Watery eyes (Epiphora) (မျက်ရည်ကျခြင်း)

Watery eyes (Epiphora) (မျက်ရည်ကျခြင်း)

မျက်လုံး၏ မျက်နှာပြင်ကို ကျန်းမာအောင် ထိန်းသိမ်းရန်နှင့် ကြည်လင်ပြတ်သားသော အမြင်အာရုံရှိစေရန်အတွက် မျက်ရည်သည် မရှိမဖြစ် လိုအပ်သည်။ မျက်ရည်တွင် အင်ဇိုင်းများ၊ အဆီများနှင့် ဆားဓာတ်များပါဝင်ပြီး အပြင်ပိုင်း အဆီအလွှာ၊ အလယ်ပိုင်း အရည်အလွှာနှင့် အတွင်းပိုင်း အချွဲအလွှာဟူ၍ အလွှာသုံးလွှာဖြင့် ဖွဲ့စည်းထားသည်။ အလွှာတစ်ခုချင်းသည် မျက်စိ၏ အပေါ်ယံမျက်နှာပြင်အား အာဟာရပေးခြင်း၊ ကာကွယ်ခြင်းများ ပြုလုပ်ပေးသည်။

ဓာတ်မတည့်ခြင်း၊ မျက်လုံးခြောက်ခြင်းစသည့် အကြောင်းရင်းများ၊ မျက်ရည်စီးဆင်းမှုလမ်းကြောင်း ပုံမှန်မဟုတ်ခြင်း စသည်တို့ကြောင့် မျက်ရည်များ အလွန်အကျွံ ထွက်နိုင်သည်။ မျက်ရည်ကျခြင်းသည် အသက်အရွယ်မရွေး ဖြစ်ပွါးနိုင်သော်လည်း ကလေးငယ်များနှင့် အသက်အရွယ်ကြီးသူများတွင် ပို၍အဖြစ်များသည်။ မျက်လုံး တစ်ဖက် (သို့မဟုတ်) နှစ်ဖက်လုံးတွင် ဖြစ်ပွါးနိုင်သည်။ မျက်ရည်ကျခြင်း အကြောင်းရင်းများ များစွာရှိသော်လည်း အများစုမှာ ကုသမှုပေးရန် မလိုအပ်ပါ။ သို့ရာတွင် မျက်ရည်ကျခြင်းသည် ဆက်တိုက်ဖြစ်နေပါက (သို့မဟုတ်) အမြင်အာရုံ ဝေဝါးလာပါက မျက်စိဆရာဝန်နှင့် ပြသ၍ ကုသမှုခံယူရန် အရေးကြီးသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

မျက်ရည်ကျခြင်းသည် ယေဘုယျအားဖြင့် မျက်လုံးမှ ပုံမှန်ထက်ပို၍ မျက်ရည်ထွက်ခြင်း (သို့မဟုတ်) မျက်ရည်စီးဆင်းမှုလမ်းကြောင်း ပိတ်ဆို့ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည်။

မျက်ရည်ပြွန်ပိတ်ဆို့ခြင်း (Nasolacrimal Duct Obstruction)

မျက်ရည်ပြွန်များသည် မျက်ရည်များကို မျက်လုံးမှ နှာခေါင်းထဲသို့ စီးဆင်းစေသော လမ်းကြောင်းများဖြစ်သည်။ ဤမျက်ရည်ပြွန်များ အလွန်အမင်း ကျဉ်းမြောင်းခြင်း၊ ကောင်းစွာ ဖွံ့ဖြိုးမှုမရှိခြင်း သို့မဟုတ် ပိတ်ဆို့နေခြင်းတို့ကြောင့် မျက်ရည်စီးဆင်းမှု အဟန့်အတားဖြစ်နိုင်သည်။

ကလေးငယ်များတွင် ဤပြဿနာဖြစ်ရသည့် အဓိကအကြောင်းရင်းမှာ မွေးရာပါ မျက်ရည်ပြွန် ကောင်းစွာဖွံ့ဖြိုးမှု မရှိခြင်းကြောင့်ဖြစ်သည်။ ကလေးအများစုတွင် မျက်ရည်ပြွန်များ ကောင်းစွာ အလုပ်လုပ်နိုင်လာသည်နှင့်အမျှ ဤလက္ခဏာများသည် သက်သာသွားတတ်ပြီး မွေးပြီး လအနည်းငယ်အတွင်း ကောင်းမွန်သွားနိုင်သည်။

