Hypertension in children and adolescents (ကလေးများနှင့် ဆယ်ကျော်သက်များတွင်ဖြစ်သော သွေးတိုးရောဂါ)

Hypertension in children and adolescents (ကလေးများနှင့် ဆယ်ကျော်သက်များတွင်ဖြစ်သော သွေးတိုးရောဂါ)

သွေးပေါင်ချိန်ဆိုသည်မှာ သွေးလွှတ်ကြောနံရံကို တွန်းကန်ထားသော ဖိအားဖြစ်ပြီး ထိုသွေးဖိအား အလွန်မြင့်မားလာသောအခါ သွေးပေါင်ချိန် ဖိအားတက်လာပြီး ထိုမှတစ်ဆင့် သွေးတိုးခြင်းဖြစ်စေသည်။ သွေးတိုးခြင်းသည် ခန္ဓာကိုယ်ရှိ သွေး‌ကြောများနှင့် ထိုမှတစ်ဆင့် နှလုံး၊ ဦးနှောက်၊ ကျောက်ကပ် စသည်တို့ကို ထိခိုက်စေနိုင်သည့်ရောဂါဖြစ်သည်။ ထိုမြင့်မားနေသော သွေးပေါင်ချိန်ကို ကျော်ဖြတ်၍ နှလုံးသည် သွေးညှစ်ထုတ်ရန် အလုပ်ပိုလုပ်နေရသဖြင့် အချိန်ကြာလာသောအခါ နှလုံးအမောဖောက်ခြင်း၊ လေဖြတ်ခြင်းအစရှိသည့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။ လူကြီးများတွင် သွေးတိုးရောဂါပို၍ အဖြစ်များသော်လည်း ကလေးများတွင်လည်း တွေ့ရလေ့ရှိသည်။

သွေးတိုးရောဂါကြောင့် ကလေးများတွင်လည်း လူကြီးများနည်းတူ ရေရှည်ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်နိုင်ခြေရှိသဖြင့် စောစီးစွာ စနစ်တကျကုသမှုခံယူရန် လိုအပ်သည့် အခြေအနေတစ်ခုဖြစ်သည်။ နေ့စဥ်နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်း၊ ဆားလျှော့စားခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းတို့ဖြင့် သွေးတိုးရောဂါကို ထိန်းချုပ်နိုင်ပြီး တစ်ခါတစ်ရံ ဆေးဝါးများ သောက်သုံးရန်လည်း လိုအပ်တတ်သည်။

သွေးတိုးခြင်းဆိုင်ရာ သတ်မှတ်ချက်များ

သွေးပေါင်ချိန်ကို အပေါ်သွေး (Systolic blood pressure – SBP) နှင့် အောက်သွေး (Diastolic blood pressure – DBP) ဟူ၍ နှစ်မျိုးတိုင်းတာပြီး မီလီမီတာမာကျူရီယူနစ် (mmHg) ဖြင့် ဖော်ပြသည်။ နှလုံးညှစ်သည့်အချိန် သွေးလွှတ်ကြောနံရံအတွင်းရှိဖိအားကို အပေါ်သွေးဟုခေါ်၍ နှလုံးညှစ်နေရာမှ ပြန်လည်ဖြေလျှော့သည့်အချိန် သွေးလွှတ်ကြောနံရံအတွင်းရှိ ဖိအားကို အောက်သွေးဟုခေါ်သည်။

ပုံမှန်မဟုတ်သောသွေးပေါင်ချိန်ကို အမျိုးအစားအဆင့် သုံးမျိုးခွဲခြားနိုင်သည်။

  • သွေးပေါင်ချိန်မြင့်တက်ခြင်း (Elevated BP or Prehypertension)
  • သွေးတိုးရောဂါ အဆင့် (၁) သို့မဟုတ် အလယ်အလတ်အဆင့် သွေးတိုးရောဂါ (Stage 1 hypertension)
  • သွေးတိုးရောဂါ အဆင့် (၂) သို့မဟုတ် ပြင်းထန်အဆင့် သွေးတိုးရောဂါ (Stage 2 hypertension) ဟူ၍ဖြစ်သည်။

ကလေးများအတွက် သွေးတိုးရောဂါ ခွဲခြားသတ်မှတ်ခြင်း

ကလေးများအတွက် ပုံမှန်သွေးပေါင်ချိန်များသည် လူကြီးများနှင့် မတူဘဲ အသက်၊ အရပ်အမောင်းနှင့် ကျား မ စသည့် အချက်များအပေါ် မူတည်၍ ကွဲပြားခြားနားသည်။

