အားကစားလှုပ်ရှားမှုများတွင် ဒူးဆစ်အတွင်းရှိ အရွတ်များ ထိခိုက်ဒဏ်ရာရနိုင်ခြေရှိပြီး၊ ထိုအထဲတွင် ဒူးဆစ်အတွင်းရှိ အရှေ့ဘက်ကြက်ခြေခတ်အရွတ် (Anterior cruciate ligament – ACL) ထိခိုက်ဒဏ်ရာရခြင်းသည် အဖြစ်အများဆုံးဖြစ်သည်။
ဒူးခေါင်းဒဏ်ရာသည် အလွယ်တကူရနိုင်ပြီး အဆိုပါထိခိုက်ဒဏ်ရာရခြင်းကြောင့် အရွတ်များ စုတ်ပြဲခြင်း သို့မဟုတ် ကျိုးပြတ်ခြင်း ဖြစ်နိုင်ကာ၊ ထိုသို့ဖြစ်ပါက ပြန်လည်ကောင်းမွန်လာစေရန်အတွက် ခွဲစိတ်ကုသမှု လိုအပ်သည်။ ခွဲစိတ်ပြီးနောက် စနစ်တကျ ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းများ (Rehabilitation) ကို အချိန်ယူလုပ်ဆောင်ခြင်းဖြင့် ထိခိုက်ဒဏ်ရာရသူ အများစုသည် (၆)လ မှ (၉)လအတွင်း ပုံမှန်အားကစားလှုပ်ရှားမှုများကို အပြည့်အဝ ပြန်လည်ပြုလုပ်နိုင်မည်ဖြစ်သည်။
ဒူးဆစ်ဖွဲ့စည်းပုံ
ဒူးဆစ်သည် ခန္ဓာကိုယ်၏ အလေးချိန်ကို ထိန်းသိမ်းထမ်းဆောင်ပေးနိုင်ရန် ပေါင်ရိုးအောက်ပိုင်း (distal femur)၊ ခြေသလုံးရိုးအပေါ်ပိုင်း (proximal tibia) နှင့် ခုံညင်းရိုး (patella) တို့ဖြင့် ဖွဲ့စည်းထားသည်။ ဤအရိုးများနှင့် အရွတ်များ (ligaments)၊ အရွတ်ကြောများ (tendons)၊ ကြွက်သားများ (muscles) အားလုံး ပူးပေါင်းကာ ခန္ဓာကိုယ်ကို ထောက်ပံ့ပေးသည်။ ဒူးဆစ်၏တည်ငြိမ်မှုအတွက် အရေးကြီးသည့် အရွတ်နှစ်ခုမှာ ကြက်ခြေခတ်ပုံသဏ္ဌာန်ရှိသော အရှေ့ဘက်ကြက်ခြေခတ်အရွတ် (Anterior Cruciate Ligament – ACL) နှင့် အနောက်ဘက်ကြက်ခြေခတ်အရွတ် (Posterior Cruciate Ligament – PCL) တို့ဖြစ်သည်။
- အရှေ့ဘက်ကြက်ခြေခတ်အရွတ် (ACL) သည် ပေါင်ရိုး၏အောက်ပိုင်းမှစ၍ ခြေသလုံးရိုး၏ရှေ့ဘက်သို့ တွယ်ဆက်ထားပြီး ခြေသလုံးရိုးကို ရှေ့သို့ရွေ့လျားခြင်းမှ ကာကွယ်ပေးသည်
- အနောက်ဘက်ကြက်ခြေခတ်အရွတ် (PCL) သည် ပေါင်ရိုး၏အောက်ပိုင်းမှ ခြေသလုံးရိုး၏နောက်ဘက်သို့ ဆက်သွယ်ထားပြီး ခြေသလုံးရိုးကို နောက်သို့ရွေ့လျားခြင်းမှ တားဆီးပေးသည်
ဒူးဆစ်၏ ဘေးတစ်ဖက်စီတွင် တည်ရှိသည့် ဘေးတိုက်အရွတ်များ (Collateral Ligaments) သည်လည်း ဒူးဆစ်တည်ငြိမ်မှုကို ပံ့ပိုးပေးသည်။ ယင်းတို့မှာ အတွင်းဘက်ဘေးတိုက်အရွတ် (Medial Collateral Ligament – MCL) နှင့် အပြင်ဘက်ဘေးတိုက်အရွတ် (Lateral Collateral Ligament – LCL) တို့ဖြစ်ပြီး ဒူးဆစ်ကို ဘေးဘက်သို့ လှုပ်ရှားခြင်းမရှိအောင် ထိန်းထားပေးသည်။
