ပြင်ပမိန်းမကိုယ်အစိတ်အပိုင်းများ (Vulva)တွင် ဆီးခုံပေါ်ရှိ အဆီဧရိယာ (Mons pubis) မှစပြီး မိန်းမကိုယ်အပြင်နှုတ်ခမ်းသား (Labia majora)၊ မိန်းမကိုယ်အတွင်းနှုတ်ခမ်းသား (Labia minora)၊ ယောနိလမ်းကြောင်းအစ (Vaginal opening)၊ ဆီးစွန့်ပြွန်အဝ (Opening of urethra)၊ မအင်္ဂါစေ့ (Clitoris) နှင့် ယောနိလမ်းကြောင်းမှစအိုဝထိ ကြားအစိတ်အပိုင်း (Perineum) တို့ပါဝင်သည်။ ထိုနေရာများတွင်ဖြစ်သော ပြင်ပမိန်းမကိုယ်ကင်ဆာသည် ဖြစ်ပွါးမှုနည်းသောကင်ဆာဖြစ်သည်။ အသက်အရွယ်မရွေး ဖြစ်နိုင်သော်လည်း အသက်ကြီးသူများတွင် ပိုတွေ့ရသည်။ အဖုအကျိတ် သို့မဟုတ် အနာဖြင့် စတင်တတ်ပြီး ယားယံနိုင်သည်။ စောစီးစွာရောဂါရှာဖွေတွေ့ရှိလျှင် ခွဲစိတ်ကုသခြင်းဖြင့် ပျောက်ကင်းသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဖြစ်ပေါ်ရသောအကြောင်းရင်း တိတိကျကျမရှိသော်လည်း လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်နိုင်သော လိင်င်္အဂါကြွက်နို့ဗိုင်းရပ်စ်ပိုးကြောင့် အများဆုံးဖြစ်ပွါးသည်။ ထိုဗိုင်းရပ်စ်ပိုးသည် ပြင်ပမိန်းမကိုယ် အရေပြားကင်ဆာအမျိုးအစား (Vulvar squamous cell carcinoma) ကို ဖြစ်စေနိုင်သည်။
ပြင်ပမိန်းမကိုယ်ကင်ဆာ အဖြစ်များစေသော အကြောင်းရင်းများမှာ_
- အသက်အရွယ်ကြီးခြင်း
အသက်အရွယ်ကြီးလာသည်နှင့်အမျှ ကင်ဆာဖြစ်နိုင်ခြေပိုများလာသည်။ ပြင်ပမိန်းမကိုယ်ကင်ဆာ အများဆုံးတွေ့ရသော ပျမ်းမျှအသက်အရွယ်မှာ (၆၅) နှစ်ဖြစ်သည်။ - လိင်အင်္ဂါကြွက်နို့ဗိုင်းရပ်စ်ပိုးကူးစက်ခြင်း
လိင်ဆက်ဆံရာမှတစ်ဆင့် ကူးဆက်သောလိင်အင်္ဂါ ကြွက်နို့ဗိုင်းရပ်စ်ပိုးသည် သားအိမ်ခေါင်းကင်ဆာ၊ ပြင်ပမိန်းမကိုယ်ကင်ဆာအပါအဝင် ကင်ဆာရောဂါများကို ဖြစ်စေနိုင်သောအန္တရာယ်ရှိသည်။ ရောဂါပိုးကူးစက်ခံရသူအများစုသည် သဘာဝအတိုင်း ဗိုင်းရပ်စ်ပိုးကင်းစင်သွားနိုင်သော်လည်း အချို့တွင် ဗိုင်းရပ်စ်ပိုးကြောင့် ဆဲလ်အတွင်းရှိ ဒီအင်အေ (DNA) ပြောင်းလဲခြင်းဖြစ်ပြီး နောင်တွင် ကင်ဆာရောဂါဖြစ်ပေါ်လာသည်။ - ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းသည် ပြင်ပမိန်းမကိုယ်ကင်ဆာ ပို၍ဖြစ်စေနိုင်သည်။ - ခန္ဓာကိုယ်ခုခံအားစနစ်အားနည်းခြင်း
