ပွေးစွဲခြင်း (Ringworm or tinea) သည် အရေပြားမှိုစွဲကူးစက်မှုတစ်မျိုးဖြစ်ပြီး Dermatophyte ဟုခေါ်သော မှိုများကြောင့် ဖြစ်ပွါးသည်။ ဤမှိုများသည် အရေပြား၊ ဆံပင်နှင့် လက်သည်း နေရာများတွင် တွေ့ရတတ်ပြီး Keratin ဟုခေါ်သော ပရိုတင်းကို စားသုံး၍ အသက်ရှင်ကြသည်။ အရေပြားတွင် စက်၀ိုင်းကွင်းပုံစံအပိမ့်များ (သို့မဟုတ်) အနီစက်များ ဖြစ်ပေါ်ခြင်း၊ အရေပြား ခြောက်သွေ့ကွဲအက်ခြင်းနှင့် ယားယံခြင်းတို့သည် ပွေးစွဲခြင်း၏ ရောဂါလက္ခဏာများဖြစ်သည်။
စစ်တမ်းများအရ ကမ္ဘာတစ်ဝှမ်းတွင် အရေပြားမှိုစွဲရောဂါကူးစက်ခြင်းခံရသူ လူဦးရေသန်းပေါင်း (၆၅၀) ခန့်ရှိပြီး တစ်ဝက်ခန့်သည် ပွေးစွဲခြင်းကြောင့်ဖြစ်သည်။ အသက်အရွယ်မရွေး အမျိုးသား၊ အမျိုးသမီးမရွေး ဖြစ်ပွါးနိုင်သည့်အပြင် တိရစ္ဆာန်များတွင်လည်း ကူးစက်နိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
Ringworm သည် အောက်ပါနည်းလမ်းများဖြင့် ကူးစက်နိုင်သည်။
- တိုက်ရိုက်ထိတွေ့မှု _ ရောဂါရှိသူ (သို့မဟုတ်) တိရစ္ဆာန်နှင့် ထိတွေ့ခြင်း
- တစ်ဆင့်ခံထိတွေ့မှု _ ညစ်ပတ်သော အဝတ်အစား၊ မျက်နှာသုတ်ပဝါ၊ အားကစားပစ္စည်းများကို ထိတွေ့မိခြင်းမှ ကူးစက်ခြင်း
- ပတ်ဝန်းကျင်မှတစ်ဆင့်ထိတွေ့မှု _ မြေကြီးတွင်ရှိသော မှိုများနှင့် ထိတွေ့ခြင်း
ရောဂါလက္ခဏာများ
ပွေးစွဲခြင်း (Ringworm) သည် ခန္ဓာကိုယ်၏ အစိတ်အပိုင်းပေါ်မူတည်၍ လက္ခဏာများကွဲပြားသည်။
ယေဘုယျ ရောဂါလက္ခဏာများမှာ အရေပြားတွင် စက်ဝိုင်းကွင်းပုံစံ အပိမ့်များ (သို့မဟုတ်) အနီစက်များ ဖြစ်ပေါ်ခြင်း၊ အရေပြားခြောက်သွေ့ကွဲအက်ခြင်း၊ ယားယံခြင်းတို့ဖြစ်သည်။
- Tinea capitis (ဦးရေပြားတွင် ပွေးစွဲခြင်း)
ဦးရေပြားတွင် အကွက်လိုက်ပေါ်လာသောကြောင့် ယားယံခြင်း၊ နီရဲခြင်း၊ ဆံပင်ကျွတ်ခြင်းတို့ ဖြစ်တတ်၍ အထူးသဖြင့် ကလေးများတွင် အဖြစ်များသည်။ - Tinea corporis (ကိုယ်ခန္ဓာ ringworm)
အကွင်းလိုက်ပုံစံ အဖုအပိမ့်များ ထွက်ခြင်းဖြစ်တတ်သည်။ ထိုနေရာတွင် ယားယံခြင်းဖြစ်နိုင်၍ အခြားနေရာများသို့ ကူးစက်ပြန့်ပွါးနိုင်သည်။ - Tinea cruris (ပေါင်ခြံ ringworm / jock itch)
ပေါင်ခြံနှင့် ပေါင်အထက်ပိုင်းတွင် ဖြစ်တတ်သည်။ အမျိုးသားများ (အထူးသဖြင့် လူငယ်နှင့် လူလတ်ပိုင်း) တွင် အဖြစ်များသည်။ - Tinea pedis (ခြေထောက် ringworm / athlete’s foot)
