လက်ပ်တိုစပိုင်ရိုးစစ်ရောဂါ (Leptospirosis) သည် Leptospira ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွါးသောရောဂါဖြစ်သည်။ တိရစ္ဆာန်မှလူသို့ ကူးစက်စေသောရောဂါ (Zoonotic disease) တစ်ခုဖြစ်ပြီး ရောဂါပိုးရှိနေသော တိရစ္ဆာန်များ၏ ဆီးမှတစ်ဆင့် ပြန့်ပွါးသည်။ ကမ္ဘာပေါ်တွင် နှစ်စဉ် လူပေါင်း (၁) သန်းကျော်သည် လက်ပ်တိုစပိုင်ရိုးစစ်ရောဂါ ကူးစက်ခံရပြီး၊ ၎င်းတို့အနက် လူပေါင်း (၆) သောင်းနီးပါး သေဆုံးကြသည်။ ကမ္ဘာပေါ် ရှိ မည်သည့်ဒေသမဆို ဖြစ်နိုင်ပြီး အထူးသဖြင့် နှစ်စဉ်မိုးများတတ်သော အပူပိုင်းဒေသနှင့် ပူနွေးသော ရာသီဥတုရှိသည့် ဒေသများ [ဥပမာအားဖြင့် အိုရှန်းနီးယား (ဩစတြေးလျ၊ နယူးဇီလန်နဲ့ ပစိဖိတ်ကျွန်းများ)၊ ကာရစ်ဘီယံ၊ အာဖရိကဒေသအချို့၊ လက်တင်အမေရိကဒေသအချို့၊ တောင်အာရှနဲ့ အရှေ့တောင်အာရှ ဒေသများ] တွင် အဖြစ်များသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
Leptospira ဘက်တီးရီးယားပိုးသည် ရောဂါရှိသောတိရစ္ဆာန်များ (ဝက်၊ မြင်း၊ နွား၊ ခွေးစသည့် အိမ်မွေးတိရစ္ဆာန်များ၊ ကြွက်များ၊ ရေနေနို့တိုက်သတ္တဝါများနှင့် တောရိုင်းတိရစ္ဆာန်များ) ၏ ဆီးနှင့်မျိုးပွားအင်္ဂါမှထွက်သော အရည်များမှတစ်ဆင့် ပြင်ပသို့ ပျံ့နှံ့သည်။ ဤဘက်တီးရီးယားပိုးပါသည့် ဆီးသည် ရေထဲသို့ (သို့မဟုတ်) မြေကြီးထဲသို့ ရောက်သွားပါက ရက်သတ္တပတ်များမှ လအနည်းငယ်အထိ အသက်ရှင်နိုင်သည်။
လူသားများအနေဖြင့် အောက်ပါနည်းလမ်းများဖြင့် Leptospira ရောဂါပိုးများ ကူးစက်ခံရနိုင်သည်။
- ရောဂါရှိသော တိရစ္ဆာန်၏ ဆီး၊ ကိုယ်ခန္ဓာအရည်များနှင့် တိုက်ရိုက်ထိတွေ့မိခြင်း
- ပိုးပါသော ရေ၊ မြေကြီး၊ အစားအစာများကို ထိတွေ့ခြင်း (ပါးစပ်၊ နှာခေါင်း၊ မျက်လုံးမှတစ်ဆင့် ဝင်ရောက်ခြင်း)
- အရေပြားပေါ်ရှိ ပြတ်ရှဒဏ်ရာ (သို့မဟုတ်) အနာများမှတစ်ဆင့် ပိုးဝင်ခြင်း
မိုးသည်းထန်စွာရွာသွန်းပြီး ရေလျှံသည့်အခါ ဤဘက်တီးရီးယားများသည် မြစ်၊ အိုင်၊ တူးမြောင်းများထဲသို့ ပျံ့နှံ့ကာ လူအများအပြားကို တစ်ပြိုင်နက် ကူးစက်စေနိုင်သည်။ လက်ပ်တိုရောဂါသည် လူမှလူသို့ တိုက်ရိုက်ကူးစက်မှု ရှားပါးသော်လည်း၊ အိမ်ခြေမဲ့များ (သို့မဟုတ်) ဒုက္ခသည်စခန်းကဲ့သို့ လူထူထပ်သောနေရာများတွင် ကူးစက်နိုင်ခြေ ပိုမိုမြင့်မားသည်။