မကျန်းမာခြင်း၊ ဆေးများသောက်နေခြင်း စသည်တို့သည် ခန္ဓာကိုယ်ခုခံအားစနစ်ကို အားနည်းစေပြီး ပြင်ပမိန်းမကိုယ်ကင်ဆာ ပို၍ဖြစ်စေနိုင်သည်။ (ဥပမာ_ကျောက်ကပ်အစားထိုးကုသသူများ၊ အိတ်ချ်အိုင်ဗွီရောဂါပိုး ရှိသူများ) - ပြင်ပမိန်းမကိုယ် ကင်ဆာအကြိုအဆင့်ဖြစ်ပွားဖူးသူများ
Vulvar intraepithelial neoplasia ဟုခေါ်သော ပြင်ပမိန်းမကိုယ်ကင်ဆာ အကြိုအဆင့် ဖြစ်ပွါးသူများ၏ အနည်းစုသည် နောင်တွင် ပြင်ပမိန်းမကိုယ်ကင်ဆာ ပို၍ဖြစ်နိုင်သည်။ - ပြင်ပမိန်းမကိုယ် အရေပြားရောဂါ
မိန်းမကိုယ်အရေပြားပါးခြင်း၊ ယားယံခြင်းဖြစ်စေသည့် Lichen sclerosus ဟုခေါ်သော မိန်းမကိုယ်အရေပြားရောဂါသည်လည်း ပြင်ပမိန်းမကိုယ်ကင်ဆာကို ပို၍ဖြစ်စေနိုင်သည်။
ကင်ဆာအမျိုးအစားခွဲခြားခြင်း
- Vulvar squamous cell carcinoma
ပြင်ပမိန်းမကိုယ်အရေပြားမှ စတင်ဖြစ်ပေါ် ပြီး အဖြစ်များဆုံးသောကင်ဆာအမျိုးအစားဖြစ်သည်။ လိင်အင်္ဂါကြွက်နို့ဗိုင်းရပ်စ်ပိုးကြောင့်လည်း ဖြစ်နိုင်သည်။ - Vulvar melanoma
ပြင်ပမိန်းမကိုယ်ရှိ အရေပြားအရောင်ထုတ်ပေးသောဆဲလ်များမှ စတင်ဖြစ်ပေါ်လာသော ကင်ဆာအမျိုးအစားဖြစ်သည်။ - Extramammary Paget’s disease of the vulva
ပြင်ပမိန်းမကိုယ်အရေပြားရှိ ချွေးထုတ်ပေးသော ဂလင်းအနီးအနားမှ စတင်ဖြစ်ပေါ်လာသော ကင်ဆာအမျိုးအစားဖြစ်သည်။ ဤကင်ဆာအမျိုးအစားသည် ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးလမ်းကြောင်းကင်ဆာ၊ အမျိုးသမီးမျိုးပွါးအင်္ဂါကင်ဆာများနှင့် တစ်ချိန်တည်းဖြစ်နိုင်သည်။
အခြားသောကင်ဆာအမျိုးအစားများမှာ Basal cell carcinoma, Verrucous carcinoma, Sarcoma နှင့် ဘာသိုးလင်းဂလင်း (Bartholin gland) ကင်ဆာတို့ဖြစ်သည်။
ရောဂါလက္ခဏာများ
