Candidiasis (မှက္ခရုရောဂါ)

Candidiasis (မှက္ခရုရောဂါ)

မှက္ခရုရောဂါသည် ပါးစပ်၊ အရေပြားနှင့် မိန်းမကိုယ်တို့တွင် အဖြစ်များသော မှိုပိုးဝင်ခြင်း ရောဂါတစ်မျိုးဖြစ်သည်။ မှက္ခရုရောဂါသည် ပြင်းထန်သောရောဂါ မဟုတ်သော်လည်း ဆေးကုသမှု ချက်ချင်း ခံယူသင့်သည်။ မှက္ခရုရောဂါကုသရန် သုံးသည့် မှိုပိုးသတ်ဆေးများသည် ရောဂါပိုးကို (၂) ရက်မှ (၂) ပတ်အတွင်း ထိရောက်စွာ ကုသပေးနိုင်ပြီး လုံးဝပျောက်ကင်းနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

မှက္ခရုရောဂါသည် ခန္ဓာကိုယ်အရေပြားပေါ်တွင်ရှိသော Candida albicans ဟုခေါ်သည့် မှိုပိုးတစ်မျိုး အဆမတန် ပွါးများလာခြင်းကြောင့်ဖြစ်သည်။ Candida မှိုပိုး ပုံမှန်အနည်းငယ်ရှိတတ်သော ပါးစပ်၊ အရေပြား (သို့မဟုတ်) မိန်းမကိုယ် စသည့်နေရာများတွင် ဖြစ်ပွါးလေ့ရှိသည်။

ပုံမှန်အခြေအနေတွင် ခန္ဓာကိုယ်ပေါ် ရှိ ကျန်းမာသော အကျိုးပြုဘက်တီးရီးယားများသည် မှိုပိုးများ ပွါးများလာခြင်းကို တားဆီးပေးပြီး မျှခြေအနေအထားတွင် ရှိအောင် ထိန်းထားသည်။ သို့သော် အောက်ပါအခြေအနေများကြောင့် မျှခြေပျက်သွားလျှင် မှိုပိုးများ ပိုမိုပွါးများလာနိုင်သည်

  • ကိုယ်ခံအားစနစ်အားနည်းခြင်း (ဥပမာ – ကင်ဆာ၊ ဆီးချိုရောဂါ၊ HIV)
  • သန့်စင်ပြီးသားကာဗွန်ဟိုက်ဒရိတ်၊ သကြား (သို့မဟုတ်) မှိုပါဝင်မှုများသော အစားအစာများ စားသုံးခြင်း
  • ဟော်မုန်းအပြောင်းအလဲများ (ဥပမာ _ ကိုယ်ဝန်ဆောင်ခြင်း သို့မဟုတ် သွေးဆုံးခြင်း)
  • စိတ်ဖိစီးမှုခံစားရခြင်း
  • ဆီးပိုက် (catheter) သုံးစွဲခြင်း၊ သွားတု (denture) တပ်ဆင်ထားခြင်း
  • ကင်ဆာဆေး၊ ပဋိဇီဝဆေး၊ သန္ဓေတားဆေးစတီးရွိုက်ဆေး စသည့် ဆေးဝါးများ သုံးစွဲနေခြင်း
ဖြစ်နိုင်ခြေများသူများ

အောက်ပါအခြေအနေများတွင် သာမန်လူများထက် ရောဂါဖြစ်နိုင်ခြေ ပို၍များသည်။

  • မွေးကင်းစကလေးငယ်များနှင့် နို့စို့အရွယ် ကလေးငယ်များ
  • ရောဂါအကြောင်းရင်းခံကြောင့် ဆေးရုံရက်ရှည်တက်နေသူများ
  • ကိုယ်ဝန်ဆောင် အမျိုးသမီးများ
ရောဂါလက္ခဏာများ

မှက္ခရုရောဂါသည် ဖြစ်ပွါးသည့်နေရာပေါ် မူတည်ပြီး ရောဂါအမျိုးအစားနှင့် လက္ခဏာများ ကွဲပြားသည်။

