အချို့သောဆေးဝါးများကို ဓာတ်မတည့်သည့်အခါ အရေပြားနှင့် အမြှေးပါးများတွင် ပြင်းထန်သော တုံ့ပြန်မှုများ ဖြစ်ပေါ်တတ်သည်။ နာကျင်စေသည့် အနီကွက်များထွက်ကာ အရည်ကြည်ဖုများ ပျံ့နှံ့လာပြီး အရေပြားအပေါ်လွှာများ ကွာကျခြင်း၊ ပျက်စီးခြင်းများ ဖြစ်ပေါ်တတ်သည်။ အနာများ ပြန်ကျက်ရန် ရက်သတ္တပတ်များစွာ ကြာမြင့်နိုင်ပြီး ဤအခြေအနေသည် အရေးပေါ်ဆေးကုသမှု ခံယူရန်လိုအပ်သည်။ အရေပြား၏ (၃၀%) ကျော်ထိခိုက်ပါက အရေပြားအဆိပ်သင့်၍ ပုပ်ဆွေးသော အခြေအနေ (Toxic Epidermal Necrolysis) သို့ ကူးစက်နိုင်ကာ အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ပြင်းထန်နိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
Stevens-Johnson ရောဂါသည် အချို့သောဆေးဝါးများကို ခန္ဓာကိုယ်မှ တုံ့ပြန်သောကြောင့် ဖြစ်ပေါ်လာရသည်။ အချို့သောရောဂါပိုးများ (ဥပမာ _ ရေယုန်ရောဂါ (Herpes)၊ အသည်းရောင်အသားဝါရောဂါ၊ Mycoplasma အဆုတ်ရောင်နမိုးနီးယား) ကြောင့်လည်း ဖြစ်နိုင်သည်။
အဖြစ်များသောဆေးဝါးများမှာ_
- ဂေါက်ရောဂါတွင် အသုံးပြုသောဆေး (allopurinol)
- အတက်ကျဆေး (carbamazepine, lamotrigine, phenobarbital, phenytoin)
- အကိုက်အခဲပျောက်ဆေး (meloxicam and piroxicam)
- ပဋိဇီဝပိုးသတ်ဆေး (sulfamethoxazole and other sulfa antibiotics)
- အိတ်ချ်အိုင်ဗွီ ပိုးသတ်ဆေး (nevirapine)
- အရောင်ကျဆေး (sulfasalazine) တို့ဖြစ်ကြသည်။
ကလေးငယ်များတွင် အအေးမိတုပ်ကွေးကဲ့သို့သော ရောဂါပိုးများဝင်ခြင်းကြောင့်လည်း ဖြစ်ပေါ်နိုင်သည်။
ရောဂါဖြစ်နိုင်ခြေများသူများမှာ_
- ယခင်က ဖြစ်ဖူးသူများ
- ကိုယ်ခံအားနည်းသော အခြေအနေများ [အိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် (HIV) ရောဂါ၊ ကင်ဆာဆေးသွင်း ကုသမှုခံယူသူများ]
- ကင်ဆာရောဂါရှိသူများ (အထူးသဖြင့် သွေးကင်ဆာ)
- မွေးရာပါ မျိုးဗီဇရှိသူများ (ဥပမာ – HLA-B*1502)
- မိသားစုမျိုးရိုးတွင် ဖြစ်ဖူးသူများတို့ ဖြစ်ကြသည်။
ရောဂါလက္ခဏာများ
ဆေးဝါးဓာတ်မတည့်မှုကြောင့်ဖြစ်ပါက ရောဂါလက္ခဏာများသည် ဆေးစသောက်ပြီး (၁)ပတ် မှ (၃) ပတ်အတွင်း စတင်ပေါ်လာတတ်သည်။ အစပိုင်းတွင် တုပ်ကွေးလက္ခဏာများနှင့်တူသော ကိုယ်ပူခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းနှင့် အဆစ်ကိုက်ခြင်းတို့ ခံစားရနိုင်သည်။
ရက်အနည်းငယ်ကြာလျှင် စက်ဝိုင်းပုံသဏ္ဌာန်ရှိသော အနီစက်များထွက်လာပြီး အကွက်၏အလယ်တွင် အရောင်ပိုရင့်ကာ အပြင်ဘက်တွင် အနည်းငယ်ဖျော့သည်။ ထိုအနီကွက်များသည် ယားယံခြင်းမရှိဘဲ ခန္ဓာကိုယ်၏အပေါ်ပိုင်း (ရင်ဘတ်၊ ကျော) မှစတင်ကာ မျက်နှာ၊ လက်မောင်း၊ ခြေထောက်နှင့် လိင်အင်္ဂါအထိ လျှင်မြန်စွာ ပျံ့နှံ့နိုင်သည်။