လူကြီးများတွင်မူ ဤအခြေအနေသည် မျက်ရည်ပြွန်ပိတ်ဆို့ခြင်း (Obstruction) သို့မဟုတ် ကျဉ်းမြောင်းလာခြင်း (Stenosis) တို့ကြောင့် အဖြစ်များသည်။ ထိုသို့ဖြစ်ရသည့် အကြောင်းရင်းများထဲတွင် မျက်လုံးအတွင်းပိုင်း ဒဏ်ရာရခြင်း၊ မျက်နှာအရိုးကျိုးခြင်း၊ နှာခေါင်းခွဲစိတ်မှုများ၏ နောက်ဆက်တွဲဆိုးကျိုး စသည်တို့ ပါဝင်နိုင်သည်။ မျက်လုံးအတွင်း ပိုးဝင်၍ ရောင်ရမ်းခြင်း (Infection and inflammation) ကြောင့်လည်း မျက်ရည်ပြွန်များ ကျဉ်းမြောင်းလာကာ ပိတ်ဆို့တတ်သည်။

အခြားသောအကြောင်းအရာများ
  1. ပြင်ပအကြောင်းရင်းများနှင့် ထိတွေ့မှု
    • မီးခိုး၊ ဓာတ်ငွေ့၊ လေအေးစသော လှုံ့ဆော်မှုများနှင့် ထိတွေ့မိခြင်း
    • ပြင်ပအရာဝတ္ထုများ (ဥပမာ _ ဖုန်မှုန့်၊ အမှိုက်) နှင့် မျက်တောင်စသည်တို့ မျက်လုံးထဲသို့ ဝင်ရောက်ခြင်း (သို့မဟုတ်) မျက်လုံးဒဏ်ရာရခြင်း
  2. မျက်လုံးရောဂါများ
    • မျက်စိပိုးဝင်ခြင်း (ဥပမာ _ မျက်ကြည်လွှာရောင်ခြင်း၊ မျက်သားရောင်ခြင်း)
    • မျက်စိစွန်ခြင်း
    • မျက်ခွံပေါ်ရှိ အဆီဂလင်း (သို့မဟုတ်) မွေးညင်းပေါက်များ ပိတ်ဆို့ခြင်း
    • ဓာတ်မတည့်ခြင်းကြောင့် မျက်ကြည်လွှာ ရောင်ရမ်းခြင်း
    • မျက်လုံးခြောက်ခြင်း _ မျက်လုံးခြောက်၍ နာကျင်မှုကို တုံ့ပြန်ခြင်းမှ မျက်ရည် အလွန်အမင်းထွက်ခြင်း
  3. မျက်ခွံဆိုင်ရာ ပြဿနာများ
    မျက်ခွံတွဲကျနေခြင်း၊ မျက်ခွံလန်နေခြင်း၊ မျက်ခွံအတွင်းသို့ ဝင်နေခြင်း စသည်တို့ကြောင့်ဖြစ်သည်၊ မျက်ခွံများသည် တွဲကျနေပါက မျက်ရည်များအား မထိန်းနိုင်သော‌ကြောင့် မျက်ရည်လျှံခြင်းများ ဖြစ်စေသည်။ မျက်ခွံလန်နေပါက မျက်လုံး၏ အစိတ်အပိုင်းတစ်ချို့သည် လေနှင့်ထိတွေ့နေသောကြောင့် မျက်လုံးခြောက်ခြင်းနှင့် မျက်ရည်ထုတ်လုပ်မှု ပိုများခြင်းကို ဖြစ်စေသည်။ မျက်ခွံအတွင်းသို့ ဝင်နေပါက မျက်တောင်များနှင့် အရေပြားသည် မျက်ကြည်လွှာကို ပွတ်တိုက်ခြင်းကြောင့် မျက်ရည်ကျနိုင်သည်။
  4. အခြားသော အခြေအနေများ
    • ကိုယ်ခံအားစနစ် မူမမှန်သည့်ရောဂါများ (Autoimmune diseases)
    • အာရုံကြောဆိုင်ရာရောဂါများ
    • အရေပြားဆိုင်ရာ အခြေအနေများ
    • မျက်နှာထိခိုက်ဒဏ်ရာရခြင်း
    • အချို့သောဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ

ဤအခြေအနေများသည် မျက်လုံးကို ထိခိုက်စေပြီး ရောင်ရမ်းခြင်းနှင့် မျက်ရည်အလွန်အမင်းကျခြင်းတို့ကို ဖြစ်စေနိုင်သည်။

