အဝေးမှအရာဝတ္ထုများ (သို့မဟုတ်) အနီးရှိအရာဝတ္ထုများကို ကြည်လင်ပြတ်သားစွာ မမြင်ရဘဲ အမြင်အာရုံမှုန်ဝါးခြင်းကို ဖြစ်စေသည့်အကြောင်းရင်းများတွင် မျက်လုံးအလင်းယိုင်ခြင်းဆိုင်ရာ ပြဿနာများသည် အဖြစ်အများဆုံးဖြစ်သည်။ အမြင်အာရုံအတွက် လိုအပ်သော မျက်စိ (Eyeball)၊ မျက်ကြည်လွှာ (Cornea)၊ မှန်ဘီလူး (Lens) နှင့် မြင်လွှာ (Retina) ကဲ့သို့ အစိတ်အပိုင်းတစ်ခုခုတွင် ရောဂါ (သို့မဟုတ်) အခြေအနေတစ်ခုခုရှိလာပါက ထိုပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အရာဝတ္ထုများကို ကြည်လင်ပြတ်သားစွာ မြင်နိုင်ရန် ထိုအရာဝတ္ထုမှလာသော အလင်းတန်းများသည် မျက်ကြည်လွှာ (Cornea) နှင့် မှန်ဘီလူး (Lens) တို့ကို အလင်းယိုင်၍ ဖြတ်သန်းပြီး မျက်လုံး၏အနောက်ဘက်ရှိ မြင်လွှာ (Retina) တွင် တစုတစည်းတည်း ကျရောက်ရမည်ဖြစ်သည်။ ထိုမြင်လွှာမှတစ်ဆင့် အလင်းတန်းများကို လျှပ်စစ်အချက်ပြမှု (Electrical signals) အဖြစ်သို့ ကူးပြောင်းကာ အမြင်အာရုံကြောမကြီးမှ ဦးနှောက်သို့ ပေးပို့၍ အရာဝတ္ထုအား ပုံရိပ်ဖော်ပေးခြင်းဖြစ်သည်။ မျက်လုံး၏ ပုံသဏ္ဌာန်၊ အရွယ်အစား၊ မျက်ကြည်လွှာ၊ မှန်ဘီလူး စသည်တို့ ပုံမမှန်ဖြစ်ပါက အလင်းယိုင်၍ဝင်လာသော အလင်းတန်းများသည် မြင်လွှာပေါ်သို့ တစုတစည်းတည်း မကျရောက်နိုင်တော့ဘဲ အမြင်အာရုံမှုန်ဝါးခြင်းများ ဖြစ်ပေါ်လာသည်။
ယေဘုယျအားဖြင့်
- မျက်လုံး၏ ရှေ့နောက်အလျားသည် ရှည်လွန်းခြင်း သို့မဟုတ် တိုလွန်းခြင်း သို့မဟုတ် ပုံသဏ္ဌာန်ပြောင်းလဲခြင်း
- မျက်လုံးအတွင်းရှိ မှန်ဘီလူး ခုံးလွန်းခြင်း သို့မဟုတ် ပြားလွန်းခြင်း သို့မဟုတ် သက်တမ်း ကြာမြင့်လာခြင်း
- မျက်ကြည်လွှာသည် အကြောင်းရင်းခံ တစ်ခုခုကြောင့် မှုန်ဝါးလာခြင်းတို့ကြောင့် ဖြစ်နိုင်သည်။
မျက်လုံးအလင်းယိုင်ခြင်းဆိုင်ရာပြဿနာ လေးမျိုးရှိသည်။
- အဝေးမှုန်ခြင်း (Nearsightedness – Myopia)
- အနီးမှုန်ခြင်း (Farsightedness – Hyperopia)
- အသက်ကြီးလာခြင်းကြောင့် အနီးမှုန်ခြင်း (Presbyopia)
- မျက်စိအလင်းဆုံချက် မညီခြင်း (Astigmatism)
အဝေးမှုန်ခြင်း (Nearsightedness – Myopia)
အနီးရှိ အရာဝတ္ထုများကို ကောင်းစွာမြင်ရသော်လည်း အဝေးရှိအရာများကို ကြည်လင်ပြတ်သားစွာ မမြင်ရဘဲ မှုန်ဝါးနေသောအခြေအနေဖြစ်သည်။ မျက်လုံး၏ ရှေ့နောက်အလျားသည် ပုံမှန်ထက် ရှည်နေလျှင် သို့မဟုတ် မျက်ကြည်လွှာသည် ပုံမှန်ထက် အခုံးလွန်နေလျှင် အလင်းတန်းများသည် မြင်လွှာပေါ်သို့ တည့်တည့်မကျရောက်ဘဲ မြင်လွှာ၏ အရှေ့ဘက်တွင် စုစည်းမိသောကြောင့် အဝေးမှပုံရိပ်ကို မှုန်ဝါးစွာမြင်ရခြင်းဖြစ်သည်။
