Intrauterine Growth Restriction (IUGR) (သန္ဓေသားညှက်ခြင်း)

Intrauterine Growth Restriction (IUGR) (သန္ဓေသားညှက်ခြင်း)

သန္ဓေသားသည် သက်ဆိုင်ရာကိုယ်ဝန်သက်၌ ရှိနေရမည့် ကြီးထွားမှုမျိုးရှိမနေဘဲ ကြီးထွားမှုတန့်နေခြင်း သို့မဟုတ် နှေးနေခြင်းဖြစ်သည်။ သန္ဓေသားညှက်ခြင်းကို ကိုယ်ဝန်ဆောင်အားလုံး၏ (၁၀) ရာခိုင်နှုန်းတွင် တွေ့ရှိရပြီး အန္တရာယ်ကြီးနိုင်သောအခြေအနေတစ်ခုဖြစ်သောကြောင့် မိခင်သည် ကိုယ်ဝန်စောင့်ရှောက်မှု ပိုမိုရယူရန်လိုအပ်သည်။ သန္ဓေသားညှက်သောကလေးအများစုသည် ကျန်းမာစွာဖြင့် မွေးဖွားကြီးပြင်းလာနိုင်သော်လည်း အချို့တွင် ဖွံ့ဖြိုးမှု၊ အသိဉာဏ်နှင့် အမူအကျင့်ပိုင်းဆိုင်ရာ ရောဂါအခြေအနေများရှိလာနိုင်သည်။

သန္ဓေသားညှက်ခြင်းအမျိုးအစားများ
  • အချိုးအစားညီမျှစွာ သန္ဓေသားညှက်ခြင်း (Symmetric or primary): သန္ဓေသား ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးသည် ရှိရမည့်အရွယ်အစားထက်သေးနေခြင်းဖြစ်ပြီး သန္ဓေသားညှက်ခြင်း၏ (၂၀) ရာခိုင်နှုန်းတွင် တွေ့ရသည်
  • အချိုးအစားမညီ သန္ဓေသားညှက်ခြင်း (Asymmetric or secondary): သန္ဓေသား ဦးခေါင်းနှင့် ဦးနှောက်သည် ပုံမှန်အတိုင်းဖွံ့ဖြိုးနေပြီး ဝမ်းဗိုက်အရွယ်မှာ ပုံမှန်ထက်သေးနေသော အမျိုးအစားဖြစ်ပြီး သန္ဓေသားညှက်ခြင်း၏ (၈၀) ရာခိုင်နှုန်းတွင် တွေ့ရသည်
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အချင်းနှင့်ချက်ကြိုးသည် သန္ဓေသားဆီသို့ အာဟာရ၊ အောက်ဆီဂျင်နှင့် သွေးများကို သယ်ယူ ပို့ဆောင်ပေးရသည်။ ရောဂါအခြေအနေတစ်ခုခုကြောင့် အချင်းနှင့် ချက်ကြိုး၏ အထက်ပါလုပ်ငန်းများကို ထိခိုက်လျှင် သန္ဓေသားအာဟာရကောင်းစွာမရရှိဘဲ ရှိရမည့်အရွယ်ထက် သေးငယ်နေနိုင်သည်။
လတ်တလော သုတေသနများအရ Klotho ဟုခေါ်သော ပရိုတင်းတစ်မျိုးသည် Intrauterine Growth Restriction (IUGR) ရှိ ကလေးများ၏ အချင်းတွင် နည်းပါးနေသည်ကို တွေ့ရှိရသည်။ ထို့အပြင် ကြီးထွားမှုဟော်မုန်း (Growth hormone) နည်းနေသည်ကိုလည်း တွေ့ရှိရသည်။

အချင်းနှင့်ချက်ကြိုးကို ထိခိုက်နိုင်သည့် မိခင်နှင့်ဆိုင်သော ရောဂါအခြေအနေများမှာ _

