Multiple sclerosis (MS) (အာရုံကြောဖုံးအဆီလွှာ ပျက်စီးသောရောဂါ)

Multiple sclerosis (MS) (အာရုံကြောဖုံးအဆီလွှာ ပျက်စီးသောရောဂါ)

Multiple Sclerosis (MS) ဆိုသည်မှာ ကိုယ်ခံအား မူမမှန်တုံ့ပြန်မှုကြောင့် ဖြစ်သောရောဂါ (Autoimmune disease) ဖြစ်ပြီး ဦးနှောက်၊ ကျောရိုးအာရုံကြောမကြီးနှင့် မျက်လုံးအာရုံကြောတို့ကို အဓိက ထိခိုက်ပျက်စီးစေနိုင်သည်။ အာရုံကြောများကို အပြင်ဘက်မှ ဖုံးအုပ်ကာကွယ်ပေးထားသော အဆီပြင်အလွှာ (Myelin sheath) ကို ကိုယ်ခံအားစနစ်မှ မှားယွင်းတိုက်ခိုက်သောကြောင့်ဖြစ်သည်။ ထိုအလွှာပျက်စီးပြီး ဦးနှောက်မှ ခန္ဓာကိုယ်အနှံ့သို့ ပေးပို့သော အာရုံကြောအချက်ပြမှုများ ချို့ယွင်းစေသလို အချိန်ကြာလာသည်နှင့်အမျှ အာရုံကြောများ ပြန်ကောင်းမလာတော့ဘဲ ရာသက်ပန် ပျက်စီးသွားနိုင်သည်။ လေ့လာချက်များအရ အမေရိကန်ပြည်ထောင်စုတွင် MS ရောဂါခံစားနေရသော အရွယ်ရောက်ပြီးသူ (၁) သန်းနီးပါးရှိသည်။

MS ရောဂါလက္ခဏာများသည် လူတစ်ဦးနှင့်တစ်ဦး ကွာခြားသလို လက္ခဏာများ ပေါ်လာလိုက်၊ ပြန်ပျောက်လိုက် ဖြစ်တတ်သည်။ MS ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ခြင်း မရှိသေးသော်လည်း ရောဂါပြင်းထန်စဥ် ရောင်ရမ်းမှုများကို အမြန်သက်သာစေရန်၊ ရောဂါပြန်ကြွချိန်ကို နှောင့်နှေးစေရန်၊ ရောဂါလက္ခဏာများကို ထိန်းချုပ်စေရန် ကုသမှုများပေးနိုင်သည်။

MS ရောဂါအမျိုးအစားများ

ရောဂါလက္ခဏာများ၏ ပြင်းထန်ပုံနှင့် ရောဂါပြန်ကြွမှု (Flare-up/ Relapses) တို့အပေါ် မူတည်၍ အမျိုးအစားခွဲခြားသည်။

  1. လက္ခဏာများဖြစ်လိုက်၊ ပျောက်လိုက် ဖြစ်သော အမျိုးအစား (Relapsing-remitting MS)
    ရောဂါရှိသူအများစုတွင် တွေ့ရသော အမျိုးအစားဖြစ်သည်။ ဖြစ်နေကျ လက္ခဏာများ (သို့မဟုတ်) ယခင်မဖြစ်ဖူးသော ရောဂါလက္ခဏာအသစ်များသည် ရက်ပိုင်း (သို့မဟုတ်) ရက်သတ္တပတ်အနည်းငယ် ကြာအောင် ဖြစ်ပေါ် ပြီးနောက် အချို့လက္ခဏာများ (သို့မဟုတ်) အားလုံးနီးပါးသည် လအနည်းငယ်၊ တစ်ခါတစ်ရံ နှစ်ချီ၍ သက်သာသွားပြီးမှ နောက်ထပ်တစ်ကြိမ် လက္ခဏာများ ပြန်ပေါ်လာကာ ရောဂါပြန်ကြွသော အမျိုးအစားဖြစ်သည်။
  2. ရောဂါပေါ်လိုက်၊ ပျောက်လိုက်ဖြစ်နေရာမှ ပိုဆိုးလာသော အမျိုးအစား (Secondary-progressive MS)
    ပထမအမျိုးအစားလူနာများ၏ (၂၀) မှ (၄၀) ရာခိုင်နှုန်းခန့်သည် နောက်ပိုင်းတွင် ရောဂါလက္ခဏာများ တဖြည်းဖြည်း ပြင်းထန်လာတတ်သည်။ ရောဂါစတင်ဖြစ်ပေါ်ချိန်မှ (၁၀) နှစ်နှင့် (၄၀) နှစ်အတွင်းဖြစ်တတ်ပြီး လက္ခဏာများသည် ပြန်သက်သာချိန်ရှိသလို ပြန်မသက်သာတော့သည့် အခြေအနေလည်း ဖြစ်နိုင်သည်။ အထူးသဖြင့် လမ်းလျှောက်ခြင်းနှင့် လှုပ်ရှားခြင်းတို့ကို ပို၍ခက်ခဲစေပြီး လူတစ်ဦးနှင့်တစ်ဦး ရောဂါပိုဆိုးလာနှုန်းသည်လည်း ကွာခြားသည်။
  3. ရောဂါပြန်ပျောက်ခြင်းမရှိဘဲ ပိုဆိုးလာသော အမျိုးအစား (Primary-progressive MS)
    ရောဂါလက္ခဏာများ တဖြည်းဖြည်း စတင်ဖြစ်ပေါ်လာသည့်အချိန်မှစ၍ ရောဂါပြန်သက်သာချိန်၊ ပြန်ကြွချိန်များ မရှိဘဲ အချိန်ကြာလာသည်နှင့်အမျှ ပြင်းထန်လာသော အမျိုးအစားဖြစ်သည်။
  4. လက္ခဏာ တစ်ကြိမ်သာပြသေးသော အမျိုးအစား (Clinically isolated syndrome)
    MS ရောဂါဟု ထင်ရသည့် လက္ခဏာများ ပထမဆုံးအကြိမ် ပေါ်လာသော အမျိုးအစားဖြစ်သည်။ ထိုအမျိုးအစားလူနာများသည် စမ်းသပ်စစ်ဆေးမှုများ ခံယူပြီးနောက် MS ရောဂါလည်း ဖြစ်နိုင်သကဲ့သို့ အာရုံကြောအလွှာကို ထိခိုက်စေသော အခြားရောဂါအခြေအနေလည်း ဖြစ်နိုင်သည်။
  5. MRI ဓာတ်မှန်တွင်သာ တွေ့ရသောရောဂါအမျိုးအစား (Radiologically isolated syndrome)
    MS ရောဂါ၏ ပုံမှန်လက္ခဏာများ ဖြစ်ပေါ်ခြင်း မရှိသေးသူတစ်‌ယောက်၏ ဦးနှောက်နှင့် ကျောရိုးအာရုံကြော သံလိုက်ဓာတ်မှန် (MRI) များတွင် MS ရောဂါပုံစံ ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရသော အမျိုးအစားဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ပုံမှန်အားဖြင့် အာရုံကြောများ၏ အပြင်ပတ်လည်ကို Myelin sheath ဟုခေါ်သော အဆီလွှာဖြင့် ကာကွယ်ဖုံးအုပ်ထားသည်။ ထိုအဆီလွှာသည် ဦးနှောက်မှ တစ်ကိုယ်လုံးအနှံ့သို့ အာရုံကြောအချက်ပြမှုများ ပို့ဆောင်ရာတွင် မြန်ဆန်စေရန် ကူညီပေးသည်။ Multiple Sclerosis ရောဂါတွင် ကိုယ်ခံအားစနစ်၏ တုံ့ပြန်မှုကြောင့် ထိုအပြင်ဘက်အဆီလွှာပျက်စီးပြီး အာရုံကြောအချက်ပြမှုများ နှေးသွားခြင်း၊ ပိတ်ဆို့ခြင်းတို့ ဖြစ်ပေါ်၍ အမြင်အာရုံ၊ အာရုံခံစားမှုနှင့် ကိုယ်ခန္ဓာလှုပ်ရှားမှုဆိုင်ရာ ရောဂါလက္ခဏာများကို ဖြစ်စေသည်။

