Allergic rhinitis (နှာခေါင်းပန်းနာ)

Allergic rhinitis (နှာခေါင်းပန်းနာ)

နှာခေါင်းပန်းနာသည် လေထုထဲရှိသေးငယ်သော အမှုန်အမွှားများ (ဥပမာ_ပန်းဝတ်မှုန်၊ ဖုန်မှုန့်စသည်) နှင့် ဓာတ်မတည့်ခြင်း​ကြောင့်ဖြစ်သည့် နှာ​ခေါင်းရောင်ရမ်းခြင်းဖြစ်ပြီး အအေးမိခြင်းကဲ့သို့ လက္ခဏာများကို ဖြစ်စေသည်။ နှာ​ခေါင်း (သို့မဟုတ်) ပါးစပ်မှတစ်ဆင့် ဓာတ်မတည့်သည့်ပစ္စည်းများ ဝင်​ရောက်သောအခါ ခန္ဓာကိုယ်မှ ဟစ်စ်တမင်း (Histamine) ဟု​ခေါ်​သော ဓာတ်ပစ္စည်းတစ်မျိုးကို ထုတ်၍တုံ့ပြန်ခြင်း​ကြောင့် ဖြစ်သည်။ ထိုဟစ်စ်တမင်းကြောင့် ရုတ်တရက်နှာချေခြင်း၊ နှာရည်ယိုခြင်းနှင့် နှာခေါင်းပိတ်ခြင်း၊ တစ်ခါတစ်ရံ မျက်လုံး၊ နှာခေါင်းနှင့် အာခေါင်ယားယံခြင်းတို့နှင့်ပါ တွဲ၍တွေ့ရတတ်သည်။ အထူးသဖြင့် မြို့ပြတွင် စက်မှုလုပ်ငန်းများ တိုးပွားလာသည်နှင့်အမျှ ပို၍အဖြစ်များလာသည်ကို တွေ့ရသည်။ ထို​​ရောဂါသည် ရာသီအကူးအ​ပြောင်းတွင် ဖြစ်​စေနိုင်သလို တစ်နှစ်ပတ်လုံးလည်း ခံစားရနိုင်သည်။

allergic rhinitis image 1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

လေထုထဲတွင်ရှိသည့် အန္တရာယ်မရှိသော အမှုန်အမွှားများအား ​နှာ​ခေါင်း၊ ပါးစပ်တို့မှတစ်ဆင့် ရှူရှိုက်မိသည့်အချိန်တွင် ကိုယ်ခံအားစနစ်မှ အန္တရာယ်ရှိသည်ဟု သတ်မှတ်၍ IgE ပဋိပစ္စည်းများ ထုတ်လုပ်ပြီး ကာကွယ်သည်။ ပထမအကြိမ်တွင် ရောဂါလက္ခဏာများ ပြင်းထန်မှုမရှိသေးပေ။ ထို့နောက် ဓာတ်မတည့်မှုနှင့် ဒုတိယအကြိမ်ထပ်မံထိတွေ့သည့်အခါ ထိုပဋိပစ္စည်းများသည် ကိုယ်ခံအားစနစ်အား လှုံ့ဆော်မှုပြု၍ ဟစ်စ်တမင်းကို ထွက်စေသည်။ ဟစ်စ်တမင်းသည် နှာ​ခေါင်း၊ မျက်လုံး၊ လည်​ချောင်းအတွင်းရှိ အ​မြှေးပါးများကို ရောင်ရမ်းလာ​စေပြီး ယားယံလာ​စေသည်။

ဖြစ်နိုင်ခြေများသောအခြေအနေများ
  • မိမိကိုယ်တိုင် ပန်းနာရင်ကျပ်ရောဂါ သို့မဟုတ် အခြားသော ဓာတ်မတည့်ရောဂါရှိသူများ
  • မိသားစုဝင်များထဲတွင် ဓာတ်မတည့်​ရောဂါရှိသူများ၊ ပန်းနာရင်ကျပ် (သို့မဟုတ်) နှင်းခူရောဂါရှိသူများ
  • မိသားစုတွင် ဆေးလိပ်သောက်သူများရှိသောကြောင့် ကလေးဘဝတွင် ဆေးလိပ်ငွေ့များနှင့် ထိတွေ့မှုရှိသူများ
  • ဓာတ်မတည့်မှုကို ဖြစ်စေသောပစ္စည်းများ [ဥပမာတိရစ္ဆာန်အညစ်အကြေးအမှုန်များ (သို့မဟုတ်) ဖုန်မှုန့်များ] ပေါများသည့် ပတ်ဝန်းကျင်တွင် နေထိုင်ခြင်း သို့မဟုတ် အလုပ်လုပ်ခြင်း
ရောဂါလက္ခဏာများ