  • ကိုယ်အလေးချိန်နည်းလွန်းခြင်း (ပေါင် ၁၀၀အောက်)
  • အာဟာရပြည့်ဝစွာမစားသောက်ခြင်း
  • သန္ဓေသားညှက်သောကိုယ်ဝန်ဆောင်ခဲ့ဖူးသောရာဇဝင်ရှိခြင်း
  • သွေးတိုးရောဂါ၊ သွေးအားနည်းရောဂါ၊ နှလုံး‌ရောဂါ၊ ဆီးချိုရောဂါရှိခြင်း
  • မိခင်သည် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ စိတ်ကြွဆေးများသုံးစွဲခြင်း
  • ကိုယ်ခံအားမူမမှန် အလွန်အကျွံတုံ့ပြန်ရောဂါရှိခြင်း
  • ကျောက်ကပ်ရောဂါရှိခြင်း
  • အတက်ကျဆေးများသုံးစွဲနေရခြင်း
  • ဂျိုက်သိုးရောဂါ၊ ကာလသားရောဂါ၊ စီအင်မ်ဗွီဗိုင်းရပ်စ် (Cytomegalovirus)၊ Toxoplasmosis ကပ်ပါးရောဂါဖြစ်ခြင်း
  • ပင်လယ်ရေမျက်နှာပြင်ထက်မြင့်မားသောအရပ်၌ နေထိုင်ခြင်း

အချင်းနှင့်ချက်ကြိုးကိုထိခိုက်နိုင်သည့် သန္ဓေသားနှင့်ဆိုင်သော ရောဂါအခြေအနေများမှာ_

  • သန္ဓေသား၏ခန္ဓာကိုယ်အစိတ်အပိုင်းများ မွေးရာပါချို့ယွင်းခြင်း
  • မျိုးဗီဇ သို့မဟုတ် ခရိုမိုဆုမ်းဆိုင်ရာရောဂါများ (ဥပမာ _ ‌ဒေါင်းဆင်ဒရုန်း)
  • အမြွှာကိုယ်ဝန်ဖြစ်ခြင်း စသည်တို့ဖြစ်သည်။ ​
ရောဂါလက္ခဏာများ

မိခင်အများစုသည် မည်သို့သောလက္ခဏာများကိုမှ ထူးခြားစွာခံစားရလေ့မရှိဘဲ ဝမ်းဗိုက်သည် ပူသင့်သလောက် မပူနေခြင်း သို့မဟုတ် သန္ဓေသားကြီးလာသင့်သလောက် မကြီးလာခြင်းကိုသာ သတိပြုမိတတ်သည်။

နောက်ဆက်တွဲပြဿနာများ

သန္ဓေသားညှက်ခြင်း‌ကြောင့် မိခင်သည် ခွဲစိတ်၍ ကလေးမွေးဖွားရနိုင်ခြေများခြင်း၊ အချိန်မတိုင်မီ စော၍မွေးဖွားရနိုင်ခြင်းများ ရှိနိုင်သည်။

မွေးဖွားပြီးနောက် မွေးကင်းစကလေးသည်

  • သွေးတွင်းအောက်ဆီဂျင် ကျနိုင်ခြေများခြင်း (Hypoxia)
  • သွေးတွင်းသကြားဓာတ်ကျနေခြင်း (Hypoglycemia)
  • သွေးနီဥများနေခြင်း (Polycythemia)
  • ငယ်ချေးပါသော‌ ရေမြွှာရည်များမျိုချမိခြင်း (Meconium aspiration) နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာများရှိခြင်း
  • ခန္ဓာကိုယ်အပူချိန်ထိန်းညှိရန် ခက်ခဲခြင်း
  • ရောဂါပိုးဝင်ခြင်း
  • မွေးကင်းစအထူးကြပ်မတ်ခန်းတွင် ကြည့်ရှုစောင့်ရှောက်ကုသရချိန်များနိုင်ခြင်းများ ရှိနိုင်သည်။
  • မည့်သည့်အတွက်ကြောင့် သန္ဓေသားကလေးညှက်ခြင်း၊ မည်မျှသန္ဓေသားကလေး ကြီးထွားမှုနှေးခြင်း သို့မဟုတ် တန့်နေခြင်းနှင့် သန္ဓေသားကလေးမွေးဖွားလိုက်ရသည့် ကိုယ်ဝန်သက်ပေါ်မူတည်၍ ရေရှည်တွင် ကလေးသည် တက်ကြွမှုလွန်ကဲခြင်း၊ စီပီရောဂါ (Cerebral palsy)၊ စာသင်ကြားလေ့လာနိုင်စွမ်းအားနည်းခြင်းစသော ဖွံ့ဖြိုးမှု၊ အသိဉာဏ်နှင့် အမူအကျင့်ပိုင်းဆိုင်ရာ ပြဿနာများဖြစ်နိုင်သည်။ အသက်အရွယ်ရလာသည့်အခါ အဝလွန်ခြင်းနှင့် နှလုံးသွေးကြောဆိုင်ရာရောဂါများ ဖြစ်နိုင်ခြေများသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

