Hypospadias (မွေးရာပါ ဆီးထွက်ပေါက် နေရာလွဲခြင်း)

Hypospadias (မွေးရာပါ ဆီးထွက်ပေါက် နေရာလွဲခြင်း)

မွေးရာပါ ဆီးထွက်ပေါက် နေရာလွဲခြင်း (Hypospadias) ဆိုသည်မှာ ဆီးထွက်ပေါက်သည် လိင်တံထိပ်တွင်မရှိဘဲ ဆီးစွန့်ပြွန်နှင့် လိင်တံထိပ်အရေပြားတို့သည်လည်း ကောင်းစွာဖွံ့ဖြိုးမှုမရှိသော မွေးရာပါ အခြေအနေတစ်ခုဖြစ်ပြီး ခွဲစိတ်ကုသခြင်းဖြင့် ပျောက်ကင်းနိုင်သည်။ မွေးကင်းစယောကျာ်းလေး အယောက် (၁၅၀) တွင် တစ်ယောက်နှုန်း ဖြစ်ပွားလေ့ရှိသည်။ မွေးရာပါ ဆီးထွက်ပေါက် နေရာလွဲသည့် ကလေးများသည် ခက်ခဲနာကျင်မှု မရှိဘဲ ဆီးသွားနိုင်ကြသည်။ အချို့ကလေးများတွင် အူကျွံခြင်း (Hernia) သို့မဟုတ် ဝှေးစေ့သည် ကပ်ပယ်အိတ်ထဲသို့ အလုံးစုံမကျဆင်းခြင်း (Undescended testis) စသည့်အခြေအနေများနှင့် တွဲ၍တွေ့ရသည်။ မွေးရာပါ ဆီးထွက်ပေါက် နေရာလွဲခြင်းကို မွေးစအချိန်၌ ရှာဖွေတွေ့ရှိနိုင်သော်လည်း အချို့တွင် အချိန်အတော်ကြာမှ သတိထားမိသည်များလည်းရှိသည်။ သို့သော် ကုသမှုမရှိပါက နောက်ပိုင်း ဆီးသွားရာတွင် ပြဿနာရှိလာခြင်းနှင့် လူကြီးဘဝတွင် လိင်ဆက်ဆံရာ၌ အခက်အခဲရှိခြင်းများ ဖြစ်ပေါ်လာနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

မွေးရာပါ ဆီးထွက်ပေါက် နေရာလွဲခြင်းကို ဖြစ်စေသော အကြောင်းရင်းကို အတိအကျမသိနိုင်ပါ။ သို့သော် သန္ဓေသားဖွံ့ဖြိုးကြီးထွားမှုဖြစ်စဥ်တွင် ဆီးအိမ်မှ လိင်တံထိပ်ထိ ဆက်သွယ်ထားသော ဆီးစွန့်ပြွန် အဆုံးပိုင်းသည် ကောင်းစွာဖြစ်ပေါ်ခြင်းမရှိဘဲ ဆီးထွက်ပေါက် နေရာမှားယွင်းစွာ ဖြစ်ပေါ်တည်ရှိလာသောကြောင့်ဖြစ်သည်။ အောက်တွင်ဖော်ပြထားသော အကြောင်းအရာများသည် မွေးရာပါ ဆီးထွက်ပေါက် နေရာလွဲခြင်း ဖြစ်နိုင်ခြေမြင့်မားမှုနှင့် ဆက်စပ်သည်ကို တွေ့ရသော်လည်း အကြောင်းရင်းမရှိဘဲဖြစ်ပွားသည်က ပို၍များသည်။

  • ဖခင် သို့မဟုတ် အစ်ကိုတွင် အဆိုပါရောဂါရှိခြင်း
  • ပေါင်မပြည့် လမစေ့ ကလေးဖြစ်ခြင်း
  • ဖန်ပြွန်သန္ဓေသား နည်းပညာဖြင့် ကိုယ်ဝန်ယူထားခြင်း
  • ကိုယ်ဝန်မဆောင်မီ သို့မဟုတ် ဆောင်နေစဥ် မိခင်သည် ဟော်မုန်းဆေးများသုံးခြင်း (ဥပမာ_ပရိုဂျက်စတီရုန်း)
  • ကိုယ်ဝန်ဆောင်စဥ် ဆေးလိပ်သောက်ခြင်း
  • ကိုယ်ဝန်ဆောင်စဥ် ဓာတုပစ္စည်းများ သို့မဟုတ် ပိုးသတ်ဆေးများနှင့် ထိတွေ့မှုရှိခြင်း
  • ကိုယ်ဝန်ဆောင်မိခင် အသက်ကြီးခြင်း (အသက် ၃၅ နှစ်အထက်)
  • ကိုယ်ဝန်ဆောင်မိခင် အဝလွန်ခြင်း [ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) ၃၀ နှင့်အထက်]
မွေးရာပါ ဆီးထွက်ပေါက် နေရာလွဲခြင်း အမျိုးအစားများ