အသက် (၁၃) နှစ်နှင့်အထက် ဆယ်ကျော်သက်ကလေးများအတွက် ပုံမှန်သွေးပေါင်ချိန်သည် အပေါ်သွေး ၁၂၀ နှင့် အောက်သွေး ၈၀ ထက်နည်းခြင်း (တနည်းအားဖြင့် ၁၂၀/၈၀ mm Hg အောက်) ဖြစ်ပြီး အပေါ်သွေး အောက်သွေး (၁၃၀/၈၀) ထက်များပါက သွေးတိုးရောဂါ အဆင့် (၁) ဟုစတင်သတ်မှတ်နိုင်သည်။

အသက် (၁၃) နှစ်အောက်ငယ်သော ကလေးများတွင် သွေးတိုးရောဂါသတ်မှတ်ရန် ကလေး၏ အသက်နှင့် အခြားအချက်များပေါ်တွင် မူတည်သည်။ ကလေးတစ်ဦးကို သွေးပေါင်ချိန်ပြီး ကလေး၏ တူညီသော အသက်၊ လိင်နှင့် အရပ်အမောင်းပေါ် အခြေခံ၍ တွက်ချက်ထားသည့် ဇယားတွင် စစ်ဆေးကြည့်ရှုရသည်။ ပုံမှန်သွေးပေါင်ချိန်သည် ထိုသွေးပေါင်ချိန်ဇယား၏ (၉၀) ရာခိုင်နှုန်း (90th centile) အောက်နည်းခြင်းဖြစ်ပြီး သွေးတိုးရောဂါအဆင့် (၁) သည် ထိုသို့တွက်ချက်ထားသည့် သွေးပေါင်ချိန်ဇယား၏ (၉၅) ရာခိုင်နှုန်း (95th centile) ထက်များခြင်းဖြစ်သည်။ ပိုမိုရှင်းလင်းစေရန် အောက်တွင် ဖော်ပြထားသည်။

သွေးပေါင်ချိန်အမျိုးအစားအသက် (၁) နှစ်မှ (၁၃) နှစ်အထိ ကလေးများ
(အသက်၊ လိင်နှင့် အရပ်အမောင်းပေါ်အခြေခံ၍တွက်ချက်ထားသည့် သွေးပေါင်ချိန်ဇယား၏ ရာခိုင်နှုန်းများဖြစ်သည်)
အသက် (၁၃) နှစ်မှ (၁၇) နှစ်အထိ ကလေးများ
ပုံမှန်သွေးပေါင်ချိန်(၉၀) ရာခိုင်နှုန်းအောက်၁၂၀/၈၀ mmHg အောက်
သွေးပေါင်ချိန်မြင့်တက်ခြင်း(၉၀) ရာခိုင်နှုန်းထက် များသော်လည်း (၉၅) ရာခိုင်နှုန်းအောက်၁၂၀/၈၀ မှ ၁၂၉/၈၀ mmHg အထိ
သွေးတိုးရောဂါ အဆင့် (၁) သို့မဟုတ် အလယ်အလတ်အဆင့် သွေးတိုးရောဂါ(၉၅) ရာခိုင်နှုန်းအထက် သို့မဟုတ် (၉၅) ရာခိုင်နှုန်းအောက် + ၁၂ mmHg၁၃၀/၈၀ မှ ၁၃၉/၈၉ mmHg အထိ
သွေးတိုးရောဂါ အဆင့် (၂) သို့မဟုတ် ပြင်းထန်အဆင့် သွေးတိုးရောဂါ(၉၅) ရာခိုင်နှုန်းအထက် + ၁၂ mmHg၁၄၀/၉၀ mmHg နှင့်အထက်
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ကလေးသွေးတိုးရောဂါကို ဖြစ်ပေါ်သည့် အခြေအနေပေါ်မူတည်၍ အဓိကအမျိုးအစားနှစ်မျိုး ခွဲခြားနိုင်သည်။