ထိုသို့ ကိုယ်ခံအားစနစ်ကို ပြောင်းလဲစေသော အဓိကအကြောင်းရင်းများကို တိတိကျကျ မသိရသေးပါ။ သုတေသနပညာရှင်များက မျိုးဗီဇပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းစသော အချက်များစွာကြောင့် ဖြစ်နိုင်ခြေရှိသည်ဟု ဆိုကြသည်။ ရောဂါဖြစ်နိုင်ခြေများသော အချက်များမှာ အောက်ပါတို့ပါဝင်သည်။

  • အသက်အရွယ်
    အသက်အရွယ်မရွေး ဖြစ်ပွါးနိုင်သော်လည်း များသောအားဖြင့် အသက် (၂၀) နှင့် (၄၀) ကြားတွင် စတင်ဖြစ်တတ်သည်။ တစ်ခါတစ်ရံ ကလေးများတွင် ရှားရှားပါးပါး ဖြစ်နိုင်သည်။
  • ကျား/မ
    အမျိုးသမီးများသည် အမျိုးသားများထက် (၂)ဆ မှ (၃) ဆအထိ ရောဂါပိုဖြစ်နိုင်သည်။
  • မိသားစုရာဇဝင်
    မိသားစုဝင်များတွင် MS ရောဂါရာဇဝင်ရှိပါက ထိုသူတွင် ရောဂါဖြစ်နိုင်ခြေ ပိုများသည်။
  • အချို့ရောဂါပိုးများ
    Infectious Mononucleosis ရောဂါဖြစ်စေသော Epstein-Barr ဗိုင်းရပ်စ် ကူးစက်ဖူးပါက ရောဂါဖြစ်နိုင်ခြေများသည်။
  • လူမျိုး
    ဥရောပမြောက်ပိုင်းရှိ လူဖြူများတွင် ရောဂါဖြစ်ပွါးနိုင်ခြေ အမြင့်ဆုံးဖြစ်ပြီး အာရှ၊ အာဖရိကန် (သို့မဟုတ်) အမေရိကန်မျိုးနွယ်များသည် အန္တရာယ်အနည်းဆုံးဖြစ်သည်။
  • ရာသီဥတု
    MS သည် ကနေဒါ၊ အမေရိကန်မြောက်ပိုင်း၊ နယူးဇီလန်၊ သြစတြေးလျ အရှေ့တောင်ပိုင်းကဲ့သို့ အပူပိုင်းရာသီဥတုရှိသောနေရာများတွင် ပို၍အဖြစ်များသည်။
  • ဗီတာမင် ဒီ
    နေရောင်ခြည်နှင့် ထိတွေ့မှုနည်းခြင်း၊ ဗီတာမင် ဒဒီ နည်းခြင်းသည် MS ရောဂါဖြစ်နိုင်ခြေ များစေသည်။ ကိုယ်ဝန်ဆောင်ချိန် နေရောင်ခြည်နှင့်ထိတွေ့မှုပေါ် မူတည်သည်ကိုလည်း တွေ့ရသည်။
  • အဝလွန်ခြင်း
    အဝလွန်သူများ (သို့မဟုတ်) ကလေးဘဝတွင် အဝလွန်သူများသည် ရောဂါဖြစ်နိုင်ခြေများသည်။
  • ကိုယ်ခံအားစနစ်နှင့် ပတ်သက်သော Autoimmune ရောဂါများ
    သိုင်းရွိုက်ရောဂါ၊ Pernicious သွေးအားနည်းရောဂါ၊ ဆိုရီယားစစ်ရောဂါအမျိုးအစား (၁) ဆီးချိုရောဂါနှင့် နာတာရှည် အူလမ်းကြောင်း ရောင်ရမ်းသောရောဂါများ ရှိပါက MS ရောဂါဖြစ်နိုင်ခြေများသည်။
  • ဆေးလိပ်သောက်ခြင်း
    ဆေးလိပ်သောက်သူများသည် ရောဂါဖြစ်နိုင်ခြေပိုများသည်။
  • အူလမ်းကြောင်း မိုက်ခရိုဘိုင်အုမ်း (Gut microbiome)
    MS ရောဂါရှိသူများတွင် အူလမ်းကြောင်း မိုက်ခရိုဘိုင်အုမ်း ပြောင်းလဲမှုများကို တွေ့ရသည်။
ရောဂါလက္ခဏာများ