ရောဂါကူးစက်နိုင်ခြေများသော အခြေအနေများ
ရောဂါကူးစက်နိုင်ခြေသည် ရေ၊ မြေကြီးနှင့် တိရစ္ဆာန်များနှင့် မကြာခဏထိတွေ့ရသော အခြေအနေများတွင် ပိုမိုမြင့်မားသည်။ ထိုအခြေအနေများတွင်_
- မြစ်၊ အင်း၊ အိုင် (သို့မဟုတ်) တောရေကန်များတွင် ရေကူးခြင်း၊ ကနူးလှေစီးခြင်း စသည့် ရေပေါ်အပန်းဖြေလှုပ်ရှားမှုများ
- တောင်တက်ခရီးထွက်ခြင်း (သို့မဟုတ်) အမဲလိုက်ခြင်း
- ဥယျာဉ်စိုက်ပျိုးခြင်း၊ ခြံထွက်ပစ္စည်းများ ကိုင်တွယ်ခြင်း၊ အဆောက်အဦး သန့်ရှင်းရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ
- တိရစ္ဆာန်ဆေးကုခန်းများတွင် အလုပ်လုပ်ခြင်း၊ မွေးမြူရေး (သို့မဟုတ်) သားသတ်ရုံလုပ်ငန်းများ စသည်တို့ပါဝင်သည်။
- ထို့အပြင် အောက်ပါအလုပ်အကိုင်များတွင်လည်း ရောဂါကူးစက်နိုင်ခြေ မြင့်မားသည်။
- လယ်သမားများ
- မွေးမြူရေးခြံလုပ်သားများ
- တိရစ္ဆာန်ဆေးကုဆရာဝန်များ
- တိရစ္ဆာန်ထိန်းချုပ်ရေးလုပ်သားများ
- မိလ္လာနှင့် သန့်ရှင်းရေးလုပ်သားများ
- သားသတ်သမားများနှင့် သားသတ်ရုံလုပ်သားများ
- စစ်မှုထမ်းများ
ရောဂါလက္ခဏာများ
လက်ပ်တိုစပိုင်ရိုးစစ်ရောဂါသည် ရောဂါလက္ခဏာအမျိုးမျိုး ပြနိုင်ပြီး အခြားရောဂါများနှင့် ခွဲခြားရခက်နိုင်သည်။ တချို့တွင် ရောဂါပိုးရှိသော်လည်း လက္ခဏာမပြသူများလည်းရှိသည်။ လက်ပ်တိုရောဂါတွင် အဆင့် (၂) ဆင့်ရှိသည်။ ၎င်းတို့မှာ_
- သွေးတွင်းပိုးဝင်သောအဆင့် (Leptospiremic phase)
- ကိုယ်ခံအားစနစ်မှ တုံ့ပြန်သောအဆင့် (Immune phase) တို့ဖြစ်သည်။
သွေးတွင်းပိုးဝင်သောအဆင့် (Leptospiremic phase)
ဘက်တီးရီးယားပိုးဝင်ပြီးနောက် (၂)ရက် မှ (၁၄)ရက်အတွင်း စတင်ဖြစ်ပွါးပြီး၊ (၃)ရက် မှ (၁၀)ရက်ခန့် ကြာနိုင်သည်။ ထိုအဆင့်တွင် ဘက်တီးရီးယားများသည် သွေးနှင့်အတူ လှည့်ပတ်နေပြီး ကိုယ်တွင်းအင်္ဂါများသို့ စတင်ဝင်ရောက်ချိန်ဖြစ်သည်။ ထိုအချိန်တွင် သွေးစစ်ဆေးမှုများဖြင့် ရောဂါပိုးရှိနေကြောင်း သိရှိနိုင်သည်။ ထိုအဆင့်တွင် တုပ်ကွေးနှင့်ဆင်တူသော လက္ခဏာများ ပြတတ်ပြီး အောက်ပါတို့ပါဝင်နိုင်သည်။
- အဖျားကြီးခြင်း
- မျက်လုံးနီရဲခြင်း (conjunctival injection)
- ခေါင်းကိုက်ခြင်း
- ချမ်းတုန်ခြင်း
- ကြွက်သားနာကျင်ခြင်း
- ဝမ်းဗိုက်နာခြင်း
- ပျို့အန်ခြင်း