နောက်ပိုင်းတွင် အရည်ကြည်ဖုများ ဖြစ်ပေါ်လာပြီးပေါက်ကာ နာကျင်သောအနာများအဖြစ် ပြောင်းလဲသွားသည်။ အရေပြားများ လွယ်ကူစွာ ကွာကျတတ်ပြီး ပြင်းထန်စွာ နာကျင်မှုကို ခံစားရနိုင်သည်။
ထိုအရည်ကြည်ဖုနှင့် အနာများသည် ပါးစပ်၊ နှုတ်ခမ်း၊ လည်ချောင်းတို့တွင် ဖြစ်ပါက အစာမျိုချရာတွင် နာကျင်ခြင်း၊ ဆီးလမ်းကြောင်းတွင် ဖြစ်ပါက ဆီးသွားစဉ် နာကျင်ခြင်း၊ မျက်လုံးတွင် ဖြစ်ပါက မျက်လုံးနာခြင်း၊ အမြင်အာရုံထိခိုက်ခြင်းစသည့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ_
- ရေဓာတ်ခန်းခြောက်ခြင်း
အရေပြားကွာကျပြီး အရည်များ ဆုံးရှုံးခြင်း၊ ပါးစပ်နှင့် လည်ချောင်းရှိ အနာများကြောင့် အစာမစားနိုင်ဘဲ ရေဓာတ်ခန်းခြောက်ခြင်းကို ဖြစ်ပေါ်စေသည်။ - ပိုးဆိပ်ပျံ့ခြင်း
ဘက်တီးရီးယားပိုးများသည် အရေပြားမှတစ်ဆင့် သွေးကြောထဲသို့ ရောက်ရှိ၍ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့ပြီး ရှော့ခ် (shock) ရကာ ကိုယ်တွင်းအင်္ဂါများ ထိခိုက်၍ အသက်အန္တရာယ်ရှိနိုင်သည်အထိ ဆိုးရွားနိုင်သည်။ - မျက်စိထိခိုက်ခြင်း
မျက်လုံးရောင်ခြင်း၊ မျက်လုံးခြောက်ခြင်း၊ အလင်းဒဏ်မခံနိုင်ခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး ပိုမိုပြင်းထန်သော အခြေအနေများတွင် အမြင်အာရုံ ထိခိုက်သည်အထိ ဖြစ်နိုင်သည်။ - ကိုယ်တွင်းအင်္ဂါများ ထိခိုက်ခြင်း
အောက်ဆီဂျင် လုံလောက်အောင် မရရှိသောကြောင့် လတ်တလော အဆုတ်လုပ်ငန်းများ ပျက်စီးခြင်း (acute respiratory failure) ဖြစ်ပေါ်လာနိုင်သည်။ အသည်းနှင့် ကျောက်ကပ်လုပ်ငန်းများလည်း ထိခိုက်ပျက်စီးနိုင်သည်။ - အရေပြားများ ရာသက်ပန် ထိခိုက်ပျက်စီးခြင်းတို့ ဖြစ်ကြသည်။
ထိုသို့ ဖြစ်ပြီးနောက် အရေပြားများ ပြန်လည်ရှင်သန်သောအခါ အဖုများ ဖြစ်ပေါ်ခြင်း၊ ပုံမှန်မဟုတ်သော အရောင်များ ပြောင်းလဲခြင်း (dyspigmentation) နှင့် အမာရွတ်များ ဖြစ်လာနိုင်သည်။ ကြာလာသောအခါ အမွေးများ ကျွတ်ထွက်ခြင်း၊ ခြေသည်း၊ လက်သည်းများ ယခင်ကဲ့သို့ မဖွံ့ဖြိုးနိုင်ခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်တွင်ဖော်ပြထားသော ရောဂါလက္ခဏာများ ဖြစ်ပေါ်လျှင် အရေးပေါ်အခြေအနေဖြစ်ပြီး ချက်ချင်းကုသမှု ရရှိနိုင်ရန် ဆေးရုံအရေးပေါ်ဌာနသို့ အမြန်ဆုံးသွားရောက်ကုသမှု ခံယူရန် လိုအပ်သည်။
ရောဂါရှာဖွေခြင်း
ရောဂါရှာဖွေရန် ရောဂါရာဇဝင်များ သေချာစွာ မေးမြန်းခြင်း၊ လက်ရှိသောက်နေသော (သို့မဟုတ်) ရပ်ထားသောဆေးများကို စစ်ဆေးခြင်းနှင့် ခန္ဓာကိုယ် စမ်းသပ်စစ်ဆေးခြင်းများပြုလုပ်ပြီး ရောဂါမသေချာပါက အရေပြားကို အသားစယူစစ်ဆေးနိုင်သည်။ အရေပြား၊ တစ်ရှူးနှင့် အရည်နမူနာယူပြီး ဓာတ်ခွဲခန်းပို့၍ ရောဂါပိုးမွေးစစ်ဆေးခြင်းများ ပြုလုပ်နိုင်သည်။ ထို့နောက် သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းများကို လိုအပ်သလို ပြုလုပ်နိုင်သည်။