  1. အကြောင်းရင်းခံမရှိဘဲ အလိုအလျောက် ဖြစ်ပေါ်လာသော သွေးတိုးရောဂါ (Primary or Essential Hypertension)
    သွေးတိုးစေသော အကြောင်းရင်းသီးသန့်မရှိဘဲဖြစ်သော သွေးတိုးရောဂါအမျိုးအစားဖြစ်သည်။ အကြောင်းရင်းအတိအကျ မသိသောကြောင့် Idiopathic hypertension ဟုလည်းခေါ်ကြသည်။ အသက် (၆) နှစ်နှင့် အထက် ကလေးများတွင် စတင်တွေ့ရတတ်သည်။ အကြောင်းရင်းအတိအကျမရှိဘဲ ဖြစ်ပေါ်သော အမျိုးအစားဖြစ်သော်လည်း ရောဂါဖြစ်နိုင်ခြေများစေသောအချက်များ တွဲ၍ရှိနိုင်သည်။
    သွေးတိုးရောဂါဖြစ်နိုင်ခြေများစေသော အချက်များ
    • ကိုယ်အလေးချိန်များခြင်း (ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း [BMI] သည် ၂၅ ထက်များခြင်း) သို့မဟုတ် အဝလွန်ခြင်း (BMI ၃၀ ထက်များခြင်း)
    • မိသားစုတွင် သွေးတိုးရောဂါ ရာဇဝင်ရှိခြင်း
    • အမျိုးအစား (၂) ဆီးချိုရောဂါရှိခြင်း သို့မဟုတ် သွေးတွင်းသကြားဓာတ် မြင့်မားခြင်း
    • သွေးတွင်းကိုလက်စထရော မြင့်မားခြင်း
    • ဆားအလွန်အကျွံစားသုံးခြင်း
    • ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း
    • ဆေးလိပ်သောက်ခြင်း သို့မဟုတ် တစ်ဆင့်ခံဆေးလိပ်ငွေ့ ထိတွေ့ခြင်း
    • စိတ်ဖိစီးမှုများခြင်းစသည်တို့ဖြစ်သည်။
  2. အခြေခံအကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်ပေါ်လာသော သွေးတိုးရောဂါ (Secondary Hypertension)
    အခြေခံအကြောင်းရင်း (သို့မဟုတ်) ရောဂါအခြေအနေတစ်ခုခုကြောင့် ဖြစ်ပေါ်လာသော သွေးတိုးရောဂါဖြစ်ပြီး ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းဆိုင်ရာရောဂါများသည် သွေးတိုးရောဂါ အဖြစ်အများဆုံးအကြောင်းရင်းများ ဖြစ်သည်။
    • ကျောက်ကပ်၌ ဖြစ်သော ရောဂါများ [ဥပမာ _ ကျောက်ကပ်ရောင်ခြင်း (Glomerulonephritis, Pyelonephritis)]
    • ကျောက်ကပ်ဖွဲ့စည်းမှုဆိုင်ရာ ပြဿနာများ (ဥပမာ _ ကျောက်ကပ်ရေအိတ်တည်သောရောဂါ – Polycystic kidney disease၊ ဆီးလမ်းကြောင်းထွက်ပေါက်ကျဥ်းသော ရောဂါအခြေအနေများ – Obstructive uropathy)
    • နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ (ဥပမာ _ သွေးလွှတ်ကြောမကြီး ကျဉ်းခြင်း – Aortic coarctation နှင့် ကျောက်ကပ်သွေးလွှတ်ကြောကျဥ်းခြင်း – Renal artery stenosis)
    • ဟော်မုန်းဆိုင်ရာရောဂါများ [ဥပမာ _ သိုင်းရွိုက်ဂလင်းရောဂါများ (Thyroid disease), CAH, Cushings စသည်]
    • အကျိတ်ကင်ဆာရောဂါအချို့ (ဥပမာ _ Wilms tumour, neuroblastoma, pheochromocytoma)
    • အိပ်ပျော်နေစဉ် အသက်ရှူရပ်သောရောဂါ (Obstructive sleep apnea)
    • မျိုးဗီဇဆိုင်ရာရောဂါများ (ဥပမာ _ Neurofibromatosis, Williams Syndrome, Turners Syndrome)
    • အချို့သော ဆေးဝါးများ (ဥပမာ _ အကိုက်အခဲပျောက်ဆေးသန္ဓေတားဆေးစတီးရွိုက်ဆေးစသည်)
    • မူးယစ်ဆေး၀ါးများ (ကိုကိန်း) တို့အပြင်
    • ပတ်ဝန်းကျင်မှ ဓာတုပစ္စည်းများနှင့် ထိတွေ့မှုများ (ဥပမာ _ ခဲ၊ မာကျူရီ စသည်တို့) ကြောင့်ဖြစ်နိုင်သည်။
ရောဂါလက္ခဏာများ