မိဘတစ်ဦးတွင် အဝေးမှုန်ခြင်းရှိပါက သားသမီးများတွင်လည်း အဝေးမှုန်ခြင်း ဖြစ်နိုင်ခြေမြင့်မားသည်။ ကလေးများအသက် (၈)နှစ် မှ (၁၂)နှစ်ကြားတွင် အဝေးမှုန်ခြင်း စတင်ဖြစ်ပေါ်နိုင်သည်။ ဆယ်ကျော်သက်အရွယ်တွင် ပိုမိုသိသာဆိုးဝါးလာနိုင်ပြီး အသက် (၂၀) မှ (၄၀) နှစ်ကြားတွင် အပြောင်းအလဲ နည်းသွားတတ်သည်။ အိမ်တွင်း၌ အနေများ၍ Screen time များသော ကလေးများတွင် အဝေးမှုန်နိုင်ခြေမြင့်မားပြီး သဘာဝအလင်းရောင်ဖြင့် ပြင်ပတွင် ကိုယ်လက်လှုပ်ရှားကစားသော ကလေးများတွင် အဝေးမှုန်ခြင်း ဖြစ်နိုင်ခြေလျော့နည်းသည်ဟု ယူဆကြသည်။
အနီးမှုန်ခြင်း (Farsightedness – Hyperopia)
အဝေးရှိ အရာဝတ္ထုများကို ကောင်းစွာမြင်ရသော်လည်း အနီးရှိအရာများကို ကြည်လင်ပြတ်သားစွာ မမြင်ရဘဲ မှုန်ဝါးနေသော အခြေအနေဖြစ်သည်။ မျက်လုံး၏ ရှေ့နောက်အလျားသည် ပုံမှန်ထက် တိုနေလျှင် သို့မဟုတ် မျက်ကြည်လွှာသည် ပုံမှန်ထက် ပြားလွန်းနေလျှင် အလင်းတန်းများသည် မြင်လွှာပေါ်သို့ တည့်တည့်မကျရောက်ဘဲ မြင်လွှာ၏ အနောက်ဘက်တွင် စုစည်းမိသောကြောင့် အနီးရှိပုံရိပ်ကို မှုန်ဝါးစွာမြင်ရခြင်းဖြစ်သည်။
မိဘတစ်ဦးတွင် အနီးမှုန်ခြင်းရှိပါက သားသမီးများတွင်လည်း အနီးမှုန်ခြင်း ဖြစ်နိုင်ခြေမြင့်မားသည်။ ကလေးများတွင် အနီးမှုန်ခြင်း ရှိနိုင်သော်လည်း အမြင်အာရုံထိခိုက်ခြင်းမရှိပါ။ အသက်ကြီးလာသည်နှင့် မျက်လုံး၏ရှေ့နောက်အလျားသည်လည်း ရှည်လာနိုင်သဖြင့် ကလေးများတွင် အနီးမှုန်ခြင်း တဖြည်းဖြည်း လျော့နည်းသွားနိုင်သည်။
အသက်ကြီးလာခြင်းကြောင့် အနီးမှုန်ခြင်း (Presbyopia)
အနီးရှိအရာဝတ္ထုများကို ကောင်းစွာမြင်နိုင်ရန် မျက်လုံးအတွင်းရှိ မှန်ဘီလူး၏ အလင်းဆုံချက် ချိန်ညှိနိုင်စွမ်း (Accommodation) သည် အရေးကြီးသည်။ ငယ်စဥ်ဘဝတွင် မှန်ဘီလူးသည် ပျော့ပြောင်း၍ အလွယ်တကူ ကျုံ့နိုင်ဆန့်နိုင်သော်လည်း အသက်ကြီးလာသည်နှင့်အမျှ မှန်ဘီလူးသည် ပို၍မာကြောလာသည်။ ထို့ကြောင့် ဆုံချက်ချိန်ညှိနိုင်စွမ်းသည် တဖြည်းဖြည်းကျဆင်းလာသောကြောင့် အနီးမှုန်ခြင်း စတင်ဖြစ်ပေါ်လာနိုင်သည်။ သို့ဖြစ်၍ အသက် (၄၀) ကျော်လာပါက တချို့လူများတွင် စာဖတ်ခြင်း၊ အပ်ပေါက်အတွင်းသို့ အပ်ချည်ထိုးခြင်းကဲ့သို့ အနီးကပ်လုပ်ဆောင်ရသည့် အလုပ်များတွင် အမြင်အာရုံမှုန်ဝါးခြင်းများ ဖြစ်ပေါ်လာနိုင်သည်။
မျက်စိအလင်းဆုံချက် မညီခြင်း (Astigmatism)