ခြေချောင်းကြားတွင် ယားယံခြင်း၊ အရေပြားကွာခြင်းတို့ ဖြစ်တတ်သည်။ အလုပ်ခွင်များ (ဥပမာ _ သတ္တုတွင်း၊ ရေနံလုပ်ငန်း) တွင် အဖြစ်များသည်။ - Tinea unguium (လက်သည်း/ခြေသည်း ringworm)
လက်သည်း ခြေသည်းများ ထူလာတတ်ပြီး အရောင်ပြောင်း၍ ကျိုးလွယ်လာခြင်းတို့ဖြစ်သည်။ - Tinea Versicolor (ခန္ဓာကိုယ်အနှံ့ အဖြူကွက်များပေါ်ခြင်း)
မျက်နှာအပါအဝင် ကျောပြင်နှင့် ကိုယ်ခန္ဓာအနှံ့ အဖြူကွက်များပေါ်ခြင်းတို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
- ဘက်တီးရီးယားပိုးဝင်၍ အနာရင်းခြင်း
အရေပြား ကွဲအက်ရာမှ ဘက်တီးရီးယားပိုးများ ဝင်ရောက်ကာ အရေပြားရောင်ရမ်းခြင်း (သို့မဟုတ်) အရေပြားပေါ်တွင် ပြည်ဖုများ (Cellulitis, Impetigo) ဖြစ်စေနိုင်သည်။ ယားယံမှုကြောင့် ကုတ်ခြစ်ခြင်းမှလည်း အနာရင်း၍ ပိုးဝင်နိုင်သည်။ - ပြင်းထန်စွာ ရောင်ရမ်းခြင်း
ဦးရေပြားတွင် Kerion ဟုခေါ်သော နာကျင်သည့် အဖုအပိန့်များ ထွက်ပေါ်လာနိုင်သည်။ ထိုနေရာရှိ ဆံပင်များ ကျွတ်ထွက်ပြီး အမာရွတ်များ ကျန်ခဲ့နိုင်သည်။ - ဆံပင်ကျွတ်ခြင်း (အထူးသဖြင့် ဦးရေပြားတွင်)
ဦးရေပြားမှိုစွဲနာကို အချိန်မီ မကုသပါက ဆံပင်များ ပြန်မပေါက်နိုင်တော့ဘဲ ထိပ်ပြောင်ခြင်းများ ဖြစ်စေနိုင်သည်။ - လက်သည်း၊ ခြေသည်း ပုံပျက်ခြင်း
လက်သည်းများ ထူလာခြင်း၊ အဝါရောင် သို့မဟုတ် အညိုရောင် ပြောင်းလာခြင်း၊ ကျိုးလွယ်လာခြင်းများ ဖြစ်ပေါ်နိုင်သည်။ အခြား လက်သည်း၊ ခြေသည်းများသို့လည်း ကူးစက်နိုင်ပြီး နာတာရှည် လက်သည်း၊ ခြေသည်း မှိုစွဲနာ ဖြစ်လာနိုင်သည်။ - အရေပြားတွင် အမည်းစက်များ ကျန်ရှိခြင်း
အထူးသဖြင့် အသားဖြူသူများတွင် ရောဂါပျောက်ကင်းပြီးနောက် အမာရွတ်ကဲ့သို့ အမည်းစက်များ ကျန်ခဲ့နိုင်သည်။ - ရောဂါ ပြန့်ပွါးခြင်း
စနစ်တကျ ကုသမှု မခံယူပါက ရောဂါသည် ခန္ဓာကိုယ်အနှံ့အပြားသို့ သော်လည်းကောင်း၊ အခြားသူများသို့ သော်လည်းကောင်း ကူးစက်ပြန့်ပွါးနိုင်သည်။ - ရှားပါးပြင်းထန်သော မှိုစွဲနာ (Majocchi’s Granuloma)