သွေးတိုးရောဂါသည် ပြင်းထန်သော အခြေအနေများတွင် လက္ခဏာများ ဖြစ်ပေါ်စေနိုင်သော်လည်း သွေးတိုးရောဂါရှိသော ကလေးအများစုတွင် လက္ခဏာများ မပြတတ်ပါ။ တစ်ခါတစ်ရံ ပုံမှန်ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ချိန်တွင်မှ ကလေးတွင် သွေးပေါင်တက်နေကြောင်း ရှာဖွေတွေ့ရှိရတတ်သည်။ သို့သော် သွေးတိုးရောဂါ အရေးပေါ်အခြေအနေ (Hypertensive crisis) တွင်

  • ခေါင်းကိုက်ခြင်း
  • ပျို့အန်ခြင်း
  • တက်ခြင်း၊ သတိလစ်ခြင်း
  • ရင်တုန်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • အသက်ရှူမဝခြင်း စသည့်လက္ခဏာများ တွေ့ရနိုင်သည်။ ထိုလက္ခဏာများကို တွေ့ရှိရပါက အရေးပေါ်ဌာနများသို့ အမြန်ဆုံးသွားရောက်ပြသသင့်သည်။

ထို့ပြင် ရောဂါအခြေအနေတစ်ခုခုကြောင့် ဖြစ်သော သွေးတိုးရောဂါအတွက် ကလေးများတွင် အောက်ပါလက္ခဏာအချို့ကိုလည်း တွေ့ရှိနိုင်သည်။ အတူတွဲ၍တွေ့နိုင်သော ရောဂါအခြေအနေများကို ပူးတွဲဖေါ်ပြထားသည်။

  • မျက်နှာဝိုင်းစက်ဖောင်းကားနေခြင်း (Cushing syndrome)
  • လည်ပင်းကြီးခြင်း၊ မျက်လုံးပြူးထွက်နေခြင်း (Thyroid disease)
  • လည်ပင်းတို၍ လည်ပင်းအ‌ရေပြားဆွဲဆန့်နိုင်ခြင်း (Turners syndrome)
  • မျက်နှာပုံသဏ္ဌာန် မူမမှန်ခြင်း (Williams syndrome)
  • အရေပြားအရောင်ပြောင်းခြင်း၊ အညိုကွက်များရှိခြင်း (Cafe-au-lait spots in Neurofibromatosis)
  • အသားပိုကဲ့သို့ အလုံးများရှိခြင်း (Neurofibroma in Neurofibromatosis)
  • ခန္ဓာကိုယ်တွင် အမွေးအမှင်များထူခြင်း၊ ဝမ်းဗိုက်နှင့် ပေါင်စသည့် နေရာများတွင် အကြောပြတ်ရာများရှိခြင်း (Cushing syndrome)
  • ဗိုက်ဖောင်းနေခြင်း (Wilms tumour, neuroblastoma, pheochromocytoma စသည့်အကျိတ်များဖြစ်ပေါ်ခြင်း)
  • ကျောက်ကပ်များကြီးနေခြင်း (Palpable kidneys due to obstructive uropathy)
  • လိင်အင်္ဂါအလိုက် ကျား၊ မ ခွဲခြား၍မရခြင်း (Ambiguous genitalia) စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ

ကလေးများတွင်လည်း လူကြီးများနည်းတူ သွေးတိုးရောဂါကို စနစ်တကျမကုသပါက နောက်ဆက်တွဲအနေဖြင့် ကိုယ်တွင်းအင်္ဂါ ထိခိုက်ပျက်စီးမှုများ (Target organ damage) ဖြစ်ပေါ်လာနိုင်သည်။ အထူးသဖြင့် ဦးနှောက်၊ နှလုံး နှင့် ကျောက်ကပ်တို့ကို ထိခိုက်နိုင်သည်။ သွေးတိုးရောဂါသည် လူကြီးဘဝအထိ ဆက်လက်ရှိနေနိုင်ပြီး အောက်ပါနောက်ဆက်တွဲပြဿနာများကို အချိန်မရွေး ဖြစ်ပေါ်စေနိုင်သည်။

  • ရုတ်တရက်နှလုံးဖောက်ခြင်း (Heart attack)
  • နှလုံးအမောဖောက်ခြင်း (Heart failure)
  • ကျောက်ကပ်ပျက်စီးခြင်း (Kidney failure)
  • လေဖြတ်ခြင်း (Stroke) စသည်တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

သွေးတိုးရောဂါ အရေးပေါ်အခြေအနေ (Hypertensive crisis) ၏ လက္ခဏာများရှိနေပါက အသက်အန္တရာယ်ရှိနိုင်သောကြောင့် နီးစပ်ရာ အရေးပေါ်ဌာနများသို့ ချက်ချင်းသွားရောက်ကာ ဆေးကုသမှုခံယူသင့်သည်။