ပထမဦးဆုံးသတိထားမိသောလက္ခဏာမှာ မိန်းမကိုယ်အတွင်းနှုတ်ခမ်းသား (Labia minora) သို့မဟုတ် အပြင်နှုတ်ခမ်းသား (Labia majora) တွင် အရေပြားအရောင်ပြောင်းလဲမှုဖြစ်သည်။ ကင်ဆာသည် ပြင်ပမိန်းမကိုယ် မည်သည့်နေရာတွင်မဆို ဖြစ်ပေါ်နိုင်ပြီး တွေ့ရှိရသော ကင်ဆာလက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။
- အရေပြားသည် ပုံမှန်ထက် အရောင်ရင့်လာခြင်း သို့မဟုတ် အရောင်ဖျော့လာခြင်း၊ အဖြူကွက်များဖြစ်လာခြင်း
- အရေပြားအကွက်လိုက်ထူခြင်း သို့မဟုတ် ကြမ်းခြင်း
- အဖုအကျိတ်၊ ကြွက်နို့ကဲ့သို့ အကျိတ် (သို့မဟုတ်) မပျောက်သောအနာဖြစ်ခြင်း
- သက်သာပျောက်ကင်းမှုမရှိသော ယားယံခြင်း သို့မဟုတ် ပူစပ်ပူလောင်ဖြစ်ခြင်း
- ရာသီသွေးဆင်းခြင်းနှင့် မသက်ဆိုင်သော လိင်အင်္ဂါမှသွေးဆင်းခြင်း
- ဆီးသွားချိန် သို့မဟုတ် လိင်ဆက်ဆံချိန် ပြင်ပမိန်းမကိုယ်နာကျင်ခြင်း
နောက်ဆက်တွဲပြဿနာများ
ပြင်ပမိန်းမကိုယ်ကင်ဆာဖြစ်ပွါးပြီး မကုသပါက အသက်အန္တရာယ်ရှိသည်။ ကင်ဆာသည် ပြန်ရည်ကျိတ် (သို့မဟုတ်) ခန္ဓာကိုယ်အခြားနေရာများသို့ ပျံ့လျှင် ကုသရန်ခက်ခဲသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ဖော်ပြပါရောဂါလက္ခဏာများ ခံစားရပါက မိသားစုဆရာဝန် (သို့မဟုတ်) သားဖွားမီးယပ်အထူးကုဆရာဝန်နှင့် ပြသဆွေးနွေးတိုင်ပင်သင့်သည်။
ရောဂါရှာဖွေခြင်း
သားဖွားမီးယပ်အထူးကုဆရာဝန်မှ ပြင်ပမိန်းမကိုယ်ကင်ဆာရောဂါရှာဖွေရန် ရောဂါရာဇဝင်မေးမြန်းခြင်း၊ ပြင်ပမိန်းမကိုယ်ကို ကြည့်ရှုစမ်းသပ်ခြင်း၊ လိုအပ်လျှင် ပြင်ပမိန်းမကိုယ်ကို မှန်ပြောင်း (Colposcope) ဖြင့်ကြည့်ရှုစစ်ဆေး၍ အသားစယူပြီး ရောဂါရှာဖွေခြင်းများပြုလုပ်မည်။
အသားစယူ၍ ရောဂါရှာဖွေခြင်း
သံသယရှိသော ပြင်ပမိန်းမကိုယ်အရေပြားနေရာကို ထုံဆေးပေး၍ ဓားဖြင့် အသားစနမူနာယူပြီး ဓာတ်ခွဲခန်းသို့ပို့ဆောင် ရောဂါရှာဖွေသည်။ တစ်ခါတစ်ရံ ထို့သို့အသားစယူ၍ ရောဂါရှာဖွေခြင်းကို ခွဲစိတ်ခန်း၌ လုပ်ဆောင်သည်။
ကင်ဆာအဆင့် သတ်မှတ်ခြင်း
ကင်ဆာအဆင့် (၄)ဆင့်ရှိသည်။
- အဆင့် (၁) – ကင်ဆာအစောဆုံးအဆင့်ဖြစ်ပြီး ပြင်ပမိန်းမကိုယ် သို့မဟုတ် စအိုဝနှင့် ယောနိ လမ်းကြောင်းကြားတွင် ကင်ဆာအကျိတ်ကိုတွေ့ရသည်။