ထွက်ပေါက်လွဲသည့်နေရာပေါ် မူတည်၍ အမျိုးအစားများကွဲပြားသည်။

  • Glanular hypospadias (လိင်တံထိပ်ပိုင်း)
    လိင်တံထိပ်ဖူး၏ အောက်ပိုင်းတွင် ဆီးထွက်ပေါက် ဖြစ်ပေါ်နေခြင်းဖြစ်သည်၊ ပြင်းထန်မှုအနည်းဆုံး အမျိုးအစားဖြစ်သည်။
  • Coronal hypospadias (လိင်တံထိပ်အရင်း၏အောက်ပိုင်း)
    ဆီးထွက်ပေါက်သည် လိင်တံထိပ်ဖူးနှင့် ကိုယ်ထည်ဆက်သွယ်ထားသည့် နေရာတွင် ဖြစ်နေခြင်းဖြစ်သည်။
  • Midshaft hypospadias (လိင်တံကိုယ်ထည် အလယ်ပိုင်း)
    လိင်တံကိုယ်ထည်၏ အလယ်တစ်ဝက်နေရာတွင် ဆီးထွက်ပေါက် ဖြစ်နေခြင်းဖြစ်သည်။
  • Penoscrotal hypospadias (လိင်တံနှင့် ကပ်ပယ်အိတ်ကြား)
    ဆီးထွက်ပေါက်သည် လိင်တံနှင့် ကပ်ပယ်အိတ်တို့ ဆက်သွယ်ထားသည့်နေရာတွင် ဖြစ်ပေါ်နေခြင်းဖြစ်သည်။
  • Scrotal/Perineal hypospadias (ကပ်ပယ်အိတ် သို့မဟုတ် စအိုနှင့် ကပ်ပယ်အိတ်ကြား)
    အပြင်းထန်ဆုံး အမျိုးအစားများဖြစ်ပြီး ၎င်းတွင် ဆီးထွက်ပေါက်သည် ကပ်ပယ်အိတ်ပေါ်၌ သို့မဟုတ် စအိုနှင့် ကပ်ပယ်အိတ်ကြားနေရာ၌ အပေါက်ဖြစ်နေခြင်းဖြစ်သည်။
hypospadias image 1
ရောဂါလက္ခဏာများ

မွေးရာပါ ဆီးထွက်ပေါက် နေရာလွဲခြင်း၏ အဓိကရောဂါလက္ခဏာမှာ ဆီးထွက်ပေါက်သည် ပုံမှန်ရှိရမည့် လိင်တံထိပ်၏ အလယ်တည့်တည့်တွင် မရှိဘဲ နေရာမှားယွင်းနေခြင်းဖြစ်သည်။ လက္ခဏာများသည် ရောဂါပြင်းထန်မှုနှင့် ဆီးထွက်ပေါက်ရှိသည့်နေရာတွင် မူတည်သည်။ အခြားတွေ့ရှိနိုင်သော လက္ခဏာများမှာ _