ကျန်းမာရေးစစ်ဆေးရာမှ သွေးပေါင်ချိန်တက်နေကြောင်း တွေ့ရှိရပါက မိသားစုဆရာဝန် (သို့မဟုတ်) ကလေးအထူးကုဆရာဝန်များနှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ မိသားစုဆရာဝန်မှ သွေးပေါင်ချိန်အကြိမ်‌များစွာတိုင်း၍ သွေးတိုးရောဂါ သေချာစေရန် စစ်ဆေးခြင်း၊ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ သွေးစစ်ခြင်းတို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ဆရာဝန်မှ ဦးစွာကလေး၏ ရောဂါရာဇဝင်နှင့် နေ့စဥ်နေထိုင်မှုပုံဘဝပုံစံအကြောင်း မေးခွန်းများ မေးမြန်းမည်ဖြစ်သည်။ ဥပမာ_

  • ရောဂါလက္ခဏာများ ရှိမရှိ
  • အာဟာရနှင့် စားသောက်မှုပုံစံ အသေးစိတ်
  • ကိုယ်လက်လှုပ်ရှားမှု ရှိမရှိ
  • မိသားစု၌ သွေးတိုးရောဂါရာဇဝင် ရှိမရှိစသည်တို့ကို မေးမြန်းမည်ဖြစ်သည်။

ထို့နောက် ကလေးအား ကိုယ်ခန္ဓာစစ်ဆေးမှု အသေးစိတ်ပြုလုပ်ပြီး သွေးပေါင်ချိန်ကိုလည်း တိုင်းတာမည်။ ပုံမှန်အားဖြင့် ကလေးများကို အသက် (၃) နှစ်မှစ၍ နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှုများတွင် သွေးပေါင်ချိန်ကို စတင်တိုင်းတာသင့်သည်။ ကလေးတွင် သွေးတိုးရောဂါ ဖြစ်နိုင်ခြေများသော အချက်များရှိပါက မွေးကင်းစအရွယ်မှစ၍ သွေးပေါင်ချိန်ကို စတင်စစ်ဆေးသင့်သည်။

ကလေးအတွက် မှန်ကန်သော သွေးပေါင်ချိန်ရရှိရန် သွေးပေါင်ချိန်မည့်စက်ကိရိယာ၏ လက်ပတ်အရွယ်အစားကို ကလေးအသက်နှင့် လက်အရွယ်အစားအလိုက် တိကျစွာရွေးချယ်တိုင်းတာရန် အလွန်အရေးကြီးသည်။ လက်မောင်း၌ပတ်မည့် လေဖောင်းအိတ်၏ အလျားသည် ကလေးလက်မောင်းလုံးပတ်၏ ၈၀% နှင့်အထက် ရှိရမည်ဖြစ်ပြီး အိတ်၏အနံသည် လက်မောင်းလုံးပတ်၏ ၅၀% ခန့်ရှိရမည်။ ကလေးကို တိတ်ဆိတ်သော အခန်းတွင်ထား၍ နောက်မှီပါသော ထိုင်ခုံတွင် ခြေထောက်ကို ကြမ်းပြင်ပေါ်တွင် ချထားစေ၍ (၃-၅) မိနစ်ခန့် အနားယူစေပြီးမှ သွေးပေါင်ချိန်ကို တိုင်းတာရမည်။

ဆေးခန်းပြချိန် တစ်ကြိမ်တွင် သွေးပေါင်ချိန်တိကျမှုရှိစေရန်အတွက် နှစ်ကြိမ် သို့မဟုတ် ထို့ထက်ပို၍ တိုင်းတာသင့်သည်။ ထို့ပြင် သွေးတိုးရောဂါဟု သတ်မှတ်ရန်အတွက် ကလေး၏သွေးပေါင်ချိန်သည် ဆရာဝန်နှင့် အနည်းဆုံး သုံးကြိမ်ပြသချိန်တွင် ပုံမှန်ထက် မြင့်နေရမည်ဖြစ်သည်။ အလိုအလျောက်တိုင်းတာသည့်စက်ဖြင့် တိုင်းတာခြင်း (Oscillometric measurement) တွင် သွေးပေါင်ချိန်တက်နေပါက နားကြပ်ဖြင့် နားထောင်၍ တိုင်းတာခြင်း (Manual auscultatory measurement) ဖြင့် ထပ်မံသေချာစေရန် တိုင်းတာရမည်။

