မျက်လုံးမှ အရောင်ခွဲခြားမြင်နိုင်စွမ်း မရှိခြင်းဆိုသည်မှာ ဆေးပညာအခေါ်အဝေါ်အရ အရောင်မြင်မှုအားနည်းခြင်း (Color vision deficiency) ဖြစ်ပြီး၊ မျက်လုံးအတွင်းရှိ အချို့သောအာရုံခံဆဲလ်များ (Cones) ပျက်စီးခြင်း သို့မဟုတ် ကောင်းစွာအလုပ်မလုပ်ခြင်းကြောင့် အရောင်များကို သာမန်လူများကဲ့သို့ သဘာဝအတိုင်း မမြင်နိုင်ခြင်းဖြစ်သည်။
အရောင်ခွဲခြားမမြင်နိုင်ခြင်းဟုဆိုသော်လည်း အများစုတွင် အရောင်များကို လုံးဝမမြင်ရခြင်းမျိုး မဟုတ်ဘဲ အချို့သော အရောင်များ သို့မဟုတ် အရောင်များ၏ တောက်ပမှုကို သဲသဲကွဲကွဲ မခွဲခြားနိုင်ခြင်းသာဖြစ်သည်။ အရောင်များကို လုံးဝမမြင်ရဘဲ အဖြူ၊ အမည်းနှင့် မီးခိုးရောင်အသွင်သာ မြင်ရသည့် အမျိုးအစားမှာမူ အလွန်ရှားပါးသည်။ ဤရောဂါသည် များသောအားဖြင့် မိခင်ထံမှတစ်ဆင့် သားဖြစ်သူထံသို့ ဗီဇလက်ဆင့်ကမ်းတတ်သော မျိုးရိုးလိုက်ရောဂါတစ်မျိုးဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ပုံမှန်အားဖြင့် အရောင်လှိုင်းအလျားများ အားလုံးပါဝင်သော အလင်းတန်းသည် မျက်လုံးအတွင်းသို့ မျက်ကြည်လွှာ (Cornea) မှတစ်ဆင့် ဖြတ်သန်းဝင်ရောက်ပြီး၊ မျက်လုံးနောက်ဘက်ရှိ မြင်လွှာ (Retina) ၏ အလယ်ဗဟို (Macula) ဧရိယာတွင်ရှိသည့် အရောင်အာရုံခံဆဲလ်များ (Cones) ဆီသို့ ရောက်ရှိသွားသည်။
အဆိုပါ အရောင်အာရုံခံဆဲလ်များကို အဓိကအားဖြင့် အောက်ပါအတိုင်း လှိုင်းအလျားသုံးမျိုး ခွဲခြားနိုင်သည်။
- အနီရောင်လှိုင်းအလျားကို အာရုံခံနိုင်သော ဆဲလ်များ
- အစိမ်းရောင်လှိုင်းအလျားကို အာရုံခံနိုင်သော ဆဲလ်များ
- အပြာရောင်လှိုင်းအလျားကို အာရုံခံနိုင်သော ဆဲလ်များ
အဆိုပါ အာရုံခံဆဲလ်များ (Cones) အတွင်းရှိ ဓာတုပစ္စည်းများသည် မိမိတို့ မြင်တွေ့ရသော အရောင်အချက်အလက်များကို မျက်စိအာရုံကြော (Optic nerve) မှတစ်ဆင့် ဦးနှောက်ဆီသို့ စနစ်တကျ ပို့ဆောင်ပေးသည်။ သို့သော် မျိုးဗီဇကြောင့်ဖြစ်စေ၊ အခြားအကြောင်းရင်းများကြောင့်ဖြစ်စေ အဆိုပါအာရုံခံဆဲလ်အချို့ ချို့ယွင်းပြီး ကောင်းစွာ အလုပ်မလုပ်နိုင်တော့သည့် အခြေအနေမျိုးတွင် လူတစ်ဦးသည် အနီရောင်၊ အစိမ်းရောင် သို့မဟုတ် အပြာရောင်များကို ပုံမှန်အတိုင်း သဲသဲကွဲကွဲ ခွဲခြားနိုင်စွမ်း ရှိတော့မည် မဟုတ်ပါ။
ဖြစ်နိုင်ခြေများစေသော အကြောင်းရင်းများ
- မျိုးရိုးလိုက်ခြင်းကြောင့်ဖြစ်သော မွေးရာပါ အရောင်ခွဲခြားမမြင်နိုင်ခြင်း
- များသောအားဖြင့် မိခင်၏ မျိုးရိုးဘက်မှ မျိုးဗီဇပြောင်းလဲမှုကြောင့် ဖြစ်တတ်သည်
- အမျိုးသမီးများထက် အမျိုးသားများတွင် ပို၍အဖြစ်များသည်