- အဆင့် (၂) – ကင်ဆာအကျိတ်သည် ဆီးစွန့်ပြွန်၊ ယောနိလမ်းကြောင်းအောက်ပိုင်း သို့မဟုတ် စအိုဝသို့ ပျံ့လာသည်။
- အဆင့် (၃) – ကင်ဆာအကျိတ်သည် နီးစပ်ရာပြန်ရည်ကျိတ်တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ပျံ့လာသည်။
- အဆင့် (၄) – ကင်ဆာအကျိတ်သည် ဆီးစွန့်ပြွန်အရင်းပိုင်း (ဆီးအိမ်နှင့် ကပ်နေသောအပိုင်း)၊ ယောနိလမ်းကြောင်းအပေါ်ပိုင်း သို့မဟုတ် ခန္ဓာကိုယ်မည်သည့်နေရာမဆို ပျံ့လာသည်။
ကင်ဆာပျံ့နှံ့သည့်နေရာများကို သိရှိနိုင်ရန်
- ဆီးအိမ်အတွင်းသို့ မှန်ပြောင်းကြည့်ခြင်း (Cystoscopy)
- စအိုအတွင်း မှန်ပြောင်းတိုဖြင့် ကြည့်ရှုစစ်ဆေးခြင်း (Proctoscopy)
- ရင်ဘတ်ဓာတ်မှန် (Chest X-ray)
- အရိုးသို့ပျံ့နှံ့ခြင်း ရှိမရှိ သိစေရန် ဆေးသွင်းအရိုးဓာတ်မှန်ရိုက်ခြင်း (Bone scan)
- အာထရာဆောင်း (USG)
- ကွန်ပျူတာဓာတ်မှန် (CT scan)
- သံလိုက်ဓာတ်မှန် (MRI)
- ပီအီးတီစကင်န် (PET scan)
- ကင်ဆာပျံ့နိုင်သော ပြန်ရည်ကျိတ်ကို အသားစယူ၍ စစ်ဆေးခြင်း (Sentinel lymph node biopsy) စသည်တို့ကို အလျင်းသင့်သလို အသုံးပြု၍ ရှာဖွေနိုင်သည်။
အထက်ပါ စစ်ဆေးမှုအားလုံး ပြုလုပ်ရန် မလိုအပ်ဘဲ ဆရာဝန်မှ မိမိနှင့် အသင့်တော်ဆုံး စစ်ဆေးမှုကိုသာ တိုင်ပင်ဆွေးနွေး ဆုံးဖြတ်ပေးလိမ့်မည်။
ကုသခြင်း
ကင်ဆာရောဂါကုသရာတွင် အများအားဖြင့် ခွဲစိတ်ကုသခြင်းဖြစ်ပြီး ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း၊ ကင်ဆာဆေးဝါးဖြင့်ကုသခြင်း၊ ကင်ဆာဆဲလ်သီးသန့် ပစ်မှတ်ထားကုသခြင်းနှင့် ကိုယ်ခံအားကို ပြုပြင် ထိန်းညှိခြင်းဖြင့် ကုသခြင်း စသည့်နည်းလမ်းများဖြင့်လည်း ကုသနိုင်သည်။ မိမိ၏ကျန်းမာရေးအခြေအနေ၊ ကင်ဆာအမျိုးအစား၊ တွေ့ရှိထားသောကင်ဆာအဆင့်နှင့် မိမိ၏ရွေးချယ်မှုပေါ်မူတည်သည်။
ခွဲစိတ်ကုသခြင်း
ခွဲစိတ်ကုသခြင်းသည် ပြင်ပမိန်းမကိုယ်ကင်ဆာအတွက် အများဆုံးအသုံးပြုသော ကုသနည်းဖြစ်သည်။ ကင်ဆာအကျိတ်အကုန်ဖယ်ရှားပြီး လိင်ဆက်ဆံမှုအဆင်ပြေစေရန် ပြုလုပ်ပေးထားသည်။ ခွဲစိတ်ကုမှုနည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