ကလေးတွင် သွေးတိုးရောဂါရှိနေကြောင်း စစ်ဆေးတွေ့ရှိပါက သွေးတိုးရောဂါဖြစ်စေနိုင်သော အကြောင်းရင်းခံများကို ရှာဖွေရန် အောက်ပါစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နိုင်သည်။

  • သွေးစစ်ဆေးမှုများ
    (ဥပမာ _ ကျောက်ကပ်လုပ်ဆောင်မှုများ၊ ဓာတ်ဆားဓာတ်များ၊ ကိုလက်စထရောဓာတ်နှင့် အခြားအဆီဓာတ်များအပြင် ဟော်မုန်းပမာဏတိုင်းတာစစ်ဆေးမှုများ)
  • ဆီးနမူနာစစ်ဆေးမှု (Urinalysis)
  • နှလုံးရောဂါများအတွက် ECG နှင့် အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက် (Echocardiogram)
  • ကျောက်ကပ်ပြဿနာများအတွက် အာထရာဆောင်း (Renal Ultrasound) နှင့်အခြား ဆေးဓာတ်မှန်များ၊ ကွန်ပျူတာဓာတ်မှန် (CT scan)၊ သံလိုက်ဓာတ်မှန် (MRI) စသည်တို့ဖြစ်သည်။
(၂၄) နာရီပတ်လုံး သွေးပေါင်ချိန် အဆက်မပြတ်တိုင်းတာခြင်း (Ambulatory Blood Pressure Monitoring)

တစ်ခါတစ်ရံ ကလေးသည် ဆေးခန်းတွင် စိတ်လှုပ်ရှားနေခြင်းကြောင့် ဆေးခန်းပြချိန်တိုင်း သွေးပေါင်ချိန် ယာယီတက်နေခြင်း ဖြစ်တတ်သည်။ ၎င်းအခြေအနေကို White-coat hypertension ဟုခေါ်သည်။ ထို့ပြင် ကလေးတွင် သွေးတိုးဖြစ်စေနိုင်သော အခြေအနေများရှိသော်လည်း ဆေးခန်းတွင် တိုင်းချိန်၌ သွေးပေါင်ချိန် ပုံမှန်ဖြစ်နေနိုင်သည်။ ထိုအခြေအနေကို Masked hypertension ဟုခေါ်သည်။ ထိုအခြေအနေများအားလုံးကို ခွဲခြားနိုင်ရန်နှင့် သွေးတိုးရောဂါကို အတည်ပြုရန်အတွက် (၂၄) နာရီပတ်လုံး သွေးပေါင်ချိန် အဆက်မပြတ်တိုင်းတာခြင်း (Ambulatory Blood Pressure Monitoring) ပြုလုပ်နိုင်သည်။ ကလေးသည် သွေးပေါင်ချိန်တိုင်းတာပေးသော စက်ကိရိယာကို တစ်နေ့တာလုံး ဝတ်ဆင်ထားရမည်ဖြစ်ပြီး အိပ်နေစဉ်နှင့် လှုပ်ရှားမှုအမျိုးမျိုးအတွက် စက်မှ သွေးပေါင်ချိန်တိုင်းတာပေးထားမည်ဖြစ်သည်။

ကုသခြင်း

အကယ်၍ ကလေးတွင် သွေးတိုးရောဂါ အဆင့် (၁) (Stage 1 hypertension) ရှိကြောင်း စစ်ဆေးတွေ့ရှိပါက ဆေးဝါးများမပေးမီ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာကို စားသုံးရန်နှင့် ကိုယ်လက်လေ့ကျင့်ခန်းများလုပ်ရန်စသော နေထိုင်မှုပုံစံပြောင်းလဲခြင်းများကို ဆရာဝန်သည် ဦးစွာအကြံပြုမည်ဖြစ်သည်။ နေထိုင်မှုပုံစံပြောင်းလဲခြင်း နည်းလမ်းများဖြင့် သွေးပေါင်ချိန် ထိရောက်စွာ မထိန်းညှိနိုင်ပါက ထိုအချိန်တွင် သွေးပေါင်ထိန်းညှိပေးသော ဆေးဝါးများဖြင့် စတင်ကုသပေးမည်ဖြစ်သည်။ ကလေးတွင် သွေးတိုးရောဂါ အဆင့် (၂) (Stage 2 hypertension) ရှိကြောင်း စစ်ဆေးတွေ့ရှိပါလျှင်မူ ဆရာဝန်မှ သွေးပေါင်ထိန်းညှိပေးသော ဆေးဝါးများဖြင့် စတင်ကုသမည်ဖြစ်သည်။