- ရောဂါ အပျော့စား၊ အလယ်အလတ် သို့မဟုတ် ပြင်းထန်သော ရောဂါအခြေအနေများ တွေ့ရသည်
- မျိုးရိုးလိုက်၍ ဖြစ်သောအမျိုးအစားတွင် မွေးဖွားချိန်မှစ၍ မျက်လုံးနှစ်ဖက်စလုံး အရောင်ခွဲခြားမမြင်နိုင်ဘဲ ရောဂါပြင်းထန်မှုသည် တစ်သမတ်တည်းဖြစ်နေပြီး၊ အချိန်နှင့်အမျှ ပိုဆိုးလာခြင်း သို့မဟုတ် သက်သာလာခြင်း မရှိပါ
- မျိုးရိုးလိုက်ခြင်းကြောင့်မဟုတ်ဘဲ အခြားအခြေအနေများကြောင့် အရောင်ခွဲခြားမမြင်နိုင်ခြင်း
- ရောဂါအခြေအနေများ
ဥပမာ_- ဆစ်ကယ်လ်ဆဲလ် သွေးအားနည်းရောဂါ (Sickle cell anemia)
- ဆီးချိုရောဂါ
- အသက်အရွယ်ကြောင့် မျက်စိမှုန်ဝါးလာခြင်း (Macular degeneration)
- အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s disease)
- အာရုံကြောဆဲလ်များကို ဖုံးအုပ်ထားသည့် အဆီလွှာပျက်စီးသည့်ရောဂါ (Multiple sclerosis)
- မျက်စိရေတိမ်ရောဂါ (Glaucoma)
- ပါကင်ဆန်ရောဂါ (Parkinson’s disease)
- နာတာရှည် အရက်စွဲခြင်း
- သွေးကင်ဆာ (Leukemia)
- မျက်လုံးထိခိုက်မှု၊ မျက်လုံးခွဲစိတ်မှုနှင့် ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း သို့မဟုတ် လေဆာဖြင့် မျက်လုံးကုသမှုတို့ကြောင့် မျက်လုံးထိခိုက်ဒဏ်ရာရခြင်း
- ရောဂါအခြေအနေများ
ထိုအခြေအနေများတွင် မျက်လုံးတစ်ဖက်သည် အခြားတစ်ဖက်ထက် ပိုမိုထိခိုက်နိုင်ပြီး ရောဂါအခံကို ကုသနိုင်ပါက အရောင်အားနည်းခြင်း သက်သာစေသည်။
- ဆေးဝါးနှင့်ဓာတုပစ္စည်းများ
- ငှက်ဖျားရောဂါနှင့် အရိုးအဆစ်ရောင်ရောဂါများကို ကုသရာတွင် အသုံးပြုသည့် ဟိုက်ဒရိုကလိုရိုကွင်း (Hydroxychloroquine) ဆေး
- အာရုံကြောစနစ်ကို ထိခိုက်စေသော ဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်း၊ ဂဟေမီးရောင်များနှင့် ကြာရှည်စွာ ထိတွေ့ခြင်းတို့ကြောင့် ဖြစ်နိုင်သည်
ရောဂါလက္ခဏာများ
ရောဂါပြင်းထန်မှုပေါ် မူတည်၍ လက္ခဏာများ ကွာခြားနိုင်သကဲ့သို့ လူတစ်ဦးနှင့်တစ်ဦးလည်း လက္ခဏာပုံစံများ မတူညီနိုင်ပါ။
- အပျော့စားလက္ခဏာများ
- အရောင်ခွဲခြားရာတွင် အခက်အခဲရှိသော်လည်း သိသာထင်ရှားမှု နည်းပါးပြီး များသောအားဖြင့် သတိမထားမိတတ်ပါ
- ကလေးငယ်များတွင် အရောင်ဖြင့်ပြုလုပ်ထားသော သင်ကြားရေးပစ္စည်းများ (ဥပမာ _ ရောင်စုံခဲတံ၊ ဇယားများ) ကို ခွဲခြားရန် ခက်ခဲနိုင်သည်
- ပြင်းထန်သောလက္ခဏာများ
အလွန်ပြင်းထန်သော အမျိုးအစားများတွင် အောက်ပါတို့ကို တွေ့ရနိုင်သည်။- အရောင်လုံးဝမမြင်နိုင်ခြင်း (Complete color blindness)