- ဝမ်းလျှောခြင်း
- အသည်းကြီးခြင်း
- အရေပြားတွင် အကွက်ထွက်ခြင်း
လူနာအများစုသည် ထိုအဆင့်မှ ပြန်လည်သက်သာပြီး နေကောင်းလာသော်လည်း အချို့တွင် ပြင်းထန်လက္ခဏာများ ဆက်လက်ဖြစ်နိုင်သည်။
ကိုယ်ခံအားစနစ်မှ တုံ့ပြန်သောအဆင့် (Immune phase)
သွေးတွင်းပိုးဝင်သောအဆင့်၏ လက္ခဏာများပေါ် ပြီးနောက် (၃)ရက် မှ (၅)ရက်အတွင်း စတင်ဖြစ်ပေါ်ပြီး ထိုအဆင့်တွင် သွေးတွင်းရောက်ရှိပြီး ဘက်တီးရီးယားများသည် ကိုယ်တွင်းအင်္ဂါများအတွင်း ဝင်ရောက်သွားသည်။ ကျောက်ကပ်တွင် အများဆုံး စုဝေးနေတတ်ပြီး ဆီးစစ်ဆေးမှုဖြင့် ပိုးရှိကြောင်းတွေ့ရှိနိုင်သည်။ ထို့ပြင် သွေးထဲတွင် Leptospira ပိုးကို တိုက်ဖျက်ရန် ပဋိပစ္စည်း (Antibodies) များစစ်ဆေးနိုင်သည်။ ထိုအဆင့်တွင် ရောဂါလက္ခဏာများ ပိုပြင်းထန်တတ်ပြီး အချို့လူအနည်းစုတွင် ကိုယ်တွင်းအင်္ဂါများ ရောင်ရမ်း၍ ပျက်စီးခြင်းကြောင့် ပြင်းထန်လက်ပ်တိုရောဂါ (Weil’s syndrome) အထိ ဖြစ်နိုင်သည်။ ပြင်းထန်လက်ပ်တိုရောဂါ (Weil’s syndrome) ၏ လက္ခဏာများမှာ_
- အဆုတ်ထဲ သွေးထွက်ခြင်းကြောင့် ချောင်းဆိုးသွေးပါခြင်း
- ရင်ဘတ်အောင့်ခြင်း
- အသက်ရှူရခက်ခဲခြင်း
- အသည်းပြင်းထန်စွာ ရောင်ခြင်းကြောင့် မျက်လုံးအလွန်ဝါခြင်း၊ တစ်ကိုယ်လုံးဝါခြင်း
- အစာအိမ်လမ်းကြောင်း သွေးထွက်ခြင်းကြောင့် ကတ္တရာစေးကဲ့သို့ ဝမ်းမည်းမည်းသွားခြင်း
- ကျောက်ကပ် ရောင်ရမ်းခြင်းကြောင့် ဆီးထဲသွေးပါခြင်း၊ ဆီးသွားနည်းခြင်း
- အရေပြားပေါ်တွင် သွေးခြည်ဥအကွက်များပေါ်ခြင်း
နောက်ဆက်တွဲပြဿနာများ
ပြင်းထန်သောလက်ပ်တိုရောဂါ (Weil’s syndrome) ကြောင့်
- ကျောက်ကပ်ပျက်စီးခြင်း
- အသည်းပျက်စီးခြင်း
- ဦးနှောက်အမြှေးရောင်ရောဂါ
- အဆုတ်ပြဿနာများ
- နှလုံးကြွက်သားများ ရောင်ရမ်းခြင်း
- သွေးပေါင်ချိန်ကျခြင်း၊ သွေးလန့်ခြင်း (Shock)
- သွေးခဲဓာတ်များ ပျက်စီးသောကြောင့် သွေးထွက်ခြင်း၊ သွေးမတိတ်ခြင်း
- ကိုယ်ဝန်ဆောင်မိခင်များတွင် သန္ဓေသားသေဆုံးခြင်း စသည့် နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ရောဂါပိုးပါသော ဆီး၊ ရေ (သို့မဟုတ်) ပိုးရှိသည်ဟု သံသယရှိသော အရာများနှင့် ထိတွေ့ဖူးပြီး အထက်ဖော်ပြပါ လက္ခဏာများခံစားရပါက (သို့မဟုတ်) သံသယရှိပါက မိသားစုဆရာဝန်နှင့် အမြန်ပြသတိုင်ပင်သင့်သည်။
