- Cafe-au-lait spots – မွေးစကတည်းက သို့မဟုတ် အသက်ငယ်စဉ်ကပင် နို့ကော်ဖီရောင် အညိုအကွက်များ ဖြစ်ပေါ်နိုင်သည်
- အသက် (၁)နှစ် မှ (၂)နှစ်အတွင်း ဤအကွက်များ ပိုမိုသိသာလာပြီး အရေအတွက် ပိုများလာတတ်သည်
- အမြင်အာရုံကြောအကျိတ်များ (Optic pathway gliomas)
- အမြင်အာရုံကြောတွင် အကျိတ်များ စတင်ဖြစ်ပေါ်နိုင်ပြီး အသက် (၇) နှစ်အောက်ကလေးများတွင် အတွေ့ရများသည်
- မျက်စိစွေခြင်း၊ အမြင်အာရုံတစ်ဖက် (သို့မဟုတ်) နှစ်ဖက်စလုံး ထိခိုက်ခြင်း၊ မျက်လုံးပြူးထွက်လာခြင်းနှင့် မျက်လုံးများ တဆတ်ဆတ်တုန်နေခြင်း စသောလက္ခဏာများ တွေ့နိုင်သည်
- အရေပြားလက္ခဏာများ
- NF2 ၏ လက္ခဏာများ
- အရေပြားလက္ခဏာများ
အရေပြားပေါ်တွင် သေးငယ်ပြီး အရောင်ဖျော့သော အာရုံကြောအကျိတ်များ စတင်ပေါ်လာနိုင်သည် - အမြင်အာရုံလက္ခဏာများ
မွေးကတည်းက သို့မဟုတ် ငယ်ရွယ်စဉ်တွင် မျက်လုံး၌ အတွင်းတိမ် (Cataracts) ဖြစ်ပေါ်နိုင်သည်
- အရေပြားလက္ခဏာများ
ကလေးကြီးဘဝနှင့် ဆယ်ကျော်သက်အရွယ်
- NF1 ၏ လက္ခဏာများ
- အရေပြား လက္ခဏာများ
- Neurofibromas – အရေပြားပေါ် သို့မဟုတ် အရေပြားအောက်တွင် ပျော့ပျောင်းသော အကျိတ်ငယ်များ စတင်ပေါက်လာပြီး အသက်ကြီးလာသည်နှင့်အမျှ အရေအတွက် ပိုမိုများပြားလာတတ်သည်၊ Plexiform neurofibroma ဟုခေါ်သော အာရုံကြောအကျိတ်လုံးကြီးများလည်း တွေ့ရနိုင်သည်
- Freckling – ချိုင်း (သို့မဟုတ်) ပေါင်ခြံနေရာများတွင် အစက်အပြောက်များ သိသာလာသည်
- မျက်လုံး လက္ခဏာများ
- Lisch nodules – မျက်လုံးအတွင်းရှိ သူငယ်အိမ်ကြွက်သားပေါ်တွင် ကင်ဆာမဟုတ်သော အကျိတ်ငယ်များ ဖြစ်ပေါ်လာပြီး အသက် (၅) နှစ်အထက်တွင် အတွေ့ရများသည်
- ကျောရိုးကောက်ကွေးခြင်း (Scoliosis) နှင့် အခြားအရိုးပုံပျက်ခြင်းများ စတင်ဖြစ်ပေါ်နိုင်သည်
- သင်ယူမှုဆိုင်ရာ အခက်အခဲများ (Learning disabilities) နှင့် အပြုအမူဆိုင်ရာ ပြဿနာများ (ဥပမာ _ ADHD) တို့ ပိုမိုထင်ရှားလာသည်
- အရေပြား လက္ခဏာများ
- NF2 ၏ လက္ခဏာများ
- အာရုံကြောဆိုင်ရာ လက္ခဏာများ
- ရောဂါလက္ခဏာများသည် အသက် (၁၈)နှစ် မှ (၂၂)နှစ်ကြားတွင် အဓိက စတင်ပေါ်ပေါက်တတ်သည်
- Vestibular schwannomas – နားအကြားအာရုံနှင့် ဟန်ချက်ထိန်းသည့် အာရုံကြောများတွင် အကျိတ်များ ဖြစ်ပေါ်ခြင်းကြောင့် နားလေးခြင်း၊ နားအူခြင်း (Tinnitus) နှင့် ဟန်ချက်ထိန်းရခက်ခဲခြင်းတို့ ဖြစ်စေသည်