- သူငယ်အိမ်လှုပ်ရှားမှု မူမမှန်ခြင်း (Nystagmus)
- အလင်းရောင်ကို မခံနိုင်ခြင်း (Photophobia)
လက္ခဏာများ၏ကွဲပြားမှု
- လူတစ်ဦးနှင့်တစ်ဦး လက္ခဏာပုံစံများ မတူညီနိုင်ပါ
- အဓိကတွေ့ရသော ပြဿနာများမှာ_
- အရောင်များကို မခွဲခြားနိုင်ခြင်း (ဥပမာ _ အနီနှင့်အစိမ်း၊ အပြာနှင့်အဝါ)
- အရောင်၏ အလင်းအမှောင် (Brightness) ကို မခွဲခြားနိုင်ခြင်း
- အရောင်၏ အနုအရင့် (Shades) ကို မမြင်နိုင်ခြင်း စသည်တို့ဖြစ်သည်။
အရောင်မမြင်သူများသည် အောက်ပါအတိုင်း မတူညီသော ရောဂါအမျိုးအစားများ ရှိနိုင်သည်။
- အနီရောင်နှင့်အစိမ်းရောင်ကို ခွဲခြားရန် ခက်သော Red-Green Color Vision deficiency
- အပြာရောင်နှင့်အဝါရောင်ကို ခွဲခြားရန် ခက်သော Blue-Yellow Color Vision deficiency
- အရောင်များကို မြင်နိုင်စွမ်းလုံးဝမရှိဘဲ အရောင်အားလုံးကို မီးခိုးရောင်အနေဖြင့်သာ မြင်နိုင်သော ပြင်းထန်သည့်အမျိုးအစား (Complete Color Vision deficiency)
နောက်ဆက်တွဲပြဿနာများ
- နေ့စဉ်ဘဝတွင် ကြုံတွေ့ရသော အခက်အခဲများ
- အစားအစာများ ခွဲခြားရန် ခက်ခဲခြင်း _ အသီးအနှံများ မှည့်မမှည့် ခွဲခြားရန် ခက်ခဲခြင်း (ဥပမာ _ ငှက်ပျောသီး၊ ခရမ်းချဉ်သီး)၊ အသားများ ကျက်မကျက် ခွဲခြားရန် ခက်ခဲခြင်း သို့မဟုတ် အရောင်တူ အစားအစာများကို ခွဲခြားရန် ခက်ခဲခြင်း (ဥပမာ _ ခရမ်းချဉ်သီးဆော့စ်နှင့် ချောကလက်ဆော့စ်)
- အဝတ်အစားများရွေးရန် ခက်ခဲခြင်း _ အဝတ်အစားများ လိုက်ဖက်ညီအောင် ရွေးချယ်ရန် ခက်ခဲခြင်းကြောင့် အရောင်မတူသည်များ ရွေးချယ်မိခြင်းနှင့် အဝတ်အစားဝယ်ရာတွင် အခက်အခဲများ ကြုံတွေ့ရခြင်း
- နည်းပညာဆိုင်ရာ အခက်အခဲများ _ အီလက်ထရောနစ်ပစ္စည်းများရှိ အရောင်ဖြင့် ဖော်ပြထားသော LED မီးများကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင် မှားယွင်းခြင်း (ဥပမာ _ အားသွင်းနေသည့် အခြေအနေ၊ Standby မီးစသည်) နှင့် Wifi ခလုတ်များ၊ TV ရှိ ခလုတ်များ၏ အရောင်မီးများကို နားလည်ရန် ခက်ခဲခြင်း
- လမ်းကြောင်းရှာဖွေခြင်းဆိုင်ရာ အခက်အခဲများ _ အရောင်ဖြင့် ခွဲခြားထားသော မြေပုံများ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးပုံများနှင့် ဆိုင်းဘုတ်များကို နားလည်ရန် ခက်ခဲခြင်း
- ဘေးကင်းလုံခြုံရေးဆိုင်ရာ အခက်အခဲများ _ ယာဉ်လမ်းကြောရှိ မီးပွိုင့်များ၊ ကားဘရိတ်မီးများနှင့် သတိပေးဆိုင်းဘုတ်များ၏ အရောင်များကို ခွဲခြားရန် ခက်ခဲခြင်းကြောင့် အန္တရာယ်ရှိသော အခြေအနေများ ဖြစ်ပေါ်နိုင်ခြင်း