အောက်ပါ ပြင်းထန်သော လက္ခဏာများ ရှိပါက အရေးပေါ်ဌာနသို့ အမြန်ဆုံးသွားရောက်ပြသရန် လိုအပ်သည်။
- ချောင်းဆိုးသွေးပါခြင်း
- ရင်ဘတ်အောင့်ခြင်း
- အသက်ရှူရခက်ခဲခြင်း
- အရေပြား (သို့မဟုတ်) မျက်လုံး ဝါခြင်း
- ကတ္တရာစေးကဲ့သို့ ဝမ်းမည်းမည်းသွားခြင်း
- ဆီးထဲသွေးပါခြင်း
- ဆီးသွားနည်းခြင်း
- အရေပြားတွင် သွေးခြည်ဥကွက်များပေါ်ခြင်း
ရောဂါရှာဖွေခြင်း
လက်ပ်တိုစပိုင်ရိုးစစ်ရောဂါကို ရှာဖွေရန် ဆရာဝန်မှ ရောဂါလက္ခဏာများ၊ ခရီးသွားရာဇဝင်၊ ဘက်တီးရီးယားပိုးရှိသောအရာများနှင့် ထိတွေ့မိခြင်း ရှိမရှိတို့ကို မေးမြန်းပြီး လူနာအား စမ်းသပ်စစ်ဆေးမည်။
ရောဂါအတည်ပြုရန် အောက်ပါစစ်ဆေးမှုများ ပြုလုပ်နိုင်သည်။
- သွေးနှင့်ဆီး စစ်ဆေးခြင်း
- Leptospira ပိုးအတွက် ပဋိပစ္စည်းများကို ရှာဖွေရန် သွေး (သို့မဟုတ်) ဆီးနမူနာကို ဓာတ်ခွဲစစ်ဆေးခြင်း
- ဓာတ်မှန်ရိုက်စစ်ဆေးခြင်း
- ပြင်းထန်သော လက္ခဏာများရှိပါက ကိုယ်တွင်းအင်္ဂါပျက်စီးမှုရှိမရှိ သိရှိရန် ရင်ဘတ်ဓာတ်မှန် (CXR)၊ ကွန်ပြူတာဓာတ်မှန် (CT scan) တို့ဖြင့် စစ်ဆေးနိုင်သည်
ကုသခြင်း
လက်ပ်တိုစပိုင်ရိုးစစ်ရောဂါကို ပဋိဇီဝပိုးသတ်ဆေးများဖြင့် အဓိကကုသသည်။ ပိုးသတ်ဆေး ဆောလျင်စွာပေးနိုင်လျှင် ရောဂါပြင်းထန်မှု သက်သာ၍ နောက်ဆက်တွဲပြဿနာများကို လျှော့ချပေးနိုင်သည်။ အသုံးများသော ပိုးသတ်ဆေးများမှာ_
- Doxycycline
- Amoxicillin
- Ampicillin
- Penicillin-G
- Ceftriaxone စသည်တို့ဖြစ်သည်။ ပိုးသတ်ဆေးများကို လိုအပ်ပါက သွေးကြောမှတစ်ဆင့် ဆေးသွင်းကုသနိုင်သည်။
ထို့အပြင် လက်ပ်တိုစပိုင်ရိုးစစ်ရောဂါ၏ အခြားလက္ခဏာများအတွက် ကုသမှုပေးနိုင်ရန်လိုသည်။ ဥပမာအားဖြင့် အဖျားတက်ခြင်းနှင့် ကိုယ်လက်ကိုက်ခဲခြင်းများအတွက်
- Acetaminophen (Paracetamol)
- Ibuprofen
- Naproxen ကဲ့သို့ အကိုက်အခဲပျောက်ဆေးများပေးရန် လိုအပ်သည်။
ရောဂါလက္ခဏာမပြင်းထန်သူများသည် မိမိအိမ်တွင် ဆေးသောက်၍ စောင့်ကြည့်၍ ရသော်လည်း ပြင်းထန်ပါက ဆေးရုံတက်၍ စောင့်ကြည့်ရန်လိုသည်။ ထို့အပြင် နောက်ဆက်တွဲ ကိုယ်တွင်းအင်္ဂါ ထိခိုက်ပျက်စီးမှုများအတွက် ကုသမှုများ လိုအပ်နိုင်သည်။ ဥပမာ_
- အဆုတ်ပျက်စီးခြင်း၊ အဆုတ်သွေးယိုခြင်းများအတွက် အသက်ရှူစက်ဖြင့် ထောက်ပံ့ပေးခြင်း (Mechanical ventilation)