က​လေးများတွင် ခံစားရ​သောလက္ခဏာများသည် မတူညီနိုင်ပါ။ ​ရောဂါလက္ခဏာများသည် ဓာတ်မတည့်သည့်အရာနှင့် ထိတွေ့မှုရှိလျှင် တစ်နှစ်ပတ်လုံး ဖြစ်​ပေါ်နိုင်သော်လည်း နေထိုင်သည့်​နေရာ​ပေါ်မူတည်၍ ပန်းပွင့်သည့်ရာသီ၊ ဝတ်မှုန်ကူးသည့်ရာသီများတွင် ပုံမှန်ထက်ပိုများနိုင်သည်။ အိမ်တွင်းဓာတ်မတည့်မှုဖြစ်​စေ​သော အရာများသည် ​အေး​သောရာသီများတွင် ပိုဆိုးစေနိုင်သည်။ ရောဂါလက္ခဏာများမှာ_

  • ရုတ်တရက်နှာရည်ယိုခြင်း၊ နှာခေါင်းပိတ်ခြင်း၊ နှာချေခြင်း
  • မျက်သားရောင်ရမ်းခြင်း၊ မျက်ရည်ကျခြင်း၊ မျက်စိယားယံခြင်း၊ မျက်စိနီခြင်း
  • ချောင်းဆိုးခြင်း၊ အသက်ရှူလျှင်တရွှီရွှီမြည်ခြင်း၊ အသက်ရှူရခက်ခြင်း
  • နှာခေါင်း၊ ပါးစပ်နှင့် အာခေါင် ယားယံခြင်း
  • နှာခေါင်းနောက်ဘက် အာခေါင်တွင်းသို့ နှာရည်ပြန်ကျခြင်း
  • ခေါင်းကိုက်ခြင်း
  • မျက်စိတစ်ဝိုက်တွင် ရောင်ရမ်းခြင်း သွေးခြည်ဥသကဲ့သို့ဖြစ်ခြင်း
  • ကောင်းစွာမအိပ်နိုင်သောကြောင့် အလွန်အမင်းနုံးခြင်း၊ ပင်ပန်းခြင်း

အချို့သောလက္ခဏာများသည် ဓာတ်မတည့်သည့်အရာများနှင့် ထိ​​တွေ့ပြီး မိနစ်ပိုင်းအတွင်းဖြစ်နိုင်သည်။ ပန်းနာရင်ကျပ်ရှိသူများ၊ ထိပ်ကပ်နာရောဂါရှိသူများ၊ နှင်းခူရောဂါရှိသူများတွင်လည်း တွေ့ရတတ်သည်။

နောက်ဆက်တွဲပြဿနာများ
  • နေ့စဥ်လူနေမှုဘဝကိုထိခိုက်နိုင်ခြင်း _ နေ့စဥ်ပြုလုပ်နေကျ လုပ်ငန်းဆောင်တာများအား ပြုလုပ်ရာတွင် အနှောင့်အယှက်ဖြစ်စေ‌ခြင်း ကျောင်းတွင်းလုပ်ဆောင်ချက်များ ကျလာခြင်း
  • အိပ်စက်ရာတွင် အနှောင့်အယှက်ဖြစ်ခြင်း _ ခံစားရသော လက္ခဏာများကြောင့် အိပ်ရန်ခက်ခဲခြင်းများ ဖြစ်နိုင်ပြီး နုံးခြင်း၊ နေရခက်ခြင်းများဖြစ်ခြင်း
  • ပန်းနာရင်ကျပ်ရောဂါရှိလျှင် ပိုဆိုးနိုင်ခြင်း _ ချောင်းဆိုးခြင်း၊ အသက်ရှူလျှင် တရွှီရွှီမြည်ခြင်း စသည့်လက္ခဏာများကို ပိုဆိုးစေခြင်း
  • ထိပ်ကပ်နာဖြစ်နိုင်ခြင်း _ နှာခေါင်းလေခိုအိတ်အတွင်း နှာရည်များ ကြာရှည်စွာ ရှိနေသောကြောင့် ထိပ်ကပ်နာပိုဖြစ်နိုင်ခြင်း
  • နားပိုးဝင်ခြင်း _ နှာခေါင်းပန်းနာရှိသောက‌လေးများတွင် နားအတွင်းပိုင်း အလယ်ခန်း ရောင်ရမ်းခြင်းနှင့် ပိုးဝင်ခြင်းကို ပိုဖြစ်စေနိုင်ခြင်းတို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