သန္ဓေသားကြီးလာသင့်သလောက် မကြီးလာခြင်းကို သတိထားမိလျှင် မိမိ၏ သားဖွားမီးယပ်အထူးကု ဆရာဝန်နှင့် ချက်ချင်းပြသ၍ စမ်းသပ်စစ်ဆေးမှုခံယူသင့်သည်။

ရောဂါရှာဖွေခြင်း

သန္ဓေသားကြီးထွားမှုနှုန်းကို ကိုယ်ဝန်သက်နှင့်အညီ စမ်းသပ်စစ်‌ဆေးပြီး သန္ဓေသားညှက်ခြင်းကို အတည်ပြုသည်။ မွေးဖွားရန် သတ်မှတ်ထားသောရက် (Estimated Date of Delivery, EDD) ကို အခြေခံ၍ ကိုယ်ဝန်သက်ကို တွက်ချက်သည်။

မွေးဖွားရန် သတ်မှတ်ထားသောရက် (Estimated Date of Delivery, EDD) ကို တွက်ချက်ရာတွင် Naegele’s Rule ကို အသုံးပြုသည်။ ဤနည်းလမ်းတွင် နောက်ဆုံးဓမ္မတာစက်ဝန်း၏ ပထမနေ့ (First day of Last Menstrual Period – LMP) မှစ၍ (၉) လနှင့် (၇) ရက်ပေါင်းထည့်ခြင်း သို့မဟုတ် ရက်ပေါင်း (၂၈၀) ရက် (သို့မဟုတ်) ရက်သတ္တပတ်ပေါင်း (၄၀) ပတ်ပေါင်းခြင်းဖြင့် မွေးဖွားမည့်ရက် (EDD) သို့မဟုတ် Due Date ကို ခန့်မှန်းသတ်မှတ်သည်။ အကယ်၍ နောက်ဆုံးပေါ်ခဲ့သော ဓမ္မတာစက်ဝန်းကို မမှတ်မိပါက ကိုယ်ဝန်သက် ပထမ (၃) လတွင် ရိုက်ထားသော အာထရာဆောင်း (First trimester ultrasound dating scan) မှတွက်ထားသော မွေးဖွားရက်ကို ယူနိုင်သည်။ သန္ဓေသားကြီးထွားမှုနှုန်းကို စမ်းသပ်စစ်ဆေးသည့် နည်းလမ်းအမျိုးမျိုးရှိသည်။