ဒူးဆစ်အတွင်းတွင် ဖိအားဒဏ်ကို စုပ်ယူပေးနိုင်သော ကြားခံအရွတ်ပြား (Meniscus) နှစ်ခုရှိသည်။ ၎င်းတို့သည် ပေါင်ရိုးနှင့် ခြေသလုံးရိုးကြားတွင်ရှိပြီး လှုပ်ရှားမှုဒဏ်ကို လျှော့ချပေးကာ အရိုးချင်းပွတ်တိုက်မှုမှ ကာကွယ်ပေးသည်။ ဒူးဆစ်တစ်ခုလုံးကို အဆစ်အမြှေး (Synovial Membrane) ဖြင့် ဖုံးအုပ်ထားပြီး အရိုးနုများကို ချောမွေ့စွာ ရွေ့လျားနိုင်စေရန် အရည်တစ်မျိုး (Synovial fluid) ကို ထုတ်လုပ်ပေးသည်။ ထို့အပြင် အရွတ်ကြောများ (Tendons) သည် ကြွက်သားများကို အရိုးများနှင့် ချိတ်ဆက်ပေးကာ လှုပ်ရှားမှုကို ဖြစ်ပေါ်စေသည်။
ဒူးဆစ်အတွင်းရှိ အရွတ်ထိခိုက်ဒဏ်ရာအမျိုးအစားနှင့် ပြင်းထန်မှု အခြေအနေများ
ဒူးဆစ်အတွင်းတွင်ရှိသော အရှေ့ဘက်ကြက်ခြေခတ်အရွတ် (ACL) သည် အနောက်ဘက်ကြက်ခြေခတ်အရွတ် (PCL) ထက် ပို၍ပျက်စီးလွယ်ပြီး ထိခိုက်ဒဏ်ရာ ပိုမိုရရှိနိုင်သည်။ ဒူးဆစ်အရွတ်ဒဏ်ရာ၏ ပြင်းထန်မှုကို အောက်ပါအတိုင်း အဆင့်သုံးမျိုး ခွဲခြားနိုင်သည်။
- အဆင့် (၁) – ဒဏ်ရာကြောင့် အရွတ်ဆွဲဆန့်ခံရသော်လည်း လုံးဝပြတ်တောက်သွားခြင်း မရှိပေ
- အဆင့် (၂) – ဒဏ်ရာကြောင့် အရွတ်ဆွဲဆန့်ခံရပြီး တစ်စိတ်တစ်ပိုင်း စုတ်ပြဲသွားသည်
- အဆင့် (၃) – အရွတ်သည် လုံးဝစုတ်ပြဲသွားသည်
ဒူးဆစ်အတွင်းရှိ အရွတ်တစ်ခုတည်းသာ ဒဏ်ရာရနိုင်သကဲ့သို့ အခြားအရွတ်များ သို့မဟုတ် ကြားခံအရွတ်ပြား (Meniscus) လည်း တွဲဖက်ထိခိုက်ဒဏ်ရာရနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဒူးဆစ်ပေါ်သို့ သက်ရောက်သည့် အင်အားသည် ဒူးဆစ်လှည့်နိုင်၊ ကွေးနိုင်သည့် အတိုင်းအတာထက် ကျော်လွန်သွားပါက ဒူးဆစ်အတွင်းရှိ အရွတ်များသည် ထိခိုက်စုတ်ပြဲနိုင်သည်။ ဒူးဆစ်ကွေးပြီး အလွန်အမင်း လည်ထွက်သွားပါက ဒူးဆစ်အတွင်းရှိ အရှေ့ဘက်ကြက်ခြေခတ်အရွတ် ထိခိုက်ဒဏ်ရာရနိုင်ပြီး စုတ်ပြဲသွားနိုင်သည်။ ဒူးဆစ်အတွင်းရှိ အနောက်ဘက်ကြက်ခြေခတ်အရွတ်သည် အရှေ့ဘက်ကြက်ခြေခတ်အရွတ်ထက် ပိုမိုခိုင်ခန့်ပြီး ထိခိုက်ဒဏ်ရာ ရနိုင်ခြေနည်းသည်။ ဒူးဆစ်အတွင်းရှိ အနောက်ဘက်ကြက်ခြေခတ်အရွတ် ထိခိုက်ဒဏ်ရာရခြင်းသည် အဖြစ်နည်းပြီး အခြားအရွတ်များ ထိခိုက်ဒဏ်ရာရမှုများနှင့် တွဲ၍တွေ့နိုင်သည်။
ဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းများမှာ_
- အားကစားလှုပ်ရှားမှုပြုလုပ်ခြင်း