MS ရောဂါလက္ခဏာများသည် ထိခိုက်သော အာရုံကြောစနစ်ပေါ် မူတည်ပြီး လူတစ်ဦးနှင့်တစ်ဦး မတူညီနိုင်သလို လက္ခဏာများ ပြင်းထန်မှုသည်လည်း လူတစ်ဦးတည်းတွင် တစ်ရက်နှင့်တစ်ရက်ပင် ကွာခြားနိုင်သည်။ များသောအားဖြင့် လူတစ်‌ယောက်တွင် လက္ခဏာတစ်မျိုး၊ နှစ်မျိုးသာ ပြတတ်ပြီး လက္ခဏာအားလုံး တစ်ပြိုင်နက် ဖြစ်ပေါ်သည်မှာ ရှားပါးသည်။

အစောပိုင်းလက္ခဏာများ

ရောဂါအစောပိုင်းတွင် အများဆုံးတွေ့ရသော လက္ခဏာများမှာ_

  • အမြင်အာရုံပြောင်းလဲခြင်း
    မျက်စိအာရုံကြောရောင်ခြင်း၊ မျက်လုံးလှုပ်ရှားချိန် နာကျင်ခြင်း၊ ပုံရိပ်နှစ်ထပ်မြင်ခြင်းနှင့် အမြင်အာရုံဆုံးရှုံးခြင်းတို့ ဖြစ်နိုင်သည်။
  • ကြွက်သားအားနည်းခြင်း၊ မလှုပ်နိုင်ခြင်း
    မျက်နှာကြွက်သား၊ ကိုယ်ခန္ဓာတစ်ခြမ်း (သို့မဟုတ်) ခါးအောက်ပိုင်းတွင် လေဖြတ်သကဲ့သို့ မလှုပ်ရှားနိုင်ခြင်းများကို တွေ့နိုင်သည်။
  • ထုံကျင်ခြင်း (သို့မဟုတ်) ပုံမှန်မဟုတ်သော ခံစားမှုများ
    မျက်နှာ၊ ကိုယ်တစ်ခြမ်း (သို့မဟုတ်) ခါးအောက်ပိုင်းတွင် ထုံကျဥ်ခြင်း၊ ပူခြင်း၊ စူးခြင်း စသည့်တို့ကို ခံစားရနိုင်သည်။

ထို့အပြင် အတူတွဲ၍ တွေ့ရနိုင်ခြေများသော အခြားလက္ခဏာများမှာ_

  • လည်ပင်းကို ရှေ့သို့ ငုံ့ချိန်တွင် နောက်ကျောရိုးတစ်လျှောက် ဓာတ်လိုက်သလို ကျဥ်သွားခြင်း (Lhermitte Sign)
  • သွားလာလှုပ်ရှားမှုများတွင် ဟန်ချက်မထိန်းနိုင်ခြင်း၊ မကြာခဏ ယိုင်၍ ချော်လဲခြင်း
  • လမ်းလျှောက်ရခက်ခြင်း၊ လုံးဝမလျှောက်နိုင်ခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်း
  • ချာချာလည် ခေါင်းမူးခြင်း (Vertigo)
  • စကားပြောဆိုရာတွင် ခက်လာခြင်း
  • မှတ်ဉာဏ်၊ နားလည်နိုင်စွမ်း၊ စဉ်းစားတွေးခေါ်မှု၊ အာရုံစူးစိုက်မှုဆိုင်ရာ ပြဿနာများဖြစ်ပေါ်ခြင်း
  • မျိုးပွါးခြင်း၊ အူလမ်းကြောင်းနှင့် ဆီးအိမ်ဆိုင်ရာ ပြဿနာများ (ဥပမာ _ ဆီးမထိန်းနိုင်ခြင်း)
  • စိတ်ခံစားမှုများ ပြောင်းလဲခြင်း
  • ကြွက်သားများ တောင့်တင်းခြင်းနှင့် တဆတ်ဆတ်တုန်ခြင်း (Tremor)
  • ခန္ဓာကိုယ်အပူချိန် အနည်းငယ်မြင့်တက်ချိန်တွင် MS လက္ခဏာများ ပိုဆိုးလာနိုင်ခြင်း (Pseudo Relapse) စသည်တို့ ဖြစ်သည်။

