Hip fractures (တင်ပါးဆုံ ပေါင်ရိုးထိပ်ပိုင်းကျိုးခြင်း)

Hip fractures (တင်ပါးဆုံ ပေါင်ရိုးထိပ်ပိုင်းကျိုးခြင်း)

တင်ပါးဆုံအနီးရှိ ပေါင်ရိုး၏ အထက်ပိုင်း (ထိပ်ပိုင်း) ကျိုးခြင်းသည် အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သော်လည်း အထူးသဖြင့် အသက် (၆၅) နှစ်အထက် လူကြီးများတွင် အဖြစ်များသည်။ ထိုသို့ဖြစ်ပါက အရေးပေါ် ကုသမှုကို စနစ်တကျ ခံယူရန် လိုအပ်သည်။ ပေါင်ရိုးထိပ်ပိုင်းကျိုးသည့် လူနာအများစုအတွက် ပုံမှန်လူမှုဘဝကို ပြန်လည်ရရှိစေရန် ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်နိုင်သည်။ ခန္ဓာကိုယ်အတွင်း အရိုးအစားထိုးပစ္စည်းများ အသုံးပြုခွဲစိတ်ခြင်းဖြင့် အချိန်ကာလ အနည်းငယ်အတွင်း မခွဲစိတ်မီ အခြေအနေအတိုင်း ပြန်လည်ကောင်းမွန်လာမည်။

တင်ပါးဆုံ ပေါင်ရိုးထိပ်ပိုင်းကျိုးခြင်း အမျိုးအစားများ (Types of Hip Fractures)

အရိုးကျိုးသည့် ပေါင်ရိုးထိပ်ပိုင်းနေရာ အနေအထားပေါ် မူတည်၍ အမျိုးအစား ခွဲခြားနိုင်သည်။

  1. ပေါင်ရိုးထိပ် ခေါင်းနေရာ ကျိုးခြင်း (Femoral head fracture)
    ပေါင်ရိုးထိပ်ရှိ လုံးဝန်းသော ပေါင်ထိပ်ရိုးခေါင်းနေရာ ကျိုးခြင်းသည် တွေ့ရခဲသော အခြေအနေတစ်ခုဖြစ်သည်။
  2. ပေါင်ရိုးထိပ် လည်ပင်းနေရာ ကျိုးခြင်း (Femoral neck fracture)
    ပေါင်ရိုးထိပ် ခေါင်းနေရာ နှင့် ပေါင်ရိုးချောင်းတို့ ဆက်သည့်နေရာတွင် အရိုးကျိုးမှုမှာ တင်ပါးဆုံ ပေါင်ထိပ်ရိုးကျိုးမှုများတွင် အများဆုံး တွေ့ရလေ့ရှိသည်။
  3. ပေါင်ရိုးထိပ်ရှိ အရိုးဖုများ ကျိုးခြင်း (Intertrochanteric fracture)
    ပေါင်ရိုးထိပ်ရှိ လည်ပင်းနေရာနှင့် ဆက်စပ်နေသော အရိုးဖုအကြီး (Greater trochanter) နှင့် အရိုးဖုအသေး (Lesser trochanter) နေရာများ၌ အရိုးကျိုးခြင်းဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အမြင့်ပေါ်မှ ပြုတ်ကျခြင်း၊ ယာဉ်မတော်တဆ ဖြစ်ခြင်း၊ အားကစားလှုပ်ရှားမှု ပြုလုပ်ခြင်း စသည်တို့ကြောင့် ပြင်းထန်သည့် ထိခိုက်ဒဏ်ရာရရှိပြီး တင်ပါးဆုံ ပေါင်ရိုးထိပ်ပိုင်းနေရာတွင် အရိုးကျိုးခြင်း ဖြစ်နိုင်သည်။ ထို့အပြင် အသက်အရွယ်ကြီးသူများ၊ အထူးသဖြင့် အရိုးပါးရောဂါ (သို့မဟုတ်) အရိုးပွရောဂါ ရှိသူများတွင် ချော်လဲကျခြင်းကဲ့သို့သော သာမန်ထိခိုက်မှုများကြောင့်ပင် ထိုကဲ့သို့ အရိုးကျိုးနိုင်ခြေမြင့်မားသည်။