- ဦးနှောက်နှင့် ကျောရိုးရှိ အခြားအကျိတ်များ (meningiomas နှင့် schwannomas) စတင်ဖြစ်ပေါ်နိုင်သည်
- အာရုံကြောဆိုင်ရာ လက္ခဏာများ
လူကြီးဘဝ (Adulthood)
- NF1 ၏ လက္ခဏာများ
- Neurofibromas – အရေအတွက်နှင့် အရွယ်အစား ပိုမိုများပြားလာပြီး အလှအပနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ဖြစ်စေနိုင်သည်
- နောက်ဆက်တွဲပြဿနာများ – အသက်ကြီးလာသည်နှင့်အမျှ သွေးတိုးခြင်း (hypertension) နှင့် ကင်ဆာအဖြစ် ပြောင်းလဲနိုင်သည့် အကျိတ်များ ဖြစ်ပေါ်နိုင်ခြေ ပိုများလာသည်
- NF2 ၏ လက္ခဏာများ
- အကြားအာရုံနှင့် အမြင်အာရုံဆုံးရှုံးခြင်း – အကျိတ်များ ကြီးထွားလာမှုကြောင့် နားအကြားအာရုံနှင့် အမြင်အာရုံသည် တဖြည်းဖြည်း ဆုံးရှုံးလာနိုင်သည်
- အာရုံကြောဆိုင်ရာ ထိခိုက်မှုများ – အကျိတ်များ၏ ဖိအားကြောင့် အာရုံခံစားမှု ထုံကျဥ်ခြင်း သို့မဟုတ် အားနည်းခြင်းတို့ ပိုမိုပြင်းထန်လာနိုင်သည်
နောက်ဆက်တွဲပြဿနာများ
NF1 နှင့် NF2 ရောဂါများသည် အချိန်ကြာလာသည်နှင့်အမျှ ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။
- ကင်ဆာဖြစ်ပွါးခြင်း (Malignancy)
NF1 နှင့် NF2 ရှိသူများသည် အာရုံကြောအကျိတ်များမှ Malignant peripheral nerve sheath tumors (MPNSTs) ကဲ့သို့သော ကင်ဆာအဖြစ် ပြောင်းလဲနိုင်ခြေရှိသည်။ - ဦးနှောက်ဆိုင်ရာ ပြဿနာများ
ဦးနှောက်အတွင်း အကျိတ်များကြောင့် လေဖြတ်ခြင်း (Stroke) သို့မဟုတ် ဦးနှောက်တွင်း CSF အခန်းများကျယ်ခြင်း (Hydrocephalus) ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ဖော်ပြပါ လက္ခဏာများ တွေ့ရှိရပါက မိသားစုဆရာဝန်များနှင့် အမြန်ဆုံး ပြသသင့်သည်။ ထိုမှတစ်ဆင့် သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
NF ရောဂါကို ရှာဖွေရာတွင် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်နိုင်သည်။
- ကိုယ်ခန္ဓာစစ်ဆေးခြင်း (Physical Examination)
အရေပြားပေါ်ရှိ အကွက်များနှင့် အကျိတ်များကို စစ်ဆေးခြင်း၊ ဦးနှောက်အာရုံကြောလက္ခဏာများစစ်ဆေးခြင်း - မျိုးဗီဇစစ်ဆေးမှုများ (Genetic Testing)
NF1 နှင့် NF2 မျိုးဗီဇများတွင် မူမမှန်သည့် အပြောင်းအလဲများ ရှိမရှိ စစ်ဆေးသည်။ ဤနည်းဖြင့် ရောဂါသေချာကြောင်း သက်သေပြနိုင်သည်။ - ပုံရိပ်ဖော် စစ်ဆေးမှုများ (Imaging Tests)