အထက်ပါလက္ခဏာများ ဖြစ်ပေါ်နေသောအချိန်ကို ရောဂါကြွနေချိန် သို့မဟုတ် ရောဂါပြန်ဖြစ်ချိန် (Attacks or Relapse) ဟု ခေါ်၍ လက္ခဏာများ အနည်းငယ်သက်သာသွားသော (သို့မဟုတ်) လုံးဝပျောက်သွားသော အချိန်ကာလကို ရောဂါငြိမ်သွားချိန် သို့မဟုတ် ပုံမှန်ဖြစ်ချိန် (Remission or Normal) ဟု ခေါ်သည်။ ထိုသို့ ရောဂါကြွချိန်နှင့် ရောဂါငြိမ်သွားချိန်တို့သည် ရောဂါအမျိုးအစားနှင့် ပြင်းထန်မှုပေါ် မူတည်၍ ကွာခြားသည်။ အချို့လူနာများတွင် ရောဂါငြိမ်နေချိန်သည် ရက်သတ္တပတ်အနည်းငယ်သာ ကြာနိုင်ပြီး၊ အချို့တွင် လပေါင်းများစွာအထိ လက္ခဏာပြန်မပေါ်ဘဲ ငြိမ်နေသည့်အခြေအနေလည်း ရှိနိုင်သည်။

နောက်ဆက်တွဲပြဿနာများ

ရောဂါလက္ခဏာများ တဖြည်းဖြည်းပြင်းထန်လာပါက အောက်ပါနောက်ဆက်တွဲပြဿနာများကို ဖြစ်စေနိုင်သည်။

  • စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း (သို့မဟုတ်) စိတ်ခံစားမှု ပြောင်းလဲလွယ်ခြင်း
  • ကြွက်သားများ တောင့်တင်းခြင်း (သို့မဟုတ်) တဆတ်ဆတ်တုန်ခြင်း
  • အလွန်အားနည်းခြင်း (သို့မဟုတ်) လေဖြတ်သလိုဖြစ်ခြင်း (အများအားဖြင့် လက်မောင်းနှင့် ခြေထောက်များတွင် ဖြစ်တတ်သည်)
  • ပို၍ ပြင်းထန်လာသော အခြေအနေတွင် အကူအညီမပါဘဲ လမ်းမလျှောက်နိုင်သည်အထိ ဖြစ်ခြင်း
  • ဆီးသွားခြင်း၊ ဝမ်းသွားခြင်း (သို့မဟုတ်) လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များ ထိခိုက်ခြင်း
  • စဉ်းစားတွေးခေါ်မှုနှင့် မှတ်ဉာဏ်ဆိုင်ရာ ပြဿနာများပေါ်လာခြင်း
  • အတက်ရောဂါ (ရှားပါးသော်လည်း တစ်ခါတစ်ရံ ဖြစ်တတ်သည်)
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်တွင် ဖော်ပြထားသော လက္ခဏာများ ဖြစ်ပေါ်လျှင် မိသားစုဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်ရန် လိုအပ်သည်။ စစ်ဆေးမှုများ ပြုလုပ်ပြီး ရောဂါရှာဖွေရန် လိုအပ်ပါက မိသားစုဆရာဝန်မှ ဦး‌နှောက်အာရုံကြော အထူးကုဆရာဝန်များထံသို့ လွှဲပြောင်းကုသခြင်းများ ဆက်လက်ပြုလုပ်ပေးလိမ့်မည်။ ထိရောက်စွာ စောစောကုသခြင်းဖြင့် နောက်ဆက်တွဲပြဿနာများကို လျှော့ချပေးနိုင်သည်။

ရောဂါရှာဖွေခြင်း

Multiple sclerosis (MS) ရောဂါကို စမ်းသပ်စစ်ဆေးချက်တစ်ခုတည်းဖြင့် ရောဂါဖော်ထုတ်ရန် မဖြစ်နိုင်ပါ။ ယေဘုယျအားဖြင့် MS ရောဂါကို ဦးနှောက်အာရုံကြော အထူးကုဆရာဝန် (Neurologists) များမှ ရောဂါရှာဖွေလေ့ရှိသည်။ အထူးကုဆရာဝန်များသည် ရောဂါလက္ခဏာများကို မေးမြန်းခြင်း၊ ကိုယ်ခန္ဓာကို စမ်းသပ်စစ်ဆေးခြင်း၊ အာရုံကြောများ စမ်းသပ်စစ်ဆေးခြင်းနှင့် လိုအပ်သော အခြားစစ်ဆေးခြင်းများကို အဆင့်ဆင့်ပြုလုပ်ပြီး ရောဂါရှာဖွေ ဖော်ထုတ်ကြသည်။

MS ရောဂါသတ်မှတ်ရန်မှာ ဦးနှောက်၊ ကျောရိုးအာရုံကြောမကြီး (သို့မဟုတ်) မျက်လုံးအာရုံကြောတို့တွင် တစ်နေရာထက်ပို၍ ရောင်ရမ်းထိခိုက်မှုများ ဖြစ်ပေါ်ခြင်း (Dissemination in space) (သို့မဟုတ်) လက္ခဏာများသည် အချိန်ကာလကွာခြား၍ ဖြစ်ပေါ်ခြင်း (Dissemination in time) စသည့်အချက်များရှိရန် လိုအပ်သည်။ MS ရောဂါသည် အခြားအာရုံကြောရောဂါများနှင့် လက္ခဏာချင်း ဆင်တူနိုင်သောကြောင့် ရောဂါရှာဖွေရန် အချိန်အနည်းငယ် ကြာနိုင်သည်။ အခြားဆင်တူသောရောဂါများ (Differential diagnosis) မဟုတ်ကြောင်းသက်သေပြရန်လည်း စမ်းသပ်စစ်ဆေးမှုများ လိုအပ်နိုင်သည်။

