နှုတ်ခမ်းရေယုန်သည် ရေယုန်ဗိုင်းရပ်စ် (Herpes simplex virus)ကြောင့်ဖြစ်သော အလွန်ကူးစက်လွယ်သည့် ရောဂါဖြစ်သည်။ နှုတ်ခမ်းရေယုန်သည် နှုတ်ခမ်းသားတစ်ဝိုက်တွင် တစ်ခါတစ်ရံ အစုလိုက် သို့မဟုတ် တစ်လုံးချင်းစီရှိတတ်သော သေးငယ်သည့် အရည်ကြည်ဖုလေးများအဖြစ် ပေါက်တတ်သည်။ ၎င်းအရည်ကြည်ဖုလေးများသည် အချိန်တစ်ခုကြာပြီးလျှင် ပေါက်သွားပြီးနောက် အနာဖေးသည် ရက်ပေါင်းမြောက်များစွာ ကျန်ရှိနိုင်သည်။ ပုံမှန်အားဖြင့် နှုတ်ခမ်းရေယုန်သည် (၂)ပတ် မှ (၃)ပတ်အတွင်း အမာရွတ်မကျန်ဘဲ ပျောက်ကင်းသက်သာနိုင်သည်။ နှုတ်ခမ်းရေယုန်သည် ပျောက်ကင်းအောင် ကုသနိုင်သောရောဂါ မဟုတ်ပါ။ ရောဂါဖြစ်ပွါးချိန်တွင်သာ လျင်မြန်စွာ သက်သာအောင် ပြုလုပ်နိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်း
နှုတ်ခမ်းရေယုန်သည် ရေယုန်ဗိုင်းရပ်စ်အမျိုးအစား (၁) ကြောင့်ဖြစ်သည်။ ပါးစပ်နှင့်ထိတွေ့ခြင်းမှ အများဆုံးကူးစက်ပြီး နှုတ်ခမ်းတစ်ဝိုက်တွင် နှုတ်ခမ်းရေယုန်များကို ဖြစ်စေသည်။ တစ်ကိုယ်ရေသုံးပစ္စည်းများ မျှဝေသုံးစွဲခြင်းမှလည်း ကူးစက်နိုင်သည်။ ကူးစက်နိုင်မှု အမြင့်ဆုံးအခြေအနေမှာ အရည်ကြည်ဖုများမှ ပေါက်ထွက်လာသည့်အရည်နှင့် ထိတွေ့မိခြင်းဖြစ်သည်။
အဆိုပါဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီးနောက် ရောဂါပိုးသည် မသေဘဲ အရေပြားတွင်ရှိသော အာရုံကြောဆဲလ်များထဲတွင် ကာလကြာရှည်စွာ ဆက်ရှိနေကြသည်။ ခန္ဓာကိုယ်အတွင်း ကိုယ်ခံအားကျဆင်းတတ်သည့်အချိန်များတွင် နှုတ်ခမ်းရေယုန်သည် မူလပေါက်သည့်နေရာတွင် အကြိမ်ကြိမ် ပြန်လည်ဖြစ်ပေါ် နိုင်သည်။
ထိုကဲ့သို့ နောက်တစ်ကြိမ် ဖြစ်ပေါ်စေသော အကြောင်းရင်းများမှာ_
- ဖျားနာခြင်း
- ခန္ဓာကိုယ်တွင်း ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း (ဥပမာ_ရာသီလာချိန်)
- စိတ်ဖိစီးမှုများခြင်း
- ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်နေခြင်း
- ကိုယ်ခံအားအပြောင်းအလဲဖြစ်ခြင်း
- အရေပြားထိခိုက်ဒဏ်ရာရခြင်းတို့ ဖြစ်သည်။
ရောဂါလက္ခဏာများ
နှုတ်ခမ်းရေယုန်ဖြစ်ပွါးပါက အောက်ဖော်ပြပါ အဆင့်အတိုင်း တစ်ဆင့်ပြီး တစ်ဆင့် ဖြစ်ပေါ်သည်။
အဆင့် (၁) ယားယံပြီး တစစ်စစ်နာကျင်မှုခံစားရခြင်း
နှုတ်ခမ်းနားတစ်ဝိုက်တွင် သေးငယ်သော အရည်ကြည်ဖုများ မပေါ်ခင် တစ်ရက်၊ နှစ်ရက်မတိုင်ခင်တွင် ယားယံခြင်း၊ ပူစပ်စပ်ဖြစ်ခြင်း၊ တစစ်စစ်နာကျင်ခြင်းတို့ကို ရှေးဦးစွာခံစားရသည်။
အဆင့် (၂) အရည်ကြည်ဖုများဖြစ်ပေါ်လာခြင်း