သားအိမ်အမြင့်တိုင်းခြင်း (Uterine fundal height)
ဆီးခုံရိုးမှ ဝမ်းဗိုက်ပေါ်ရှိ သန္ဓေသားကြီးထွားလာခြင်းကြောင့် ပူထွက်လာသော သားအိမ်အမြင့်ဆုံးနေရာကို ပေကြိုးဖြင့်တိုင်းတာသည်။ တိုင်းတာရရှိသောအမြင့်ကို စင်တီမီတာဖြင့် မှတ်သားပြီး ကိုယ်ဝန်သက်နှင့် တူမတူ ကြည့်ရသည်။ ဥပမာ ကိုယ်ဝန်သက် (၃၂)ပတ် ရှိသည့်အချိန်တွင် သားအိမ်အမြင့် (၃၂) စင်တီမီတာ ရှိရမည်ဖြစ်သည်။ အကယ်၍ ကိုယ်ဝန်သက်ထက် (၄) စင်တီမီတာအောက် လျော့နေလျှင် (ဥပမာ ကိုယ်ဝန်သက် (၃၂) ပတ်တွင် သားအိမ်အမြင့် (၂၈) စင်တီမီတာသာရှိနေခြင်း) သန္ဓေသားညှက်ခြင်းကို သံသယရှိပြီး အတည်ပြုနိုင်ရန် နောက်ထပ်စစ်ဆေးမှုများပြုလုပ်မည်။ အလားတူ သားဖွားမီးယပ်အထူးကုဆရာဝန်များမှ မိခင်ဝမ်းဗိုက်ပေါ် လက်ဖြင့် စမ်းသပ်၍ ကိုယ်ဝန်သက်နှင့် သန္ဓေသားအရွယ်ကို ခန့်မှန်းနိုင်သည်။

မိခင်ခန္ဓာကိုယ်အလေးချိန်တိုင်းခြင်း
ကိုယ်ဝန်ဆောင်မိခင် ကိုယ်ခန္ဓာအလေးချိန်ကို ကိုယ်ဝန်စောင့်‌ရှောက်မှုလာသည့်အကြိမ်တိုင်း တိုင်းတာ မှတ်သားပြီး အလေးချိန်တိုးတက်မှုကြည့်ရှုရသည်။ အလေးချိန်တိုးတက်မှု နည်းလျှင် သန္ဓေသားကြီးထွားမှုလည်း နည်းနေကြောင်း ယေဘုယျအားဖြင့် သတ်မှတ်နိုင်သည်။

အာထရာဆောင်းဖြင့် စစ်ဆေးခြင်း
သားအိမ်အမြင့်တိုင်းတာခြင်းဖြင့်သော်လည်းကောင်း၊ မိခင်ခန္ဓာကိုယ်အလေးချိန် ကောင်းစွာမတိုးလျှင် သော်လည်းကောင်း သန္ဓေသားညှက်နေသည်ဟု သံသယရှိလျှင် ကိုယ်ဝန်တစ်လျှောက် သန္ဓေသားကြီးထွားမှုကို အာထရာဆောင်း ပုံမှန်ထက်ပိုရိုက်၍ စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်း ပြုလုပ်နိုင်သည်။ အာထရာဆောင်းရိုက်သည့်အခါ သန္ဓေသား၏ ဦးခေါင်းခွံ၊ ပေါင်ရိုး၊ ဝမ်းဗိုက်တို့ကို တိုင်းတာ၍ သန္ဓေသားကြီးထွားမှု၊ ကိုယ်အလေးချိန်ကို တွက်ချက်နိုင်သည်။ ထို့အပြင် အချင်းနှင့် ချက်ကြိုးရှိ သွေးကြောအတွင်းသွေးစီးဆင်းမှု (Doppler flow)ကို စစ်ဆေးပြီး သွေးစီးဆင်းလည်ပတ်မှု မကောင်းလျှင် သန္ဓေသားညှက်ခြင်းဖြစ်နိုင်သည်။ အာထရာဆောင်းဖြင့် ရေမြွှာရည်ပဏာမတိုင်းတာနိုင်ပြီး ရေမြွှာရည် အလွန်နည်းနေလျှင် သန္ဓေသားညှက်ခြင်းဖြစ်နိုင်သည်။

ရေမြွှာရည်‌ဖောက်ထုတ်စစ်ဆေးခြင်း (Amniocentesis)
မိခင်ဝမ်းဗိုက်မှတစ်ဆင့် သားအိမ်အတွင်းသို့ အပ်ထည့်၍ ‌ရေမြွှာရည်စုပ်ယူပြီး စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခြင်းဖြစ်သည်။ ထိုသို့စစ်ဆေးခြင်းဖြင့် မွေးရာပါ သန္ဓေသားညှက်ရခြင်း အကြောင်းရင်းကို ရှာဖွေနိုင်သည်။