မှိုပိုးများသည် ဆံပင်အောက်ခြေအိတ်အတွင်းသို့ ဝင်ရောက်ကာ နာကျင်သော အဖုများ ဖြစ်ပေါ်စေနိုင်သည်။ ဗောက်ကဲ့သို့ အဖြူဖတ်များလည်း ပေါ်လာနိုင်ပြီး ပြင်းထန်သည့် ဦးရေပြားမှိုစွဲနာတစ်မျိုး ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ဦးရေပြား၊ အရေပြား၊ လက်သည်း စသည့်နေရာများတွင် ပွေးကွက်များ၊ ထိုမှတစ်ဆင့် အထက်ပါ နောက်ဆက်တွဲပြဿနာများရှိလာပါက မိမိတို့သက်ဆိုင်ရာ မိသားစုဆရာ၀န်များနှင့် တိုင်ပင်ဆွေးနွေးသင့်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ဦးရေပြား၊ အရေပြားနှင့် လက်သည်းခြေသည်း ပွေးစွဲနာရောဂါများကို ဆရာဝန်မှ အောက်ပါနည်းလမ်းများဖြင့် ရောဂါရှာဖွေ အတည်ပြုနိုင်သည်။
- စမ်းသပ်စစ်ဆေးခြင်း
ရောဂါ၏ လက္ခဏာရပ်များကို အသေးစိတ် မေးမြန်းခြင်း၊ ရောဂါရှိသည်ဟု ယူဆရသော နေရာများကို စမ်းသပ်စစ်ဆေးခြင်းတို့ဖြင့် ကနဦး ရောဂါရှာဖွေသိရှိနိုင်သည်။ - မှိုပိုး စစ်ဆေးခြင်း
ရောဂါပိုးရှိသည်ဟု ယူဆရသည့် အရေပြား၊ လက်သည်း (သို့မဟုတ်) ဆံပင်မှ အပိုင်းအစငယ်ကို ခြစ်ယူ၍ ဓာတ်ခွဲခန်းတွင် မှန်ဘီလူးဖြင့် စစ်ဆေးခြင်းဖြစ်သည်။ ဤနည်းလမ်းသည် မှိုပိုး ရှိမရှိကို အမြန်ဆုံး အတည်ပြုနိုင်သည့် နည်းလမ်းဖြစ်သည်။ - မှိုပိုး မွေးမြူစစ်ဆေးခြင်း
ခြစ်ယူထားသည့် အပိုင်းအစငယ်များကို ဓာတ်ခွဲခန်းတွင် မွေးမြူ၍ မှိုပိုးအမျိုးအစားကို အသေးစိတ် ဖော်ထုတ်ခြင်းဖြစ်သည်။ ဤနည်းလမ်းသည် မှိုပိုးအမျိုးအစားကို တိကျစွာ သိရှိနိုင်သော်လည်း ရလဒ်ရရှိရန် ရက်သတ္တပတ် အနည်းငယ် ကြာမြင့်နိုင်သည်။ - ခရမ်းလွန်ရောင်ခြည်မီး (Wood’s Lamp) ဖြင့် စစ်ဆေးခြင်း
ဦးရေပြား မှိုစွဲနာတွင် အချို့သော မှိုပိုးအမျိုးအစားများသည် ခရမ်းလွန်ရောင်ခြည်အောက်၌ စိမ်းပြာရောင် (သို့မဟုတ်) အဝါရောင် အလင်းပြန်ခြင်းကိုတွေရသည်။ ထိုနည်းလမ်းဖြင့် ရောဂါပိုးရှိသည့် နေရာများကို အလွယ်တကူ သိရှိနိုင်သည်။
ကုသခြင်း
ပွေးစွဲခြင်းကို ကုသရာတွင် ရောဂါဖြစ်ပွားသည့် နေရာနှင့် အမျိုးအစားအလိုက် ကုသမှုပုံစံနှင့် ဆေးဝါးများ ကွဲပြားနိုင်သည်။
- ကိုယ်ခန္ဓာပွေး (Tinea Corporis) အတွက် Clotrimazole, Ketoconazole (သို့မဟုတ်) Terbinafine ကဲ့သို့သော လိမ်းဆေးများကို ရက်သတ္တပတ်အနည်းငယ်ကြာအောင် ပုံမှန်လိမ်းပေး၍ ကုသနိုင်သည်
- ပေါင်ခြံပွေး (Tinea Cruris) သည် ကိုယ်ခန္ဓာပွေးနှင့် ဆင်တူသဖြင့် လိမ်းဆေးဖြင့် ကုသခြင်းသည် အဓိကဖြစ်သည်
- ခြေထောက်ပွေး (Tinea Pedis) အတွက် လိမ်းဆေးများသည် အဓိက ကုသမှုဖြစ်သော်လည်း ပြင်းထန်သော (သို့မဟုတ်) မပျောက်ဘဲ ကြာရှည်နေသော အခြေအနေများတွင် မှိုသတ်ဆေးများ သောက်သုံးရန် လိုအပ်နိုင်သည်