ဦးနှောက်နှင့် ကျောရိုးရှိ အာရုံကြောအကျိတ်များကို ရှာဖွေရန် သံလိုက်ဓာတ်မှန် (MRI) နှင့် ကွန်ပျူတာဓာတ်မှန် (CT scan) များ ရိုက်ကူးစစ်ဆေးနိုင်သည်။ - မျက်လုံးနှင့် အကြားအာရုံ စစ်ဆေးမှုများ
အမြင်အာရုံနှင့် အကြားအာရုံဆိုင်ရာ စစ်ဆေးမှုများကို ပြုလုပ်သည်။ - ကလေးဖွံ့ဖြိုးမှုနှင့် အမူအကျင့်ပိုင်းဆိုင်ရာ လက္ခဏာများအတွက် ကလေးဖွံ့ဖြိုးမှု ကျွမ်းကျင်ပညာရှင်များနှင့် စစ်ဆေးနိုင်သည်။
အောက်ပါတို့အနက်မှ အချက်နှစ်ခု သို့မဟုတ် နှစ်ခုထက်ပို၍ ရှိလျှင် NF1 ဖြစ်ကြောင်း သက်သေပြနိုင်သည်။
- ကလေးများတွင် အချင်း (၅) မီလီမီတာထက် ပိုကြီးသော သို့မဟုတ် ဆယ်ကျော်သက်နှင့် လူကြီးများတွင် အချင်း (၁၅) မီလီမီတာထက် ပိုကြီးသော နို့ကော်ဖီရောင် အညိုအကွက် (Café-au-lait spots) (၆) ခု သို့မဟုတ် ထို့ထက်ပို၍ အရေပြားပေါ်တွင် ရှိနေခြင်း
- အာရုံကြောအကျိတ်ငယ်များ (Neurofibromas) (၂) ခု သို့မဟုတ် ထို့ထက်ပို၍ ရှိခြင်း သို့မဟုတ် အာရုံကြောများစွာ ပါဝင်သည့် အကျိတ်လုံးကြီး (Plexiform neurofibroma) (၁) ခုရှိခြင်း
- ချိုင်း (သို့မဟုတ်) ပေါင်ခြံဧရိယာတွင် အစက်အပြောက်များ (Freckling) ရှိခြင်း
- မျက်လုံး၏သူငယ်အိမ်ကြွက်သား (Iris) ပေါ်တွင် Lisch nodules သို့မဟုတ် Iris hamartomas ဟုခေါ်သော အဖု (၂) ခု သို့မဟုတ် ထို့ထက်ပို၍ ရှိခြင်း
- အမြင်အာရုံ အာရုံကြောတွင် အကျိတ် (Optic nerve glioma) ရှိခြင်း
- ကျောရိုး (Scoliosis)၊ မျက်လုံးနောက်အရိုး (Sphenoid bone of the skull) သို့မဟုတ် ခြေသလုံးရှိ အရိုး (Tibia) စသည်တို့ ဖွံ့ဖြိုးမှု ပုံမှန်မဟုတ်ခြင်းကြောင့် ထိုအရိုးများ ပုံစံပျက်ယွင်းလာခြင်း
- မိဘ၊ မောင်နှမ သို့မဟုတ် သားသမီးတွင် NF1 ရောဂါရှိခြင်း
အောက်ပါတို့အနက်မှ အချက်တစ်ခုရှိလျှင် NF2 ဖြစ်ကြောင်း သက်သေပြနိုင်သည်။
- နားနှစ်ဖက်စလုံးတွင် နားအကြားအာရုံနှင့် ဟန်ချက်ထိန်းသည့် အာရုံကြောအကျိတ်များ ဖြစ်ပေါ်ခြင်း (Vestibular schwannomas) (သို့မဟုတ်)
- မိဘ၊ မောင်နှမ သို့မဟုတ် သားသမီးတွင် NF2 ရောဂါရှိခြင်းနှင့်
- နားတစ်ဖက်တည်းတွင် နားအကြားအာရုံနှင့် ဟန်ချက်ထိန်းသည့် အာရုံကြောအကျိတ်ဖြစ်ပေါ်ခြင်း (Vestibular schwannomas) သို့မဟုတ်
- ဦးနှောက်အာရုံကြောအကျိတ်များဖြစ်သည့် Glioma, Meningioma, Schwannoma နှင့် မျက်လုံးအတွင်းတိမ်တို့အနက်မှ နှစ်ခုရှိခြင်း
ကုသခြင်း