သန္ဓေသားကျန်းမာမှုကို စောင့်ကြည့်ခြင်း (Fetal monitoring)
မိခင်ဝမ်းဗိုက်ရှိ သားအိမ်ပေါ်တွင် သန္ဓေသားနှလုံးခုန်သံကို ဖမ်းယူမည့် ပစ္စည်းကိရိယာကို ထားရှိပြီး စာရွက်ပေါ်တွင် ပေါ်လာသော သန္ဓေသားနှလုံးခုန်နှုန်းပုံစံကို အနည်းဆုံးမိနစ် (၂၀) ကြည့်ရှု၍ သန္ဓေသား ကျန်းမာမှုကို သိနိုင်သည်။ ထို့ပြင် အာထရာဆောင်းနှင့်တွဲဖက်၍ သန္ဓေသားကလေးငယ်၏ ဇီဝရူပ ဖြစ်ပေါ်ပုံ အဆင့်ဆင့် (biophysical profile) တွင်ပါရှိသော သန္ဓေသား၏ အသက်ရှူမှု၊ ခန္ဓာကိုယ်လှုပ်ရှားမှု၊ ကြွက်သား တောင့်တင်းမှု၊ ရေမြွှာရည်ပမာဏတို့နှင့် ပေါင်းစပ်ပြီး သ‌န္ဓေသားလှုပ်ရှားနေချိန်တွင် ဖြစ်ပေါ်သော ကလေး၏ နှလုံးတုံ့ပြန်မှုများကို တိုင်းတာ၍ သန္ဓေသားကျန်းမာ‌ရေး စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်နိုင်သည်။ မိခင်သည် သန္ဓေသားလှုပ်ရှားမှုကို အလေးပေး မှတ်သားထားရန်လိုအပ်ပြီး ပုံမှန်ထက်လှုပ်ရှားမှုနည်းလာလျှင် သန္ဓေသားကျန်းမာရေးကို စစ်ဆေးရန် အရေးကြီးသည်။

ကုသခြင်း

သန္ဓေသားညှက်ခြင်းကို ကုသရာတွင် ရောက်ရှိနေသည့်ကိုယ်ဝန်သက်နှင့် သန္ဓေသားကျန်းမာရေးပေါ်တွင် မူတည်သည်။ သားဖွားမီးယပ်အထူးကုဆရာဝန်မှ သန္ဓေသားကျန်းမာရေးနှင့် နောက်ဆက်တွဲပြဿနာများကို သေချာစောင့်ကြပ်ကြည့်ရှုပေးပြီး သန္ဓေသားညှက်ခြင်းကို ဖြစ်စေသောအကြောင်းရင်းကို ရှာဖွေ၍ ကုသသည်။