သက်ဆိုင်ရာဆရာဝန်မှ နှာခေါင်းပန်းနာရောဂါဟု သတ်မှတ်ရန် ဝိသေသလက္ခဏာများ (နှာချေခြင်း၊ နှာရည်ယိုခြင်း၊ နှာခေါင်းပိတ်ခြင်း၊ နှာခေါင်းယားယံခြင်း၊ ချောင်းဆိုးခြင်း) ရှိမရှိ မေးမြန်းခြင်း၊ ထိုရောဂါကိုဖြစ်စေနိုင်သော အချက်အလက်များနှင့် စမ်းသပ်စစ်​ဆေးရာတွင် တွေ့ရှိသည့် အချက်များဖြင့်ပင် ​ရောဂါသတ်မှတ်နိုင်သည်။ ပုံမှန်အားဖြင့် သွေးစစ်၊ ဓာတ်မှန်ရိုက်ခြင်းများ မလိုအပ်ပါ။

လိုအပ်ပါက ဓာတ်မတည့်သည့်အရာများကိုစစ်​ဆေးမှုများ (Allergy test) ကိုလုပ်​ဆောင်နိုင်သည်။ ထိုစစ်​ဆေးမှုများတွင် ​သွေးမှတစ်ဆင့်ဓာတ်မတည့်မှုကိုစစ်​ဆေးခြင်း [Blood allergy test/ Immunoglobulin E (IgE)] နှင့် အ​ရေပြား​၌ ဓာတ်မတည့်မှုများ စစ်​ဆေးခြင်း (Allergy skin tests) တို့ပါဝင်သည်။

အ​ရေပြား​၌ ဓာတ်မတည့်မှုများ စစ်​ဆေးခြင်း
လက်ဖျံ အ​ရေပြားအ​ပေါ်တွင် အပ်ဖြင့်ခြစ်၍ ဓာတ်မတည့်မှုကို စမ်းသပ်မည့်ပစ္စည်းများ (ဥပမာ _ သစ်ပင်၊ မြက်ပင်၊ ပန်းဝတ်မှုန်) ပါဝင်သော ပျော်ရည်ကို ထို​နေရာ​ပေါ်တင်၍ တုံ့ပြန်မှုဖြစ်စဥ်ကို စမ်းသပ်ခြင်းဖြစ်သည်။ တုံ့ပြန်မှုရှိပါက စမ်းထားသောနေရာတွင် မိနစ် (၂၀) အတွင်း အင်ပျဥ်ကဲ့သို့အနီကွက်များ ဖြစ်လာမည်ဖြစ်သည်။ အရေပြားပေါ်တွင် ဓာတ်မတည့်မှုစစ်ဆေးခြင်းသည် အောက်ပါလူနာများတွင် ပို၍အသုံးဝင်သည်။

  • ရောဂါရာဇဝင်နှင့် စမ်းသပ်မှုများမှ ရောဂါအဖြေ သတ်မှတ်၍မရသူများ
  • ရောဂါလက္ခဏာ (ဥပမာ _ နှာရည်ယိုခြင်း) မသက်သာသောသူများ၊ နှာပိတ်ခြင်းတောက်လျှောက်ဖြစ်နေသူများ ၊ စတီးရွိုက်ပါသောနှာခေါင်းဖျန်းဆေးများကို တုံ့ပြန်မှုနည်းသူများ
  • ပန်းနာရင်ကျပ် သို့မဟုတ် ထိပ်ကပ်နာ သို့မဟုတ် နားရောင်ရမ်းခြင်း မကြာခဏဖြစ်သူများ
  • သွေးစစ်ဆေးရာတွင်အဖြေမပေါ်သူများ
  • ရောဂါလက္ခဏာများကို ထိန်းရန်အတွက် ဆေးဖြင့် မဟုတ်ဘဲ ဖြစ်စေသည့် အရာများကို တိတိကျကျ သိရှိ၍ရှောင်ကြဥ်လိုသူများ

ပန်းဝတ်မှုန်ကြောင့် ဓာတ်မတည့်ခြင်းဖြစ်သည်ဟု ယူဆသူများတွင် ပန်းဝတ်မှုန်ပေါများသည့် ရာသီအတွင်းအရေပြားပေါ်တွင် စမ်းသပ်ခြင်းကို ရှောင်ကြဥ်သင့်သည်။ စမ်းသပ်မှုပြုလုပ်စဉ် ရောဂါလက္ခဏာများကို ပိုဆိုးလာစေနိုင်ခြင်းကြောင့်ဖြစ်သည်။