ရောဂါလက္ခဏာများ

မျက်ရည်ကျခြင်းသည် မျက်လုံးတစ်ဖက် (သို့မဟုတ်) နှစ်ဖက်လုံးတွင် ဖြစ်နိုင်သည်။ မျက်ရည်အနည်းငယ်သာ ကျနိုင်သလို တောက်လျှောက် စီးကျနေခြင်းလည်း ဖြစ်နိုင်သည်။ ဖြစ်စေသည့် အကြောင်းအရာပေါ် မူတည်၍ အောက်ပါလက္ခဏာများကို ခံစားရနိုင်သည်။

  • မျက်လုံးနီရဲလာခြင်း
  • သွေးကြောများရောင်ရမ်းခြင်း
  • မျက်လုံးရောင်ရမ်းခြင်း
  • မျက်လုံးယားယံခြင်း
  • မျက်လုံးအောင့်ခြင်း
  • မျက်လုံးနာခြင်း
  • မျက်ခွံရောင်ခြင်း
  • မျက်လုံးထဲတွင် တစ်စုံတစ်ခုရှိနေသကဲ့သို့ ခံစားရခြင်း
  • အမြင်အာရုံဝေဝါးခြင်း
  • အလင်းရောင် မကြည့်နိုင်ခြင်း
  • ခေါင်းကိုက်ခြင်းတို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါလက္ခဏာများ သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

မျက်စိအထူးကုဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ လိုအပ်သည့် စမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ရောဂါကိုသိရှိနိုင်သည်။ သို့သော်ဖြစ်ပေါ်ရသော အကြောင်းရင်းများကို ရှာဖွေရန်အတွက် လိုအပ်ပါက မှန်ပြောင်းကြည့်ခြင်း၊ ဓာတ်မှန် (X ray) ရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်းတို့လည်း ပြုလုပ်နိုင်သည်။

ကုသခြင်း

မျက်ရည်ကျခြင်းကို ကုသရာတွင် ဖြစ်စေသည့်အခြေအနေပေါ် မူတည်၍ ကုသမှုပေးရမည်ဖြစ်သည်။ ပေးနိုင်သောကုသမှုများမှာ _

  • ဆေးဝါးများ
    မျက်ရည်ကျခြင်းသည် ဓာတ်မတည့်ခြင်း၊ ပိုးဝင်ခြင်း၊ မျက်လုံးခြောက်ခြင်း စသည်တို့ကြောင့်ဖြစ်ပါက ဖြစ်သည့်အခြေအနေပေါ် မူတည်၍ ပဋိဇီဝပိုးသတ်ဆေးများ၊ မျက်စဥ်းဆေးများ၊ မျက်ရည်တုခပ်ခြင်းများ စသည်တို့ပြုလုပ်နိုင်သည်
  • ပြင်ပအရာဝတ္ထုများအားဖယ်ရှားခြင်း
    မျက်လုံးထိခိုက်မိ၍ဖြစ်စေ၊ တစ်စုံတစ်ခုဝင်၍ဖြစ်စေ မျက်ရည်ကျပါက ဝင်သည့်ပစ္စည်းကိုဖယ်ရှားခြင်း သို့မဟုတ် ထိခိုက်မှုကို ကုသမှုပေးခြင်းတို့ ပြုလုပ်ရမည်၊ မျက်စိကိုဆိုးရွားစွာ ထိခိုက်မိပါက ခွဲစိတ်မှုပြုလုပ်ရန် လိုအပ်နိုင်သည်
  • မျက်ရည်ပြွန်ပိတ်ခြင်းအားဖယ်ရှားခြင်း
    မျက်ရည်ပြွန်ပိတ်ခြင်းကြောင့် ဖြစ်ပါက မျက်ရည်ပြွန်ကို ပြန်ဖွင့်ရန် လိုအပ်သည်၊ ပိတ်ဆို့မှုကို ဖယ်ရှားရန် ဆားရည်ဖြင့်ဆေးခြင်း၊ လိုအပ်ပါက ခွဲစိတ်ပြုပြင်ခြင်းများ ပြုလုပ်ရနိုင်သည်
  • မျက်လုံး (သို့မဟုတ်) မျက်ခွံပြုပြင်ခြင်း
    မျက်လုံး (သို့မဟုတ်) မျက်ခွံ အနေအထားကြောင့် ဖြစ်ပါက ပြုပြင်ရန် လိုအပ်နိုင်သည် (ဥပမာ _ ခွဲစိတ်ပြုပြင်ခြင်း၊ Botox ထိုးခြင်း)
အိမ်တွင်းကုသခြင်း

အချို့သောအခြေအနေများတွင် အောက်ပါနည်းလမ်းများအား မိမိကိုယ်တိုင် ပြုလုပ်ခြင်းဖြင့် မျက်ရည်ကျခြင်းကို သက်သာစေသည်။