သေးငယ်သောအရည်ကြည်ဖုလေးများ ပေါ်လာသည်။ တစ်ခါတစ်ရံ နှာခေါင်း၊ ပါး၊ ပါးစပ်၏အတွင်းသားတွင်လည်း ဖြစ်ပွားတတ်သည်။
အဆင့် (၃) အရည်ကြည်ဖုများ ပေါက်ခြင်း၊ စိမ့်ခြင်း၊ အနာဖေးဖြစ်ခြင်း
အရည်ကြည်ဖုလေးများသည် ရက်အနည်းငယ်ကြာပြီးနောက် ပေါက်ထွက်သည်။ ပေါက်ပြီး အရည်ကြည်များ စိမ့်ထွက်ပြီးနောက် အနာဖေးကျန်ခဲ့သည်။
နှုတ်ခမ်းရေယုန်သည် အခြားသူထံမှကူးစက်ခံရပြီး ရက်သတ္တပတ်အတန်ကြာအထိ ရောဂါလက္ခဏာမပြဘဲ ရှိတတ်သည်။ လက္ခဏာစပြပြီးလျှင် ပျောက်ကင်းရန် (၂) ပတ် မှ (၃) ပတ်အထိ အချိန်ကြာတတ်သည်။
ပထမဦးဆုံးအကြိမ်ဖြစ်ပွားချိန်တွင် လူနာသည်
- ဖျားနာခြင်း
- သွားဖုံးနာခြင်း
- လည်ချောင်းနာခြင်း
- ခေါင်းကိုက်ခြင်း
- ကြွက်သားနာကျင်ကိုက်ခဲခြင်း
- ပြန်ရည်အကျိတ်များ ရောင်ရမ်းခြင်းတို့ ခံစားရနိုင်သည်။
နှုတ်ခမ်းရေယုန်သည် နောက်ပိုင်းထပ်မံဖြစ်ပွားခဲ့လျှင် ယခင်မူလ ဖြစ်ပွားသည့်နေရာတွင် ထပ်မံ ဖြစ်ပွားလေ့ရှိပြီး ပထမအကြိမ်လောက် ရောဂါလက္ခဏာ မပြင်းထန်တော့ပါ။ အသက် (၅) နှစ်အောက် ကလေးများတွင် နှုတ်ခမ်းရေယုန်သည် ပါးစပ်အတွင်းသားတွင် ဖြစ်လေ့ရှိသောကြောင့် ပါးစပ်အပူနာနှင့် မှားယွင်းနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
တစ်ချို့တွင် နှုတ်ခမ်းရေယုန်ကို ဖြစ်စေသောဗိုင်းရပ်စ်သည် နှုတ်ခမ်းတွင်သာမက အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းသို့ ပျံ့နှံ့သွားနိုင်သည်။
- လက်ချောင်းထိပ်များသို့ ပျံ့နှံ့ခြင်း
နှုတ်ခမ်းရေယုန် ဝေဒနာခံစားနေရသော ကလေးများတွင် ၎င်းတို့၏ လက်မနှင့် လက်ချောင်းလေးများကို ပါးစပ်ထဲထည့်ခြင်းအားဖြင့် ဗိုင်းရပ်စ်သည် လက်ချောင်းများထံ ပျံ့နှံ့သွားနိုင်သည်။ - မျက်လုံးထိခိုက်ခြင်း
ဗိုင်းရပ်စ်သည် တစ်ခါတစ်ရံ မျက်လုံးနာခြင်း၊ မျက်လုံးအနာဖြစ်ခြင်းကို ဖြစ်စေနိုင်သည်။ မကြာခဏ မျက်လုံးနာခြင်းသည် အမြင်အာရုံဆုံးရှုံးသည်အထိ ဖြစ်သွားနိုင်သည်။ - အရေပြားအနှံ့ ရေယုန်ပျံ့နှံ့ခြင်း
နှင်းခူနာရှိသောသူသည် နှုတ်ခမ်းရေယုန် ထပ်မံကူးစက်ခံရပါက တစ်ကိုယ်လုံးထိ ပျံ့နှံ့သွားနိုင်သည်။ ၎င်းအခြေအနေသည် ဆေးရုံသို့အရေးပေါ်သွားရန် လိုအပ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
နှုတ်ခမ်းရေယုန်သည် ကုသမှုမခံယူသော်လည်း ပျောက်ကင်း သက်သာနိုင်သည်။ သို့သော် လူနာသည်
- ရောဂါလျင်မြန်စွာ သက်သာလိုလျှင်
- ကိုယ်ခံအား အားနည်းစေသော ရောဂါအခံရှိလျှင်
- (၂) ပတ်အတွင်း ရောဂါမသက်သာလျှင်
- လက္ခဏာများ ပိုမိုဆိုးရွားလာလျှင်
- ရောဂါပြန်ဖြစ်မှု အကြိမ်ရေ စိပ်လာလျှင်