- တစ်ကိုယ်ရေဆိုင်ရာ အခက်အခဲများ _ မိတ်ကပ်ရွေးချယ်ရာတွင် ခက်ခဲခြင်း သို့မဟုတ် နေလောင်ခြင်း ရှိမရှိ သိရှိရန် ခက်ခဲခြင်း
- ဝါသနာဆိုင်ရာ အခက်အခဲများ _ အရောင်ခံစားမှုအပေါ် မူတည်သော လှုပ်ရှားမှုများတွင် ကန့်သတ်ချက်များရှိခြင်း (ဥပမာ _ ဥယျာဉ်စိုက်ပျိုးခြင်း၊ ပန်းချီဆွဲခြင်း၊ အချို့သော အားကစားများနှင့် ဗီဒီယိုဂိမ်းများ စသည်)
- ပညာရေးဆိုင်ရာ သက်ရောက်မှုများ
- သင်ကြားရေးပစ္စည်းများ _ စာသင်ခန်းများတွင် အသုံးပြုလေ့ရှိသော အရောင်ဖြင့် ခွဲခြားထားသည့် ဇယားများ၊ ဂရပ်များ၊ မြေပုံများနှင့် ပုံကားချပ်များကို အဓိပ္ပာယ်ဖွင့်ဆိုရန် ခက်ခဲခြင်း၊ ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေပြီး သင်ခန်းစာကို နားလည်ရန် အဟန့်အတား ဖြစ်စေနိုင်သည်
- ကျောင်းတွင်းလှုပ်ရှားမှုများ _ အရောင်ခြယ်ခြင်း၊ အရောင်ပြောင်းလဲမှု ပါဝင်သော သိပ္ပံစမ်းသပ်မှုများနှင့် အနုပညာပရောဂျက်များတွင် ပါဝင်ရန် အခက်အခဲများရှိခြင်း
- မိမိကိုယ်ကို တန်ဖိုးထားမှု _ အရောင်ခွဲခြားမမြင်နိုင်ကြောင်း မသိရှိသေးသော ကလေးများသည် ဉာဏ်ရည်နှေးကွေးသူများဟု မှားယွင်းစွာ ထင်မြင်ခံရခြင်း သို့မဟုတ် စိတ်ညစ်စရာများ ကြုံတွေ့ရခြင်းကြောင့် မိမိကိုယ်ကို ယုံကြည်မှု လျော့နည်းစေနိုင်သည်
- အသက်မွေးဝမ်းကျောင်းဆိုင်ရာ သက်ရောက်မှုများ
- ကန့်သတ်ထားခံရသော အသက်မွေးဝမ်းကျောင်းအလုပ်များ _ တိကျသော အရောင်အမြင် လိုအပ်သော အချို့သော အသက်မွေးဝမ်းကျောင်းများ (ဥပမာ _ လေယာဉ်မှူး၊ လျှပ်စစ်ပညာရှင်၊ ဂရပ်ဖစ်ဒီဇိုင်နာ၊ အိမ်တွင်းအလှဆင်သူ၊ ပန်းချီပညာရှင်၊ ဖက်ရှင်နှင့် သက်ဆိုင်သော အလုပ်များနှင့် နိုင်ငံတော် လုံခြုံရေးအဖွဲ့) ကို လုပ်ကိုင်ရန် အခက်အခဲရှိနိုင်သည်
- လုပ်ငန်းခွင်မှ အခက်အခဲများ _ အရောင်ဖြင့် ခွဲခြားထားသော အချက်အလက်များ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဘေးကင်းလုံခြုံရေး သတိပေးချက်များကို နားလည်ရန် ခက်ခဲခြင်း
- လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများ
- စိတ်ပျက်ခြင်းနှင့် ရှုပ်ထွေးခြင်း _ အရောင်ခွဲခြားရန် အရေးကြီးသော အခြေအနေများကို မကြာခဏ ကြုံတွေ့ရခြင်းကြောင့် စိတ်ပျက်ခြင်းနှင့် ရှုပ်ထွေးခြင်းများ ခံစားရနိုင်သည်
- လူမှုဆက်ဆံရေးတွင် ခွဲခြားဆက်ဆံခံရခြင်း _ အချို့လူမှုရေးလှုပ်ရှားမှုများ (ဥပမာ _ ပန်းချီဆွဲခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ အရောင်တူရာ ပစ္စည်းများ စုစည်းရခြင်းစသည့် လူမှုရေးဆိုင်ရာပြိုင်ပွဲများ) တွင် ပါဝင်ဆင်နွှဲရန် အခက်အခဲရှိခြင်းကြောင့် ရှောင်ဖယ်နေရခြင်း