- ယာဉ်မတော်တဆဖြစ်ခြင်း
- အမြင့်ပေါ်မှ ပြုတ်ကျခြင်းတို့ဖြစ်သည်။
ဖြစ်ပွါးနိုင်ခြေများသူများ
မည်သူမဆို ဒူးဆစ်အတွင်းအရွတ်များ ထိခိုက်ဒဏ်ရာရသည့် အခြေအနေများဖြစ်ပေါ်နိုင်သော်လည်း ထိခိုက်ဒဏ်ရာ ရနိုင်ခြေများသော ဘောလုံးကစားခြင်း၊ ဘတ်စကက်ဘောကစားခြင်းကဲ့သို့ အားကစားလှုပ်ရှားမှု ပြုလုပ်သူများတွင် ပိုမိုတွေ့ကြုံရနိုင်သည်။
ရောဂါလက္ခဏာများ
- အသံနှင့် ခံစားမှု _ ဒဏ်ရာရရှိချိန်တွင် ဒူးဆစ်အတွင်းမှ တစ်ခုခု ပြတ်တောက်သွားသကဲ့သို့ အသံခံစားရသည်
- နာကျင်မှု _ အရွတ်ထိခိုက်မှု၏ ပြင်းထန်မှုအဆင့်ပေါ် မူတည်၍ နာကျင်မှုသည် အနည်းငယ်မှ အလွန်အမင်း ပြင်းထန်သည်အထိ ကွာခြားနိုင်သည်
- ရောင်ရမ်းခြင်း _ ထိခိုက်ပြီး မကြာမီအချိန်အတွင်း အဆစ်အတွင်း၌ သွေးများစုပုံလာကာ ရောင်ရမ်းလာသည်
- လှုပ်ရှားမှုခက်ခဲလာခြင်း _ ဒူးဆစ်ကို ကွေးခြင်း သို့မဟုတ် ဆန့်ခြင်းကဲ့သို့သော လှုပ်ရှားမှုများကို ပြုလုပ်ရန် ခက်ခဲလာသည်
- ဒူးဆစ် မတည်ငြိမ်ခြင်း _ လမ်းလျှောက်စဉ်သို့မဟုတ် ကိုယ်အလေးချိန်ကို ထိန်းထားစဉ် ဒူးဆစ်သည် ခံနိုင်ရည်မရှိဘဲ ညွှတ်ကျခြင်း သို့မဟုတ် လှုပ်ရမ်းခြင်း ဖြစ်ပေါ်သည်
ဆရာဝန်မှ စမ်းသပ်စစ်ဆေးရာတွင် ဒူးဆစ်၏ တည်ငြိမ်မှုကို စမ်းသပ်ကြည့်နိုင်သည်။ ဥပမာအားဖြင့်၊ ဒူးကွေးပြီးခြေသလုံးရိုးကို ရှေ့နောက်ဆွဲကြည့်လျှင် ပုံမှန်မဟုတ်ဘဲ လွန်ကဲစွာ ရွေ့လျားနေသည်ကို တွေ့ရှိနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
ဒူးဆစ်အတွင်းရှိ အရွတ်သည် တစ်ခုတည်း ထိခိုက်ဒဏ်ရာရနိုင်သကဲ့သို့ အခြားအရွတ်များ၊ ကြားခံအရိုးနုပြားများ (Meniscus)၊ ကြွက်သားများ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့်လည်း တွဲဖက်တွေ့နိုင်သည်၊ ထို့ပြင် အရိုးကျိုးခြင်းများလည်း ရှိနိုင်သည်။
စနစ်တကျ မကုသသောအခါ ဖြစ်ပေါ်လာနိုင်သော ပြဿနာများ
ဒူးဆစ်အတွင်းရှိ အရွတ်စုတ်ပြဲမှုကို စနစ်တကျ မကုသပါက အောက်ပါပြဿနာများ ဖြစ်လာနိုင်သည်။
- အချိန်ကြာလာသည်နှင့်အမျှ နာကျင်မှု ပိုဆိုးလာခြင်း
- ဒူးဆစ် မတည်ငြိမ်မှုကို ခံစားရခြင်း
- ဒူးဆစ် တောင့်တင်းနေခြင်း
- လမ်းလျှောက်ရခက်ခဲခြင်းနှင့် အားကစားလှုပ်ရှားမှုများကို အပြည့်အဝ မလုပ်ဆောင်နိုင်ခြင်း
- အနောက်ဘက်ကြက်ခြေခတ်အရွတ် (PCL) ထိခိုက်စုတ်ပြဲမှုတွင် လှေကားဆင်းသည့်အခါ ခက်ခဲခြင်း
