ခရုသင်းရောဂါ (Vitiligo) ဆိုသည်မှာ အရေပြား၏ မူလအရောင်မှ အဖြူရောင်သို့ ပြောင်းလဲသွားသော နာတာရှည်ရောဂါတစ်ခုဖြစ်သည်။ အရေပြားအရောင်အတွက် လုပ်ဆောင်ပေးနေသော အရေပြားဆဲလ်များကို ခန္ဓာကိုယ်၏ ခုခံအားစနစ်မှ မှားယွင်းတိုက်ခိုက်သောအခါ အရေပြားသည် နို့ရောင်ကဲ့သို့ အဖြူရောင်ပြောင်းသွားသည်။ ခရုသင်းသည် ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆို ဖြစ်ပေါ်နိုင်ပြီး ဆံပင်နှင့် ပါးစပ်အတွင်းပိုင်းလည်း ပါဝင်နိုင်သည်။ ခရုသင်းသည် အရေပြားအရောင်အမျိုးမျိုးကို ထိခိုက်နိုင်ပြီး အညိုရောင်၊ အမည်းရောင်ရှိသော အရေပြားများတွင် ပို၍သိသာသည်။ ခရုသင်းကို ပျောက်ကင်းအောင်ကုသ၍ မရသော်လည်း အသက်အန္တရာယ် ထိခိုက်နိုင်ခြင်းမရှိသည့်အပြင် အခြားသူများကိုလည်း မကူးစက်နိုင်ပါ။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အရေပြားနှင့် ဆံပင်အရောင်ကို သဘာဝအလျောက် ဖြစ်ပေါ်စေသော ရောင်ခြယ်ပစ္စည်းကို မယ်လနင် (Melanin) ဟုခေါ်သည်။ Melanocytes ဟုခေါ်သည့် အရေပြားဆဲလ်များမှ ထုတ်လုပ်ပေးခြင်းဖြစ်ပြီး ၎င်းဆဲလ်များ ပျက်စီးသေဆုံးသွားပါက မယ်လနင်ကို မထုတ်လုပ်နိုင်တော့သဖြင့် အရေပြားမှာ အရောင်ဖျော့ပြီး ဖြူလာသည်။
ခရုသင်းအမျိုးအစား အဓိက (၂) မျိုးရှိသည်။
- ခန္ဓာကိုယ်နှစ်ဖက်စလုံးတွင် အချိုးစားညီညီ ဖြစ်ပေါ်သော ခရုသင်း (Non-segmental vitiligo – Bilateral or generalized vitiligo)
ခန္ဓာကိုယ်နှစ်ဖက်စလုံးတွင် အချိုးစားညီညီနှင့် ဖြစ်ပေါ်သော အဖြစ်အများဆုံး ခရုသင်းအမျိုးအစားဖြစ်သည်။ ခုခံအားဆိုင်ရာ အခြေအနေများနှင့် သက်ဆိုင်သည်ဟု ယူဆကြသည်။ ခုခံအားစနစ်မှ အရေပြားအရောင် ဖြစ်ပေါ်စေသော မယ်လနင်ဓာတ် ထုတ်ပေးသည့် အရေပြားဆဲလ်များကို မှားယွင်းတိုက်ခိုက်မိသောကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ဖြစ်နိုင်ခြေများသော အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်သည်။- မိသားစုမျိုးရိုးတွင် ခရုသင်း ရောဂါရှိခြင်း
- မိမိ သို့မဟုတ် မိသားစု မျိုးရိုးတွင် ခုခံအားဆိုင်ရာရောဂါများရှိခြင်း (ဥပမာ _ ခုခံအားဆိုင်ရာ သိုင်းရွိုက်ရောင်ခြင်း၊ အမျိုးအစား (၁) ဆီးချိုရောဂါ၊ အက်ဒီဆင်ရောဂါ၊ သွေးအားနည်းရောဂါ၊ SLE ရောဂါ)
- အရေပြားကင်ဆာ (Melanoma) သို့မဟုတ် ပြန်ရည်ကျိတ်ကင်ဆာ (Non-Hodgkin lymphoma)
- မျိုးဗီဇပြောင်းလဲခြင်းတို့ကြောင့် ဖြစ်ပေါ်နိုင်သည်။
- ခန္ဓာကိုယ်တစ်ခြမ်းတွင် နေရာတစ်ခုတည်း၌ ဖြစ်ပေါ်သော ခရုသင်း (Segmental vitiligo – Unilateral or localized vitiligo)
ခန္ဓာကိုယ်တစ်ခြမ်းတွင် နေရာတစ်ခုတည်း၌ ဖြစ်ပေါ်သော ခရုသင်းအမျိုးအစားဖြစ်ပြီး ကလေးများတွင် ပို၍တွေ့ရလေ့ရှိသည်။ အရေပြားရှိ အာရုံကြောများမှ ထုတ်လွှတ်သော ဓာတုပစ္စည်းများကြောင့် အရေပြားဆဲလ်များကို အဆိပ်အတောက် ဖြစ်စေသည်ဟု ယူဆကြသည်။ ဖြစ်စေသော အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။- စိတ်ဖိစီးမှုများခြင်း