- မိမိကိုယ်ကို ယုံကြည်မှုနည်းလာခြင်း _ အခြားသူများကဲ့သို့ အရောင်များကို မမြင်နိုင်ခြင်းအတွက် မိမိကိုယ်ကို ရှက်ရွံ့ခြင်း ဖြစ်နိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်
ကလေးငယ်များ ကျောင်းစမတက်ခင် အရောင်မြင်နိုင်စွမ်း စမ်းသပ်မှုအပါအဝင် မျက်စိစမ်းသပ်မှု ပြည့်စုံတိကျစွာ ပြုလုပ်သင့်သည်။ လူကြီးများတွင်လည်း အချို့အရောင်များကို ခွဲခြားရန် အခက်အခဲရှိသည်ဟု သံသယရှိပါက သို့မဟုတ် အရောင်မြင်နိုင်စွမ်း ပြောင်းလဲလာပါက စမ်းသပ်စစ်ဆေးမှုခံယူရန် မျက်စိဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။
ရောဂါရှာဖွေခြင်း
မျက်စိအထူးကုဆရာဝန်များသည် အရောင်ခွဲခြားမြင်နိုင်စွမ်း မရှိခြင်း ရောဂါကို တိကျစွာ စစ်ဆေးရှာဖွေနိုင်ရန်အတွက် အောက်ပါနည်းလမ်းအမျိုးမျိုးကို အသုံးပြုကြသည်။
- အီရှီဟာရာစစ်ဆေးမှု (Ishihara Test)
ဤနည်းလမ်းသည် အရောင်အမြင်အာရုံ ချို့ယွင်းမှုကို စစ်ဆေးရာတွင် ကမ္ဘာပေါ်၌ အသုံးအများဆုံးနည်းလမ်းဖြစ်ပြီး အနီ-အစိမ်း အရောင်မမြင်နိုင်ခြင်း ဝေဒနာကို အဓိကစစ်ဆေးပေးနိုင်သည်။- စစ်ဆေးပုံ
- မတူညီသော အရောင်စုံအစက်အပြောက်များဖြင့် ဖော်ပြထားသော ကိန်းဂဏန်းများ သို့မဟုတ် စာမဖတ်တတ်သေးသည့် ကလေးငယ်များအတွက် ရုပ်ပုံသဏ္ဌာန်များ ပါဝင်သည့် ကားချပ်စာအုပ်ကို ပြသ၍ စစ်ဆေးသည်
- ထိုကားချပ်များတွင် ပုံမှန်အမြင်အာရုံရှိသူများသာ မြင်နိုင်သော ကိန်းဂဏန်းများ၊ ပုံများနှင့် အရောင်မမြင်နိုင်သူများ သီးသန့်မြင်နိုင်သော ကိန်းဂဏန်း၊ ပုံများ ပါဝင်သည်
- စမ်းသပ်ခံရသူသည် မိမိမျက်စိဖြင့် တိုက်ရိုက်မြင်ရသည့် ကိန်းဂဏန်း သို့မဟုတ် ပုံသဏ္ဌာန်ကို ပြန်လည်ဖြေဆိုရသည်
- အားသာချက် – စစ်ဆေးရသည်မှာ အလွန်ရိုးရှင်းပြီး (၅)မိနစ် မှ (၁၀)မိနစ်အတွင်း လျင်မြန်စွာ အဖြေသိနိုင်သည်
- အီရှီဟာရာစစ်ဆေးမှု၏ ရလဒ်များအပေါ် မူတည်၍ ဆရာဝန်သည် အရောင်မမြင်နိုင်သည့် ဝေဒနာအမျိုးအစားကို အတည်ပြုရန်အတွက် အောက်ပါ နောက်ထပ်စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်ပေးနိုင်သည်
- စစ်ဆေးပုံ
- အခြားသော စစ်ဆေးနည်းများ
- Farnsworth D-15 Test – ဤနည်းလမ်းကို အပြာ-အဝါ အရောင်ခွဲခြားမမြင်နိုင်ခြင်း ဝေဒနာရှိမရှိ စစ်ဆေးရန်အတွက် အဓိကအသုံးပြုသည်
- Anomaloscope – ဤနည်းလမ်းသည် အနီ-အစိမ်း အရောင်မမြင်နိုင်မှု ဝေဒနာ၏ ပြင်းထန်မှုအဆင့်ကို တိကျစွာ တိုင်းတာပေးနိုင်သည်
စစ်ဆေးရန် သင့်တော်သော အသက်အရွယ်