မျက်ကြည်လွှာ (သို့မဟုတ်) မှန်ဘီလူး၏ ပုံသဏ္ဌာန် မမှန်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မျက်စိအတွင်းသို့ ဖြတ်သန်းသွားမည့် အလင်းတန်းများသည် မျက်ကြည်လွှာကို ပထမဆုံးဖြတ်သန်းရသည်။ ပုံမှန်မျက်ကြည်လွှာသည် စက်ဝန်းကဲ့သို့ လုံးဝန်းညီညာသည့် ပုံသဏ္ဌာန်ရှိပြီး သို့မှသာ အလင်းတန်းများ တစုတစည်းတည်း ညီညာစွာဝင်နိုင်မည်ဖြစ်သည်။ မျက်ကြည်လွှာသည် ဇွန်းပုံသဏ္ဌာန် သို့မဟုတ် ဘဲဥပုံသဏ္ဌာန်ဖြစ်နေပါက အလင်းတန်းများ မစုစည်းနိုင်တော့သဖြင့် အမြင်အာရုံသည် တစ်သမတ်တည်းမဖြစ်တော့ဘဲ အဝေးမှုန်ခြင်း၊ အနီးမှုန်ခြင်းကဲ့သို့ အမြင်အာရုံ မှုန်ဝါးခြင်းများ စတင်ဖြစ်ပေါ်လာနိုင်သည်။
ရောဂါလက္ခဏာများ
- အမြင်အာရုံ မှုန်ဝါးခြင်း (အဝေးမှုန် သို့မဟုတ် အနီးမှုန်ခြင်း) (အဖြစ်အများဆုံး လက္ခဏာဖြစ်သည်)
- အမြင်အာရုံ နှစ်ထပ်မြင်ရခြင်း
- ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း
- မျက်စိစွေခြင်း
- မျက်စိညောင်းခြင်း
- မျက်စိနာခြင်းတို့ ခံစားရတတ်သည်။
နောက်ဆက်တွဲပြဿနာများ
မျက်လုံးအလင်းယိုင်ခြင်းဆိုင်ရာ ပြဿနာများသည် စောစီးစွာကုသမှု ရရှိပါက နောက်ဆက်တွဲပြဿနာများ နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေနည်းပါးသည်။ တစ်ခါတစ်ရံ
- မီးလုံးကဲ့သို့ အလင်းထွက်သော အရာဝတ္ထုများကို ကြည့်လျှင် အရာဝတ္ထု၏ အနားသတ်ကို ကြည်လင်ပြတ်သားစွာမမြင်ရခြင်း (Glare)
- အလင်းရောင်၏ ဘေးပတ်လည်တွင် စက်ဝိုင်းကွင်းသဏ္ဌာန်များ မြင်ရခြင်း (Halos)
- ကွန်ပျူတာကြည့်ခြင်း၊ စာဖတ်ခြင်းစသည့် လုပ်ငန်းဆောင်တာများတွင် အခက်အခဲဖြစ်လာခြင်း
- မျက်စိစွေသည့်ဖက်တွင် အချိန်ကြာလာပါက မျက်စိအာရုံကြောသေရောဂါ (Amblyopia) ဖြစ်ပေါ်လာခြင်း
- အဝေးမှုန်ခြင်း ဒီဂရီအလွန်များသူအချို့တွင် မြင်လွှာကွာနိုင်ခြေရှိခြင်း (Retinal detachment)၊ အတွင်းတိမ် (Cataract)၊ ရေတိမ် (Glaucoma) များ ဖြစ်ပေါ်နိုင်ခြေရှိခြင်း
- အချို့ကလေးများတွင် ကျောင်းသင်ခန်းစာများနှင့် အားကစားနည်းများတွင် လုပ်ဆောင်နိုင်ရည် ကျဆင်းခြင်း စသည်တို့ဖြစ်တတ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက သက်ဆိုင်ရာ မျက်စိအထူးကုဆရာဝန်များနှင့် ပြသတိုင်ပင်ရန်လိုသည်။ ဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်းနှင့် မျက်စိအတွက် အသေးစိတ်စစ်ဆေးမှုများနှင့် မျက်စိပါဝါစမ်းသပ်ခြင်းများကို ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