ခွဲစိတ်ကုသပြီးနောက် ဖြစ်နိုင်သော နောက်ဆက်တွဲဆိုးကျိုးများ
ခွဲစိတ်ကုသမှုအပြီးတွင် အောက်ပါနောက်ဆက်တွဲဆိုးကျိုးများ ဖြစ်နိုင်ခြေရှိသော်လည်း ဖြစ်နိုင်ခြေနည်းပါးသည်။
- အစားထိုးလိုက်သော အရွတ်ကြော ပြုတ်ထွက်ခြင်း၊ နေရာရွှေ့သွားခြင်း
- အဆစ်တင်းတောင့်ခြင်း
- ဒူးရှေ့ဘက် နာကျင်ခြင်း
- အစားထိုးအရွတ်ကြောယူခဲ့သည့် ကြွက်သားအားနည်းသွားခြင်း
- ခြေထောက်သွေးပြန်ကြောအတွင်း သွေးခဲခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ မိသားစုဆရာဝန်မှ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီး လိုအပ်ပါက အရိုးအထူးကုဆရာဝန်သို့ လွှဲပြောင်းကုသစေမည်။
အရေးပေါ်ပြသရန်
ဒူးဆစ်ရောင်ရမ်းမှုနှင့် နာကျင်မှုပြင်းထန်ခြင်း၊ မတ်တတ်မရပ်နိုင်ခြင်း၊ လမ်းမလျှောက်နိုင်ခြင်းတို့ ခံစားရပါက ဆေးရုံ၊ ဆေးခန်းသို့ အရေးပေါ်ပြသရန် လိုအပ်သည်။
ရောဂါရှာဖွေခြင်း
ရောဂါရှာဖွေရာတွင် လူနာအား ဒဏ်ရာရရှိသည့်ပုံစံကို မေးမြန်းခြင်းနှင့် လိုအပ်သော ကိုယ်တိုင်စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်မည်။ တွဲဖက်ဖြစ်ပွါးနိုင်သည့် အခြားဒဏ်ရာများ ရှိမရှိကိုလည်း စစ်ဆေးမည်။ အောက်ပါပုံရိပ်ဖော်နည်းလမ်းများကို အသုံးပြု၍လည်း ရောဂါကို အတည်ပြုနိုင်သည်။
- ဒူးဆစ်ဓာတ်မှန် (X-ray knee joint)
ဓာတ်မှန်တွင် အရွတ်ပျက်စီးမှုကို တိုက်ရိုက်မတွေ့ရသော်လည်း ဒဏ်ရာနှင့်အတူ တွဲဖက်ဖြစ်ပေါ်နိုင်သော အရိုးကျိုးခြင်း သို့မဟုတ် အရိုးပဲ့ထွက်ခြင်းများကို သိရှိနိုင်သည်။ - သံလိုက်ဓာတ်မှန် (MRI)
၎င်းသည် ဒူးဆစ်အတွင်းရှိ အရွတ်များ စုတ်ပြဲမှုအခြေအနေကို အသေးစိတ်သိရှိနိုင်စေသည်။ ထို့ပြင် အဆစ်အတွင်းရှိ ကြားခံအရိုးနုပြားများ (Meniscus) နှင့် အခြားအရိုးနုများ၏ ထိခိုက်မှုအခြေအနေကိုပါ သိရှိနိုင်သည်။ - အဆစ်အတွင်း မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်း (Arthroscopy)
ဤနည်းလမ်းဖြင့် အရွတ်များ၏ အခြေအနေကို မျက်စိဖြင့် တိုက်ရိုက်မြင်တွေ့နိုင်သဖြင့် အရွတ်တစ်စိတ်တစ်ပိုင်းစုတ်ပြဲခြင်း သို့မဟုတ် လုံးဝပြတ်တောက်ခြင်း ရှိမရှိကို အတိအကျသိနိုင်သည်။ ထို့အပြင် အဆစ်အတွင်းရှိ အခြားပျက်စီးမှုများကိုလည်း တစ်ပါတည်း သိရှိနိုင်သည်။
ကုသခြင်း
ဒူးဆစ်အတွင်းရှိ အရွတ်များ ထိခိုက်စုတ်ပြဲသည့်အဆင့်နှင့် အခြားပူးတွဲဒဏ်ရာရသည့် အခြေအနေများပေါ် မူတည်၍ ကုသမှုပေးသည်။