  1. အရေပြား မှက္ခရု‌ရောဂါ (Cutaneous Candidiasis)
    အရေပြား၏ စိုထိုင်း၍ တွန့်ခေါက်နေသောနေရာများတွင် နီရဲသောအကွက်များ၊ အဖုအပိန့်များအနေဖြင့် တွေ့ရသည်။ အထူးသဖြင့်_
    • ဂျိုင်းကြား
    • ရင်သားအောက်ပိုင်း
    • တင်ပါးဆုံအနီး [ကလေးငယ်များတွင် အနှီး (သို့မဟုတ်) သေးခံကြောင့်ဖြစ်သော ဆီးပူနာ] စသည့်နေရာများတွင် တွေ့ရများသည်။
  2. လက်သည်းခြေသည်း မှက္ခရု‌ရောဂါ (Nail Candidiasis)
    လက်သည်းခြေသည်းနှင့် အသားကြားနေရာများ (သို့မဟုတ်) လက်သည်း၊ ခြေသည်း ပန်းခုံးများတွင် ပိုးဝင်ခြင်း ဖြစ်သည်၊ လက်သည်းခြေသည်း တစ်ဝိုက်တွင် နီရဲရောင်ရမ်းခြင်းနှင့် နာကျင်ခြင်းများကို ဖြစ်စေသည်၊ ရောဂါအခြေအနေ ပြင်းထန်ပါက လက်သည်းခြေသည်း ကွာထွက်ခြင်း (onycholysis) အထိဖြစ်နိုင်သည်
  3. ခံတွင်း မှက္ခရု‌ရောဂါ (Oral Candidiasis or Oral thrush)
    ပါးစပ်၊ လည်ချောင်း၊ လျှာ (သို့မဟုတ်) အစာရေမျိုပြွန်များအထိ ဖြစ်တတ်သော ပိုးဝင်ခြင်းဖြစ်သည်၊ ပါးစပ်နာခြင်း၊ ယားနာဖြစ်ခြင်းနှင့် နီရဲခြင်းများအပြင် လျှာနှင့်အာခေါင်တွင်သာမက အစာရေမျိုပြွန်တစ်လျှောက် အဖြူရောင် အဖတ်လွှာများ ဖြစ်ပေါ်စေသည်၊ အစာမျိုချရခက်ခဲခြင်း၊ အရသာခံနိုင်စွမ်း ဆုံးရှုံးခြင်းများလည်း တွေ့ရနိုင်သည်
  4. မိန်းမကိုယ် မှက္ခရု‌ရောဂါ (Vaginal Candidiasis or vaginal yeast infection)
    မိန်းမကိုယ် မှိုပိုးဝင်ခြင်းသည် အဖြစ်များသော ပြဿနာတစ်ခုဖြစ်ပြီး မိန်းမကိုယ်တစ်ဝိုက်တွင် ပူလောင်ခြင်း၊ အလွန်အမင်း ယားယံခြင်း၊ နီရဲရောင်ရမ်းခြင်းများ ဖြစ်စေနိုင်သည်၊ ထို့အပြင် မိန်းမကိုယ်မှ အဖြူဆင်းခြင်း၊ ပုံမမှန်အရည်များ ဆင်းခြင်းဖြစ်တတ်သည်၊ တစ်ခါတစ်ရံ မိန်းမကိုယ်ရောင်ရမ်းမှု (Vaginitis) ကိုလည်း ဖြစ်စေသည်
  5. ပြင်းထန် မှက္ခရုရောဂါ (Invasive Candidiasis)
    ပြင်းထန်၍ အသက်အန္တရာယ်ရှိသော ပိုးဝင်ခြင်းအမျိုးအစားဖြစ်သည်၊ ထိုအမျိုးအစားတွင် အရေပြားမှ Candida မှိုပိုးများသည် သွေးထဲသို့ရောက်ရှိပြီး သွေးထဲမှတစ်ဆင့် နှလုံး၊ ဦးနှောက်၊ မျက်လုံးနှင့် ကျောက်ကပ်စသော ခန္ဓာကိုယ်အတွင်းအင်္ဂါများသို့ ပျံ့နှံ့၍ နှလုံးပိုးဝင်ခြင်း၊ ဦးနှောက်အမြှေးပါးရောင်ခြင်း၊ မျက်စိအမြင်အာရုံ ထိခိုက်ခြင်း စသည့်ရောဂါများ ဖြစ်ပေါ် နိုင်သည်၊ ဆေးရုံတက်နေသူ လူနာများနှင့် ကိုယ်ခံအားစနစ် အားနည်းနေသူများတွင် အများဆုံး ဖြစ်ပွါးတတ်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်