- အရေပြားကို ထိခိုက်ခြင်း (ဥပမာ _ ပြင်းထန်သော နေလောင်ဒဏ်ရာ၊ ထိခိုက်ရှနာများ)
- ဟော်မုန်းအပြောင်းအလဲများ
- အသည်း သို့မဟုတ် ကျောက်ကပ်ပြဿနာများ
- အချို့သော ဓာတုပစ္စည်းများနှင့် ထိတွေ့မိခြင်း (အစွန်းချွတ်ဆေး၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး) တို့ကြောင့် ဖြစ်ပေါ်နိုင်သည်။
ရောဂါလက္ခဏာများ
ခရုသင်းသည် အသက်အရွယ်မရွေး ဖြစ်ပေါ်နိုင်သော်လည်း အသက် (၃၀) မတိုင်မီတွင် အဖြစ်များသည်။ ခရုသင်းသည် ခန္ဓာကိုယ်တစ်ခုလုံး မည်သည့်နေရာတွင်မဆို ဖြစ်ပေါ်နိုင်ပြီး အဖြစ်အများဆုံးသောနေရာများမှာ_
- ပါးစပ်နှင့် မျက်စိ
- လက်ချောင်းများနှင့် လက်ကောက်ဝတ်
- ချိုင်း
- ပေါင်ခြံ
- လိင်အင်္ဂါများ
- ပါးစပ်အတွင်းပိုင်း တို့ဖြစ်ကြသည်။
ဆံပင်အမြစ်များတည်ရှိရာ ဦးရေပြားတွင်လည်း ဖြစ်ပေါ်နိုင်ပြီး ဆံပင်အရောင်မှာ အဖြူရောင် သို့မဟုတ် မီးခိုးရောင်သို့ ပြောင်းလဲနိုင်သည်။ စစချင်းတွင် ခရုသင်းသည် အရောင်ဖျော့ရာမှ တဖြည်းဖြည်းနှင့် ပို၍ဖြူဖွေးလာသည်။ အရေပြားအောက်တွင် သွေးကြောများရှိလျှင် ပန်းရောင်အဖျော့ ဖြစ်နိုင်သည်။ ရောဂါလက္ခဏာများမှာ တစ်ယောက်နှင့်တစ်ယောက် မတူညီကြဘဲ အချို့မှာ သေးငယ်သော အဖြူရောင်အကွက်မျှသာ ရှိသော်လည်း အချို့သူများတွင်မူ အဖြူရောင်အကွက်များ တဖြည်းဖြည်းကြီးလာပြီး တစ်ခုနှင့်တစ်ခု ဆက်သွားကာ အလွန်ကြီးမားလာနိုင်သည်။ အဖြူရောင်အကွက်များ၏ အနားသတ်များသည် ချောမွေ့နိုင်သကဲ့သို့ မညီမညာဖြစ်နိုင်ပြီး တစ်ခါတစ်ရံတွင် နီရဲရောင်ရမ်းခြင်း သို့မဟုတ် အညိုရောင် ပြောင်းခြင်းများ ဖြစ်ပေါ်နိုင်သည်။ ခရုသင်းသည် အရေပြားနာခြင်း၊ ခြောက်ခြင်းများ မရှိသော်လည်း တစ်ခါတစ်ရံတွင် ယားယံနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
ခရုသင်းရှိသောသူများတွင် အောက်ဖော်ပြပါ နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။
- စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်း
- နေလောင်ခြင်း
- မျက်စိပြဿနာများ
- အကြားအာရုံထိခိုက်ခြင်းတို့ ဖြစ်နိုင်ခြေ မြင့်မားလာသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်တွင်ဖော်ပြထားသည့်အတိုင်း အရေပြား၊ ဆံပင် သို့မဟုတ် ပါးစပ်အတွင်းပိုင်း အမြှေးပါးရှိသောနေရာများတွင် အရောင်များပျောက်ဆုံးပြီး အဖြူကွက်များပေါ်လာလျှင် မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသ၍ ကုသမှုခံယူနိုင်သည်။ ခရုသင်းသည် ပျောက်ကင်းအောင် ကုသ၍ မရသော်လည်း အဖြူကွက်များ ပိုမများလာစေရန်နှင့် ရောဂါပိုမဆိုးလာစေရန် တားဆီးနိုင်သည်။