သွေးပေါင်ထိန်းညှိပေးသော ဆေးဝါးများတွင် အောက်ပါတို့ပါဝင်သည်။

  • ACE inhibitors
  • Angiotensin II receptor blockers (ARBs)
  • Calcium channel blockers
  • Beta-blockers
  • Diuretics

ဆေးဝါးများသောက်သုံးခြင်းအပြင် ကလေး၏ သွေးတိုးရောဂါသည် အဝလွန်ခြင်းကြောင့် ဖြစ်ပါက ကိုယ်အလေးချိန် လျှော့ချခြင်းဖြင့် ဆေးဝါးမလိုအပ်တော့သည့် အခြေအနေသို့ ပြောင်းလဲစေနိုင်သည်။ ရောဂါအခြေအနေအခံရှိနေပါကလည်း ထိုအခြေအနေကို ကုသခြင်းသည် သွေးပေါင်ချိန်ထိန်းညှိရေးအတွက် အလွန်အကျိုးရှိသည်။
ဆေးဝါးများကို ဆရာဝန်၏ညွှန်ကြားချက်အတိုင်း လိုက်နာသောက်သုံးရန် အရေးကြီးသည်။ ဆေးဝါးများ၏ ရေရှည်အကျိုးသက်ရောက်မှုများသည် ကလေးများ၏ ကြီးထွားဖွံ့ဖြိုးမှုအပေါ် အနည်းငယ်ရှိနိုင်သော်လည်း ဤဆေးဝါးအများစုသည် ယေဘုယျအားဖြင့် ကလေးများတွင် သောက်သုံးရန် ဘေးကင်းသည်ဟု သတ်မှတ်ကြသည်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းများ
သွေးတိုးရောဂါအတွက် ပုံမှန်အားဖြင့် နေထိုင်မှုပုံစံပြောင်းလဲခြင်းများဖြင့် စတင်ကုသသည်။ ဆေးဝါးများသောက်နေရသည့်တိုင်အောင် နေထိုင်မှုပုံစံပြောင်းလဲခြင်းများကို တွဲ၍ပြုလုပ်ခြင်းဖြင့် ဆေးဝါးများ၏ အာနိသင်ကို ပိုမိုကောင်းမွန်စေနိုင်သည်။

  • ကလေး၏ကိုယ်အလေးချိန်ကို ထိန်းချုပ်ပါ
    • ကိုယ်အလေးချိန်များနေပါက ပုံမှန်ကျန်းမာသောကိုယ်အလေးချိန်ကို ပြန်လည်ထိန်းသိမ်းပါ၊ ကိုယ်အလေးချိန်ကို မတက်အောင်ထိန်းထားခြင်းသည် သွေးပေါင်ချိန်ကို လျှော့ချနိုင်သည်
  • အာဟာရပြည့်ဝသောအစားအစာများကျွေးပါ
    • နှလုံးကျန်းမာရေးနှင့် ညီညွတ်သော သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ အုတ်ဂျုံ၊ အဆီနည်းနို့ထွက်ပစ္စည်းများနှင့် ငါး၊ ပဲကဲ့သို့ ပရိုတင်းအရင်းအမြစ်များကို အဓိကထား၍ ကျွေးပါ၊ ပြည့်ဝဆီများနှင့် သကြား၊ အချိုဓာတ်စားသုံးမှုကို ကန့်သတ်ပါ
  • အစားအစာထဲတွင် ဆားလျှော့စားပါ
    • ကလေး၏ အစားအစာထဲတွင် ဆား (ဆိုဒီယမ်) ပမာဏကို လျှော့ချခြင်းဖြင့် သွေးပေါင်ချိန်ကို လျှော့ချရန် အကူအညီဖြစ်နိုင်သည်။ အသက် (၂ – ၃) နှစ်အရွယ် ကလေးများသည် တစ်နေ့လျှင် ဆိုဒီယမ် (၁,၂၀၀) မီလီဂရမ်ထက် ပိုမစားသင့်ဘဲ အသက်ကြီးသော ကလေးများသည် တစ်နေ့လျှင် (၁,၅၀၀) မီလီဂရမ်ထက် ပိုမစားသင့်ပါ
    • ဆိုဒီယမ် မြင့်မားစွာပါဝင်လေ့ရှိသော ပြုပြင်ပြောင်းလဲထားသည့်အသင့်စားအစားအစာများကို ကန့်သတ်၍စားပါ
  • ကိုယ်လက်လှုပ်ရှားမှုကို အားပေးပါ
    • ကလေးအားလုံးသည် တစ်နေ့လျှင် မိနစ် (၆၀) ကြာ အလယ်အလတ်မှ ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သင့်သည်။
  • ဖုန်း၊ တီဗီ၊ ကွန်ပျူတာများကြည့်ရှုချိန်ကို ကန့်သတ်ပါ
    • ကလေးကို ပိုမိုတက်ကြွစေရန်အတွက် ဖုန်း၊ တီဗီ၊ ကွန်ပျူတာ (သို့မဟုတ်) အခြားစက်ပစ္စည်းများရှေ့တွင် အချိန်ဖြုန်းခြင်းကို ကန့်သတ်ပေးပါ
  • မိသားစုမှလည်း ပါဝင်ဆောင်ရွက်ပါ
    • ကလေးအတွက် မိသားစုဝင်များမှလည်း ကောင်းသောစံနမူနာအဖြစ်နေပြရန်လိုသည်၊ မိသားစု၏ ပါဝင်ပူးပေါင်းမှုသည် ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးရရှိစေနိုင်သည်၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ ဘောလုံးကစားခြင်း သို့မဟုတ် လမ်းလျှောက်ခြင်းဖြင့် မိသားစုပျော်ရွှင်ချိန်များကို ဖန်တီးပါ
ကာကွယ်ခြင်း