မှက္ခရုရောဂါ၏ ရောဂါလက္ခဏာများဖြစ်သော ယားယံခြင်း၊ နာကျင်ခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ ရောင်ရမ်းခြင်း၊ မိန်းမကိုယ် အရည်ဆင်းခြင်း စသောလက္ခဏာများကို သတိထားမိလျှင် မိသားစုဆရာဝန်နှင့် ချက်ချင်းတိုင်ပင်သင့်သည်။ ရောဂါလက္ခဏာများကို ကုသမှုမခံဘဲ ထားမည်ဆိုပါက အချိန်ကြာလာသည်နှင့်အမျှ ပိုဆိုးလာနိုင်သည်။ ထို့ကြောင့် ‌ရောဂါပိုးဝင်သော လက္ခဏာ စတင်ပေါ်သည်နှင့် ပြသကုသမှုခံယူခြင်းသည် အကောင်းဆုံးဖြစ်သည်။

ရောဂါရှာဖွေခြင်း

မိသားစုဆရာဝန်သည် ရောဂါဖြစ်သောနေရာကို စမ်းသပ်စစ်ဆေးမှု ပြုလုပ်ပြီး ရောဂါလက္ခဏာများနှင့် ပြင်းထန်မှု၊ ရောဂါခံစားနေရသော အချိန်ကာလ အတိုင်းအတာတို့အပြင် ဆီးချိုရောဂါ (သို့မဟုတ်) ကိုယ်ခံအားကျဆင်းစေသော ရောဂါအခြေအနေများကို မေးမြန်းမည်ဖြစ်သည်။

ခံတွင်း မှက္ခရုရောဂါကို ပါးစပ် (သို့မဟုတ်) လည်ချောင်းတွင် ရှိသောလက္ခဏာများ ကြည့်ရှုခြင်းအားဖြင့် ရောဂါရှာဖွေနိုင်သလို အခြားမှက္ခရုရောဂါများအတွက် ရောဂါရှာဖွေအတည်ပြုရန် ဓာတ်ခွဲစစ်ဆေးမှုများ လိုအပ်နိုင်သည်။

ကုသခြင်း

မှက္ခရုရောဂါအတွက် အကောင်းဆုံးနှင့် အထိရောက်ဆုံး ကုသနည်းသည် မှိုပိုးသတ်ဆေးဖြင့် ကုသခြင်းဖြစ်သည်။ မှိုပိုးသတ်ဆေးများသည် လိမ်းဆေးခရင်၊ ခံတွင်းလိမ်းဆေးဂျယ်လ်၊ ဆေးလုံး (သို့မဟုတ်) သွေးကြောသွင်းသောဆေးရည် စသဖြင့် ပုံစံအမျိုးမျိုးနှင့် ရရှိနိုင်သည်။

မှိုသတ်ဆေး အမျိုးအစား၊ ဆေးပမာဏနှင့် ကုသမှုကြာချိန်တို့သည် ရောဂါအမျိုးအစားနှင့် ပြင်းထန်မှုအပြင် လူနာ၏ကျန်းမာရေးအခြေအနေများ‌ပေါ်တွင် မူတည်၍ ကွဲပြားနိုင်သည်။ မှိုသတ်ဆေးများကို ဆရာဝန် ညွှန်ကြားထားသည့်အတိုင်း အတိအကျ လိုက်နာသုံးစွဲသင့်သည်။