- ကျောက်ကပ်ပျက်စီးခြင်းအတွက် ကျောက်ကပ်ဆေးခြင်း (Dialysis)
- ပြင်းထန်ရောဂါလက္ခဏာများအတွက် သွေးရည်ကြည်လဲလှယ်ခြင်း (Plasmapheresis)
- ကိုယ်တွင်းအင်္ဂါပျက်စီးနိုင်ခြေများသော လူနာများတွင် အသုံးပြုသည်။ လူနာ၏ သွေးကို ဖယ်ထုတ်ပြီး စက်တစ်ခုနှင့် ချိတ်ဆက်ကာ သွေးထဲရှိ ပဋိပစ္စည်းများနှင့် အချို့ဓာတ်ပစ္စည်းများကို စစ်ထုတ်ဖယ်ရှားခြင်းဖြစ်သည်။ ထို့နောက် စက်ဖြင့်သန့်စင်ထားသော သွေးကို လူနာထံသို့ ပြန်သွင်းပေးသည်။
- ဦးနှောက်အမြှေးရောင်ခြင်းနှင့် နှလုံးကြွက်သား ရောင်ရမ်းခြင်းများအတွက် လိုအပ်သော ကုသမှုများပေးခြင်း
- ခန္ဓာကိုယ်တစ်ခုလုံး ရောင်ရမ်းမှုတုံ့ပြန်ခြင်း (Systemic inflammatory response syndrome) ကြောင့်ဖြစ်သော သည်းခြေအိတ်ရောင်ရမ်းခြင်း၊ ပန်ကရိယရောင်ရမ်းခြင်း၊ ကိုယ်တွင်းသွေးယိုစိမ့်ခြင်းများအတွက် ကုသမှုပေးခြင်း စသည်တို့ဖြစ်သည်။
ကာကွယ်ခြင်း
လက်ပ်တိုရောဂါအတွက် လက်ရှိတွင် ကာကွယ်ဆေး မရှိသေးပါ။ ရောဂါကာကွယ်ရန် အထိရောက်ဆုံးနည်းလမ်းမှာ ရောဂါပိုးရှိနိုင်သော တိရစ္ဆာန်များ၊ ၎င်းတို့၏ဆီးနှင့် ကိုယ်ခန္ဓာအရည်များ၊ ပိုးပါနိုင်သော ရေနှင့်မြေကြီးများကို ထိတွေ့ခြင်းမှ တတ်နိုင်သမျှ ရှောင်ကြဉ်ရန်ဖြစ်သည်။
တိရစ္ဆာန်များနှင့် ထိတွေ့သူများအတွက် ကာကွယ်နည်းများ
- ရောဂါပိုးရှိနိုင်သော တိရစ္ဆာန်များနှင့် အလုပ်လုပ်ရပါက အကာအကွယ်အဝတ်အစားနှင့် ဖိနပ်များ ဝတ်ဆင်ပါ
- တိရစ္ဆာန်များ (သို့မဟုတ်) တိရစ္ဆာန်ထွက်ပစ္စည်းများကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့်ရေဖြင့် သေချာဆေးကြောပါ
- မွေးမြူရေးတိရစ္ဆာန်များကို ကာကွယ်ဆေးထိုးပြီး ဖျားနာသော တိရစ္ဆာန်များကို သီးခြားထားပါ
- အိမ်မွေးတိရစ္ဆာန်များကိုလည်း ကာကွယ်ဆေးထိုးထားပါ
- အလုပ်နေရာတစ်ဝိုက်ရှိ ကြွက်များကို ထိန်းချုပ်ပါ
- တိရစ္ဆာန်အသေကောင်များ ကိုင်တွယ်လျှင် လက်အိတ်ဝတ်ဆင်ပါ
- မျက်နှာပြင်များနှင့် စက်ပစ္စည်းများကို ပုံမှန်သန့်ရှင်းရေးလုပ်ပြီး ပိုးသတ်ပါ
ရေ၊ မြေကြီးတို့နှင့် ထိတွေ့သူများအတွက် ကာကွယ်နည်းများ
- ပိုးပါနိုင်သောရေ (သို့မဟုတ်) မြေကြီးနှင့် ထိတွေ့ရပါက အကာအကွယ်ဖိနပ်၊ လက်အိတ်၊ ခြေအိတ်နှင့် မျက်လုံးအကာများ ဝတ်ဆင်ပါ