ဖြစ်ပွါးနိုင်ခြေများသူများ

တင်ပါးဆုံ ပေါင်ရိုးထိပ်ပိုင်းကျိုးခြင်းသည် အောက်ပါအခြေအနေရှိသူများတွင် ပိုမိုဖြစ်ပွားနိုင်သည်။

  • အသက် (၆၅) နှစ်အထက် လူကြီးများ
  • အရိုးပါး၊ အရိုးပွရောဂါ ရှိသူများ
  • အမျိုးသမီးများ (အမျိုးသားများထက် ၃ ဆခန့် ပိုဖြစ်နိုင်ခြေရှိသည်)
  • ပြင်းထန်သည့် အားကစားနည်းတွင် ပါဝင်ယှဉ်ပြိုင်သူများ
  • ခန္ဓာကိုယ်အနေအထား ထိန်းညှိနိုင်မှု မရှိခြင်း (ဥပမာ _ ပါကင်ဆန်ရောဂါ)
  • လှုပ်ရှားသွားလာမှု ခက်ခဲသည့်ရောဂါရှိသူများ
  • ချာချာလည်မူးခြင်း (Vertigo) ရောဂါ ရှိသူများ
  • လမ်းလျှောက်ပုံမမှန်ခြင်း (Gait abnormalities) ရှိသူများ
  • အတက်ရောဂါ (Epilepsy) ရှိသူများ
  • အူလမ်းကြောင်းဆိုင်ရာရောဂါများ ရှိသူများ (ခန္ဓာကိုယ်အတွက် ဗီတာမင် ဒီ နှင့် ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်စွမ်း ကျဆင်းသောကြောင့်)
  • ဆေးဝါးသုံးစွဲမှုများ – စတီးရွိုက်ဆေးဝါးများ (အရိုးသန်မာမှုကို အားနည်းစေသည်)၊ စိတ်ငြိမ်ဆေးများနှင့် အိပ်ဆေးများ (လဲကျမှုအန္တရာယ် မြင့်စေသည်)
  • ဆေးလိပ်နှင့် အရက်သောက်သုံးသူများ
  • ထိခိုက်ဒဏ်ရာ ရနိုင်ခြေများသော အပြုအမူများ ပြုလုပ်တတ်သူများဖြစ်သည်။
ရောဂါလက္ခဏာများ

အဖြစ်များသော ရောဂါလက္ခဏာများမှာ_

  • တင်ပါးဆုံအနားတစ်ဝိုက် ပြင်းထန်စွာနာကျင်ခြင်း
    တင်ပါးဆုံ၏ အရှေ့ဖက် ပေါင်ခြံတွင်း၌ နာကျင်မှု ခံစားရနိုင်သကဲ့သို့ တင်ပါးဆုံ အပြင်ဖက်ရှိ အရိုးဖုကြီး (Greater trochanter) နေရာ၌လည်း နာကျင်နိုင်သည်။
  • လဲကျပြီးနောက် မတ်တတ်မရပ်နိုင်ခြင်း၊ လမ်းမလျှောက်နိုင်ခြင်း
  • ရောင်ရမ်းခြင်း
  • အညိုအမည်းစွဲခြင်း
  • တင်ပါးဆုံအဆစ်ကို သုံးသော ခြေထောက်လှုပ်ရှားမှုများ မပြုလုပ်နိုင်ခြင်း (သို့မဟုတ်) လှုပ်ရှားလျှင် နာကျင်ခြင်း (ဥပမာ _ အထိုင်အထပြုလုပ်ခြင်း၊ ဆောင့်ကြောင့်ထိုင်ခြင်း)
  • ခြေထောက်နှစ်ဖက်ကို နှိုင်းယှဉ်ကြည့်ပါက ပေါင်ရိုးထိပ်ပိုင်းကျိုးသည့် ခြေထောက်သည် တိုနေပြီး အပြင်ဖက်သို့ လည်ထွက်နေမည်

