Trachoma (မျက်ခမ်းစပ်ရောဂါ)

Trachoma (မျက်ခမ်းစပ်ရောဂါ)

မျက်ခမ်းစပ်ရောဂါ (Trachoma) ဆိုသည်မှာ ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် မျက်စိကိုထိခိုက်စေသည့် ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ မျက်ခမ်းစပ်ရောဂါသည် ကမ္ဘာပေါ်ရှိ ကာကွယ်၍ရသော မျက်စိကွယ်ခြင်းများ ဖြစ်ပွါးစေသည့် အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်ချက်အရ မျက်ခမ်းစပ်ရောဂါကြောင့် လူဦးရေပေါင်း (၁.၈) သန်း အမြင်အာရုံချို့ယွင်းခဲ့ပြီး၊ ထိုအထဲမှ လူပေါင်း (၄၅၀,၀၀၀) ခန့်သည် လုံးဝမျက်စိကွယ်သွားကြသည်။ နိုင်ငံပေါင်း (၄၀) ကျော်မှ မျက်ခမ်းစပ်‌ရောဂါကို ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ် သတ်မှတ်ထားသည်။

ရောဂါဖြစ်ပွါးမှုသည် အာဖရိကတိုက်၏ ဆင်းရဲသောဒေသများတွင် အများဆုံးဖြစ်ပွါးပြီး အဆိုပါဒေသများတွင် ရောဂါရှိသူ (၈၅%) ခန့် နေထိုင်လျက်ရှိကြသည်။ မျက်ခမ်းစပ်‌ရောဂါ ဖြစ်ပွါးသော အခြားဒေသများမှာ အရှေ့တောင်အာရှ၊ ဩစတြေးလျ၊ အရှေ့အလယ်ပိုင်း‌ဒေသများနှင့် တောင်အမေရိကတို့ဖြစ်သည်။ ကမ္ဘာပေါ်တွင် သန့်ရှင်းသောရေနှင့် မိလ္လာစနစ် မရရှိနိုင်သည့် ဆင်းရဲနွမ်းပါး‌‌ ကျေးလက်ဒေသများ၊ လူဦးရေထူထပ်သည့်နေရာများတွင် အတွေ့ရများသော ရောဂါတစ်ခုဖြစ်သည်။

trachoma image 1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

မျက်ခမ်းစပ်ရောဂါသည် Chlamydia trachomatis ဘက်တီးရီးယားပိုး၏ မျိုးကွဲတစ်ခုကြောင့် ဖြစ်ပွါးသည်။ ထိုဘက်တီးရီးယားပိုး၏ အချို့မျိုးကွဲများသည် လိင်မှတစ်ဆင့် ကူးစက်တတ်သော (Chlamydia) ရောဂါကိုလည်း ဖြစ်စေနိုင်သည်။

ကူးစက်ပုံ

မျက်ခမ်းစပ်ရောဂါသည် အလွန်ကူးစက်လွယ်သော ရောဂါတစ်မျိုးဖြစ်သည်။ ရောဂါပိုးရှိသူတစ်ဦး၏ မျက်လုံးမှထွက်သော အရည် သို့မဟုတ် နှာရည်၊ တံတွေး စသည်တို့ အခြားသူများ၏မျက်လုံးများနှင့် ထိတွေ့ရာမှ ကူးစက်နိုင်သည်။ ရောဂါပိုးနှင့်ထိတွေ့ထားသော အဝတ်အစား၊ အသုံးအဆောင်များ၊ မျက်နှာသုတ်ပဝါများ ကိုင်တွယ်မိပြီးနောက် ထိုထိတွေ့သည့် လက်များမှတစ်ဆင့်လည်း ရောဂါကူးစက်နိုင်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ယင်ကောင်များမှတစ်ဆင့် ရောဂါကူးစက်ခြင်းသည်လည်း အရေးကြီးသော အချက်တစ်ခုဖြစ်သည်။