သွေးတိုးရောဂါလုံးဝမဖြစ်အောင် ကြိုတင်ကာကွယ်၍ မရသော်လည်း အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။ သွေးတိုးရောဂါကြောင့် ဆေးသောက်သုံးနေရသူများအနေဖြင့်လည်း အောက်ပါအတိုင်း လိုက်နာခြင်းဖြင့် သွေးတိုးရောဂါအဆင့်တက်လာခြင်းနှင့် နောက်ဆက်တွဲ ကိုယ်တွင်းအင်္ဂါထိခိုက်ပျက်စီးမှုများကို အတန်အသင့်ကာကွယ်နိုင်သည်။

  • ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း
  • ဆား၊ ပြည့်ဝဆီနှင့် သကြားဓာတ်များသော အစားအစာများကို ကန့်သတ်ခြင်း
  • တစ်နေ့လျှင် မိနစ် (၆၀) ကြာ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း
  • ကောင်းမွန်သော အိပ်စက်မှု အလေ့အကျင့် (Sleep hygiene) ကို လိုက်နာကျင့်သုံးခြင်း
  • ဆေးလိပ်သောက်ခြင်း သို့မဟုတ် တစ်ဆင့်ခံဆေးလိပ်ငွေ့ ထိတွေ့ခြင်းများကို ရှောင်ရှားခြင်းတို့ဖြစ်သည်။

References:

  1. Mayo Clinic. (n.d.). High blood pressure in children: Symptoms and causes. Retrieved July 16, 2025, from https://www.mayoclinic.org/diseases-conditions/high-blood-pressure-in-children/symptoms-causes/syc-20373440
  2. Cleveland Clinic. (n.d.). High blood pressure in children. Retrieved July 16, 2025, from https://my.clevelandclinic.org/health/diseases/21150-high-blood-pressure-in-children
  3. Royal Children’s Hospital Melbourne. (n.d.). Hypertension. Retrieved July 16, 2025, from https://www.rch.org.au/clinicalguide/guideline_index/hypertension/
  4. Flynn, J. T., Kaelber, D. C., Baker-Smith, C. M., Blowey, D., Carroll, A. E., Daniels, S. R., … & Subcommittee on Screening and Management of High Blood Pressure in Children. (2017). Clinical practice guideline for screening and management of high blood pressure in children and adolescents. Pediatrics, 140(3), e20171904. https://doi.org/10.1542/peds.2017-1904
  5. Whelton, P. K., Carey, R. M., Aronow, W. S., Casey, D. E., Collins, K. J., Dennison Himmelfarb, C., … & Wright, J. T. (2018). 2017 ACC/AHA/AAPA/ABC/ACPM/AGS/APhA/ASH/ASPC/NMA/PCNA guideline for the prevention, detection, evaluation, and management of high blood pressure in adults. Hypertension, 71(6), e13–e115. https://doi.org/10.1161/HYP.0000000000000065

Published: 30 July 2025

Share

30 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.