အသက်ကြီးသူများတွင် ချော်လဲကျပြီးသည့်အချိန် သာမန်နာကျင်မှုမျှသာ ခံစားရသူများတွင်ပင် ပေါင်ရိုးထိပ်ကျိုးနိုင်သဖြင့် သေချာစွာ စစ်ဆေးရန် လိုအပ်သည်။

နောက်ဆက်တွဲပြဿနာများ
  1. အထွေထွေပြဿနာများ
    ပေါင်ရိုးထိပ်ပိုင်းကျိုးသည့် လူနာများသည် လှုပ်ရှားသွားလာမှု မပြုလုပ်နိုင်ဘဲ အိပ်ရာတွင်သာနေရခြင်း၊ အသက်အရွယ်ကြီးခြင်း၊ တွဲဖက်ခံစားနေရသည့် အခြားရောဂါများ ရှိနေခြင်းကြောင့် အောက်ပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပွါးနိုင်သည်။
    • ခြေထောက်ရှိ အတွင်းပိုင်းသွေးပြန်ကြော သွေးခဲခြင်းမှတစ်ဆင့် အဆုတ်ရှိ သွေးပြန်ကြော သွေးခဲပိတ်ဆို့ခြင်းကြောင့် အသက်အန္တရာယ်ရှိနိုင်ခြင်း
    • အဆုတ်ရောင်ရောဂါ ခံစားရခြင်း
    • ဆီးလမ်းကြောင်းအတွင်း ပိုးဝင်ခြင်း
    • အိပ်ရာနာများဖြစ်ခြင်း
    • ယုံမှားမှု စွဲမြဲလွန်ကဲခြင်း (Delusion)
    • အာဟာရဓာတ်ချို့တဲ့ခြင်း နှင့် ရေဓာတ်ခန်းခြောက်ခြင်း
    • အရိုးကျိုးပြီးနောက် ပထမတစ်နှစ်အတွင်း သေဆုံးနှုန်း မြင့်မားခြင်း
  2. ပေါင်ရိုးထိပ်ပိုင်း ပြဿနာများ
    ပေါင်ရိုးထိပ်ပိုင်းသို့ သွေးထောက်ပံ့မှု မရရှိခြင်း၊ အရိုးဆက်ခြင်းတို့နှင့် ပတ်သက်၍ အောက်ပါ ပြဿနာများ ရှိနိုင်သည်။
    • ပေါင်ထိပ်ရိုးခေါင်းသို့ သွေးမရောက်ခြင်း (Avascular necrosis of femoral head) နှင့် အရိုးမဆက်ခြင်း (Non-union) _ ပေါင်ရိုးထိပ် လည်ပင်းနေရာ ကျိုးသည့်အခြေအနေများတွင် အတွေ့ရများသည်
    • အရိုးနေရာ လွဲ၍ဆက်ခြင်း (Malunion)
    • ထိခိုက်ဒဏ်ရာရပြီးနောက် ဖြစ်တတ်သည့် အဆစ်ကျီးပေါင်းတက်ရောဂါ (Post-traumatic arthritis)
    • ခြေထောက်နှစ်ဖက် အတိုအရှည်မညီခြင်း (Limb length discrepancies)
  3. ကုသမှုနည်းလမ်းနှင့် ပတ်သက်သည့် ပြဿနာများ
    • မေ့ဆေးနှင့်ပတ်သက်သော ဆိုးကျိုးများ
      မူးဝေအော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ချမ်းတုန်ခြင်း၊ ဆီးအိမ်တင်းခြင်းတို့သည် အဖြစ်များသော်လည်း ယာယီသာ ခံစားရနိုင်သည်
    • ခွဲစိတ်ကုသမှု ပြဿနာများ
      • အနာပိုးဝင်ခြင်း
      • ထည့်သွင်းထားသည့် အရိုးအစားထိုးပစ္စည်းများအနီးတွင် ထပ်မံ၍ အရိုးကျိုးခြင်း (Periprosthetic fracture)
      • အရိုးအစားထိုးပစ္စည်းများ အနေအထားမမှန်ခြင်း၊ ချောင်ခြင်း၊ ပြုတ်ထွက်ခြင်း
      • အဆစ်အစားထိုးခွဲစိတ်ကုသမှုများတွင် အစားထိုးသည့် အဆစ်ပြုတ်ထွက်ခြင်း (Dislocation) ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