ကနဦးအရေးပေါ်ကုသခြင်း
ဒူးဆစ်အတွင်း အရွတ်ထိခိုက်ဒဏ်ရာရခြင်းကို RICE (Rest, Ice, Compression, Elevation) နည်းလမ်းဖြင့် စတင်ကုသနိုင်သည်။
- အနားယူခြင်း (Rest) _ နာကျင်ခြင်း ပိုဆိုးမလာစေရန် အနားယူပါ၊ နာကျင်မှုဖြစ်စေသော ကိုယ်လက်လှုပ်ရှားမှုကို ရပ်တန့်ပါ
- ရေခဲကပ်ခြင်း (Ice) _ ဖြစ်ဖြစ်ချင်း ပထမဆုံးနေ့တွင် နာကျင်သည့်နေရာ၌ ရေခဲအိတ် (သို့မဟုတ်) အအေးကပ်ပတ်တီးကို တစ်ကြိမ်လျှင် (၁၀) မိနစ် မှ (၁၅) မိနစ်ခန့် တစ်နာရီခြား အသုံးပြုပါ၊ နောက်ရက်များတွင် သုံးနာရီ (သို့မဟုတ်) လေးနာရီခြားတစ်ခါ ရေခဲကပ်နိုင်သည်၊ ရေခဲကို အရေပြားပေါ် တိုက်ရိုက်မကပ်ပါနှင့် [ရေခဲအိတ်ကို မျက်နှာသုတ်ပဝါ (သို့မဟုတ်) အဝတ်စဖြင့် ပတ်၍အသုံးပြုပါ]
- ဖိအားပေးခြင်း (Compression) _ ဆွဲဆန့်နိုင်သော မျှော့ပတ်တီး (Elastic Bandage) ဖြင့် ထိခိုက်ဒဏ်ရာရသည့် ဒူးဆစ်ကို စည်းနှောင်ကာ ဖိအားပေးနိုင်သည်၊ ဖိအားပေးခြင်းဖြင့် နာနေသော နေရာသို့ သွေးစီးဆင်းမှုကို လျှော့ချပေးပြီး ရောင်ရမ်းမှုကို လျှော့ချပေးသည်
- အမြင့်တင်ထားခြင်း (Elevation) _ ဒူးဆစ်ကို နှလုံးရှိသည့်နေရာထက် ပိုမြင့်နေစေရန် ခေါင်းအုံးများ၊ ကူရှင်များဖြင့် ခုခံထားနိုင်သည်
မခွဲစိတ်ဘဲကုသသည့်နည်းလမ်းဖြင့် ကုသခြင်း
ထိခိုက်ဒဏ်ရာကြောင့် အရွတ်ဆွဲဆန့်သကဲ့ဖြစ်စေသော်လည်း အရွတ်ပြတ်ထွက်သွားမှုမရှိသည့် အဆင့် (၁) အရွတ်ထိခိုက်ဒဏ်ရာရမှုတွင် အောက်ပါနည်းလမ်းများဖြင့် ကုသသည်။
- ဒူးအဆစ်ထိန်းအပတ်များ ဝတ်ဆင်ခြင်း
- ချိုင်းထောက်ဖြင့် လမ်းလျှောက်စေခြင်း
- ပါရာစီတမော (သို့မဟုတ်) အကိုက်အခဲပျောက်ဆေးများ၊ အရောင်လျော့ဆေးများဖြင့် နာကျင်ရောင်ရမ်းမှု သက်သာစေခြင်း
- ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများဖြင့် ကုသခြင်း
- လူမှုနေထိုင်မှုပုံစံ ပြောင်းလဲခြင်း
ခွဲစိတ်ကုသသည့်နည်းလမ်း
အရွတ်တစ်စိတ်တစ်ပိုင်း စုတ်ပြဲခြင်းနှင့် အရွတ်လုံးဝ စုတ်ပြဲခြင်းတို့တွင် အရွတ်ကိုပြန်လည်ပြုပြင်ရန် ခွဲစိတ်ကုသမှု လိုအပ်သည်။ အများအားဖြင့် ဒူးဆစ်အတွင်း မှန်ပြောင်းဖြင့်ကြည့်ရှုပြီး စုတ်ပြဲသွားသည့်အရွတ်ကို အခြားအရွတ်ကြောဖြင့် အစားထိုးအသုံးပြုကာ ခွဲစိတ်ပြုပြင်သည်။ ခွဲစိတ်ကုသပြီးနောက် ကြွက်သားသန်မာရေးလေ့ကျင့်ခန်းများ၊ ဒူးဆစ်အကွေးအဆန့်လေ့ကျင့်ခန်းများ စသည့်ပြန်လည်သန်စွမ်းရေး လေကျင့်ခန်းများ ပြုလုပ်ရန်လိုသည်။