အရောင်အမြင်အာရုံ ချို့ယွင်းမှု ရှိမရှိ စစ်ဆေးခြင်းသည် ယေဘုယျအားဖြင့် အသက် (၄) နှစ်နှင့်အထက် ကလေးငယ်များအတွက် သင့်လျော်သည်။ အသက် (၄) နှစ်အရွယ်တွင် ကလေးအများစုသည် မျက်စိဖြင့် မြင်တွေ့ရသည့်အရာနှင့် ပတ်သက်သည့် မေးခွန်းများကို ကောင်းစွာနားလည် ဖြေဆိုနိုင်ပြီဖြစ်သည်။ သို့သော် ကလေးငယ်များ၏ အထွေထွေမျက်စိကျန်းမာရေးအတွက် ပထမဆုံးအကြိမ် ရိုးရိုးမျက်လုံးစစ်ဆေးမှုကိုမူ အသက် (၁) နှစ်မတိုင်မီကတည်းက စောစီးစွာ ပြုလုပ်ပေးရန် လိုအပ်သည်။
ကုသခြင်း
လက်ရှိအချိန်တွင် မွေးရာပါ မျိုးရိုးလိုက်ခြင်းကြောင့်ဖြစ်သော အရောင်ခွဲခြားမမြင်နိုင်သူများအတွက် ဆေးဝါးဖြင့်သော်လည်းကောင်း ခွဲစိတ်မှုဖြင့်သော်လည်းကောင်း အမြစ်ပြတ် ကုသပျောက်ကင်းစေမည့်နည်းလမ်း မရှိသေးပါ။
သို့သော် နောက်ဆက်တွဲရောဂါအခံတစ်ခုခုကြောင့် အသက်အရွယ်ကြီးရင့်လာမှ အရောင်ခွဲခြားမမြင်ခြင်း လက္ခဏာများ ပေါ်ပေါက်လာခြင်းဖြစ်ပါက ၎င်းကိုဖြစ်စေသည့် အကြောင်းရင်းခံရောဂါကို ရှာဖွေကုသခြင်းဖြင့် အရောင်မြင်နိုင်စွမ်း အမြင်အာရုံကို ပြန်လည်တိုးတက်ကောင်းမွန်လာစေနိုင်သည်။
မွေးရာပါဝေဒနာကို အပြီးတိုင် ပျောက်ကင်းအောင် မကုသနိုင်သော်လည်း နေ့စဉ်လူမှုဘဝ ပုံမှန်သွားလာလှုပ်ရှားမှုများတွင် အဆင်ပြေချောမွေ့စေရန်အတွက် အောက်ပါ အထောက်အကူပြု နည်းလမ်းများကို အသုံးပြုနိုင်သည်။
- အရာဝတ္ထုများ၏ တည်နေရာအစီအစဉ်ကို မှတ်သားခြင်း
- ဥပမာအားဖြင့် လမ်းမီးပွိုင့်များကို ကြည့်သည့်အခါ အရောင်ကို အခြေခံခြင်းမဟုတ်ဘဲ မီးပွိုင့်၏ အရောင်အစဉ်လိုက် တည်နေရာ (အပေါ်ဆုံးမီးသည် အနီရောင်၊ အလယ်မီးသည် အဝါရောင်၊ အောက်ဆုံးမီးသည် အစိမ်းရောင်) ကို စနစ်တကျ မှတ်သားထားခြင်းဖြင့် ဘေးကင်းစွာ သွားလာနိုင်သည်
- အဝတ်အစားများကို စနစ်တကျ တံဆိပ်ကပ်၍ စီမံခြင်း
- မိမိတွဲဖက်ဝတ်ဆင်လိုသော အဝတ်အစားများကို အရောင်အလိုက် စာဖြင့် တံဆိပ်ကပ်ထားခြင်း သို့မဟုတ် ဗီရိုနှင့် အံဆွဲများထဲတွင် အရောင်ဆင်တူရာ အဝတ်အစားများကို နီးနီးကပ်ကပ် သီးသန့်စီခွဲ၍ စနစ်တကျ သိမ်းဆည်းခြင်းဖြင့် အဝတ်များကို လွယ်ကူစွာ ရွေးချယ်နိုင်သည်
- ခေတ်မီ အထောက်အကူပြု နည်းပညာများကို အသုံးပြုခြင်း
- ဖုန်းအတွင်း အရောင်များကို ကွဲပြားအောင် ပြောင်းလဲပေးနိုင်သော အရောင်ခွဲခြားသည့် အက်ပ်ပလီကေးရှင်းများ (Color-identifying apps) အသုံးပြုခြင်းနှင့် အရောင်အလင်းလှိုင်းကို ထင်ရှားစေရန် အထူးပြုလုပ်ထားသော အရောင်ပြောင်းမျက်မှန် သို့မဟုတ် မျက်ကပ်မှန်များကို ဆရာဝန်ညွှန်ကြားချက်ဖြင့် အသုံးပြုနိုင်သည်