ဖြစ်ပွါးနိုင်ခြေ မြင့်မားစေသော အကြောင်းရင်းများ

မျက်ခမ်းစပ်‌ရောဂါ ကူးစက်နိုင်ခြေမြင့်စေသော အကြောင်းရင်းများမှာ_

  • လူနေထူထပ်သော ပတ်ဝန်းကျင် _ လူတစ်ဦးနှင့်တစ်ဦး နီးကပ်စွာ နေထိုင်ကြသောအခါ ရောဂါကူးစက်ပျံ့နှံ့ရန် အန္တရာယ်ပိုများသည်
  • တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်း _ သန့်ရှင်းရေး အားနည်းခြင်း၊ ရေကောင်းရေသန့် မလုံလောက်ခြင်း၊ မျက်နှာ သို့မဟုတ် လက်များ မသန့်ရှင်းခြင်းစသည့် တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းများသည် ရောဂါပြန့်ပွါးမှုကို အားပေးသည်
  • အသက်အရွယ် _ ရောဂါဖြစ်ပွါးမှုများသော ဒေသများတွင် အသက် (၄)နှစ် မှ (၆)နှစ်ကြား ကလေးငယ်များတွင် အဖြစ်အများဆုံးဖြစ်သည်
  • ကျား/မ _ အချို့ဒေသများတွင် အမျိုးသမီးများ၏ ရောဂါကူးစက်ခံရနှုန်းသည် အမျိုးသားများထက် နှစ်ဆ မှ ခြောက်ဆအထိ ပိုများသည်
  • ယင်ကောင်များ _ ယင်ကောင်ပေါက်ပွါးမှုကို ထိန်းချုပ်ရန်ခက်ခဲသော ဒေသများတွင် နေထိုင်သူများသည် ရောဂါကူးစက်ခံရနိုင်ခြေ ပိုများသည်
ရောဂါလက္ခဏာများ

မျက်ခမ်းစပ် ရောဂါလက္ခဏာများသည် အများအားဖြင့် မျက်လုံးနှစ်ဖက်လုံးကို ထိခိုက်တတ်ပြီး အတွေ့ရများသောလက္ခဏာများမှာ_

  • မျက်လုံးနှင့် မျက်ခွံများ ယားယံခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း
  • မျက်လုံးမှ မျက်ဝတ်ထွက်ခြင်း သို့မဟုတ် ပြည်ထွက်ခြင်း
  • မျက်ခွံရောင်ရမ်းခြင်း
  • အလင်းရောင်ဒဏ်မခံနိုင်ခြင်း (photophobia)
  • မျက်လုံးနာခြင်း
  • မျက်လုံးနီရဲခြင်း
  • အမြင်အာရုံ ချို့ယွင်းခြင်း တို့ဖြစ်ကြသည်။

ကလေးငယ်များသည် ငယ်ရွယ်စဥ်မှပင် ရောဂါပိုးကူးစက်ခံရသော်လည်း အချို့ရောဂါလက္ခဏာများသည် အရွယ်ရောက်ပြီးမှ တဖြည်းဖြည်း ပေါ်လာနိုင်သည်။

ရောဂါအဆင့်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မျက်ခမ်းစပ်ရောဂါဖြစ်ပွါးပုံကို အဆင့်ငါးဆင့် သတ်မှတ်ထားသည်။

  • မွေးညှင်းပေါက်များရောင်ရမ်းခြင်း (Follicular Inflammation)
    ကူးစက်မှုအစောပိုင်းတွင် မျက်ခွံအပေါ်ပိုင်း (conjunctiva) ၏ အတွင်းဘက်မျက်နှာပြင်တွင်ရှိသော မွေးညှင်းပေါက်ငယ် (follicles) (၅) ခုနှင့်အထက်တွင် ရောင်ရမ်းမှုများ ဖြစ်ပေါ်သည်။
  • ပြင်းထန်စွာ ရောင်ရမ်းခြင်း (Intense inflammation)
    ဤအဆင့်တွင် မျက်လုံးမှရောဂါပိုးသည် တခြားသူထံ ကူးစက်နိုင်စွမ်း မြင့်မားပြီး၊ မျက်စိအလွန်ယားယံ၍ မျက်ခွံအပေါ်ပိုင်း ထူလာခြင်း သို့မဟုတ် ရောင်ရမ်းခြင်း ဖြစ်ပေါ်သည်။
  • မျက်ခွံတွင် အမာရွတ်များ ဖြစ်ခြင်း (Eyelid scarring)
    ထပ်ခါထပ်ခါ ပိုးဝင်၍ ရောင်ရမ်းမှုများ ဖြစ်သောကြောင့် မျက်ခွံအတွင်းပိုင်းတွင် အမာရွတ်များ ဖြစ်ပေါ်လာသည်။ ထိုအမာရွတ်များကို ပုံကြီးချဲ့ကြည့်လျှင် အဖြူရောင်အစင်းကြောင်းများအဖြစ် မြင်ရသည်။ နောက်ဆက်တွဲအနေဖြင့် မျက်ခွံ ပုံပျက်သွားနိုင်ပြီး အတွင်းဘက်သို့ ဝင်သွားကာ Entropion ဟုခေါ်သော အခြေအနေဖြစ်လာသည်။
  • မျက်တောင်များ အတွင်းဘက် ကုပ်ဝင်ခြင်း (Trichiasis)
    အပေါ်မျက်ခွံအတွင်းဘက်ရှိ အမာရွတ်များကြောင့် မျက်ခွံပုံသဏ္ဌာန် တဖြည်းဖြည်းပျက်စီးလာကာ မျက်တောင်များကိုပါ အတွင်းဘက်သို့ စိုက်ဝင်သွားစေပြီး မျက်လုံး၏ အပြင်ဘက်မျက်ကြည်လွှာ (Cornea) ကို ပွတ်တိုက်ခြစ်ခြင်းများ ဖြစ်လာသည်။
  • မျက်ကြည်လွှာ ကြည်လင်မှုလျော့လာခြင်း (Opacity)
    မျက်ကြည်လွှာသည် အထပ်ထပ် ရောင်ရမ်းခြင်းနှင့် အတွင်းဘက်ကုပ်ဝင်နေသော မျက်တောင်များ၏ ပွတ်တိုက်ခြစ်မိမှုများကြောင့် မျက်ကြည်လွှာကြည်လင်မှု လျော့နည်းလာသည်။ ထူထဲဝေဝါးလာသည်။