- ပြတ်ရှဒဏ်ရာများနှင့် ခြစ်ရာများကို ရေစိုခံပတ်တီးဖြင့် ဖုံးအုပ်ထားပါ
- သန့်စင်သောရေကိုသာ သောက်ပါ၊ မြစ်ချောင်းအင်းအိုင်များမှရေကို မဖြစ်မနေသောက်ရပါက ကျိုချက်ပြီးမှ သောက်ပါ
- မုန်တိုင်းနှင့် ရေလျှံပြီးနောက် မြစ်များ၊ အင်းအိုင်များတွင် ရေထဲဆင်းခြင်း၊ ရေကူးခြင်းကို ရှောင်ပါ
- ရေထဲတွင် အားကစားပြုလုပ်မည်ဆိုပါက ထိုဒေသ၏ ရောဂါအခြေအနေကို ကြိုတင်သုတေသနပြုပါ
- ရောဂါဖြစ်ပွားမှုများသော နိုင်ငံသို့ ခရီးသွားမည်ဆိုပါက ကြိုတင်ကာကွယ်ဆေး (Prophylaxis) သုံးစွဲရန် သင့်မသင့် ဆရာဝန်နှင့် တိုင်ပင်ပါ
References:
- Cleveland Clinic. (n.d.). Leptospirosis. Retrieved July 5, 2025, from https://my.clevelandclinic.org/health/diseases/24021-leptospirosis
- Centers for Disease Control and Prevention. (n.d.). About leptospirosis. Retrieved July 5, 2025, from https://www.cdc.gov/leptospirosis/about/index.html
- Centers for Disease Control and Prevention. (n.d.). Leptospirosis. In CDC Yellow Book: Health Information for International Travel. Retrieved July 5, 2025, from https://www.cdc.gov/yellow-book/hcp/travel-associated-infections-diseases/leptospirosis.html
- WebMD. (n.d.). What is leptospirosis? Retrieved July 5, 2025, from https://www.webmd.com/a-to-z-guides/what-is-leptospirosis
- Healthline. (n.d.). Leptospirosis. Retrieved July 5, 2025, from https://www.healthline.com/health/leptospirosis#spread-from-animals
- NHS. (n.d.). Leptospirosis. Retrieved July 5, 2025, from https://www.nhs.uk/conditions/leptospirosis/
- Ullah, R., Al Harakeh, K., Hussain, F., Bazilah Mehmood Rufai, S., & Khan, W. (2024). The role of plasmapheresis in severe leptospirosis refractory to standard therapy: A case report and a comprehensive literature review. Cureus, 16(7), e63682. https://doi.org/10.7759/cureus.63682
Published: 25 July 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.