ရောဂါရှာဖွေရာတွင် အသုံးပြုသော စမ်းသပ်မှုများ

  • ဦးနှောက်နှင့် ကျောရိုးအာရုံကြောမကြီးကို သံလိုက်ဓာတ်မှန်ရိုက်၍ ပုံဖော်ခြင်း (MRI)
    MS ရောဂါကြောင့်ဖြစ်သော ရောင်ရမ်းမှု၊ ပျက်စီးမှုနှင့် အနာရွတ်များကို သံလိုက်ဓာတ်မှန်တွင် အဖြူရောင်အဖတ်များ (သို့မဟုတ်) အကွက်များ (Lesions) ပုံစံဖြင့် တွေ့ရပြီး ၎င်းတို့ကို ရောဂါကြွနေသောအချိန်တွင် တွေ့နိုင်သည်။
  • ခါးဆစ်ကြားမှ အရည်ထုတ်ယူစစ်ဆေးခြင်း (Lumbar puncture)
    ဦးနှောက်နှင့် ကျောရိုး အာရုံကြောမကြီးအတွင်း လှည့်ပတ်နေသော စီအက်စ်အက်ဖ်အရည်ကို ခါးဆစ်ကြားမှ အနည်းငယ်ထုတ်ယူ၍ နမူနာကို ဓာတ်ခွဲခန်းတွင် စစ်ဆေးသည်။ MS ရောဂါနှင့်ဆက်စပ်သော ဦးနှောက်အတွင်းမှထုတ်သည့် ပဋိပစ္စည်းများ (IgG antibodies or Oligoclonal bands)၊ စီအက်စ်အက်ဖ်အရည်တွင် သွေးဖြူဥပမာဏ ပုံမှန်ထက်များနေခြင်း စသည်တို့ကို တွေ့နိုင်သည်။ ထို့အပြင် အခြားကူးစက်ရောဂါများနှင့် MS ရောဂါနှင့်ဆင်တူ အခြားရောဂါများ မဟုတ်ကြောင်းလည်း သက်သေပြနိုင်သည်။
  • မျက်ကြည်လွှာကို ဓာတ်ပုံရိုက်စစ်ဆေးခြင်း (Optical coherence tomography- OCT)
    မျက်လုံးအာရုံကြောရောင်ရမ်းခြင်း (Optic neuritis) ကြောင့် ဖြစ်သော မျက်ကြည်လွှာ ပြောင်းလဲမှုများကို စစ်ဆေးခြင်းဖြစ်သည်။ OCT သည် မျက်ကြည်လွှာ၏အထူကို တိုင်းတာနိုင်ပြီး အာရုံကြောပျက်စီးမှု အတိုင်းအတာကိုလည်း စစ်ဆေးနိုင်သည်။
  • အာရုံကြောအချက်ပြမှုများကို စစ်ဆေးခြင်း (Evoked potential tests)
    မျက်လုံး (သို့မဟုတ်) ခြေ၊ လက်တို့မှတစ်ဆင့် အာရုံကြောလှုံ့ဆော်မှုများ (Visual stimuli or Electrical stimuli) ပေးပြီးနောက် ထိုလှုံ့ဆော်မှုများ ဦးနှောက်ဆီသို့ ရောက်ရှိရန် အမြန်နှုန်းနှင့် ကြာချိန်ကို တိုင်းတာခြင်းဖြစ်သည်။ မျက်လုံးအာရုံကြောရောင်ရမ်းခြင်းရှိသော လူနာများအတွက် စစ်ဆေးနိုင်သည်။
  • သွေးစစ်ဆေးခြင်း
    MS နှင့် ဆင်တူသော အခြားရောဂါများ မဟုတ်ကြောင်းသက်သေပြရန် စစ်ဆေးနိုင်သည်။ ထို့ပြင် MS ရောဂါညွှန်ပြ ဓာတ်ပစ္စည်းများ [Specific biomarkers – e.g., Neurofilament light chain(NfL), Glial fibrillary acidic protein (GFAP)] ကို စစ်ဆေးခြင်းဖြင့် ရောဂါရှာဖွေရာတွင် အထောက်အကူဖြစ်စေသည်။
  • ဦးနှောက်လုပ်ဆောင်ချက်များကို စစ်ဆေးခြင်း (Neuropsychological testing)
    စဉ်းစားတွေးခေါ်မှု၊ မှတ်ဉာဏ်၊ ဘာသာစကားနှင့် လူမှုဆက်ဆံရေးစွမ်းရည်များကိုသာမက စရိုက်လက္ခဏာနှင့် စိတ်ခံစားမှု စသည်တို့ကို ဆန်းစစ်နိုင်သည်။ ရောဂါအခြေအနေပေါ် မူတည်၍ တစ်ခါထက်ပို၍ စစ်ဆေးရန်လည်း လိုအပ်နိုင်သည်။

လက္ခဏာဖြစ်လိုက်၊ ပျောက်လိုက်ဖြစ်သော အမျိုးအစား (Relapsing-remitting MS) သည် ရောဂါလက္ခဏာများနှင့် စမ်းသပ်မှုရလဒ်များပေါ် မူတည်၍ ရောဂါရှာဖွေရန် မခက်ခဲနိုင်သော်လည်း တွေ့ရနည်းသော လက္ခဏာများဖြင့် ရောဂါဖြစ်ပေါ်သူများ (သို့မဟုတ်) ပြင်းထန်သော ရောဂါလက္ခဏာ ဖြစ်သူများတွင် ရောဂါရှာဖွေရန် ခက်ခဲနိုင်ပြီး နောက်ထပ်စစ်ဆေးမှုများ လိုအပ်နိုင်သည်။