စနစ်တကျ ကုသမှု မခံယူပါက အသက်အန္တရာယ် ထိခိုက်နိုင်သော အခြေအနေဖြစ်သည်။ တင်ပါးဆုံ ပေါင်ရိုးထိပ်ကျိုးသည်ဟု သံသယရှိပါက နာကျင်မှု သက်သာစေရန်၊ ရောဂါရှာဖွေရန်၊ ခွဲစိတ် ကုသမှု ပြုလုပ်ရန် ဆေးရုံသို့ အရေးပေါ် သွားရောက်ရန်လိုသည်။ လူနာအများစုမှာ ခွဲစိတ်ကုသမှုခံယူရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

အရိုးခွဲစိတ်ဆရာဝန်သည် လူနာအားလိုအပ်သော စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်မည်။ အခြား တွဲဖက်ပါလာနိုင်သော ထိခိုက်ဒဏ်ရာ အခြေအနေများကို စစ်ဆေးမည်။ သွေးတွင်းအောက်ဆီဂျင်၊ သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်းတို့ကို စမ်းသပ်စစ်ဆေးမည်။ လိုအပ်ပါက ဓာတ်မှန်ရိုက်စစ်ဆေးခြင်းများ ပြုလုပ်သည်။

  • တင်ပါးဆုံဓာတ်မှန် (Pelvic X-ray including both hips)
    အရိုးကျိုးသည့် ပုံစံ၊ အနေအထားတို့ကို သိရှိနိုင်သည်
  • စီတီကွန်ပျူတာဓာတ်မှန် (CT scan)
    ဓာတ်မှန်တွင်ထင်ရှားစွာမမြင်နိုင်သည့် အရိုးကျိုးသည့် ပုံစံနှင့် အရိုးကြေမွမှု ပုံစံများကို သိရှိနိုင်သဖြင့် ခွဲစိတ်ကုသရာ၌ ပိုမိုတိကျမှုရှိသည်
  • သံလိုက်ဓာတ်မှန် (MRI)
    ရိုးရိုးဓာတ်မှန်တွင် မတွေ့ရသည့် အရိုးကျိုးသည့်ပုံစံနှင့် ကြွက်သား၊ အရွတ်စုတ်ပြဲခြင်းများကို တွေ့နိုင်သည်
  • ဆေးသွင်းအရိုးဓာတ်မှန် (Bone scan)
  • အရိုးကျိုးခြင်း ရှိမရှိ သံသယရှိသူများတွင် ပြုလုပ်သည်
  • အရိုးပါးခြင်း၊ အရိုးပွခြင်း အခြေအနေကို ဆန်းစစ်နိုင်ရန် အရိုးသိပ်သည်းဆ တိုင်းတာခြင်းကို ပြုလုပ်သည်
  • ခွဲစိတ်ကုသမှုအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ အီးစီဂျီစစ်ဆေးခြင်း၊ သွေးစစ်ဆေးခြင်းတို့ကို ပြုလုပ်သည်
ကုသခြင်း

ကနဦးအရေးပေါ်ကုသခြင်း
တင်ပါးဆုံ ပေါင်ရိုးထိပ်ပိုင်းကျိုးခြင်း၏ ကနဦးအရေးပေါ်ကုသမှုတွင် အောက်ပါတို့ပါဝင်သည်။