- စိတ်ပိုင်းဆိုင်ရာ အပြန်အလှန် ပံ့ပိုးကူညီမှု ရယူခြင်း
- အရောင်ခွဲခြားမမြင်သူများ အချင်းချင်း စုပေါင်း၍ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်း၊ လူမှုကွန်ရက်များမှတစ်ဆင့် ဆက်သွယ်၍ နေ့စဉ်ဘဝအခက်အခဲများအတွက် လက်တွေ့ကျသော အကြံဉာဏ်များနှင့် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုများကို အပြန်အလှန် မျှဝေခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ အကူအညီရနိုင်သည်
ကာကွယ်ခြင်း
မွေးရာပါ အရောင်ခွဲခြားမမြင်ခြင်းရောဂါကို ကာကွယ်၍ မရနိုင်ပါ။ သို့သော် အသက်ကြီးသူများတွင် နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီး အရောင်ခွဲခြားမမြင်ခြင်း ဖြစ်စေနိုင်သည့် အကြောင်းရင်းခံရောဂါများကို ကုသခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်သည်။
References:
- Mayo Clinic. (n.d.). Color blindness: Diagnosis and treatment. Retrieved May 20, 2026, from https://www.mayoclinic.org/diseases-conditions/color-blindness/diagnosis-treatment/drc-20354991
- Cleveland Clinic. (n.d.). Color blindness. Retrieved May 20, 2026, from https://my.clevelandclinic.org/health/diseases/11604-color-blindness
- American Academy of Ophthalmology. (n.d.). What is color blindness? Retrieved May 20, 2026, from https://www.aao.org/eye-health/diseases/what-is-color-blindness
- American Optometric Association. (n.d.). Color vision deficiency. Retrieved May 20, 2026, from https://www.aoa.org/healthy-eyes/eye-and-vision-conditions/color-vision-deficiency
- National Eye Institute. (n.d.). Color blindness. Retrieved May 20, 2026, from https://www.nei.nih.gov/eye-health-information/eye-conditions-and-diseases/color-blindness
- Colour Blind Awareness. (n.d.). Living with colour vision deficiency. Retrieved May 20, 2026, from https://www.colourblindawareness.org/colour-blindness/living-with-colour-vision-deficiency/
- Guide Dogs UK. (n.d.). Eye conditions and vision impairment information. Retrieved May 20, 2026, from https://www.guidedogs.org.uk/getting-support/information-and-advice/eye-conditions/
Published: 15 June 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.