အဝေးမှုန်၊ အနီးမှုန်ခြင်းများအတွက် မျက်စိအထူးကုဆရာဝန်မှ စကားလုံးများပါဝင်သော ကားချပ် (သို့မဟုတ်) စာမဖတ်နိုင်သူများအတွက် အရုပ်များ၊ သင်္ကေတများပါသော ရုပ်ပုံကားချပ် (Eye charts) များဖြင့် မျက်စိမှုန်သည့် အတိုင်းအတာအကွာအဝေးကို စစ်ဆေးခြင်းအပြင် Phoropter ဟု ခေါ်သော မျက်စိစမ်းသပ်သည့် စက်ကိရိယာကို အသုံးပြုကာ မျက်စိပါဝါအတွက် အသေးစိတ် တိုင်းတာစစ်ဆေးပေးမည်ဖြစ်သည်။ တစ်ခါတစ်ရံ မျက်ကြည်လွှာပြဿနာများ ရှိမရှိကို စစ်ဆေးရန် Keratometer စက်ကိရိယာဖြင့်လည်း စစ်ဆေးနိုင်သည်။ ထို့နောက် မျက်စိဆရာဝန်၏ ညွှန်ကြားချက်အတိုင်း သင့်လျော်သည့် မျက်မှန်ပါဝါထည့်ထားသည့် မျက်မှန်ကို တပ်ဆင်ရမည်ဖြစ်သည်။
ကုသခြင်း
မျက်မှန် (သို့မဟုတ်) မျက်ကပ်မှန် တပ်ဆင်အသုံးပြုခြင်း၊ လေဆာဖြင့် ကုသခြင်း
ယေဘုယျအားဖြင့် မျက်လုံးအလင်းယိုင်ခြင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန် သက်ဆိုင်ရာမျက်မှန်ပါဝါကို ထည့်သွင်းပြုလုပ်ထားသော မျက်မှန်များ (သို့မဟုတ်) မျက်ကပ်မှန်များ အမြဲတပ်ရန် လိုအပ်သည့်အပြင် တစ်ခါတစ်ရံ လေဆာဖြင့် မျက်စိပါဝါကို ပျောက်ကင်းအောင် သို့မဟုတ် လျော့နည်းသွားအောင် ကုသနိုင်သည် (Refractive Surgery- LASIK) ။
အဝေးမှုန်သူများအတွက် အနှုတ် (-) ပါဝါ၊ အနီးမှုန်သူများအတွက် အပေါင်း (+) ပါဝါများဖြင့် တပ်ဆင်ရန်လိုသည်။ အသက်ကြီးလာခြင်းကြောင့် အနီးမှုန်ခြင်းအတွက် အပေါင်း (+) ပါဝါ ထည့်သွင်းထားသော မျက်မှန်များအပြင် တစ်ခါတစ်ရံ အနီးမှုန်နှင့် အဝေးမှုန်နှစ်မျိုးလုံးအတွက် ထည့်သွင်းထားသော Bifocal မျက်မှန်များ၊ ဆလင်ဒါပါဝါ အပါအဝင် သုံးမျိုးအထိ ပါဝင်သော Trifocal မျက်မှန်များ တပ်ဆင်ရန် လိုအပ်လာနိုင်သည်။ မျက်ကပ်မှန်များသည်လည်း မျက်မှန်နှင့် သဘောတရားအတူတူပင်ဖြစ်သည်။
ဆေးဝါးများဖြင့် ကုသခြင်း
- Atropine မျက်စဥ်းဆေး
အဝေးမှုန်သော ကလေးနှင့် ဆယ်ကျော်သက်အချို့တွင် မျက်စိဆရာဝန်၏ ညွှန်ကြားချက်အတိုင်း နေ့စဥ် ပမာဏအနည်းငယ်စီ ညဘက်တွင် အသုံးပြုပေးပါက အဝေးမှုန်ခြင်း ပိုဆိုးရွားမလာစေရန် ထိန်းထားပေးနိုင်သည်။ နှစ်များစွာ စွဲ၍သုံးစွဲရန် လိုအပ်တတ်ပြီး မျက်စိယားခြင်း၊ နီရဲခြင်းစသည့် ဘေးထွက်ဆိုးကျိုး အနည်းငယ်ရှိတတ်သည်။ - Pilocarpine hydrochloride မျက်စဥ်းဆေး