  1. အသက်ရှူလမ်းကြောင်းနှင့် သွေးလည်ပတ်မှု ထိန်းသိမ်းခြင်း
    သွေးတွင်းအောက်ဆီဂျင်ပမာဏ၊ သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်းကို စနစ်တကျ စစ်ဆေးပြီး လိုအပ်ပါက အရေးပေါ်ကုသမှုခံယူရနိုင်သည်
  2. နာကျင်မှုထိန်းချုပ်ကုသခြင်း
    • ဆေးဝါးဖြင့်ကုသခြင်း
      နာကျင်မှုသက်သာစေသောဆေးများ (NSAID,Opioid) ကို အကြောဆေးသွင်းကုသမှု ခံယူရနိုင်သည်။
    • အာရုံကြောထုံဆေးထိုးခြင်း (Nerve block)
      နာကျင်မှုအလွန်ပြင်းထန်ပါက နာကျင်မှု ခံစားရသည့် အာရုံကြောများကို ထုံဆေးထိုး၍ ယာယီပိတ်ဆို့ပေးခြင်းဖြင့် နာကျင်မှုလျင်မြန်စွာ သက်သာစေနိုင်သည်။
  3. ဒဏ်ရာနေရာလှုပ်ရှားမှုကို ထိန်းချုပ်ခြင်း
    • ပေါင်ရိုးထိပ်ကျိုးသည့် ခြေထောက်ကို ဘေးသို့အနည်းငယ်ကားပြီး ခေါင်းအုံးများ၊ စောင်များကို အခုအခံထားခြင်းဖြင့် နာကျင်မှု သက်သာစေသည်။
    • အလေးချိန်တစ်ခုအသုံးပြု၍ ဆွဲဆန့်သည့် ကိရိယာ (Traction Device) ဖြင့် ခြေထောက်ပိုင်းမှ ဆွဲခြင်းဖြင့်လည်း လှုပ်ရှားမှုကို ထိန်းချုပ်နိုင်သည်။
ပေါင်ရိုးထိပ်ကျိုးခြင်းအတွက် ကုသသည့်နည်းလမ်းများ
  1. မခွဲစိတ်ဘဲ ကုသသည့်နည်းလမ်း
    မခွဲစိတ်ဘဲ ကုသသည့်နည်းလမ်းကို အသုံးပြုမှု နည်းပါးသည်။
    • ပြင်းထန်သော ရောဂါအခံအခြေအနေများ (Comorbidities) ကြောင့် ခွဲစိတ်ကုသမှု ပြုလုပ်ရန် မသင့်တော်သော လူနာများနှင့် ဓာတ်မှန်တွင် အရိုးအနေအထား ရွေ့လျားမှုမရှိသော အရိုးကျိုးသည့် အခြေအနေများတွင်သာ အသုံးပြုသည်
    • အိပ်ရာထဲ၌ ကြာရှည်စွာနေရခြင်း၊ ခြေထောက်ကို အလေးချိန်ဆွဲ ကုသရခြင်းတို့ကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပွါးနိုင်သည်
    • မခွဲစိတ်ဘဲကုသသည့် နည်းလမ်းကို မဖြစ်မနေ လိုအပ်သည့် အခြေအနေမှသာ အသုံးပြုသင့်သည်
  2. ခွဲစိတ်ကုသသည့် နည်းလမ်း
    • ခွဲစိတ်ကုသသည့် နည်းလမ်းသည် ပေါင်ရိုးထိပ်ကျိုးသည့် လူနာများအတွက် ကုသမှု စံ (Standard of care) အဖြစ် သတ်မှတ်ထားသည်