- ဦးရေပြား မှိုစွဲခြင်း (Tinea Capitis) အတွက် Griseofulvin ကဲ့သို့သော သောက်ဆေးများဖြင့် ကုသလေ့ရှိသည်၊ တစ်ခါတစ်ရံ မှိုသတ်ဆေးပါသော ခေါင်းလျှော်ရည်များ အသုံးပြု၍လည်း ကုသနိုင်သည်
- လက်သည်း၊ ခြေသည်း မှိုစွဲခြင်း (Onychomycosis) အတွက် သောက်ဆေးများ လိုအပ်လေ့ရှိပြီး ပျောက်ကင်းရန် လပေါင်းများစွာ ကြာမြင့်နိုင်သည်
- အရေပြားပေါ်တွင် အကွက်များ ထွက်ခြင်း (Tinea Versicolor) ကို လိမ်းဆေးများဖြင့် အဓိက ကုသလေ့ရှိပြီး ပိုမိုပြင်းထန်ပါက သောက်ဆေးများ လိုအပ်နိုင်သည်
ကာကွယ်ခြင်း
မှိုရောဂါကို ကာကွယ်ရန်အတွက် အဓိကအားဖြင့် အောက်ပါအချက်များကို လိုက်နာသင့်သည်။
- တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုစိုက်ခြင်း
ကိုယ်ခန္ဓာကို သန့်ရှင်းခြောက်သွေ့အောင်ထားပါ။ အထူးသဖြင့် ခြေချောင်းကြား၊ ပေါင်ခြံနှင့် အရေပြားခေါက်များကြား ကဲ့သို့သော ချွေးထွက်လွယ်သည့်နေရာများကို သေချာစွာ ဆေးကြောပြီး ခြောက်သွေ့အောင်ထားသင့်သည်။ ချွေးထွက်များသောအခါ ယားယံမှု ပိုဆိုးနိုင်သဖြင့် ချွေးထွက်နည်းစေရန် လေဝင်လေထွက်ကောင်းသော အဝတ်အစားများ ဝတ်ဆင်ခြင်းက ကူညီနိုင်သည်။ - အသုံးအဆောင်များ မျှဝေသုံးစွဲခြင်းကို ရှောင်ကြဉ်ခြင်း
ပဝါ၊ အဝတ်အစား၊ ဖိနပ်နှင့် တစ်ကိုယ်ရေသုံး အသုံးအဆောင်ပစ္စည်းများကို အခြားသူများနှင့် မျှဝေသုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ။ ၎င်းသည် မှိုပိုးကူးစက်ခြင်းကို ကာကွယ်ရန် အရေးကြီးသည်။
References:
- National Library of Medicine. (n.d.). Tinea infections. Retrieved August 30, 2025, from https://medlineplus.gov/tineainfections.html
- Cleveland Clinic. (2025). Ringworm. Retrieved August 30, 2025, from https://my.clevelandclinic.org/health/diseases/4560-ringworm
- Mayo Clinic. (n.d.). Ringworm (body): Symptoms & causes. Retrieved August 30, 2025, from https://www.mayoclinic.org/diseases-conditions/ringworm-body/symptoms-causes/syc-20353780
- Cedars-Sinai. (n.d.). Tinea infection. Retrieved August 30, 2025, from https://www.cedars-sinai.org/health-library/diseases-and-conditions/t/tinea-infection.html
Published: 24 September 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.