ကာကွယ်ခြင်း
အားကစားလှုပ်ရှားမှုများ (သို့မဟုတ်) မတော်တဆထိခိုက်မှုများကြောင့် ဖြစ်ပေါ်နိုင်သည့် ဒူးဆစ်အရွတ်ဒဏ်ရာများကို အောက်ပါအချက်များ လိုက်နာခြင်းဖြင့် လျှော့ချနိုင်သည်။
- သင့်လျော်သည့် ဒူးဆစ်အကာအကွယ်ပစ္စည်းများ အသုံးပြုရန်
အားကစားပြုလုပ်ရာတွင် ဒူးဆစ်ကို ကာကွယ်ပေးမည့် ပစ္စည်းများ ဝတ်ဆင်ပါ။ - နာကျင်မှုရှိချိန်တွင် ရှောင်ကြဉ်ရန်
ဒူးဆစ်တွင် နာကျင်မှု ခံစားနေရပါက အားကစားလှုပ်ရှားမှုများ မပြုလုပ်သင့်ပေ။ - သွေးပူလေ့ကျင့်ခန်းနှင့် အကြောလျှော့လေ့ကျင့်ခန်းများ ပြုလုပ်ရန်
အားကစားမပြုလုပ်မီနှင့် ပြုလုပ်ပြီးချိန်တွင် သွေးပူလေ့ကျင့်ခန်းနှင့် အကြောလျှော့လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပါ။ - ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန်
ဒဏ်ရာရနိုင်သည့် အခြေအနေများကို ကြိုတင်သတိပြုကာကွယ်ပါ။
ဤနည်းလမ်းများသည် ဒူးဆစ်ကို ကျန်းမာသန်စွမ်းစေပြီး ဒဏ်ရာရရှိမှုမှလည်း ကာကွယ်ပေးနိုင်သည်။
References:
- Cleveland Clinic. (n.d.). ACL tear. Retrieved September 15, 2025, from https://my.clevelandclinic.org/health/diseases/16576-acl-tear
- Mayo Clinic. (n.d.). ACL injury: Symptoms & causes. Retrieved September 15, 2025, from https://www.mayoclinic.org/diseases-conditions/acl-injury/symptoms-causes/syc-20350738
- WebMD. (n.d.). ACL injury: What to know. Retrieved September 15, 2025, from https://www.webmd.com/pain-management/knee-pain/acl-injury-what-to-know
- NHS. (n.d.). ACL (anterior cruciate ligament) surgery: What it is. Retrieved September 15, 2025, from https://www.nhs.uk/tests-and-treatments/acl-anterior-cruciate-ligament-surgery/what-it-is/
- Cleveland Clinic. (n.d.). PCL (posterior cruciate ligament) tears. Retrieved September 15, 2025, from https://my.clevelandclinic.org/health/diseases/21793-pcl-posterior-cruciate-ligament-tears
Published: 26 September 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.