ရောဂါရှာဖွေခြင်း
ခရုသင်းကို ရောဂါရှာဖွေရန် ရောဂါရာဇဝင်များကို သေချာစွာမေးမြန်းခြင်း၊ အရေပြားကို အသေးစိတ် စမ်းသပ်စစ်ဆေးခြင်းနှင့် ခရမ်းလွန်ရောင်ခြည်မီးအိမ် (Wood’s lamp) ကို အသုံးပြု၍ မှောင်သောအခန်းထဲတွင် အရေပြားနှင့် (၁၀ – ၁၃) စင်တီမီတာ အကွာအဝေးမှ အသေးစိတ်ကြည့်ခြင်းဖြင့် အခြားအရေပြားရောဂါများမှ ခွဲခြားသိရှိနိုင်သည်။ အခြားသောခုခံအားဆိုင်ရာရောဂါများကို စစ်ဆေးသိရှိနိုင်ရန် လိုအပ်သော သွေးစစ်ဆေးခြင်း (ဥပမာ _ သိုင်းရွိုက်ဟော်မုန်းစစ်ဆေးခြင်း၊ သွေးတွင်းသကြားဓာတ် စစ်ဆေးခြင်း) တို့ကို ပြုလုပ်နိုင်သည်။
ကုသခြင်း
ခရုသင်းရောဂါ ကုသရာတွင် အသက်အရွယ်၊ အရေပြားပါဝင်မှုပမာဏ၊ ခရုသင်းဖြစ်ပေါ်သောနေရာ၊ မိမိ၏လူမှုဘဝထိခိုက်မှုပေါ် မူတည်၍ အောက်ပါအတိုင်း ရွေးချယ်ကုသနိုင်သည်။
- ဆေးဖြင့်ကုသခြင်း
မည်သည့်ဆေးနှင့်မှ ခရုသင်းကို ပျောက်ကင်းအောင် ကုသ၍မရသော်လည်း အောက်ဖော်ပြပါ အချို့သောဆေးများသည် အရေပြားအရောင်ကို ထိန်းသိမ်းပေးနိုင်သည်။- ရောင်ရမ်းမှုကို လျော့ကျစေသောဆေးများ (Drugs that control inflammation)
- ခရုသင်း ဖြစ်ခါစအစောပိုင်းတွင် စတီးရွိုက်လိမ်းဆေးများ လိမ်းပေးခြင်းဖြင့် သက်သာနိုင်သော်လည်း အချိန်ကြာမြင့်စွာ အသုံးပြုပြီး သိသိသာသာ ပြောင်းလဲမှုမတွေ့ရပါ
- ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများမှာ အရေပြားပါးခြင်းနှင့် အရေးကြောင်းပေါ်လာခြင်း တို့ဖြစ်နိုင်သည်
- ကလေးများနှင့် အဖြူကွက်များများ ဖြစ်ပေါ်သောသူများတွင် အသုံးပြုနိုင်သည်
- စတီးရွိုက်သောက်ဆေး သို့မဟုတ် ထိုးဆေးများကို ရောဂါလျင်မြန်စွာ ဆိုးရွားလာသူများတွင် အသုံးပြုနိုင်သည်
- ခုခံအားစနစ်ကို သက်ရောက်မှုရှိသောဆေးများ [Medications that affect the immune system) (Calcineurin inhibitor ointments (tacrolimus)]
- ထိုဆေးများကို သေးငယ်သော အဖြူကွက်ရှိသူများ (အထူးသဖြင့် မျက်နှာနှင့် လည်ပင်း) တွင် အသုံးပြုနိုင်သည်
- ခရုသင်းကုသရန် တရားဝင်ခွင့်ပြုထားသော ဆေးမဟုတ်သော်လည်း အရေပြားအရောင်များ ထိန်းသိမ်းပေးနိုင်သဖြင့် ဆရာဝန်ညွှန်ကြားသည့်အတိုင်း အသုံးပြုနိုင်သည်
- ရောင်ရမ်းမှုကို လျော့ကျစေသောဆေးများ (Drugs that control inflammation)
- အလင်းကုထုံးဖြင့်ကုသခြင်း (Phototherapy)
- ခရမ်းလွန်ရောင်ခြည် အမျိုးအစား B ကို အသုံးပြုပြီး အလင်းကုထုံးဖြင့် ကုသခြင်းသည် ရောဂါပိုဆိုးလာခြင်းကို နှေးပြီး ရပ်တန့်စေနိုင်သည်
- အထက်တွင်ဖော်ပြခဲ့သော ဆေးများနှင့် တွဲဖက်အသုံးပြုလျှင် ပိုမိုထိရောက်မှုရှိသည်
- တစ်ပတ်တွင် နှစ်ကြိမ် မှ သုံးကြိမ်အထိ ပြုလုပ်ရန် လိုအပ်ပြီး၊ ပြောင်းလဲမှုသိသာရန် အချိန် (၃)လ မှ (၆)လအထိ ကြာနိုင်သည်
- ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများမှာ နီရဲခြင်း၊ ယားခြင်း၊ ပူလောင်ခြင်း တို့ဖြစ်ကြသည်
- ထို့အပြင် အပင်များမှရရှိသော ပစ္စည်းတစ်မျိုး (Psoralen) ကိုသောက်ခြင်းနှင့် ခရမ်းလွန်ရောင်ခြည် အမျိုးအစား A ဖြင့် ကုသခြင်းကို တွဲဖက်အသုံးပြုခြင်းဖြင့် ကြီးမားသော ခရုသင်းအကွက်များကို ကုသနိုင်သည်
- အရောင်ချွတ်ကုသခြင်း (Depigmentation therapy)
ခရုသင်းရှိသောသူတွင် ဖြူနေသော အရေပြားအကွက်များနှင့် လိုက်ဖက်အောင် သဘာဝအလျောက် ရှိနေသော အရေပြားအရောင်ကို ဖယ်ရှားခြင်းဖြင့် ကုသနိုင်သည်။- အရေပြားအရောင်ဖယ်ရှားရန် ဆေးတစ်မျိုး (Monobenzone) ကို အရောင်ရှိသော အရေပြားပေါ်တွင် လိမ်း၍ အဖြူရောင်ဖြစ်အောင် ပြုလုပ်ခြင်းဖြစ်သည်
- ထိုကုသမှုကို ခရုသင်းသည် ခန္ဓာကိုယ်တစ်ခုလုံး နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နေပြီး အခြားသောကုသမှုများနှင့် မသက်သာသည့် အခြေအနေများတွင်သာ အသုံးပြုနိုင်သည်
- ထိုကဲ့သို့ အရောင်ပြောင်းသွားခြင်းသည် ရာသက်ပန်ဖြစ်ပြီး၊ ဘေးထွက်ဆိုးကျိုးများအနေနှင့် နီရဲခြင်း၊ ရောင်ရမ်းခြင်း၊ ယားခြင်းနှင့် အရေပြားခြောက်သွေ့ခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်
- ခွဲစိတ်ကုသခြင်း (Surgery)
ကျန်းမာသန်စွမ်းသော အရေပြားဖြင့် အစားထိုးကုသခြင်း (Skin graft) တို့ဖြင့် ကုသနိုင်သည်။
ထို့အပြင် နေလောင်ခြင်းမှ ကာကွယ်နိုင်ရန် နေကာပါဝင်သည့် ခရင်မ်များ လိမ်းခြင်း ၊ နေရောင်ထိတွေ့မှုမှ ကာကွယ်ရန် အရိပ်ထဲတွင်နေခြင်း၊ အရေပြားဖုံးသော အဝတ်အစားများ ဝတ်ဆင်ခြင်း၊ အရေပြားသည် နေရောင်ကို လုံလောက်စွာ မရရှိလျှင် ဗီတာမင် D ချို့တဲ့ပြီး အရိုးနှင့်သွားကျန်းမာရေးကို ထိခိုက်နိုင်သည့်အတွက် ဗီတာမင် D ဖြည့်စွက်ပေးခြင်းတို့ကို ပြုလုပ်ရန် လိုအပ်သည်။
ကာကွယ်ခြင်း
ခရုသင်းရောဂါကို ကာကွယ်နိုင်သည့် နည်းလမ်း ယနေ့ထိမတွေ့သေးပါ။
References:
- Cleveland Clinic. (n.d.). Vitiligo. Retrieved June 23, 2026, from https://my.clevelandclinic.org/health/diseases/12419-vitiligo
- Mayo Clinic. (n.d.). Vitiligo: Diagnosis and treatment. Retrieved June 23, 2026, from https://www.mayoclinic.org/diseases-conditions/vitiligo/diagnosis-treatment/drc-20355916
- Mayo Clinic. (n.d.). Vitiligo: Symptoms and causes. Retrieved June 23, 2026, from https://www.mayoclinic.org/diseases-conditions/vitiligo/symptoms-causes/syc-20355912
- National Health Service. (n.d.). Vitiligo. Retrieved June 23, 2026, from https://www.nhs.uk/conditions/vitiligo/
Published: 21 June 2025
Last updated: 13 July 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.