Neurofibromatosis (NF) ရောဂါကို လုံးဝပျောက်ကင်းအောင် ကုသနိုင်သော နည်းလမ်းမရှိသေးသော်လည်း ရောဂါလက္ခဏာများကို ထိရောက်စွာ ထိန်းချုပ်ရန်နှင့် နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန် ကုသမှုများ ပြုလုပ်နိုင်သည်။
- သက်ဆိုင်ရာဆေးပညာရှင်များ စုပေါင်းညှိနှိုင်းကုသခြင်း (Multidisciplinary Team – MDT)
NF သည် ခန္ဓာကိုယ်၏ အစိတ်အပိုင်းအမျိုးမျိုးကို ထိခိုက်နိုင်သောကြောင့် သက်ဆိုင်ရာဆေးပညာရှင်များ စုပေါင်းညှိနှိုင်းကုသရန် လိုအပ်သည်။ ဤအဖွဲ့တွင် အောက်ပါကဲ့သို့သော ကျန်းမာရေးပညာရှင်များ ပါဝင်သည်။- ကလေးအထူးကုဆရာဝန် (Pediatrician) – အသက်အရွယ်အလိုက် ကြီးထွားဖွံ့ဖြိုးမှုနှင့် နောက်ဆက်တွဲပြဿနာများကို စောင့်ကြည့်ရန်
- ဦးနှောက်နှင့် အာရုံကြောအထူးကုဆရာဝန် (Neurologist) – အတက်ရောဂါနှင့် ဦးနှောက်အာရုံကြောဆိုင်ရာ ပြဿနာများကို ကုသရန်
- မျိုးဗီဇဆိုင်ရာ အထူးကုဆရာဝန် (Geneticist) – မျိုးဗီဇဆိုင်ရာ အကြံဉာဏ်များ ပေးရန်
- မျက်စိအထူးကုဆရာဝန် (Ophthalmologist) – အမြင်အာရုံဆိုင်ရာ ပြဿနာများကို စစ်ဆေးကုသရန်။
- နားနှာခေါင်းလည်ချောင်း အထူးကုဆရာဝန် (ENT specialist) – အကြားအာရုံဆိုင်ရာ ပြဿနာများကို စစ်ဆေးကုသရန်
- အရိုးအထူးကုဆရာဝန် (Orthopedic surgeon) – အရိုးထိခိုက်မှုများ (ဥပမာ- Scoliosis) ကို ကုသရန်
- အရေပြားအထူးကုဆရာဝန် (Dermatologist) – အရေပြားဆိုင်ရာ လက္ခဏာများကို စစ်ဆေးကုသရန်
- ပုံမှန်စောင့်ကြည့်စစ်ဆေးမှုများ
အထက်ဖော်ပြပါ ကျွမ်းကျင်ပညာရှင်များဖြင့် ပုံမှန်စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ခြင်းသည် နောက်ဆက်တွဲပြဿနာများကို အချိန်မီသိရှိနိုင်ပြီး ကုသမှုများကို စောစီးစွာ စတင်နိုင်သည်။ ဥပမာ _- သွေးပေါင်ချိန်အပါအဝင် အထွေထွေကျန်းမာရေးစစ်ဆေးမှုများ
- အမြင်အာရုံနှင့် အကြားအာရုံ စစ်ဆေးမှုများ
- ပုံရိပ်ဖော်စစ်ဆေးမှုများ (Imaging)
- ကလေး၏ ဉာဏ်ရည်ဖွံ့ဖြိုးမှုနှင့် သင်ယူမှုဆိုင်ရာ စွမ်းရည်များကို ပုံမှန်စစ်ဆေးအကဲဖြတ်ခြင်း
- ကုသမှုနည်းလမ်းများ
- ခွဲစိတ်ကုသမှု (Surgery) – အမြင်အာရုံ၊ အကြားအာရုံ သို့မဟုတ် အခြားကိုယ်အင်္ဂါများကို ထိခိုက်စေသည့် အကျိတ်များကို ခွဲစိတ်ဖယ်ရှားနိုင်သည်
- ဆေးဝါးကုသမှု – MEK inhibitors (ဥပမာ – Selumetinib) ကဲ့သို့သော ဆေးဝါးများသည် အကျိတ်များ၏ ကြီးထွားမှုကို လျှော့ချပေးနိုင်သည်