ကုသခြင်း

Multiple sclerosis (MS) ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်သော နည်းလမ်းမရှိသေးပါ။ ရောဂါကုသခြင်း၏ ရည်ရွယ်ချက်များမှာ_

  • ရောဂါကြောင့် ရောင်ရမ်းပျက်စီးမှုများကို လျှော့ချရန်
  • ရောဂါကြွချိန်ကို လျှော့ချနိုင်ရန်
  • ရောဂါလက္ခဏာများကို ထိန်းချုပ်ရန်
  • နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန်ဖြစ်သည်။

ကုသသည့် နည်းလမ်းများတွင် ဆေးဝါးများဖြင့် ကုသမှုများအပြင် ဘဝနေထိုင်မှုပုံစံ ပြောင်းလဲခြင်းဖြင့် လက္ခဏာများကို သက်သာစေသော ကုသမှုများလည်း ပါဝင်သည်။

ဆေးဝါးများဖြင့် ကုသခြင်း
  1. ရောဂါကြွချိန် ရောင်ရမ်းမှုများကို ကုသခြင်း
  2. ရောဂါကို ရေရှည်သက်သာစေသော ဆေးဝါးများဖြင့် ကုသခြင်း
  3. ရောဂါလက္ခဏာများ သက်သာစေရန် ကုသခြင်းတို့ ပါဝင်သည်။

ရောဂါကြွချိန် ရောင်ရမ်းမှုများကို ကုသခြင်း

  • စတီးရွိုက်ဆေးများ
    အာရုံကြောရောင်ရမ်းမှုများကို လျှော့ချပေးသည်။ ဆေးများကို သောက်ဆေး (Prednisone)၊ သွေးကြောမှသွင်းသည့်ဆေး (Methylprednisolone) စသည်ဖြင့် ပေးနိုင်သည်။ ဘေးထွက်ဆိုးကျိုးများအနေဖြင့် အိပ်မပျော်ခြင်း၊ သွေးပေါင်ချိန်တက်ခြင်း၊ သွေးတွင်းသကြားဓာတ် များလာခြင်း၊ စိတ်ခံစားမှုအပြောင်းအလဲမြန်ခြင်းနှင့် ဖောရောင်ခြင်းတို့ ဖြစ်နိုင်သည်။
  • သွေးရည်ကြည်လဲလှယ်ခြင်း (Plasmapheresis or Plasma exchange)
    စက်၏အကူအညီဖြင့် သွေးထဲမှ သွေးရည်ကြည်ကို ခွဲထုတ်ပြီး ထိုသွေးရည်ကြည်ထဲတွင် ရှိနေသော အာရုံကြောကို တိုက်ခိုက်နေသည့် ပဋိပစ္စည်းများကို ဖယ်ရှားကာ သွေးနှင့်သွေးရည်ကြည်ကို ခန္ဓာကိုယ်ထဲသို့ ပြန်ထည့်ပေးခြင်းဖြင့် ကုသခြင်းဖြစ်သည်။ စတီးရွိုက်ဆေးများဖြင့် မသက်သာသော လူနာများအတွက် အသုံးပြုနိုင်သည်။

ရောဂါကို ရေရှည်သက်သာစေသော ဆေးများဖြင့် ကုသခြင်း (Disease-modifying therapies)
လက္ခဏာပေါ်လိုက်၊ ပျောက်လိုက်ဖြစ်သော အမျိုးအစား (Relapsing-remitting MS) အတွက် ရောဂါကို ရေရှည်သက်သာစေသော ကုသမှုများစွာရှိသည်။ ထိုကုသမှုများထဲမှ အချို့သည် နောက်ပိုင်း ပိုဆိုးလာသော အမျိုးအစား (Secondary-progressive MS) အတွက်လည်း အကျိုးရှိကြောင်း တွေ့ရသည်။ စတင်ဖြစ်ပွါးချိန်ကတည်းက ပြန်မပျောက်ဘဲ တဖြည်းဖြည်းဆိုးလာသော အမျိုးအစား (Primary-progressive MS) အတွက်မူ Ocrelizumab ဆေးဖြင့် ကုသမှုတစ်မျိုးတည်းသာ ရနိုင်သေးသည်။

MS ရောဂါတွင် ကိုယ်ခံအားတုံ့ပြန်မှုအများစုသည် ရောဂါ၏အစောပိုင်းအဆင့်တွင် ဖြစ်ပေါ်သည်။ အထက်ပါဆေးများဖြင့် တတ်နိုင်သမျှ စောစီးစွာ ထိထိရောက်ရောက် ကုသခြင်းသည် ရောဂါပြန်ကြွသည့်အချိန်ကို လျှော့ချနိုင်ပြီး ရောင်ရမ်းထိခိုက်မှုအသစ်များ (New Lesions) ဖြစ်ပေါ်ခြင်းကို နှေးစေနိုင်သလို ပြင်းထန်သော ရောင်ရမ်းမှုများ ဖြစ်နိုင်ခြေနှင့် နောက်ဆက်တွဲ ဆိုးရွားသော မသန်စွမ်းမှုများကိုလည်း လျှော့ချပေးနိုင်သည်။

သို့ရာတွင် ထိုကုသမှုများသည် ကောင်းကျိုးများသာမက ကျန်းမာရေးအတွက် ဆိုးရွားသော အန္တရာယ်များလည်းရှိသည်။ လူနာတစ်ဦးချင်းစီအတွက် သင့်တော်မှန်ကန်သော ကုသမှုကို ရွေးချယ်ရာတွင် _