မျက်ခမ်းစပ်ရောဂါ၏ မျက်ခွံ‌ရောင်ရမ်းခြင်းသည် အောက်မျက်ခွံထက် အပေါ်မျက်ခွံများတွင် ပို၍ပြင်းထန်သည်။ ကလေးအရွယ်တွင် ကုသမှုမခံယူခဲ့ပါက အသက်အရွယ်ကြီးလာလျှင် ရောဂါလက္ခဏာများ ပိုမိုဆိုးရွားလာနိုင်သည်။

နောက်ဆက်တွဲပြဿနာများ

မျက်ခမ်းစပ်ရောဂါသည် ပထမဆုံးအကြိမ်ဖြစ်ပွါးချိန်တွင် စောစီးစွာသိရှိပြီး ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသလျှင် အလွယ်တကူ ပျောက်ကင်းနိုင်သည်။ သို့ရာတွင် ဒုတိယအကြိမ် ကူးစက်ခံရလျှင် သို့မဟုတ် ရောဂါထပ်ခါထပ်ခါ ကူးစက်ခြင်းများဖြစ်လျှင် အောက်ပါနောက်ဆက်တွဲပြဿနာများ ဖြစ်လာနိုင်သည်။

  • မျက်ခွံအတွင်းဘက်တွင် အမာရွတ်များဖြစ်ခြင်း
  • မျက်ခွံပုံသဏ္ဌာန် ပျက်ယွင်းခြင်း
  • မျက်ခွံ အတွင်းဘက်သို့ကုပ်ဝင်ခြင်း (Entropion) သို့မဟုတ် မျက်တောင်များ မျက်လုံးထဲစိုက်ဝင်ခြင်း (Trichiasis) တို့ကြောင့် မျက်ကြည်လွှာကို ခြစ်မိပြီး ထိခိုက်စေခြင်း
  • မျက်ကြည်လွှာတွင် အမာရွတ်များဖြစ်ခြင်း သို့မဟုတ် မျက်ကြည်လွှာဝါးခြင်း
  • မျက်စိအမြင်အာရုံ ချို့တဲ့ခြင်း သို့မဟုတ် အမြင်အာရုံ လုံးဝဆုံးရှုံးခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ မျက်ခမ်းစပ်‌ရောဂါ ကူးစက်နိုင်ခြေ မြင့်စေသောအခြေအနေများတွင် မျက်လုံး ယားယံခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း သို့မဟုတ် မျက်လုံးမှ မျက်ဝတ်များထွက်ခြင်း စသည့်လက္ခဏာများရှိလျှင် မိသားစုဆရာဝန်၊ မျက်စိအထူးကုဆရာဝန်များနှင့် ပြသတိုင်ပင်သင့်သည်။ အထူးသဖြင့် မျက်ခမ်းစပ်ရောဂါ အဖြစ်များသောဒေသများတွင် နေထိုင်ခြင်း သို့မဟုတ် မကြာသေးခင် ထိုဒေသများကို ခရီးသွားခဲ့လျှင် ပို၍ဂရုစိုက်သင့်သည်။ မျက်ခမ်းစပ်ရောဂါသည် ကူးစက်တတ်သောရောဂါ ဖြစ်သောကြောင့် တတ်နိုင်သမျှ အမြန်ဆုံးကုသမှုခံယူခြင်းသည် ပြင်းထန်သော ရောဂါကူးစက်မှုကို ကာကွယ်နိုင်သည်။