  1. ဆီးသွားရာတွင် ပြဿနာရှိခြင်း
    ဆီးသွားရာတွင် ဆီးကြောင်းသည် တစ်ဖြောင့်တည်းမထွက်ဘဲ ဘေး သို့မဟုတ် အောက်သို့ ထွက်ကျသောကြောင့် ပတ်ဝန်းကျင်အရေပြားတွင် ဆီးပူလောင်ခြင်းများ ဖြစ်စေသည်။
  2. လိင်တံကွေးခြင်း (Chordee)
    လိင်တံသည်‌ ဖြောင့်တန်းမနေဘဲ အောက်ဘက်သို့ ကွေးညွှတ်နေသည်။
  3. လိင်တံထိပ် အရေပြားဖွံ့ဖြိုးမှု အားနည်းခြင်း
    လိင်တံထိပ်အ‌ရေပြားသည် လိင်တံထိပ်အနောက်ပိုင်းတွင် တစ်စိတ်တစ်ပိုင်းသာဖြစ်ပေါ်ပြီး ခေါင်းစွပ်သဏ္ဌာန်ကဲ့သို့ ပုံစံမျိုး တွေ့ရသည်။ မွေးကင်းစအရွယ်တွင် အဆိုပါ အခြေအနေပါရှိသည်ကို သတိပြုမိပါက ထိုကလေးများကို လိင်တံထိပ်အရေပြားဖြတ်ခြင်း (Circumcision) ပြုလုပ်ရန် မသင့်ပါ။
  4. ဝှေးစေ့သည် ကပ်ပယ်အိတ်ထဲသို့ မကျခြင်း
    ဝှေးစေ့တစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးသည် ကပ်ပယ်အိတ်တွင်းသို့ မရောက်ခြင်းအပြင် တစ်ခါတစ်ရံ အခြားသောလိင်အင်္ဂါ သို့မဟုတ် ဆီးလမ်းကြောင်း ပုံမှန်မဟုတ်သော အခြေအနေများနှင့် အတူတွေ့ရှိရသည်။
နောက်ဆက်တွဲပြဿနာများ

သိသာထင်ရှားမှုမရှိသော မွေးရာပါ ဆီးထွက်ပေါက် နေရာလွဲခြင်း အခြေအနေများတွင်

  • လိင်တံပုံသဏ္ဌာန် ကွဲပြားခြားနားခြင်း
  • ဆီးသွားရာတွင် အခက်အခဲဖြစ်ခြင်း
  • လိင်တံမာချိန်တွင် ပုံမှန်မဟုတ်ဘဲကွေးနေခြင်း
  • သုက်ပိုးသည် ယောနိလမ်းကြောင်းထဲသို့ ကောင်းစွာ မရောက်ရှိနိုင်သောကြောင့် သန္ဓေအောင်ရန် ခက်ခဲခြင်း စသည့်ပြဿနာများကို ကလေးကြီးနှင့် လူကြီးဘဝများတွင် ကြုံတွေ့ရနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

များသောအားဖြင့် မွေးကင်းစကလေးများတွင် မွေးပြီးမကြာမီအချိန်၌ မွေးရာပါ ဆီးထွက်ပေါက် နေရာလွဲခြင်းကို သတိပြုစစ်ဆေးတွေ့ရှိရသည်။ တစ်ခါတစ်ရံတွင် သိသာထင်ရှားမှုမရှိဘဲ အနည်းငယ်သာ ဆီးထွက်ပေါက်လွဲသည့် အခြေအနေများတွင် သတိပြုမိရန် ခက်ခဲနိုင်သည်။ ထို့ကြောင့် မိမိကလေးလိင်တံ၏ ပုံသဏ္ဌာန်နှင့် ပတ်သက်၍ သံသယရှိပါက သို့မဟုတ် ဆီးသွားရခက်ခဲသည့် ပြဿနာရှိပါက မိမိ၏ မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး ပြသရန်လိုသည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ စစ်ဆေးမှုများပြုလုပ်ပြီး လိုအပ်လျှင် အထူးကုဆရာဝန်ထံသို့ လွှဲပြောင်းပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

မွေးရာပါ ဆီးထွက်ပေါက် နေရာလွဲခြင်းကို မွေးပြီး မကြာမီ ပုံမှန်မွေးကင်းစကလေး ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ခြင်းဖြင့် အလွယ်တကူ ရောဂါရှာဖွေနိုင်သည်။ ဆီးထွက်ပေါက် လိင်တံထိပ်တွင် မရှိခြင်း၊ လိင်တံထိပ်အရေပြား ပုံမှန်အတိုင်းကောင်းစွာ မဖွံ့ဖြိုးခြင်း၊ လိင်တံအောက်သို့ ကွေးနေခြင်းနှင့် အလွန်ပြင်းထန်သော အမျိုးအစားတွင် လိင်တံသေး၍ ကပ်ပယ်အိတ်သည် နှစ်ခြမ်းကွဲသကဲ့သို့ ဖြစ်နေပြီး ဝှေးစေ့စမ်းမရခြင်း စသည်တို့ကို စစ်ဆေးခြင်းဖြင့် ရောဂါရှာဖွေနိုင်သည်။ ဓာတ်ခွဲစစ်ဆေးမှုများ အထူးတလည်ပြုလုပ်ရန် မလိုအပ်ပါ။