- လေဆာဖြင့် ခွဲစိတ်ခြင်း _ လေဆာအသုံးပြု၍ခွဲစိတ်ခြင်းသည် သွေးထွက်မှုမရှိစေဘဲ ကင်ဆာအကျိတ်များကို ဖြတ်ထုတ်ဖယ်ရှားခြင်းဖြစ်သည်
- ကင်ဆာအကျိတ်ဖြတ်ထုတ်ဖယ်ရှားခြင်း (Wide local excision) _ ကင်ဆာအကျိတ်နှင့်အတူ အနီးအနားရှိ ပုံမှန်အသားစတစ်ရှူးများကိုပါ ဖြတ်ထုတ်ဖယ်ရှားခြင်းဖြစ်သည်၊ တစ်ခါတစ်ရံ ကင်ဆာပျံ့နေ၍ သော်လည်းကောင်း၊ ကင်ဆာပျံ့ခြင်း ရှိမရှိစစ်ဆေးရန်အတွက် သော်လည်းကောင်း အနီးအနားရှိ ပြန်ရည်ကျိတ်များကိုပါ ဖြတ်ထုတ်ဖယ်ရှားသည်
- ပြင်ပမိန်းမကိုယ်ဖြတ်ထုတ်ခြင်း (Vulvectomy) _ ပြင်ပမိန်းမကိုယ် တစ်စိတ်တစ်ပိုင်း သော်လည်းကောင်း၊ တစ်ခုလုံးသော်လည်းကောင်း ဖြတ်ထုတ်ပြီး အနီးအနားရှိ ပြန်ရည်ကျိတ်များကိုပါ ဖြတ်ထုတ်ဖယ်ရှားခြင်း ဖြစ်သည်
ခွဲစိတ်ကုသခြင်း၏နောက်ဆက်တွဲပြဿနာများမှာ ရောဂါပိုးဝင်ခြင်း၊ အနာမကျက်ခြင်း၊ ပြန်ရည်ကျိတ် ထုတ်ခြင်းကြောင့် အရည်များစုခြင်း (Fluid retention)၊ ခြေထောက်ရောင်ခြင်း (Lymphedema) တို့ ဖြစ်သည်။
ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy)
ဓာတ်ရောင်ခြည်စွမ်းအင်ကို အသုံးပြု၍ ကင်ဆာဆဲလ်များကို သေစေခြင်းဖြစ်သည်။ ထိုသို့ ကုသခြင်းကို မခွဲစိတ်မီ ကင်ဆာအကျိတ် အရွယ်အစား သေးကျုံ့စေရန်လည်းကောင်း၊ ပြန်ရည်ကျိတ်များတွင် ကင်ဆာဆဲလ်ပျံ့နေလျှင်သော်လည်းကောင်း၊ ခွဲစိတ်ပြီးနောက် ခန္ဓာကိုယ်တွင်းရှိ လက်ကျန်ကင်ဆာဆဲလ်များကို ရှင်းလင်းရန်လည်းကောင်း အသုံးပြုသည်။ ကင်ဆာဆေးဝါးဖြင့် တွဲဖက်ကုသလျှင် ဓာတ်ရောင်ခြည်ကုထုံးကို ပို၍ အကျိုးသက်ရောက်မှုရှိစေသည်။ ခန္ဓာကိုယ်အတွင်းရှိ ကင်ဆာတည်နေရာကို ခန္ဓာကိုယ်ပြင်ပမှ ဓာတ်ရောင်ခြည်ပြခြင်းဖြင့် ကုသသည်။
ကင်ဆာဆေးဝါးများဖြင့် ကုသခြင်း (Chemotherapy)