ရောဂါရှာဖွေခြင်း

မျက်စိအထူးကုဆရာဝန်များသည် မျက်စိစစ်ဆေးမှုများမှတစ်ဆင့် မျက်ခမ်းစပ်ရောဂါအများစုကို အလွယ်တကူ ရှာဖွေဖော်ထုတ်နိုင်သည်။ ရောဂါရှာဖွေရာတွင် မျက်ခမ်းစပ်ရောဂါ၏ လက္ခဏာများဖြစ်သော အောက်ပါအချက်များကို အဓိကထား ကြည့်ရှုစစ်ဆေးသည်။

  • အပေါ်မျက်ခွံကို လှန်၍ အတွင်းဘက်မျက်နှာပြင်တွင် အဖြူရောင်အစင်းကြောင်းများကဲ့သို့သော အမာရွတ်များ ရှိမရှိ စစ်ဆေးခြင်း
  • မျက်ကြည်လွှာပေါ်တွင် ပုံမှန်မဟုတ်သော သွေးကြောအသစ်များ ပေါ်လာခြင်း ရှိမရှိ ကြည့်ရှုခြင်း
  • မျက်တောင်များ အတွင်းဘက်သို့ ကုပ်ဝင်ပြီး မျက်လုံးမျက်နှာပြင်ကို စိုက်မိနေခြင်း ရှိမရှိ ဆန်းစစ်ခြင်း
စစ်ဆေးမှုများ
  • မျိုးဗီဇဓာတ်ခွဲစစ်ဆေးခြင်း (NAAT / PCR) – ရောဂါလက္ခဏာ မထင်ရှားသော အစောပိုင်းအဆင့်များတွင် မျက်ခွံအတွင်းပိုင်းကို ဂွမ်းစ (Swab) ဖြင့် အသာပွတ်ဆွဲကာ မျိုးဗီဇစစ်ဆေးခြင်းနည်းပညာ (PCR) ဖြင့် ဘက်တီးရီးယားပိုး ရှိမရှိ တိကျသေချာစွာ ဓာတ်ခွဲရှာဖွေခြင်း
  • ဒီဂျစ်တယ်နည်းပညာနှင့် AI အသုံးပြုခြင်း – ဝေးလံခေါင်ဖျားသော ဒေသများတွင် စမတ်ဖုန်းကင်မရာဖြင့် မျက်လုံးဓာတ်ပုံရိုက်ယူပြီး ဉာဏ်ရည်တု (AI) စနစ်သုံး ဆော့ဖ်ဝဲများဖြင့် ရောဂါအဆင့်နှင့် မျက်တောင်ကုပ်ခြင်းလက္ခဏာများကို စောစီးစွာ ကြိုတင်ဆန်းစစ်သည့် ခေတ်မီနည်းပညာများကိုလည်း လက်ရှိတွင် ထည့်သွင်းအသုံးပြုနေကြပြီဖြစ်သည်
ကုသခြင်း

မျက်ခမ်းစပ်ရောဂါကုသခြင်းသည် ရောဂါ၏လက်ရှိအဆင့်နှင့် ပြင်းထန်မှုအပေါ် မူတည်၍ ကွာခြားမှုရှိသည်။