အရေပြားနှင့် လက်သည်း၊ခြေသည်း မှက္ခရု‌ရောဂါ (Cutaneous Candidiasis)
  • အရေပြား မှက္ခရုရောဂါကို Miconazole, Clotrimazole စသည့် မှိုလိမ်းဆေးများ လိမ်းခြင်းဖြင့် ကုသနိုင်သည်
  • လက်သည်း၊ ခြေသည်း မှိုရောဂါသည် ကုသရခက်ခဲပြီး အချိန်ကြာကြာ ကုသရသည်၊ မှိုလိမ်းဆေး၊ Fluconazole, Itraconazole သောက်ဆေးများဖြင့် ကုသနိုင်သည်၊ လက်သည်း၊ ခြေသည်းကို တတ်နိုင်သမျှ ရေမစိုအောင် ထားခြင်း၊ ဓာတုပစ္စည်းများ ကိုင်တွယ်ရပါက လက်အိတ်ဝတ်ခြင်းတို့ ပြုလုပ်ခြင်းဖြင့် မှိုရောဂါကို ပိုမဆိုးစေရန် ထိန်းနိုင်သည်
ပါးစပ်နှင့် လည်ချောင်း မှက္ခရု‌ရောဂါ
  • အပျော့စားမှ အလယ်အလတ်စား ရောဂါပိုးဝင်ခြင်း – အများအားဖြင့် ပါးစပ်အတွင်းလိမ်းရသော မှိုသတ်ဆေးဂျယ်လ်ကို (၇)ရက် မှ (၁၄)ရက်အထိ လိမ်းခြင်းဖြင့် ကုသနိုင်သည်၊ အသုံးပြုနိုင်သော မှိုသတ်ဆေးအမျိုးအစားများတွင် Clotrimazole, Miconazole, နှင့် Nystatin တို့ပါဝင်သည်
  • ပြင်းထန်သော ရောဂါပိုးဝင်ခြင်း – မှိုသတ်ဆေးကို သောက်ဆေး (သို့မဟုတ်) သွေးကြောသွင်းသော ဆေးရည်များနှင့် ကုသသည်၊ အသုံးအများဆုံး မှိုသတ်ဆေးအမျိုးအစားမှာ Fluconazole ဖြစ်သည်
အစာရေမျိုပြွန် မှက္ခရု‌ရောဂါ

ထိုအမျိုးအစားကို ကုသရန် လိမ်းဆေးများကို မသုံးဘဲ မှိုသတ်ဆေး Fluconazole ကို အဓိက အသုံးပြုသည်။ Fluconazole ကို သောက်ဆေးအဖြစ် ၂ ပတ် မှ ၃ ပတ်အထိ သောက်ရန် လိုအပ်ပြီး ရောဂါပြင်းထန်လျှင် (သို့မဟုတ်) လည်ချောင်းအနာများကြောင့် ဆေးသောက်ရန် မဖြစ်နိုင်သော လူနာများတွင် Fluconazole သွေးကြောသွင်းဆေးရည်များဖြင့် ကုသနိုင်သည်။ Fluconazole ဆေးမတိုးသော လူနာများတွင် အခြားမှိုသတ်ဆေးများ ဖြစ်သော

  • Itraconazole
  • Voriconazole
  • Micafungin
  • Amphotericin B စသည့် ဆေးများ သုံးနိုင်သည်။

အစာရေမျိုပြွန် မှက္ခရု‌ရောဂါသည် လူ၏ကိုယ်ခံအားနည်းချိန်တွင်ဖြစ်သော ပိုးဝင်ခြင်း (Opportunistic infection) ဖြစ်ပြီး ကိုယ်ခံအားကျဆင်းနေသူများတွင် တွေ့ရအများဆုံးဖြစ်သောကြောင့် ထိုလူနာများတွင် ကိုယ်ခံအားကျဆင်းရသည့် အကြောင်းရင်းကိုလည်း ရှာဖွေပြီး ကုသသင့်သည်။

မိန်းမကိုယ် မှက္ခရု‌ရောဂါ

များသောအားဖြင့် မိန်းမကိုယ်အတွင်း ထည့်ရသော (သို့မဟုတ်) လိမ်းရသော Clotrimazole ဆေးတောင့်၊ လိမ်းဆေးခရင်မ်များဖြင့် ကုသနိုင်သလို လိုအပ်ပါက Fluconazole သောက်ဆေးကို ရက်အနည်းငယ်ပေးခြင်းဖြင့် ကုသနိုင်သည်။ လိမ်းဆေးခရင်မ်များကို ဆေးဆိုင်များတွင် ဆေးစာမလိုဘဲ ဝယ်ယူနိုင်သော်လည်း ဆရာဝန်ညွှန်ကြားမှုဖြင့်သာ သုံးစွဲသင့်သည်။ မလိမ်းခင် ဆေးတည့်မတည့် စစ်ဆေးရန် လိုအပ်သည်။

ကုသမှုခံယူပြီးနောက် ရောဂါလက္ခဏာများ ပြန်ပေါ်လာလျှင်၊ မသက်သာလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန်မှ တခြားကုသမှုနည်းလမ်းများဖြင့် ကုသပေးမည်ဖြစ်သည်။ ဥပမာအားဖြင့်_