ကင်ဆာဆဲလ်များကို သေစေနိုင်သော သောက်ဆေး၊ ထိုးဆေးများကို အသုံးပြု၍ ကုသခြင်းဖြစ်သည်။ ကင်ဆာဆေးသွင်းခြင်းကို ဓာတ်ရောင်ခြည်ကုထုံးနှင့်တွဲဖက်၍ ခွဲစိတ်ပြီးနောက်ပိုင်းတွင် ခန္ဓာကိုယ်တွင်းရှိ လက်ကျန်ကင်ဆာဆဲလ်များကို ရှင်းလင်းရန် ပြုလုပ်ရသည်။ ကင်ဆာဆဲလ်များ အခြားကိုယ်အင်္ဂါများသို့ ပျံ့နေသောအခါတွင်လည်း အသုံးပြုသည်။ ခွဲစိတ်ရာတွင် လွယ်ကူစေရန် ခွဲစိတ်မှု မပြုလုပ်မီ ကင်ဆာအကျိတ်အရွယ်အစား သေးကျုံ့စေရန် တစ်ခါတစ်ရံ ကင်ဆာဆေးသွင်းခြင်းကို ဓာတ်ရောင်ခြည်ကုထုံးနှင့် တွဲ၍ အသုံးပြုနိုင်သည်။ ခွဲစိတ်မှု ပြုလုပ်ရန် မဖြစ်နိုင်တော့သော အခြေအနေနှင့် ကုသပြီးနောက်မှ ပြန်ဖြစ်လာသော ကင်ဆာများတွင် ကင်ဆာဆေးသွင်းရန် အကြံပြုသည်။
ကင်ဆာဆဲလ်သီးသန့် ပစ်မှတ်ထားကုသခြင်း (Targeted Therapy)
နောက်ဆုံးပေါ် ကင်ဆာကုထုံးတစ်မျိုးဖြစ်ပြီး ကင်ဆာဆဲလ်များကို အဓိကချေမှုန်းသောဆေးများ အသုံးပြုကုသခြင်းဖြစ်သည်။ ၎င်းကုထုံးကို ပြင်ပမိန်းမကိုယ်မှ အခြားကိုယ်အင်္ဂါများသို့ ကင်ဆာပျံ့နေသောအခါတွင် ကင်ဆာဆေးသွင်းကုထုံးနှင့် တွဲဖက်၍သုံးသည်။
ကိုယ်ခံအားကို ပြုပြင်ထိန်းညှိခြင်းဖြင့် ကုသခြင်း (Immunotherapy)
ခန္ဓာကိုယ်ခုခံအားကို ပြန်လည်အသုံးပြု၍ ကင်ဆာဆဲလ်များကို တိုက်ထုတ်ခြင်းဖြစ်သည်။ ခုခံအားဆဲလ်များကို ဗီဇပြုပြင်ပြီးဖြစ်စေ၊ အားကောင်းအောင်ဖြစ်စေ ပြုလုပ်ပြီး ကင်ဆာဆဲလ်များကို လိုက်လံနှိမ်နင်းခြင်းဖြစ်သည်။ ၎င်းကုထုံးကို ကင်ဆာသည် ပြင်ပမိန်းမကိုယ်မှ အခြားကိုယ်အင်္ဂါများသို့ ပျံ့နေပြီး အခြားကုထုံးများဖြင့် ကုသခြင်း မအောင်မြင်တော့သည့်အခါတွင် အသုံးပြုသည်။
ကုသမှုပြီးနောက် ရက်ချိန်းပြသရန်
ကင်ဆာကုသမှုပြီးမြောက်ပြီးသော်လည်း ကင်ဆာပြန်လည်ဖြစ်နိုင်ခြေရှိသေးသည့်အတွက် ရက်ချိန်း မှန်မှန်ပြသ၍ စမ်းသပ်စစ်ဆေးရန် အရေးကြီးသည်။ ပထမနှစ်နှစ်အတွင်း (၃)လ သို့မဟုတ် (၆)လခြား တစ်ခါပြသပြီး စစ်ဆေးမှုပြုလုပ်ရမည်။
ရောဂါရလဒ်ခန့်မှန်းချက်
ရောဂါရလဒ်ခန့်မှန်းချက်ကို ပျမ်းမျှ (၅) နှစ် အသက်ရှင်သန်နိုင်မှုနှုန်းဖြင့် တိုင်းတာသည်။ ယေဘုယျအားဖြင့် ပြင်ပမိန်းမကိုယ်ကင်ဆာဖြစ်လျှင် ပျမ်းမျှ (၅) နှစ် အသက်ရှင်သန်နိုင်မှုနှုန်းသည် (၇၀) ရာခိုင်နှုန်း ဖြစ်သော်လည်း ကင်ဆာအဆင့်ပေါ် မူတည်၍ကွာခြားသည်။