ကုသခြင်း
ဤရောဂါသည် ဆေးရုံတက်ရောက်၍ (များသောအားဖြင့် အထူးကြပ်မတ်ကုသဆောင်တွင်) ကုသမှု ခံယူရန် လိုအပ်သည်။ ကုသမှု မခံယူလျှင် အသက်အန္တရာယ်ရှိနိုင်သည်။ ဆေးကြောင့်ဖြစ်ပါက သောက်နေသောဆေးကို ချက်ချင်းရပ်ရန် လိုအပ်သည်။ ထို့နောက် ရောဂါလက္ခဏာများ သက်သာစေရန် အောက်ပါကုသမှုများ ခံယူနိုင်သည်။
- ရေဓာတ်ခန်းခြောက်ခြင်းကို ကာကွယ်ရန် သွေးကြေားထဲသို့ အရည်ဖြည့်ပေးခြင်း
- အနာကို သေချာစွာ ကုသပေးခြင်း (မကောင်းသော အရေပြားများ ဖယ်ရှားခြင်း၊ အနာကို ဆေးထည့် ဖုံးအုပ်ခြင်း)
- နာကျင်မှုအတွက် အကိုက်အခဲပျောက်ဆေးများ ပေးခြင်း
- အရောင်ကျဆေးများပေးခြင်း
- လိုအပ်လျှင် ပဋိဇီဝပိုးသတ်ဆေးများပေးခြင်း
- စတီးရွိုက်နှင့် အင်မြူနိုဂလိုဗျူလင်များ ပေးခြင်း
- မျက်လုံးအတွက် မျက်ရည်တုများ၊ စတီးရွိုက်အစက်ချဆေး၊ ပိုးသတ်ဆေးအစက်ချဆေးများ ပေးခြင်းတို့ဖြင့် ကုသပေးနိုင်သည်။
ထိုသို့ ကုသမှုများခံယူပြီးလျှင် နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကိုလည်း သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် ပူးတွဲကုသမှုခံယူရန် လိုအပ်သည်။
- မျက်လုံးခြောက်ခြင်း၊ အမာရွတ်ဖြစ်ခြင်း၊ အမြင်အာရုံထိခိုက်ခြင်းတို့အတွက် မျက်စိအထူးကုဆရာဝန်များနှင့် ကုသမှုခံယူခြင်း
- အရေပြားအမာရွတ်များနှင့် အရေပြားအရောင် ပြောင်းလဲမှုများအတွက် အရေပြားအထူးကုဆရာဝန်များနှင့် ဆက်လက်ကုသမှုခံယူခြင်း
- ခံစားရသော စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအတွက် စိတ်ကျန်းမာရေး အထူးကုဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်ခြင်းတို့ ပြုလုပ်ရန် လိုအပ်သည်။
Stevens-Johnson ရောဂါကို ဖြစ်ပေါ်စေနိုင်သော အကြောင်းရင်းကို ဖယ်ရှားပြီးလျှင် အရေပြားတုံ့ပြန်မှုများ ရပ်တန့်ပြီး ရက်များစွာ ကြာသောအခါ အရေပြားအသစ်များ စတင်ဖြစ်ပေါ်လာသည်။ ပိုမိုပြင်းထန်သော အခြေအနေများတွင် လပေါင်းများစွာ ကြာနိုင်သည်။ ဆေးဝါးများသောက်ခြင်းကြောင့် ဖြစ်ပါက ဖြစ်စေသောဆေးဝါးကို သေချာစွာ မှတ်သားထားပြီး တစ်သက်လုံးရှောင်ကြဥ်ရန်နှင့် ဆေးရုံ၊ ဆေးခန်းသွားတိုင်း ဆရာဝန်ကို အသိပေးရန် လွန်စွာအရေးကြီးသည်။
ကာကွယ်ခြင်း