ကုသခြင်း

မွေးရာပါ ဆီးထွက်ပေါက် နေရာလွဲခြင်းကို ပြုပြင်ခွဲစိတ်၍ ကုသနိုင်ပြီး ခွဲစိတ်မှုအမျိုးအစားများသည် ရောဂါ၏ပြင်းထန်မှုအပေါ် မူတည်သည်။ ကလေးအသက် (၆) လမှစ၍ ဆီးထွက်ပေါက်လွဲသည့် အမျိုးအစားပေါ် မူတည်ပြီး ခွဲစိတ်ပြုပြင်နိုင်သည်။

အများအားဖြင့် မပြင်းထန်သည့် အမျိုးအစားများကို တစ်ကြိမ်တည်းဖြင့် ပြုပြင်ခွဲစိတ် ကုသနိုင်သော်လည်း ပြင်းထန်သော အမျိုးအစားများအတွက်မူ ပြုပြင်ခွဲစိတ်မှု နှစ်ကြိမ် သို့မဟုတ် ထို့ထက်ပို၍လိုအပ်နိုင်ပြီး ဆေးရုံတက်ရန်လည်း လိုအပ်သည်။ သို့သော် အချို့အမျိုးအစားများသည် အလွန်သေးငယ်၍ မပြင်းထန်သောကြောင့် ခွဲစိတ်ကုသရန် မလိုသည်များလည်း ရှိနိုင်သည်။

ပြုပြင်ခွဲစိတ်မှု၏ ရည်ရွယ်ချက်မှာ ဆီးသွားရာတွင် ဆီးလမ်းကြောင်း ဖြောင့်တန်းစေရန်နှင့် ဆီးထွက်ပေါက်ကို လိင်တံထိပ်သို့ နေရာပြန်ရွှေ့စေရန်ဖြစ်သည်။ ခွဲစိတ်ပြုပြင်မှုတွင် ပါဝင်သောအဆင့်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  1. ကွေးနေသော လိင်တံကို ဖြောင့်တန်းစေရန် ပြုပြင်ခြင်း
  2. ဆီးလမ်းကြောင်းတွင် ဆီးစွန့်ပြွန်အပြည့်အစုံ ဖြစ်စေရန် ပြန်လည်ပြုလုပ်ခြင်းနှင့် လိင်တံထိပ်တွင် ဆီးထွက်ပေါက် ပြုလုပ်ခြင်း
  3. ကျန်ရှိသော လိင်တံထိပ်အရေပြားကို ပြန်လည်ပြုပြင်၍ လိင်တံထိပ်အရေပြားဖြတ်ခြင်း စသည်ဖြင့် အဆင့်ဆင့်လုပ်ဆောင်ရသည်။

လိင်တံထိပ်နှင့် ဆီးစွန့်ပြွန် အနာကျက်စေရန် ဆီးပိုက်ကို ယာယီထည့်ထားပြီး ပြုပြင်ခွဲစိတ်မှု ပြုလုပ်ပြီး (၁-၂) ပတ်အကြာတွင် ပြန်ဖြုတ်ပေးမည်ဖြစ်သည်။ ပြုပြင်ခွဲစိတ်မှုပြီးနောက်တွင် သက်ဆိုင်ရာဆရာဝန်နှင့် ပုံမှန်ရက်ချိန်းပြသရန်လိုသည်။