အသက်ကြီးလာခြင်းကြောင့် အနီးမှုန်ခြင်းအတွက် အသုံးပြုသောဆေးဖြစ်သည်။ မျက်စိသူငယ်အိမ်ကို ကျဥ်းစေပြီး အနီးရှိအရာဝတ္ထုများကို ကြည်လင်စွာ မြင်စေနိုင်သည်။ တစ်ကြိမ်ခတ်လျှင် အာနိသင်သည် (၆ – ၈) နာရီအထိ ကြာရှည်ခံပြီး နေ့စဥ် နှစ်ကြိမ် အသုံးပြုရန်လိုအပ်သည်။ အထက်ပါဆေးများကို မိမိသဘောအလျောက်မသုံးသင့်ပါ။
ကာကွယ်ခြင်း
မျက်လုံးအလင်းယိုင်ခြင်းဆိုင်ရာ ပြဿနာများကို မဖြစ်အောင် ကြိုတင်ကာကွယ်၍ မရပါ။
သို့ရာတွင် မျက်စိအထူးကုနှင့် ပြသကာ အမြင်အာရုံကို ပုံမှန်စမ်းသပ်စစ်ဆေးခြင်းဖြင့် ထိုပြဿနာများကို စောစီးစွာသိရှိ၍ ကုသမှုခံယူနိုင်ပြီး နောက်ဆက်တွဲပြဿနာများစွာကို ကာကွယ်နိုင်မည်ဖြစ်သည်။ ကလေးများနှင့် ဆယ်ကျော်သက်များအတွက် တစ်နှစ် တစ်ကြိမ် မျက်စိစစ်ဆေးပေးသင့်သည်။ အသက် (၄၀) အောက်တွင် ငါးနှစ် တစ်ကြိမ် စစ်ဆေးသင့်ပြီး အသက် (၄၀) နှင့် (၅၅) နှစ်ကြားတွင် နှစ်နှစ် တစ်ကြိမ် စစ်ဆေးသင့်သည်။ အသက် (၅၅) နှစ်အထက်တွင်မူ တစ်နှစ် တစ်ကြိမ် ပုံမှန်မျက်စိစစ်ဆေးမှု ခံယူသင့်သည်။ ထို့ပြင်ကလေးများအတွက် အမြင်အာရုံမှုန်ဝါးခြင်းကို ကာကွယ်ရန် ဖုန်း၊ တီဗီ၊ ဂိမ်းနှင့် ကွန်ပျူတာစသည့် မီဒီယာများ အသုံးပြုချိန် (Screen time) ကိုတတ်နိုင်သမျှ လျှော့ချပေးသင့်သည်။
References:
- Johns Hopkins Medicine. (n.d.). Refractive errors. Retrieved Dec 6, 2024, from https://www.hopkinsmedicine.org/health/conditions-and-diseases/refractive-errors
- Cleveland Clinic. (n.d.). Refractive errors. Retrieved Dec 6, 2024, from https://my.clevelandclinic.org/health/diseases/24224-refractive-errors
- WebMD. (n.d.). Understanding vision problems: The basics. Retrieved July 24, 2025, from https://www.webmd.com/eye-health/understanding-vision-problems-basics
- American Academy of Ophthalmology. (n.d.). Hyperopia (farsightedness). Retrieved Dec 6, 2024, from https://www.aao.org/eye-health/diseases/hyperopia-farsightedness
- American Academy of Ophthalmology. (n.d.). Myopia (nearsightedness). Retrieved Dec 6, 2024, from https://www.aao.org/eye-health/diseases/myopia-nearsightedness
- National Eye Institute. (n.d.). Refractive errors. Retrieved Dec 6, 2024, from https://www.nei.nih.gov/learn-about-eye-health/eye-conditions-and-diseases/refractive-errors
Published: 25 July 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.