- မျက်လုံးများပါ နာကျင်ကိုက်ခဲလာလျှင် မိမိ၏ မိသားစုဆရာဝန်နှင့် တိုင်ပင်ကာ ကုသမှုခံယူသင့်သည်။
ရောဂါရှာဖွေခြင်း
နှုတ်ခမ်းရေယုန်ရောဂါသည် လူနာ၏ရောဂါရာဇဝင်ကို သေချာမေးမြန်းခြင်း၊ လူနာအားစမ်းသပ် စစ်ဆေးခြင်းဖြင့် သိရှိနိုင်သည်။
ကုသခြင်း
အထက်ဖော်ပြပါအတိုင်း နှုတ်ခမ်းရေယုန်သည် ဆေးကုသမှုမခံယူဘဲ (၂)ပတ် မှ (၃)ပတ်အတွင်း ပျောက်ကင်းသက်သာသွားနိုင်သည်။ သို့သော် လျင်မြန်စွာပျောက်ကင်းရန်အတွက် ရေယုန်ဗိုင်းရပ်စ် ပိုးသေဆေးများကို လိမ်းဆေးအနေနှင့် အသုံးပြုနိုင်ရန် ဆရာဝန်မှ ညွှန်ကြားလိမ့်မည်။ နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားပါက သောက်ဆေး (သို့မဟုတ်) ထိုးဆေးများ အသုံးပြုရန် ဆရာဝန်မှ ညွှန်ကြားလိမ့်မည်။
ကာကွယ်ခြင်း
ကူးစက်မှုကို ကာကွယ်နိုင်ရန်နှင့် သူတစ်ပါးအား မကူးစက်နိုင်ရန်အတွက်
- ရောဂါခံစားနေရချိန် (အရည်ကြည်ဖုများရှိချိန်)တွင် မိမိချစ်ခင်သူများကို နမ်းခြင်းမှ ရှောင်ကြဉ်ရန်
- ရောဂါခံစားရသူနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ မျှဝေသုံးစွဲခြင်းကို ရှောင်ကြဉ်ရန်
- ရောဂါခံစားနေရချိန်တွင် လက်ကိုသန့်ရှင်းအောင် မကြာခဏဆေးကြောရန် လိုအပ်သည်။
မကြာခဏ ဖြစ်ပွားခြင်းကိုလျှော့ချနိုင်ရန် နှင့် ပိုမိုဆိုးဝါးသော နောက်ဆက်တွဲပြဿနာများ မဖြစ်ရန် မိသားစုဆရာဝန်နှင့် တိုင်ပင်ပြီး ဗိုင်းရပ်စ်ပိုးသေစေသော ဆေးများကို ရက်ရှည် သောက်သုံးနိုင်သည်။
နှုတ်ခမ်းရေယုန်ကို ဖြစ်စေတတ်သော အခြေအနေများကို ရှောင်ရှားရန် လိုအပ်သည်။
- နေပူထဲသို့ မထွက်ခြင်း
- နေပူထဲ ထွက်သောအခါ နေရောင်ကာလိမ်းဆေး လိမ်းခြင်း
- စိတ်ဖိစီးမှုအား လျှော့ချခြင်းများ ပြုလုပ်နိုင်သည်။
References:
- Cold sore – Symptoms and causes. (n.d.). Mayo Clinic. Retrieved June 9,2024, from https://www.mayoclinic.org/diseases-conditions/cold-sore/symptoms-causes/syc-20371017
- King, L. M., PhD. (2024). Oral Herpes: Causes, Symptoms, & Treatment. WebMD. Retrieved June 9,2024, from https://www.webmd.com/a-to-z-guides/oral-herpes
- World Health Organization: WHO & World Health Organization: WHO. (2024). Herpes simplex virus. Retrieved June 9,2024, from https://www.who.int/news-room/fact-sheets/detail/herpes-simplex-virus
Published: 30 August 2024
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.