  • ရောဂါစဖြစ်ချိန်နှင့် လက်ရှိခံစားနေရသော လက္ခဏာများ
  • အထက်ပါကုသမှုများကို ယခင်က ခံယူဖူးခြင်း ရှိမရှိနှင့် ရှိပါက အကျိုးသက်ရောက်မှုများ
  • လူနာ၏ အခြား နောက်ခံကျန်းမာရေးအခြေအနေများ
  • ကုန်ကျစရိတ်
  • အနာဂတ်တွင် သားသမီးယူရန် အစီအစဥ်ရှိခြင်း စသည့်အချက်များစွာကို ထည့်သွင်းစဥ်းစားသည်။

ကုသမှုများတွင် သောက်ဆေးများ၊ ကြွက်သားအတွင်းသို့ထိုးသည့် ဆေးများနှင့် သွေးကြောမှသွင်းသည့် ဆေးများပါဝင်သည်။

  • သောက်ဆေးများ_ e.g., Teriflunomide, Dimethyl fumarate, Diroximel fumarate, Monomethyl fumarate, Fingolimod, Siponimod, Ozanimod, Ponesimod, Cladribine
  • ကြွက်သားအတွင်းသို့ထိုးသည့် ဆေးများ_ e.g., Interferon beta medicines, Glatiramer acetate, Ofatumumab
  • သွေးကြောမှသွင်းသည့် ဆေးများ_ e.g., Natalizumab, Ocrelizumab, Ublituximab, Alemtuzumab

အဆိုပါဆေးများ၏ ဘေးထွက်ဆိုးကျိုးအချို့မှာ _

  • သောက်ဆေးများတွင်
    မျက်နှာနီရဲခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဗိုက်နာခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အသည်းရောင်စေခြင်း၊ ရောဂါပိုးများဝင်ရောက်နိုင်ခြင်း၊ နှလုံးခုန်နှုန်း နှေးစေခြင်း (Fingolimod, Siponimod)၊ သွေးပေါင်တက်စေခြင်း (Ozanimod, Ponesimod)
  • ကြွက်သားထိုးဆေးများ (Interferon) တွင်
    တုပ်ကွေးကဲ့သို့ လက္ခဏာများပေါ်ခြင်း၊ ဆေးထိုးသည့်နေရာတွင် ယားယံခြင်း၊ ရောင်ရမ်းခြင်း
  • သွေးကြောသွင်းဆေးများတွင်
    ဆေးသွင်းသည့်ရောဂါမှ သွေးကြောရောင်ခြင်း၊ ရောဂါပိုးများ အလွယ်တကူ ဝင်နိုင်ခြင်း၊ ကင်ဆာဖြစ်နိုင်ခြေများခြင်း စသည်တို့ပါဝင်သည်

ထို့ပြင်ကုသမှုအားလုံးကို ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များတွင် လုံးဝမပေးရပါ။

ရောဂါလက္ခဏာများ သက်သာစေရန် ကုသခြင်း
ရောဂါလက္ခဏာများ သက်သာစေရန် အောက်ပါနည်းလမ်းများ ဆောင်ရွက်ပေးနိုင်သည်။

  • လေ့ကျင့်ခန်းကုထုံးများ
    ကိုယ်လက်လှုပ်ရှားမှုဆိုင်ရာ လေ့ကျင့်ခန်းများ၊ နေ့စဉ်လှုပ်ရှားမှု စွမ်းရည်ဆိုင်ရာ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် ကြွက်သားတင်းခြင်းကို ဖြေလျှော့ပေးခြင်း၊ ကြွက်သားများ ပြန်လည်သန်စွမ်းစေခြင်း စသည့်အကျိုးကျေးဇူးများ ရနိုင်သည်၊ ခြေထောက်အားနည်းသူများနှင့် လမ်းလျှောက်ရခက်ခဲသူများတွင် လှုပ်ရှားသွားလာမှု အထောက်အကူပြုပစ္စည်းများ (တုတ်ကောက်၊ ဝှီးချဲလ် စသဖြင့်) အသုံးပြုနိုင်သည်
  • ကြွက်သားတောင့်တင်းခြင်းအတွက် ‌ကုသခြင်း
    Baclofen, Tizanidine, Cyclobenzaprine ကဲ့သို့ ကြွက်သားပြေလျော့စေသော ဆေးများပေးနိုင်သလို Botox ထိုးဆေးဖြင့်လည်း ကုသခြင်း၊ Deep brain stimulation ကုသမှုများလည်း ပေးနိုင်သည်
  • ပင်ပန်းနွမ်းနယ်မှုအတွက် ကုသခြင်း
    Amantadine, Methylphenidate ဆေးများဖြင့် ကုသနိုင်သလို Fluoxetine, Bupropion ကဲ့သို့ စိတ်ကျရောဂါအတွက် အသုံးပြုသောဆေးများလည်း ပေးနိုင်သည်
  • လမ်းလျှောက်နှုန်းကို တိုးစေသောဆေး
    Dalfampridine ဆေးသည် အချို့လူများတွင် လမ်းလျှောက်နှုန်းကို အနည်းငယ်တိုးတက်စေရန် ကူညီသည်၊ ဘေးထွက်ဆိုးကျိုးအနေဖြင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ခေါင်းမူးခြင်း၊ အိပ်မပျော်ခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ဖြစ်သည်
  • အခြားဆေးဝါးများ
    စိတ်ကျရောဂါ၊ နာကျင်ခြင်း၊ အိပ်မပျော်ခြင်း၊ ဆီးသွားခြင်း၊ အူလှုပ်ရှားမှုနှင့် လိင်ပိုင်းဆိုင်ရာ ပြဿနာများအတွက် သင့်တော်သော ဆေးဝါးများဖြင့် ကုသနိုင်သည်။