  • စာအုပ်ဖတ်ခြင်း၊ တီဗွီ (သို့မဟုတ်) ကွန်ပျူတာမျက်နှာပြင်အား အချိန်ကြာရှည်စွာ ကြည့်ခြင်းမှ ရှောင်ကြဥ်ရမည်
  • မျက်လုံးအား အစိုဓာတ်ကောင်းစွာ ထိန်းသိမ်းထားရန်အတွက် မျက်ရည်တုကို ပုံမှန်ခပ်ပေးသင့်သည်
  • မျက်ရည်ပြွန်မှ ပိတ်ဆို့မှုများအား ဖယ်ရှားရန် ထိခိုက်မှုရှိသည့် မျက်လုံးကို အဝတ်သန့်သန့်နွေးနွေးဖြင့် ကပ်ပေးခြင်း၊ ညင်သာစွာနှိပ်ပေးခြင်းများ ပြုလုပ်နိုင်သည်
  • မျက်လုံးနှင့် မျက်ခွံမှ အညစ်အကြေးများကို မျက်လုံးသန့်စင်သည့် အဝတ်ဖြင့် ဖယ်ရှားခြင်းများ ပြုလုပ်နိုင်သည်
  • ဓာတ်မတည့်မှုများကြောင့်ဖြစ်ပါက လက္ခဏာများသက်သာစေရန် ဟစ်စ်တမင်းဆန့်ကျင်ဆေးများ သောက်သုံးနိုင်သည်

ကလေးငယ်များတွင် ဖြစ်တတ်သော မျက်ရည်ကျခြင်းသည် များသောအားဖြင့် ကုသမှုမလိုဘဲ လအနည်းငယ်အတွင်း သူ့အလိုလို ပျောက်ကင်းနိုင်သည်။

အိမ်တွင်းကုထုံးများအနေဖြင့်

  • မျက်ဝတ်ဖယ်ရှားခြင်း
    ကျိုချက်ထားသော ရေနွေးနွေးကို အဝတ်သန့်သန့်စိမ်၍ ညင်သာစွာဖြင့် မျက်ဝတ်များကို သုတ်ဖယ်ပေးနိုင်သည်။
  • နှိပ်နယ်ပေးခြင်း
    လက်ကို သေချာစွာဆေးကြောပြီး မျက်လုံးနှင့် နှာခေါင်းကြားရှိ မျက်ရည်ပြွန်တည်ရှိရာနေရာကို ညင်သာစွာ အောက်ဘက်သို့ နှိပ်နယ်ပေးခြင်းဖြင့် ပိတ်နေသော မျက်ရည်များကို ဖယ်ရှားပေးကာ မျက်ရည်ပြွန်ဖွံ့ဖြိုးမှုကို အားပေးနိုင်သည်။
ကာကွယ်ခြင်း

မျက်ရည်ကျခြင်းကို ဖြစ်စေသည့် အကြောင်းရင်းအားလုံးကို မကာကွယ်နိုင်သော်လည်း အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် လျှော့ချနိုင်သည်။

  • ဓာတ်မတည့်မှုများကြောင့် ဖြစ်ပါက ဖြစ်စေသည့်အရာများကို ရှောင်ကြဥ်ခြင်း
  • မျက်စိကို ထိခိုက်မှုရှိနိုင်သည့် လုပ်ငန်းခွင်တွင် မျက်စိအကာအကွယ်ပစ္စည်းများအား သေချာစွာတပ်ဆင်ခြင်း စသည်တို့ဖြစ်သည်။

References:

  1. Cleveland Clinic. (n.d.). Epiphora (watery eyes). Retrieved August 27, 2025, from https://my.clevelandclinic.org/health/diseases/17944-epiphora-watery-eyes/#overview
  2. Mayo Clinic Staff. (n.d.). Watery eyes: Causes. Retrieved August 27, 2025, from https://www.mayoclinic.org/symptoms/watery-eyes/basics/causes/sym-20050821
  3. Moorfields Eye Hospital. (n.d.). Epiphora (watering eye). Retrieved August 27, 2025, from https://www.moorfields.nhs.uk/eye-conditions/epiphora-watering-eye/diagnosis-and-treatment
  4. Medical News Today. (2024). Watery eyes: Causes, treatments, and remedies. Retrieved August 27, 2025, from https://www.medicalnewstoday.com/articles/169397#diagnosis
  5. WebMD Editorial Contributors. (2024). Watery eyes causes. Retrieved August 27, 2025, from https://www.webmd.com/eye-health/watery-eyes-causes

Published: 12 September 2025

Share

12 September 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.