    • ခွဲစိတ်ကုသမှု နည်းလမ်းကို အသုံးပြုခြင်းဖြင့် အရိုးကျိုးသည့် နေရာကို တည်ငြိမ်စေခြင်း၊ နာကျင်မှု သက်သာစေခြင်း၊ စောစီးစွာ လှုပ်ရှားသွားလာမှု ပြုနိုင်ခြင်းတို့ ဖြစ်စေသည်၊ ခွဲစိတ်ကုသသည့် နည်းလမ်းကို လူနာ၏အသက်အရွယ်၊ အရိုးကျိုးသည့်နေရာ၊ အရိုးကျိုးသည့် ပုံစံအနေအထား၊ အရိုးကျိုးသည့် ကာလကြာမြင့်မှု အပေါ်မူတည်၍ ဆုံးဖြတ်သည်
    • ပေါင်ရိုးထိပ်လည်ပင်းနေရာ၌ အရိုးကျိုးခြင်း (Fracture neck of femur) တွင် ယေဘုယျအားဖြင့်
      • အသက်ငယ်သောလူနာများတွင် အရိုးဆက်စေရန် သတ္တုဝက်အူများ (Screws)၊ အရစ်ပါသည့် သတ္တုချောင်းများ (Pins) အသုံးပြု၍ ခွဲစိတ်ကုသမှုပေးသည်
      • အသက်ကြီးသူများတွင်မူ ပေါင်ရိုးထိပ်ခေါင်းအစားထိုးခွဲစိတ်ခြင်း (Hemiarthroplasty) နှင့် အဆစ်တစ်ခုလုံးအစားထိုးခွဲစိတ်ခြင်း (Total hip replacement) များကို အသုံးပြုသည်
    • ပေါင်ရိုးထိပ် အရိုးဖုများကျိုးခြင်း (Intertrochanteric fracture)
      ခွဲစိတ်ခန်းအတွင်း အသုံးပြုသည့် ဓာတ်မှန် (C-arm X-ray) အသုံးပြု၍ အရိုးအနေအထား မှန်ကန်စေရန် သတ္တုချောင်း၊ သတ္တုပြား၊ သတ္တုဝက်အူများ (Screws) အသုံးပြု၍ ခွဲစိတ်ကုသသည်
  3. ခွဲစိတ်ပြီးနောက်ကုသသည့်နည်းလမ်း
    • နာကျင်မှုသက်သာစေသည့်ဆေးများ၊ ပိုးသတ်ဆေးများ၊ သွေးမခဲဆေးများ၊ အရိုးပွရောဂါ ကုသဆေးများကို လိုအပ်သလိုပေး၍ ကုသပေးသည်။
    • ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများဖြစ်သော ကြွက်သားသန်မာရေးလေ့ကျင့်ခန်းများ၊ အဆစ်လှုပ်ရှားမှုလေ့ကျင့်ခန်းများ၊ အကြောလျှော့လေ့ကျင့်ခန်းများ၊ လမ်းလျှောက်ပုံစံမှန်စေသည့် လေ့ကျင့်ခန်းများကို ခွဲစိတ်ကုသသည့် နည်းလမ်းပေါ်မူတည်၍ စတင်ပြုလုပ်သည်။
    • အဆစ်အစားထိုးကုသသည့်နည်းလမ်းများတွင် မတ်တတ်ရပ်လေ့ကျင့်ခန်းနှင့် လမ်းလျှောက်လေ့ကျင့်ခန်းများကို (၁-၂) ရက်အတွင်း စတင်ပြုလုပ်နိုင်သော်လည်း အရိုးဆက်စေရန် ခွဲစိတ်ကုသသည့်နည်းလမ်းများတွင် လှုပ်ရှားသွားလာမှု လေ့ကျင့်ခန်းများပြုလုပ်ရန် အချိန်အနည်းငယ် စောင့်ရနိုင်သည်။
ကာကွယ်ခြင်း