Stevens-Johnson ရောဂါ တစ်ကြိမ်ဖြစ်ဖူးပါက ဖြစ်စေသောအကြောင်းရင်း (အထူးသဖြင့် ဆေးဝါး) ကို အတိအကျမှတ်သားထားပြီး နောင်တွင် ထပ်မံမသုံးစွဲမိစေရန် တစ်သက်လုံးရှောင်ကြဉ်ရမည်။ ဆေးတစ်မျိုးမျိုးနှင့် ဓာတ်မတည့်ဖူးကြောင်း ဆရာဝန်များ၊ ဆေးဝါးကုသပေးသူများကို အသိပေးထားရန် အရေးကြီးသည်။ Stevens-Johnson ရောဂါသည် တချို့သော မျိုးဗီဇများနှင့် သက်ဆိုင်မှုရှိနိုင်သောကြောင့် မိသားစုဝင်တစ်ဦးဦးတွင် ထိုရောဂါဖြစ်ဖူးပါက မိသားစုအတွင်းရှိ အခြားသူများသည်လည်း ထိုဆေးဝါးနှင့် ဓာတ်မတည့်နိုင်သော အန္တရာယ်ရှိနိုင်သည်။ ထို့ကြောင့် ထိုဆေးမျိုးကို သတိပြု၍ ရှောင်ကြဉ်သင့်ပြီး ဆရာဝန်အား ကြိုတင်အသိပေးသင့်သည်။
HLA-B*1502 ဟုခေါ်သော မျိုးဗီဇအမျိုးအစားသည် အာရှမျိုးနွယ်စုတို့တွင် များစွာတွေ့ရသော ဗီဇတစ်ခုဖြစ်သည်။ ဤဗီဇရှိသူများသည် carbamazepine၊ phenytoin ကဲ့သို့သော အတက်ကျဆေးများသောက်သုံးလျှင် Stevens-Johnson syndrome (SJS) သို့မဟုတ် Toxic Epidermal Necrolysis (TEN) ကဲ့သို့ အသက်အန္တရာယ်ရှိသည့် ပြင်းထန်ဓာတ်မတည့်ခြင်းမျိုးဖြစ်နိုင်သည်။
အထူးသဖြင့် အောက်ပါမျိုးစုများတွင် HLA-B*1502 ရှိနိုင်သည်။
- တောင်အရှေ့အာရှ (မြန်မာ၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်)
- တောင်တရုတ်နှင့် ထိုင်ဝမ်
- အိန္ဒိယအချို့ဒေသများ
ထို့ကြောင့် Carbamazepine စတင်မသုံးမီ HLA-B*1502 စစ်ဆေးခြင်းသည် အထူးအရေးကြီးသည်။
သတိပြုရန်အချက်များ
- ဆေးအသစ်များ (အထူးသဖြင့်အထက်တွင်ဖေါ်ပြခဲ့သောဆေးများ) စတင်သောက်သုံးချိန်တွင် ဓာတ်မတည့်မှုလက္ခဏာများ (အနီစက်ထွက်ခြင်း၊ အဖုအပိမ့်များပေါ်ခြင်း) ရှိမရှိ သေချာစောင့်ကြည့်ပါ၊ သံသယရှိသည်နှင့် ဆေးရုံဆေးခန်း ချက်ချင်းပြသပါ
- ဆရာဝန်ညွှန်ကြားချက်မပါဘဲ မိမိသဘောဖြင့် ဆေးသောက်ခြင်းများ မပြုလုပ်ပါနှင့်
References:
- Stevens-Johnson syndrome – Symptoms & causes – Mayo Clinic. (2025). Mayo Clinic. Retrieved July 4, 2025, from https://www.mayoclinic.org/diseases-conditions/stevens-johnson-syndrome/symptoms-causes/syc-20355936
- Website, N. (2025). Stevens-Johnson syndrome. nhs.uk. Retrieved July 4, 2025, from https://www.nhs.uk/conditions/stevens-johnson-syndrome/
- Stevens-Johnson Syndrome. (2025). Cleveland Clinic. Retrieved July 4, 2025, from https://my.clevelandclinic.org/health/diseases/17656-stevens-johnson-syndrome
- Recommendations for HLA-B*1502 genotype testing prior to initiation of carbamazepine in new patients. (2013). HSA. https://www.hsa.gov.sg/announcements/safety-alert/recommendations-for-hla-b-1502-genotype-testing-prior-to-initiation-of-carbamazepine-in-new-patients
Published: 14 July 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.