  • သန္ဓေသားကျန်းမာရေးကို သေချာစောင့်ကြပ်ကြည့်ရှုနေရင်း အန္တရာယ်ရှိလာသည့်အခါ သို့မဟုတ် သန္ဓေသားဖွံ့ဖြိုးမှုတန့်နေလျှင် ကိုယ်ဝန်သက် (၃၇) ပတ်မတိုင်မီ [(၃၄)ပတ် နှင့် (၃၇) ပတ်ကြား] စောမွေးရသည်
  • ဆေးဖြင့် သားအိမ်ပွင့်အောင် လှုံ့ဆော်၍ ကလေးမွေးဖွားမှု စတင်စေခြင်းပြုလုပ်ရနိုင်သလို သဘာဝအတိုင်းမွေးဖွားခြင်းသည် သန္ဓေသားကျန်းမာရေးကို ပိုဆိုးစေနိုင်သောကြောင့် ခွဲစိတ်၍ ကလေးမွေးဖွားရနိုင်သည်၊ ထိုသို့မွေးဖွားရန်လိုအပ်လာသည့်အခါ သန္ဓေသား အဆုတ်ဖွံ့ဖြိုးမှု ကောင်းစေရန် မမွေးမီ စတီးရွိုက်ထိုးဆေးကို မိခင်အားထိုးပေးရန်လိုသည်
  • သန္ဓေသားညှက်ခြင်းအလွန်ပြင်းထန်ပါက မိခင်သည် ဆေးရုံတက်ရောက်၍ အနီးကပ်စောင့်ရှောက်မှု ခံယူရသည်။ ထိုသို့စောင့်ကြည့်နေစဥ် သန္ဓေသားကျန်းမာရေးထိခိုက်မှု အန္တရာယ်ရှိလာပါက အရေးပေါ်ချက်ချင်း မွေးဖွားရသည်
  • မွေးဖွားသည့်အခါ မွေးကင်းစကလေးကျန်းမာရေးစောင့်‌ရှောက်မှု လိုအပ်သလို အရေးပေါ်ပေးရန်အတွက် မွေးကင်းစအထူးကုဆရာဝန်ရှိနေပေးရန် အရေးကြီးသည်။
ကာကွယ်ခြင်း

သန္ဓေသားကလေးညှပ်ခြင်းကို ကာကွယ်ရန်

  • မူးယစ်ဆေးမှီဝဲခြင်း၊ အရက်၊ စီးကရက်သောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ၊ မှီဝဲသုံးစွဲနေပါက သုံးစွဲမှုကိုဖြတ်ပါ
  • အာဟာရပြည့်ဝသော အစားအစာစားပေးပါ
  • သွေးတိုး၊ ဆီးချိုရောဂါများရှိနေလျှင် ကိုယ်ဝန်မဆောင်မီ ထိန်းချုပ်ကုသပြီးမှ ကိုယ်ဝန်ဆောင်ပါ၊ ကိုယ်ဝန်ဆောင်သွေးတိုး၊ ဆီးချိုရောဂါများဖြစ်လျှင် ဆရာဝန်ညွှန်ကြားသည့်အတိုင်း ပြုမူနေထိုင်စားသောက်ပြီး ဆေးအညွှန်းများကို တိကျစွာ လိုက်နာသောက်သုံးပေးပါ
  • ကိုယ်ခံအားမူမမှန် အလွန်အကျွံတုံ့ပြန်မှုကြောင့် ကိုယ်တွင်းအင်္ဂါများကို မှားယွင်းစွာ တိုက်ခိုက်ပြီး ရောင်ရမ်းခြင်းများဖြစ်ပေါ်သော ကိုယ်ခံအားဆိုင်ရာ‌ရောဂါများ၊ သွေးအားနည်းရောဂါ၊ သွေးရောဂါများရှိလျှင် သက်ဆိုင်ရာသမားတော်များနှင့်ပြသ၍ ကုသမှုခံယူပြီး ကျန်းမာရေး ကောင်းမွန်အောင် နေထိုင်ပါ
  • ကိုယ်ဝန်ဆောင်စဥ် လုံလောက်စွာအနားယူပါ၊ ညအချိန် အနည်းဆုံး (၈) နာရီအိပ်စက်အနားယူပါ
  • ကျန်းမာရေးစောင့်ရှောက်ပေးသူကို မိမိသောက်သုံးနေသောဆေးဝါးများရှိပါက ထိန်ချန်ထားခြင်းမရှိဘဲ အသိပေးပါ

References:

  1. Cleveland Clinic. (n.d.). Intrauterine growth restriction (IUGR). Retrieved July 13, 2025, from https://my.clevelandclinic.org/health/diseases/24017-intrauterine-growth-restriction
  2. American Pregnancy Association. (n.d.). Intrauterine growth restriction (IUGR). Retrieved July 13, 2025, from https://americanpregnancy.org/healthy-pregnancy/pregnancy-complications/intrauterine-growth-restriction/

Published: 29 July 2025

Share

29 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.