  1. ဆေးဝါးများဖြင့် ကုသခြင်း
    ရောဂါအစောပိုင်းအဆင့်များတွင် ဘက်တီးရီးယားပိုးကို အမြစ်ဖြတ်ရန် ပဋိဇီဝပိုးသတ်ဆေးများကို အသုံးပြုနိုင်သည်။
    • Azithromycin သောက်ဆေး – တစ်ကြိမ်တည်းသောက်ရုံဖြင့် ထိရောက်မှုရှိပြီး အဓိကအသုံးပြုသော ဆေးဝါးဖြစ်သည်
    • Tetracycline eye ointment မျက်စဥ်းဆေး – သောက်ဆေး မသောက်နိုင်သေးသော မွေးကင်းစကလေးငယ် သို့မဟုတ် ကိုယ်ဝန်ဆောင်များတွင် အဓိကအသုံးပြုသည်
    • အုပ်စုလိုက် ဆေးတိုက်ကျွေးခြင်း (Mass Drug Administration – MDA) – ရောဂါပိုးပြန့်ပွားမှုမြင့်မားသော ဒေသများ (ဥပမာ_ ကလေးငယ်များ၏ ၁၀% ကျော် ရောဂါကူးစက်ခံရသောဒေသ) တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ လမ်းညွှန်ချက်အတိုင်း တစ်ဒေသလုံးရှိ ရောဂါထိတွေ့နိုင်ခြေ များသော လူအားလုံးကို ပဋိဇီဝဆေးများ အစုလိုက် တိုက်ကျွေးခြင်းဖြင့် ရောဂါကူးစက်မှုကို အမြစ်ဖြတ် ရပ်တန့်နိုင်သည်
  2. ခွဲစိတ်ကုသခြင်း
    ရောဂါအဆင့် ပြင်းထန်လာကာ မျက်တောင်များ အတွင်းဘက်သို့ ကုပ်ဝင်ပြီး မျက်ကြည်လွှာကို ပွတ်တိုက်မိနေသည့် အခြေအနေများ (Trichiasis) တွင် မျက်စိကွယ်ခြင်းမှ ကာကွယ်ရန် ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သည်။
    • မျက်ခွံတည်ဆောက်ပုံ ပြုပြင်ခြင်း ခွဲစိတ်မှု (PLTR / BTR Surgery)
      • ယခင်က အသုံးပြုသော Bilamellar Tarsal Rotation (BTR) နည်းလမ်းအပြင် ယခုအခါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ နောက်ဆက်တွဲ ရောဂါပြန်ဖြစ်နိုင်ခြေ ပိုမိုနည်းပါးသည့် Posterior Lamellar Tarsal Rotation (PLTR) ခွဲစိတ်မှုနည်းလမ်းသစ်ကို ပိုမိုဦးစားပေး လမ်းညွှန်လာသည်
      • ဤခွဲစိတ်မှုသည် အမာရွတ်များကြောင့် အတွင်းကုပ်နေသော မျက်ခွံကို အပြင်ဘက်သို့ ပြန်လည်လှည့်ပေးခြင်းဖြင့် မျက်တောင်များ မျက်ကြည်လွှာကို ခြစ်မိခြင်းကို သက်သာစေပြီး အမာရွတ်ထပ်မံ ဖြစ်ပေါ်ခြင်းနှင့် မျက်စိအမြင်အာရုံ ထပ်မံဆုံးရှုံးခြင်းကို အထိုက်အလျောက် ကာကွယ်ပေးနိုင်သည်
    • မျက်တောင်ဖယ်ရှားခြင်း (Epilation & Advanced techniques)
      • မျက်လုံးထဲ စိုက်ဝင်နေသည့် မျက်တောင် အရေအတွက် အနည်းငယ်သာ ရှိပါက ကိရိယာဖြင့် နှုတ်ပစ်ခြင်းအပြင် မျက်တောင်မြစ်ကို လျှပ်စစ် သို့မဟုတ် လေဆာဖြင့် အမြစ်ပြတ်ဖျက်ဆီးခြင်း (Electrolysis / Cryotherapy) စသည့် နည်းလမ်းသစ်များကိုလည်း ပြုလုပ်နိုင်သည်
    • မျက်ကြည်လွှာ အစားထိုးကုသခြင်း (Corneal Transplant)
      • မျက်ကြည်လွှာ အလွန်ဝေဝါးပျက်စီးပြီး အမြင်အာရုံ ဆုံးရှုံးလုနီးပါးဖြစ်သော နောက်ဆုံးအဆင့်လူနာများတွင် အမြင်အာရုံ ပြန်လည်ကောင်းမွန်လာစေရန် မျက်ကြည်လွှာ အစားထိုးခွဲစိတ်မှုကို လုပ်ဆောင်နိုင်သည်
ကာကွယ်ခြင်း