သွေးမှတစ်ဆင့် ဓာတ်မတည့်မှုစစ်ဆေးခြင်း
အရေပြားပေါ်တွင် စမ်းသပ်သည့်ဖြစ်စဥ်နှင့် တူညီသည့် အချက်အလက်များကို ပေးနိုင်သည်။ သို့သော် လေထုထဲမှပါလာသော ပစ္စည်းများကြောင့်ဖြစ်သော ဓာတ်မတည့်ခြင်းကို စမ်းသပ်ရာတွင် အရေပြားပေါ်တွင် စမ်းသပ်ခြင်းကဲ့သို့ တိကျခြင်း မရှိသည့်အပြင် ကုန်ကျစရိတ်ပိုများသည်။ သို့ဖြစ်ရာ အရေပြားပေါ်တွင် စစ်ဆေးခြင်းကို မပြုလုပ်နိုင်သည့် နေရာတွင်ဖြစ်စေ၊ လူနာတွင် အရေပြားရောဂါများ ရှိနေလျှင် ဖြစ်စေ သွေးမှစစ်ဆေးခြင်းကို အသုံးပြုနိုင်သည်။

ကုသခြင်း

နှာခေါင်းပန်းနာအား လုံးဝပျောက်ကင်းအောင် မကုသနိုင်သော်လည်း ရောဂါလက္ခဏာများအား သက်သာစေသည့် နည်းလမ်းများစွာရှိသည်။ ရောဂါလက္ခဏာများ သက်သာစေရန် အကောင်းဆုံးနည်းလမ်းမှာ ဓာတ်မတည့်မှုကို ဖြစ်စေသောအရာများကို ရှာဖွေ၍ ၎င်းတို့နှင့်ထိတွေ့ခြင်းမှ ရှောင်ကြဥ်ခြင်းဖြစ်သည်။ ကုသရာတွင် ဆေးဝါးများဖြင့်ကုသခြင်း၊ ကိုယ်ခံအားကို ပြုပြင်ထိန်းညှိခြင်းဖြင့် ကုသခြင်း (Immunotherapy) နှင့် နှာခေါင်းအတွင်း ဆားရည်ထည့်၍ဆေးခြင်းတို့ ပါဝင်သည်။

ဆေးဝါးများဖြင့်ကုသခြင်း

  • ဟစ်စ်တမင်းဆန့်ကျင်ဆေးများ (Antihistamines) (ဥပမာ_ဘာမီတွန်)
    ထို​ဆေးများသည် ဓာတ်မတည့်မှု​ကြောင့်ထွက်လာသည့် ဟစ်စ်တမင်းကဲ့သို့ အရာများကို မထွက်လာ​အောင်တားဆီးခြင်းဖြင့် ရောဂါလက္ခဏာများအား လျော့နည်းစေသည်။ ‌သောက်ဆေးများ၊ နှာခေါင်းဖျန်းဆေးများနှင့် မျက်စဥ်းဆေးများ ပါဝင်သည်။
  • စတီးရွိုက်ပါဝင်သည့် နှာ​​ခေါင်းဖျန်း​ဆေးများ (Corticosteroid nasal spray)
    ထိုဖျန်း​ဆေးများသည် နှာခေါင်းအတွင်း​ရောင်ရမ်းမှုများကို​လျော့​စေခြင်းဖြင့် ​ရောဂါလက္ခဏာကို သက်သာ​စေခြင်းဖြစ်သည်။
  • စတီးရွိုက်သောက်ဆေးများ
    ပြင်းထန်သောဓာတ်မတည့်သည့် လက္ခဏာများအား သက်သာစေရန်အတွက် စတီးရွိုက်သောက်ဆေးများ ပေးနိုင်သည်။
  • နှာပွင့်ဆေး (Decongestants)
    နှာပွင့်ဆေးများသည် နှာခေါင်းပိတ်ခြင်းနှင့် ရောင်ရမ်းခြင်းကြောင့်ဖြစ်သော ဖိအားများကို သက်သာစေသည်။ သောက်ဆေး (သို့မဟုတ်) နှာခေါင်းဖျန်းဆေးများအဖြစ် အသုံးပြုနိုင်သည်။
  • Leukotriene inhibitors (ဥပမာ – Montelukast) ကဲ့သို့သော ပန်းနာရင်ကျပ်ဆေးဝါးများ
    ဤ​ဆေးများကို ဆရာဝန်၏ညွှန်ကြားချက်ဖြင့်သာ အသုံးပြုရမည်ဖြစ်သည်။
  • ကိုယ်ခံအားကို ပြုပြင်ထိန်းညှိကုသသော ဆေးများဖြင့် ကုသခြင်း (Immunotherapy)
  • နှာခေါင်းတွင်းဆားရည်ထည့်ခြင်း နှာခေါင်းတွင်းသို့ ဆားရည်ပါသော ဖျန်းဆေးဖြင့်ဖျန်းခြင်း၊ နှာခေါင်းတွင်းသို့ ဆားရည်ထည့်၍ဆေးခြင်း (Nasal irrigation) တို့ ပြုလုပ်နိုင်သည်။
ကာကွယ်ခြင်း