ပြုပြင်ခွဲစိတ်မှု ပြုလုပ်ပြီးနောက်တွင် ကလေးသည်

  • ကိုယ်အပူချိန်တက်ခြင်း
  • ဆီးမသွားနိုင်ခြင်း
  • ခွဲစိတ်ထားသည့် နေရာမှ သွေးထွက်များခြင်း
  • အလွန်အမင်းနာကျင်ခြင်းတို့ ခံစားရပါက အရေး‌ပေါ် ပြန်လည်ပြသရန်လိုသည်။
ပြုပြင်ခွဲစိတ်မှု၏ နောက်ဆက်တွဲပြဿနာများ
  • ဆီးစွန့်ပြွန်နှင့် လိင်တံအပြင်ဘက် အရေပြားကြားတွင် လမ်းကြောင်းဖြစ်ခြင်း
  • ဆီးစွန့်ပြွန်ကျဥ်းသွားခြင်း
  • အနာကျက်ရာမှ အမာရွတ်ဖြစ်ပြီး ဆီးစွန့်ပြွန်ကျဥ်းနိုင်သည်။ ဆီးထွက်ပေါက်နှင့် ပြုပြင်ထားသော ဆီးလမ်းကြောင်း၏ မည့်သည့်နေရာတွင်မဆို ကျဥ်းနိုင်သည်။ ထိုသို့ကျဥ်းပါက ဆီးသွားရာတွင် ခက်ခဲနိုင်ပြီး ဆီးအိမ်၊ ကျောက်ကပ်တို့ကို ဖိအားသက်ရောက်စေကာ ကျောက်ကပ်ပျက်စီးသည်အထိ ဖြစ်နိုင်သည်။ ထို့အပြင် ပုံမှန်မဟုတ်ဘဲ ဆီးထွက်ကျခြင်းလည်း ဖြစ်နိုင်သည်။
  • ဆီးစွန့်ပြွန်ကျယ်လာခြင်း
  • ပြုပြင်ထားသော ဆီးစွန့်ပြွန်ကျယ်လာသောကြောင့် ဆီးမထိန်းနိုင်ခြင်း၊ ဆီး တစ်စက်တစ်စက်ဖြင့် ထွက်ကျခြင်းနှင့် မကြာခဏ ဆီးလမ်းကြောင်းပိုးဝင်ခြင်းများ တွေ့ရနိုင်သည်။
  • လိင်တံပြန်၍ ကွေးညွှတ်ခြင်း
  • ခွဲစိတ်ပြုပြင်ပြီးနောက်ပိုင်းတွင် တစ်ခါတစ်ရံ အချိန်ကြာလာသည်နှင့်အမျှ လိင်တံထပ်မံ ကွေးညွှတ်သွားတတ်သည်။
ကာကွယ်ခြင်း

မွေးရာပါ ဆီးထွက်ပေါက် နေရာလွဲခြင်းကို ဖြစ်စေသောအကြောင်းရင်းကို သေချာမသိရှိရသောကြောင့် အတိအကျကာကွယ်ရန် နည်းလမ်းမရှိပါ။ သို့သော် မိခင်ကိုယ်ဝန်ဆောင်ချိန်တွင် ဆေးလိပ်နှင့် အရက်သောက်ခြင်းမှ ရှောင်ကြဥ်ခြင်း၊ ကျန်းမာသော ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း၊ ဖောလစ်အက်ဆစ် ပုံမှန်သောက်ခြင်းနှင့် ကိုယ်ဝန်ဆောင်ရက်ချိန်း ပုံမှန်ပြသခြင်းဖြင့် ဖြစ်ပွားမှုကို လျော့ကျနိုင်သည်။

References:

  1. Centers for Disease Control and Prevention. (n.d.). About hypospadias. Retrieved June 12, 2026, from https://www.cdc.gov/birth-defects/about/hypospadias.html
  2. Children’s Hospital of Philadelphia. (n.d.). Hypospadias. Retrieved June 12, 2026, from https://www.chop.edu/conditions-diseases/hypospadias
  3. Cleveland Clinic. (n.d.). Hypospadias. Retrieved June 12, 2026, from https://my.clevelandclinic.org/health/diseases/15060-hypospadias
  4. Johns Hopkins Medicine. (n.d.). Hypospadias. Retrieved June 12, 2026, from https://www.hopkinsmedicine.org/health/conditions-and-diseases/hypospadias
  5. Mayo Clinic. (n.d.). Hypospadias: Symptoms and causes. Retrieved June 12, 2026, from https://www.mayoclinic.org/diseases-conditions/hypospadias/symptoms-causes/syc-20355148
  6. The Royal Children’s Hospital Melbourne. (n.d.). Hypospadias. Retrieved June 12, 2026, from https://www.rch.org.au/kidsinfo/fact_sheets/hypospadias/

Published: 25 June 2025

Last updated: 20 July 2026

Share

26 June 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.