ကင်ဆာအဆင့် | ပျမ်းမျှ (၅) နှစ် အသက်ရှင်သန်နိုင်မှုနှုန်း (%) |
---|---|
ကင်ဆာအဆင့် (၁) | ၈၀ |
ကင်ဆာအဆင့် (၂) | ၅၀ |
ကင်ဆာအဆင့် (၃) | ၄၀ |
ကင်ဆာအဆင့် (၄) | ၁၉ |
ကာကွယ်ခြင်း
ပြင်ပမိန်းမကိုယ်ကင်ဆာ ဖြစ်ပွါးစေသော အကြောင်းရင်း သေချာမရှိသော်လည်း ပို၍ဖြစ်ပွါးစေသော အမူအကျင့်၊ လူနေမှုဘဝကို ပြုပြင်နေထိုင်ခြင်းဖြင့် ရောဂါဖြစ်ပွါးမှုကို လျှော့ချကာကွယ်နိုင်သည်။
- ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဥ်ပါ
- လိင်အင်္ဂါကြွက်နို့ဗိုင်းရပ်စ်သည် လိင်မှတစ်ဆင့် ကူးစက်သောကြောင့် လိင်ဆက်ဆံချိန်တိုင်း ကွန်ဒုံးကို အသုံးပြုပါ
- လိင်အင်္ဂါကြွက်နို့ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးရန် မိမိ၏ မိသားစုဆရာဝန် သို့မဟုတ် သားဖွားမီးယပ်အထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ ဗိုင်းရပ်စ်ပိုးကူးစက်မှုကို ကာကွယ်ပါ
- ကင်ဆာလက္ခဏာသံသယရှိလျှင် မိမိ၏မိသားစုဆရာဝန် သို့မဟုတ် သားဖွားမီးယပ်အထူးကု ဆရာဝန်နှင့် ပြသတိုင်ပင်ဆွေးနွေးပြီး စမ်းသပ်စစ်ဆေးခြင်းပြုလုပ်ပါ။
References:
- Vulvar cancer – Diagnosis and treatment – Mayo Clinic. (n.d.). Retrieved June 3, 2025, from https://www.mayoclinic.org/diseases-conditions/vulvar-cancer/diagnosis-treatment/drc-20368072
- Vulvar cancer. (2025). Cleveland Clinic. Retrieved June 3, 2025, from https://my.clevelandclinic.org/health/diseases/6220-vulvar-cancer
- Survival of vulval cancer. (n.d.). Cancer Research UK. Retrieved June 3, 2025, from https://www.cancerresearchuk.org/about-cancer/vulval-cancer/survival
- Survival rates for vulvar cancer. (n.d.). American Cancer Society. Retrieved June 3, 2025, from https://www.cancer.org/cancer/types/vulvar-cancer/detection-diagnosis-staging/survival-rates.html
Published: 19 June 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.