  • Fluconazole ဆေးကို ပိုများသည့် ပမာဏဖြင့် ပေးခြင်း
  • Boric acid, Nystatin သို့မဟုတ် Flucytosine ကဲ့သို့ တခြားဆေးဝါးများကို လိမ်းရန် ညွှန်ကြားခြင်းတို့ဖြစ်သည်။
ပြင်းထန် မှက္ခရုရောဂါ

ပြင်းထန် မှက္ခရုရောဂါသည် အခြားအမျိုးအစားများထက် များစွာပြင်းထန်သောကြောင့် ပိုမိုထိရောက်စွာ ကုသရန် လိုအပ်သည်။ များသောအားဖြင့် မှိုရောဂါပိုမိုဖြစ်ပွါးစေသည့် ရောဂါအခံရှိပြီးသား လူများတွင် ဖြစ်ပွားတတ်သည်။ ဆရာဝန်များက မှိုသတ်ဆေး အမျိုးအစား၊ ဆေးပမာဏနှင့် ကုသမှုကြာချိန်ကို အောက်ပါအချက်များပေါ် မူတည်၍ ဆုံးဖြတ်သည်။

  • လူနာ၏ အသက်အရွယ်
  • အခံရောဂါ၏အနေအထားနှင့် ကိုယ်ခံအားအခြေအနေ
  • ရောဂါပိုးဝင်သော နေရာနှင့် ရောဂါပြင်းထန်မှု

လူနာအများစုအတွက် သွေးကြောသွင်းဆေးရည် မှိုသတ်ဆေး Echinocandin (Caspofungin, Micafungin သို့မဟုတ် Anidulafungin) များကို အသုံးပြု၍ ကုသရန် ညွှန်ကြားကြသည်။ သက်သာလာပါက Fluconazole, Voriconazole ကဲ့သို့ သောက်ဆေးများပြောင်း၍ ကုသသည်။ ကာလကြာရှည်စွာ ကုသရန် လိုအပ်သည်။

ကာကွယ်ခြင်း

မှက္ခရုဖြစ်ခြင်းကို အောက်ပါနည်းလမ်းများဖြင့် ကာကွယ်နိုင်သည်။

  • တစ်ကိုယ်ရည်သန့်ရှင်းမှုနှင့် ခံတွင်းသန့်ရှင်းမှုကို ဂရုစိုက်ထိန်းသိမ်းခြင်း
  • စိတ်ဖိစီးမှုကို စနစ်တကျ ထိန်းချုပ်ခြင်း
  • သန့်စင်ပြီးသား ကာဗွန်ဟိုက်ဒရိတ်နှင့် သကြား စားသုံးမှုကို လျှော့ချခြင်း
  • မိမိလက်ရှိသောက်နေသော ဆေးဝါးများနှင့် ပတ်သက်၍ မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေး‌နွေးခြင်း
  • မိမိတွင် မှိုရောဂါပိုမိုဖြစ်ပွါးစေသည့် ရောဂါအခြေအနေများရှိနေပါက စနစ်တကျ ထိရောက်‌သော ကုသမှုများ ခံယူခြင်း

References:

  1. Cleveland Clinic. (n.d.). Candidiasis. Retrieved May 23, 2025, from https://my.clevelandclinic.org/health/diseases/23198-candidiasis
  2. Cleveland Clinic. (n.d.). Invasive candidiasis. Retrieved May 23, 2025, from https://my.clevelandclinic.org/health/diseases/22308-invasive-candidiasis
  3. Mayo Clinic. (n.d.). Oral thrush: Symptoms and causes. Retrieved May 23, 2025, from https://www.mayoclinic.org/diseases-conditions/oral-thrush/symptoms-causes/syc-20353533
  4. Mayo Clinic. (n.d.). Yeast infection: Symptoms and causes. Retrieved May 23, 2025, from https://www.mayoclinic.org/diseases-conditions/yeast-infection/symptoms-causes/syc-20378999
  5. Watson, S. (2023, January 9). What to know about fungal infections. Medical News Today. Retrieved May 23, 2025, from https://www.medicalnewstoday.com/articles/312495#Treatment
  6. Centers for Disease Control and Prevention. (n.d.). Treatment for candidiasis. Retrieved May 23, 2025, from https://www.cdc.gov/candidiasis/treatment/index
  7. Pappas, P. G. (2023). Invasive candidiasis. In StatPearls. StatPearls Publishing. Retrieved May 23, 2025, from https://www.ncbi.nlm.nih.gov/books/NBK537268/

Published: 30 July 2025

Share

30 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.