တင်ပါးဆုံ ပေါင်ရိုးထိပ်ပိုင်းကျိုးခြင်းကို အပြည့်အဝ ကာကွယ်နိုင်ခြေမရှိသော်လည်း လဲကျခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာများကြောင့် အရိုးကျိုးနိုင်ခြေကို လျှော့ချရန် အောက်ပါအချက်များကို လိုက်နာသင့်သည်။

  • အိမ်နှင့် အလုပ်ခွင်ကို ဘေးကင်းအောင်ထားခြင်း
    ချော်လဲစေနိုင်သောပစ္စည်းများ (ဥပမာ _ ကြမ်းပြင်ပေါ်ရှိ ကြိုးများ၊ ရေစိုနေသောနေရာများ) ကို ရှင်းလင်းထားပါ
  • အရိုးကျန်းမာရေး စစ်ဆေးမှု
    အသက် (၆၅) နှစ်အထက် လူကြီးများနှင့် အရိုးပွရောဂါ မိသားစုရာဇဝင်ရှိသူများသည် အရိုးသိပ်သည်းဆ စစ်ဆေးမှု ပြုလုပ်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ
  • အရိုးအားကောင်းစေသော နေထိုင်မှုပုံစံ
    ကယ်လ်ဆီယမ်နှင့် ဗီတာမင် ဒီ ကြွယ်ဝသော အစားအစာများ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ခြင်းဖြင့် အရိုးကျန်းမာရေးကို မြှင့်တင်ပါ
  • ဆေးလိပ်နှင့်အရက်ရှောင်ခြင်း
    ဆေးလိပ်သောက်သုံးမှုကို ရှောင်ကြဉ်ပြီး အရက်ကို အလွန်အကျွံမသောက်သုံးပါနှင့်
  • အာရုံခံစားမှုဆိုင်ရာ စစ်ဆေးမှုများ
    ပုံမှန်မျက်စိစစ်ဆေးမှုများ ပြုလုပ်ပါ။ အမြင်အာရုံ သို့မဟုတ် အကြားအာရုံ ချို့ယွင်းမှုရှိပါက မျက်မှန်တပ်ခြင်း သို့မဟုတ် နားကြားကိရိယာ အသုံးပြုခြင်းဖြင့် ပတ်ဝန်းကျင်အန္တရာယ်များကို သတိပြုမိစေပြီး မတော်တဆမှုများ ကာကွယ်နိုင်သည်။
  • ပစ္စည်းများကို ဘေးကင်းစွာ ကိုင်တွယ်ခြင်း
    အမြင့်ရှိ ပစ္စည်းများကို ယူရာတွင်သင့်လျော်သည့် ကိရိယာများကို အသုံးပြုပါ။ ကုလားထိုင်၊ စားပွဲ သို့မဟုတ် ကောင်တာများပေါ်တွင် မတ်တတ်ရပ်လှမ်းယူခြင်းမျိုး မပြုလုပ်ပါနှင့်။
  • ယာဉ်အန္တရာယ်ကာကွယ်ခြင်း
    ကားစီးသည့်အခါတိုင်း ခါးပတ်ပတ်ခြင်းဖြင့် ထိခိုက်ဒဏ်ရာရမှုကို သိသိသာသာ လျှော့ချနိုင်သည်
  • အကာအကွယ်ပစ္စည်းများ ဝတ်ဆင်ခြင်း
    • အားကစားနှင့် ကိုယ်လက်လှုပ်ရှားမှုအားလုံးအတွက် သင့်လျော်သော အကာအကွယ်ပစ္စည်းများ
    • အရိုးပွရောဂါရှိသော အသက်ကြီးသူများအတွက် တင်ပါးဆုံအကာအကွယ်ပစ္စည်း (Hip Protector) များဝတ်ဆင်ပါ

References:

  1. Cleveland Clinic. (n.d.). Hip fracture (broken hip): Symptoms, risks & recovery. Retrieved August 19, 2025, from https://my.clevelandclinic.org/health/diseases/17101-hip-fracture
  2. Mayo Clinic. (n.d.). Hip fracture – Symptoms & causes. Retrieved August 19, 2025, from https://www.mayoclinic.org/diseases-conditions/hip-fracture/symptoms-causes/syc-20373468
  3. WebMD. (n.d.). What happens when you have a hip fracture?. Retrieved August 19, 2025, from https://www.webmd.com/osteoporosis/what-happens-when-you-have-a-hip-fracture

Published: 29 August 2025

Share

29 August 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.