နှာခေါင်းပန်းနာအား အလုံးစုံကာကွယ်ရန်မဖြစ်နိုင်​​သော်လည်း လူ​နေမှုပုံစံကို​ ပြောင်းလဲခြင်း၊ ဓာတ်မတည့်မှုဖြစ်စေသည့်အရာများကို ရှောင်ကြဥ်ခြင်းဖြင့်​ ရောဂါလက္ခဏာများကို သက်သာစေနိုင်သည်။

  • မျက်နှာ၊ မျက်လုံး၊ နှာခေါင်း ပွတ်သပ်ခြင်းများကို​ ရှောင်ကြဥ်ခြင်း
  • ​လေထုထဲတွင် ပန်းဝတ်မှုန်​ပေါများ​သော ရာသီများ၌ အိမ်၊ ကားပြတင်း​ပေါက်များ ပိတ်ထားခြင်း
  • ​ခေါင်းအုံး၊ ​မွေ့ရာများတွင် အကာအုပ်ထားခြင်း
  • အိမ်​မွေးတိရစ္ဆာန်များအားအိပ်ရာများ၊ ထိုင်ခုံများနှင့် ​​ဝေး​ဝေးထားခြင်း
  • ဖုန်စုပ်စက်၊ ​လေ​အေး​ပေးစက်များတွင် ဇကာခံ၍သုံးခြင်း
  • လက်မကြာခဏ​ဆေးခြင်း
  • အပြင်ထွက်လျှင် မျက်လုံးအတွင်းသို့ ပန်းဝတ်မှုန်များဝင်ရောက်မှုမှ ကာကွယ်ရန် ဦးထုပ်ဆောင်းခြင်း၊ ​နေကာမျက်မှန်တပ်ခြင်း၊ နှာခေါင်းစည်းတပ်ခြင်း၊ အပြင်မှ​​ ပြန်ရောက်​ရောက်ခြင်း အဝတ်အစားများလဲခြင်းစသည်တို့ ပြုလုပ်ပေးနိုင်သည်။

References:

  1. Cleveland Clinic. (n.d.). Allergic rhinitis (hay fever). Retrieved July 2, 2025, from https://my.clevelandclinic.org/health/diseases/8622-allergic-rhinitis-hay-fever#overview
  2. Mayo Clinic. (n.d.). Hay fever (allergic rhinitis) – Symptoms and causes. Retrieved July 14, 2025, from https://www.mayoclinic.org/diseases-conditions/hay-fever/symptoms-causes/syc-20373039
  3. Johns Hopkins Medicine. (n.d.). Allergic rhinitis in children. Retrieved July 14, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/allergic-rhinitis-in-children

Published: 14 July 2025

Share

14 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

See also
Intellectual Disability – ID (ဉာဏ်ရည်မသန်စွမ်းမှု)
Oct 16, 2025
Diseases and Conditions

Intellectual Disability – ID (ဉာဏ်ရည်မသန်စွမ်းမှု)

ဉာဏ်ရည်မသန်စွမ်းမှု (ID) သည် သင်ယူနိုင်စွမ်းနှင့်...

Marfan Syndrome (မားဖန်းရောဂါလက္ခဏာစု)
Oct 16, 2025
Diseases and Conditions

Marfan Syndrome (မားဖန်းရောဂါလက္ခဏာစု)

မားဖန်းရောဂါလက္ခဏာစုသည် တွယ်ဆက်တစ်ရှူးများ၏ မျိုးဗီဇပြောင်းလဲမှုကြောင့်...

Kidney Stones (ကျောက်ကပ်ကျောက်တည်ခြင်း)
Oct 16, 2025
Diseases and Conditions

Kidney Stones (ကျောက်ကပ်ကျောက်တည်ခြင်း)

ကျောက်ကပ်ကျောက်တည်ခြင်း၏ အဓိကလက္ခဏာမှာ ခါးအောက်ပိုင်းမှ ပေါင်ခြံသို့ ...