- ကင်ဆာကုသမှုများ (Cancer Treatment) – အကျိတ်များသည် ကင်ဆာအဖြစ် ပြောင်းလဲသွားပါက ဓာတ်ရောင်ခြည်ကုထုံး (Radiotherapy) သို့မဟုတ် ကင်ဆာဆေးသွင်းကုသမှု (Chemotherapy) ပြုလုပ်နိုင်သည်။
- နောက်ဆက်တွဲပြဿနာများကိုကုသခြင်း
- သွေးတိုးရောဂါ – သွေးတိုးကျဆေးများဖြင့် ထိန်းချုပ်သည်
- သင်ယူမှုဆိုင်ရာ အခက်အခဲများ – အထူးပညာရေး (Special education) နှင့် သင်ယူမှု အထောက်အကူပြု အစီအစဉ်များဖြင့် ကူညီသည်
- အပြုအမူဆိုင်ရာ ပြဿနာများ – အပြုအမူဆိုင်ရာ ကုထုံး (Behavioral therapy) နှင့် စိတ်ကျန်းမာရေးဆိုင်ရာ ပံ့ပိုးမှုများ ပေးသည်။
ကာကွယ်ခြင်း
NF သည် မျိုးဗီဇဆိုင်ရာ ရောဂါဖြစ်သောကြောင့် အပြည့်အဝ ကာကွယ်ရန် မဖြစ်နိုင်ပါ။ သို့သော် ရောဂါရှိသူများအတွက် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲပြဿနာများကို လျှော့ချရန်အတွက် အောက်ပါတို့ကို ဆောင်ရွက်နိုင်သည်။
- မျိုးဗီဇဆိုင်ရာ အကြံဉာဏ်ရယူခြင်း (Genetic Counseling)
မိသားစုတွင် NF ရောဂါရှိခဲ့လျှင် ကလေးမယူမီ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး ဖြစ်ပွါးနိုင်ခြေကို စစ်ဆေးသင့်သည်။ - စောစီးစွာ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်း
ရောဂါကို စောစီးစွာ ရှာဖွေတွေ့ရှိခြင်းသည် နောက်ဆက်တွဲပြဿနာများကို လျှော့ချရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ - ပုံမှန်စောင့်ကြည့်စစ်ဆေးခြင်း
ရောဂါရှိနေသူများသည် အမြင်အာရုံ၊ အကြားအာရုံနှင့် အကျိတ်များ၏ ပြောင်းလဲမှုများကို ပုံမှန်စစ်ဆေးသင့်သည်။
References:
- National Institute of Neurological Disorders and Stroke. (n.d.). Neurofibromatosis. Retrieved September 18, 2025, from https://www.ninds.nih.gov/health-information/disorders/neurofibromatosis
- KidsHealth. (n.d.). Neurofibromatosis type 1 (NF1). Retrieved September 18, 2025, from https://kidshealth.org/en/parents/nf.html
- NF Network. (n.d.). Understanding NF (3rd ed.). Retrieved September 18, 2025, from https://nfnetwork.org/data/uploads/nf1-educational-materials/understanding-nf-3rd-edition.pdf
Published: 26 September 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.