မျက်ခမ်းစပ်ရောဂါကို ဆေးကုသပြီးသည့်တိုင် ရောဂါပိုးပြန်ကူးစက်နိုင်ခြေ အမြဲရှိသည်။ မျက်ခမ်းစပ်ရောဂါအတွက် ကာကွယ်ဆေး မရှိသေးပါ။ မိမိအပါအဝင် မိသားစုနှင့် ဘေးပတ်ဝန်းကျင်ကို ရောဂါကူးစက်မှု ကာကွယ်ရန်မှာ ရောဂါဖြစ်ပွါးမှု ရှိမရှိ စစ်ဆေးပြီး လိုအပ်ပါက ကုသမှုခံခြင်းသည် အရေးကြီးသည်။ မျက်ခမ်းစပ်ရောဂါ အဖြစ်များသောဒေသများတွင် ရေရရှိမှုနှင့် မိလ္လာစနစ်ဝန်ဆောင်မှုများကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်ခြင်းသည် ရောဂါကို ရပ်တန့်ရန် အဓိကသော့ချက်ဖြစ်သည်။ အခြားနည်းဗျူဟာများမှာ လူနေထူထပ်သော နေအိမ်အခြေအနေများကို တိုးတက်အောင်လုပ်ဆောင်ခြင်းနှင့် ယင်ကောင်များကို ဖယ်ရှားပစ်ခြင်းတို့ဖြစ်သည်။

မှန်ကန်သော တစ်ကိုယ်ရေသန့်ရှင်းမှု အလေ့အကျင့်များ
  • တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပါ
  • မျက်နှာနှင့် လက်များကို ကောင်းစွာဆေးကြောပါ
  • မျက်နှာသုတ်ပဝါ သို့မဟုတ် အိပ်ရာခင်းများ မျှဝေသုံးစွဲခြင်းကို ရှောင်ကြဉ်ပါ
  • ဖြစ်နိုင်လျှင် ယင်ကောင်များရှိသော နေရာများကို ရှောင်ရှားပါ
  • စွန့်ပစ်ပစ္စည်း စနစ်တကျစီမံခန့်ခွဲခြင်း ပြုလုပ်ပါ
  • ရေကောင်း‌ရေသန့်ရရှိမှု ပိုမိုကောင်းမွန်စေရန် စီစဥ်ဆောင်ရွက်ပါ
WHO ၏ SAFE မဟာဗျူဟာ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် (၂၀၂၀) ပြည့်နှစ်တွင် မျက်ခမ်းစပ်ရောဂါ အမြစ်ဖြတ်ရန် ရည်မှန်းချက်ဖြင့် ကာကွယ်ရေး မဟာဗျူဟာတစ်ခုကို ရေးဆွဲခဲ့သည်။ SAFE ဟု အမည်ပေးထားသော ထိုမဟာဗျူဟာတွင် အောက်ပါအချက်များ ပါဝင်သည်။

  • Surgery (ခွဲစိတ်ကုသခြင်း) – မျက်ခမ်းစပ်ရောဂါ၏ နောက်ဆက်တွဲလက္ခဏာများကို ခွဲစိတ်ကုသခြင်း
  • Antibiotics (ပဋိဇီဝဆေးများ) – ရောဂါပိုးကို ကုသရန်နှင့် ကာကွယ်ရန် ပဋိဇီဝပိုးသတ်ဆေးများ ပေးခြင်း
  • Facial cleanliness (မျက်နှာသန့်ရှင်းရေး) – မျက်နှာကို သန့်ရှင်းစေရန် ဂရုပြုထိန်းသိမ်းခြင်း
  • Environmental improvements (ပတ်ဝန်းကျင် တိုးတက်ကောင်းမွန်ရေး) – အထူးသဖြင့် ရေ၊ မိလ္လာစနစ်နှင့် ယင်ကောင်ထိန်းချုပ်ရေးတို့တွင် ပတ်ဝန်းကျင်ဆိုင်ရာအခြေအနေများ တိုးတက်ကောင်းမွန်အောင် ပြုလုပ်ခြင်းတို့ ပါဝင်သည်။

References:

  1. American Academy of Ophthalmology. (n.d.). What is trachoma? Retrieved May 30, 2026, from https://www.aao.org/eye-health/diseases/what-is-trachoma
  2. Cleveland Clinic. (n.d.). Trachoma. Retrieved May 30, 2026, from https://my.clevelandclinic.org/health/diseases/25148-trachoma
  3. Mayo Clinic. (n.d.). Trachoma: Symptoms and causes. Retrieved May 30, 2026, from https://www.mayoclinic.org/diseases-conditions/trachoma/symptoms-causes/syc-20378505
  4. Sightsavers. (n.d.). Trachoma. Retrieved May 30, 2026, from https://www.sightsavers.org/eye-conditions/trachoma/

Published: 26 June 2025

Last updated: 13 August 2026

Share

26 June 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.