အထက်ပါကုသမှုများအပြင် အသုံးဝင်နိုင်ခြေများသော ကုသမှုအသစ်များ ပေါ်ထွက်လာနေပြီး ရေရှည်အကျိုးအာနိသင်နှင့် ဘေးထွက်ဆိုးကျိုးများကို သုတေသနပြုလုပ်နေဆဲဖြစ်သည်။

  • ပင်မဆဲလ် အစားထိုးခြင်း (Stem cell transplant)
  • Bruton’s tyrosine kinase (BTK) inhibitor ဆေးများ
  • သွေးထဲရှိ CD40L ပရိုတင်းကို တားဆီးသောဆေးများ
  • Phosphodiesterase inhibitors ဆေးများ စသည်တို့ဖြစ်သည်။
နေထိုင်မှုပုံစံ ပြောင်းလဲခြင်း

MS ၏ ရောဂါလက္ခဏာများကို သက်သာစေရန် အောက်ပါနည်းလမ်းများကို ပြုလုပ်နိုင်သည်။

  • လုံလောက်စွာ အနားယူပါ
    အိပ်ရေးဝအောင် အိပ်စက်ပါ၊ အိပ်နေစဉ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းကဲ့သို့ အခြေအနေများရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ။
  • လေ့ကျင့်ခန်းလုပ်ပါ
    ရောဂါမပြင်းထန်သူများတွင် ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကြွက်သားများ သန်မာ၍ ခန္ဓာကိုယ်ဟန်ချက်ညီမှုနှင့် လှုပ်ရှားမှုတို့ကို ကောင်းမွန်စေရန် ကူညီပေးနိုင်သည်။ အပူရှိန်ကြောင့် ရောဂါလက္ခဏာများ ပိုဆိုးတတ်သူများအတွက် ရေကူးခြင်းစသည့် ရေထဲတွင် လုပ်ရသည့် လေ့ကျင့်ခန်းများကို ‌ရွေးချယ်နိုင်သည်။ လမ်းလျှောက်ခြင်း၊ ခန္ဓာကိုယ်အကြောဆန့်ခြင်း၊ အေရိုးဗစ်၊ စက်ဘီးစီးခြင်း၊ ယောဂနှင့် ထိုက်ကျိ (Tai chi) စသော လေ့ကျင့်ခန်းများ ပြုလုပ်နိုင်သည်။
  • ခန္ဓာကိုယ်ကို အေးမြအောင်ထားပါ
    ခန္ဓာကိုယ်အပူချိန် တက်လာ၍ ရောဂါလက္ခဏာ ပိုဆိုးလာသူများတွင် ခန္ဓာကိုယ်ကို အေးမြအောင် လေဝင်လေထွက်ကောင်းသော အဝတ်များကို ဝတ်ခြင်း၊ အေးမြသော ပဝါများကို ဆောင်ထားခြင်း ပြုလုပ်နိုင်သည်။
  • အာဟာရ မျှတအောင်စားပါ
    သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များ၊ ပဲအမျိုးမျိုး၊ အခွံမာသီးများနှင့် သံလွင်ဆီတို့ကို ပိုစားသုံးသင့်ပြီး အနီရောင်အသားများ၊ ထောပတ်၊ သကြားနှင့် အခြားကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများကို လျှော့စားသင့်သည်၊ ဗီတာမင် ဒီ ကို နေ့စဥ် (၂၀၀၀) မှ (၅၀၀၀) ယူနစ် မှန်မှန်သောက်ရန် အကြံပြုထားသည်။
  • စိတ်ဖိစီးမှု လျှော့ချပါ
    စိတ်ဖိစီးမှုသည် ရောဂါလက္ခဏာများကို ပိုဆိုးစေသောကြောင့် ယောဂ၊ ထိုက်ကျိ၊ အနှိပ်ခံခြင်း၊ တရားထိုင်ခြင်းစသည့် နည်းလမ်းများဖြင့် စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ။
ကာကွယ်ခြင်း

Multiple Sclerosis ရောဂါဖြစ်စေသော အကြောင်းရင်း အတိအကျကို မသိရှိသောကြောင့် ရောဂါဖြစ်ပွါးမှုကို ကာကွယ်နိုင်သော နည်းလမ်း မရှိသေးပါ။

References:

  1. Mayo Clinic. (n.d.). Multiple sclerosis: Symptoms & causes. Retrieved August 20, 2025, from https://www.mayoclinic.org/diseases-conditions/multiple-sclerosis/symptoms-causes/syc-20350269
  2. Mayo Clinic. (2024). Multiple sclerosis: Diagnosis & treatment. Retrieved August 20, 2025, from https://www.mayoclinic.org/diseases-conditions/multiple-sclerosis/diagnosis-treatment/drc-20350274
  3. Cleveland Clinic. (n.d.). Multiple sclerosis (MS). Retrieved August 20, 2025, from https://my.clevelandclinic.org/health/diseases/17248-multiple-sclerosis
  4. National Multiple Sclerosis Society. (n.d.). What is MS. Retrieved August 20, 2025, from https://www.nationalmssociety.org/understanding-ms/what-is-ms
  5. NHS. (n.d.). Multiple sclerosis. Retrieved August 20, 2025, from https://www.nhs.uk/conditions/multiple-sclerosis/
  6. Johns Hopkins Medicine. (n.d.). Multiple sclerosis (MS). Retrieved August 20, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/multiple-sclerosis-ms

Published: 15 September 2025

Share

15 September 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.