အစာဟောင်းအိမ် (Rectum) နှင့် စအိုလမ်းကြောင်း (Anal Canal) တွင် ဖြစ်နိုင်သော ရောဂါများ အတွက် အဆိုပါအင်္ဂါများအတွင်းပိုင်းကို စမ်းသပ်စစ်ဆေးရန်လိုအပ်သည်။ စအိုအတွင်း လက်ချောင်း ထည့်စမ်းသပ်ခြင်း ဦးစွာပြုလုပ်ပြီးလျှင် လိုအပ်ပါက စအိုမှန်ပြောင်းတို (Proctoscope) ဖြင့် ကြည့်ရှု စစ်ဆေးလေ့ရှိသည်။ စအိုမှန်ပြောင်းတိုကို သတ္တု (သို့မဟုတ်) ပလတ်စတစ်ဖြင့်ပြုလုပ်ထားပြီး စအို လမ်းကြောင်းတစ်လျှောက်မှ အစာဟောင်းအိမ် အောက်ပိုင်းအထိ ကြည့်ရှုစစ်ဆေးနိုင်သည်။ စအိုမှန်ပြောင်းတိုစစ်ဆေးခြင်းသည် ရောဂါရှာဖွေရေးအတွက်သာမက အချို့ သောကုသမှုများကို ပြုလုပ်ပေးနိုင်သည်။
ပြုလုပ်ရန် လိုအပ်သော ရောဂါနှင့် အခြေအနေများ
- အစာဟောင်းအိမ် (သို့မဟုတ်) စအိုအတွင်းရှိ ရောဂါများ ရှာဖွေဖော်ထုတ်ခြင်း
- စအိုအတွင်း သွေးယိုစိမ့်ရသည့် အကြောင်းရင်းကို ရှာဖွေခြင်း
- ဝမ်းချုပ်ခြင်း (သို့မဟုတ်) ချွဲဝမ်းသွားရခြင်း အကြောင်းရင်းကို ရှာဖွေခြင်း
- အသားပိုအလုံး (သို့မဟုတ်) အလုံးအကျိတ်များ ရှိပါက ဖယ်ရှားခြင်း
- အစာဟောင်းအိမ်ကင်ဆာကုသမှုအပြီး အကျိတ်ပြန်တည်မှုကို စောင့်ကြည့်စစ်ဆေးခြင်း
- အူမကြီးကင်ဆာရောဂါ ပုံမှန်စစ်ဆေးခြင်း စသည်တို့ ဖြစ်သည်။
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
မှန်ပြောင်းကြည့်ရှုခြင်း
- စအိုအတွင်း မှန်ပြောင်းတိုဖြင့် ကြည့်ရှုစစ်ဆေးရာတွင် မေ့ဆေး၊ အိပ်ဆေးများ အသုံးပြုရန် မလိုအပ်ဘဲ မိနစ်ပိုင်းမျှသာ ကြာမြင့်ပြီး ပြင်ပလူနာအနေဖြင့်သာ ကြည့်ရှုစစ်ဆေးနိုင်သည်။
- မှန်ပြောင်းတို မကြည့်ရှုမီ စအိုအတွင်း လက်ညိုးဖြင့် စမ်းသပ်စစ်ဆေးမှုကို ကနဦး ပြုလုပ်သည်။
- ထို့နောက် ထုံဆေးချောဆီဂျယ် သုတ်လိမ်းထားသော စအိုတွင်းကြည့် မှန်ပြောင်းတိုဖြင့် စအိုအတွင်း ဖြည်းညှင်းစွာ ထည့်သွင်းကာ အနာ၊ အလုံးအကျိတ်၊ လိပ်ခေါင်းသွေးကြောနှင့် ပြောင်းလဲမှုများကို ကြည့်ရှုစစ်ဆေးမည်ဖြစ်သည်။
- သံသယဖြစ်ဖွယ်နေရာများ တွေ့ရှိပါက အထူးပြုလုပ်ထားသော ကိရိယာဖြင့် အသားစထုတ်ယူပြီး ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးမည်။
- စစ်ဆေးမှုပြီးဆုံးလျှင် မှန်ပြောင်းတိုကို ဖြည်းညှင်းစွာ ပြန်ထုတ်မည်ဖြစ်သည်။
- ကြည့်ရှုစစ်ဆေးစဥ် ဝမ်းသွားချင်စိတ် ဖြစ်ပေါ်လာတတ်သည်။
- နာကျင်မှု မခံစားရသော်လည်း အနည်းငယ် ကသိကအောက် ဖြစ်တတ်သည်။
- စအိုနှင့် အစာဟောင်းအိမ်အား ကြည့်ရှုစစ်ဆေးစဥ် မှန်ပြောင်းမှတစ်ဆင့် လေမှုတ်သွင်းကာ ကြည့်ရှုရသောကြောင့် လေထိုးလေပွတတ်သည်။
နောက်ဆက်တွဲဆိုးကျိုးများ
မှန်ပြောင်းထည့်သွင်းချိန် စအိုနှင့်အစာဟောင်းအိမ်နံရံများ ပွန်းခြင်းကြောင့် တစ်ခါတစ်ရံ သွေး အနည်းငယ် ထွက်နိုင်ပြီး ပိုးဝင်နိုင်သည်။ ယင်းနောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေမှာ အလွန်နည်းသည်။
ဆေးရုံ၊ ဆေးခန်း ပြသရန်
မှန်ပြောင်းတိုကြည့်ပြီး အောက်ပါလက္ခဏာများ ပြသပါက ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးပြန်လည်ပြသပါ။
- ဖျားခြင်း
- ပြင်းထန်စွာ ဗိုက်အောင့်ခြင်း
- ဝမ်းသွားသွေးပါခြင်း
- ရက်အနည်းငယ်ကြာသည့်အထိ စအိုဝမှ သွေးထွက်ခြင်း
လိုက်နာဆောင်ရွက်ရမည့် အချက်များ
ကြည့်ရှုစစ်ဆေးမှု မပြုလုပ်မီ ပြင်ဆင်ခြင်း
အစာဟောင်းအိမ်အတွင်း မစင်များ ကင်းစင်ပါက ပိုမိုလွယ်ကူစွာ ကြည့်ရှုစစ်ဆေးနိုင်ပြီး ရောဂါကို ပိုမိုတိကျစွာ ဖော်ထုတ်နိုင်သည်။ ထို့ကြောင့် အစာဟောင်းအိမ်အတွင်းရှိ မစင်များ အကုန်အစင်သန့်စင်ရန် အရေးကြီးသည်။
- ဝမ်းချူဆေးရည်ကို အသုံးများပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း စနစ်တကျ လိုက်နာဆောင်ရွက်ရမည်။
References:
- Professional, C. C. M. (2024). Proctoscopy (Rigid Sigmoidoscopy). Cleveland Clinic. Retrieved June 14, 2024, from https://my.clevelandclinic.org/health/treatments/10749-proctoscopy-rigid-sigmoidoscopy
- What Is Proctoscopy? (2022). WebMD. Retrieved June 14, 2024, from https://www.webmd.com/colorectal-cancer/proctoscopy
- Al-Hureibi K. A., Chan J. W., & Ziprin P. (2022). Evaluation of pelvic disease. Oxford Handbook of Clinical Surgery (5th ed., pp. 66-67). OUP.
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.