Ovarian Cancer (သားဥအိမ်ကင်ဆာ)

Ovarian Cancer (သားဥအိမ်ကင်ဆာ)

သားဥအိမ်ကင်ဆာသည် သားအိမ်၏ ဘေးတစ်ဖက်တစ်ချက်တွင် တည်ရှိသော ဗာဒံစေ့ပုံ သားဥအိမ် (Ovaries) တွင် ပုံမှန်မဟုတ်သောဆဲလ်များ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ၎င်းကင်ဆာများသည် လျင်မြန်စွာ ပွါးများတတ်ပြီး အနီးအနားရှိ ကိုယ်အင်္ဂါစိတ်အပိုင်းများသို့ ပျံ့နှံ့သည်။ သားဥအိမ်ကင်ဆာသည် တစ်ခါတစ်ရံ လက္ခဏာမပြတတ်၍ ရောဂါဖြစ်နေကြောင်း သိရှိရန်ခက်ခဲသည်။

သားဥအိမ်ကင်ဆာသည် အာရှလူမျိုး၊ စပိန်စကားပြောလူမျိုးစု (Hispanic)၊ လူမည်းအမျိုးသမီးများထက်စာလျှင် လူဖြူအမျိုးသမီးများနှင့် မူရင်းအမေရိကန် လူနီမျိုးနွယ်စု (Native American) အမျိုးသမီးများတွင် ပိုအဖြစ်များသည်။ Ashkenazi ဂျူးမျိုးနွယ်တွင်လည်း ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေများသော BRCA gene mutation များကို ပိုမိုတွေ့ရတတ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

သားဥအိမ်ကင်ဆာဖြစ်စေသော တိကျသည့် အကြောင်းရင်း မတွေ့ရှိသေးပါ။ သားဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေများသူများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • အသက် (၆၀) နှစ်ကျော်သူများ
  • အဝလွန်သူများ (Obesity‌‌)
  • မိသားစုတွင် သားဥအိမ်ကင်ဆာဖြစ်ခဲ့ဖူးသောရာဇဝင်ရှိသူများ
  • မိသားစုတွင် BRCA1/BRCA2 gene mutation သို့မဟုတ် Lynch syndrome ရာဇဝင်ရှိသူများ
  • ကိုယ်ဝန်မဆောင်ဖူးသူများ
  • အသက်ကြီးမှ ကလေးမွေးဖူးသူများ
  • သားအိမ်ပြင်ပတွင် သွေးလုံးရောဂါရှိသူများ
  • အပျိုဖော်စောစောဝင်သူများနှင့် မီးယပ်သွေးဆုံးနောက်ကျသူများ
သားဥအိမ်ကင်ဆာအမျိုးအစားများ

ကင်ဆာစတင်ဖြစ်ပေါ်သည့် ဆဲလ်အမျိုးအစားပေါ် မူတည်ပြီး အောက်ပါအတိုင်း ခွဲခြားနိုင်သည်။

  • Epithelial ovarian cancer
    • serous carcinoma၊ mucinous carcinoma တို့ပါဝင်သော အဖြစ်များဆုံး ကင်ဆာအမျိုးအစားဖြစ်သည်
  • Stromal tumours
    • အဖြစ်နည်းသော ကင်ဆာအမျိုးအစားဖြစ်ပြီး အခြားသားဥအိမ်ကင်ဆာ အမျိုးအစားများထက် ကင်ဆာဖြစ်နေကြောင်း စောစောတွေ့ရှိနိုင်သည်
  • Germ cell tumours
    • အသက်ငယ်သူများတွင် တွေ့ရသော ကင်ဆာအမျိုးအစားဖြစ်သည်
    ရောဂါလက္ခဏာများ

    သားဥအိမ်ကင်ဆာစဖြစ်ဖြစ်ချင်း သိသာထင်ရှားသော လက္ခဏာများ မပြတတ်ပါ။ အနီးအနားဝန်းကျင်ရှိ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ကင်ဆာပျံ့လာပါမှ လက္ခဏာများ ခံစားလာရသည်။ သားဥအိမ်ကင်ဆာ ရောဂါလက္ခဏာများမှာ_

    • ဝမ်းဗိုက်ဖောင်းခြင်း
    • အစားစားပြီးပြီးချင်း ရင်ပြည့်ခြင်း၊ အစားစားချင်စိတ် မရှိခြင်း
    • ကိုယ်အလေးချိန် သိသာစွာ လျော့လာခြင်း
    • တင်ပါးဆုံရိုးကွင်းနေရာတွင် မသက်မသာဖြစ်ခြင်း
    • မောပန်းနွမ်းနယ်ခြင်း
    • ခါးနာခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်း
    • ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းကဲ့သို့သော အူလမ်းကြောင်းဆိုင်ရာ ပြောင်းလဲမှုများရှိခြင်း
    • မကြာခဏဆီးသွားရခြင်း
    နောက်ဆက်တွဲပြဿနာများ

    သားဥအိမ်ကင်ဆာသည် တင်ပါးဆုံရိုးကွင်းတွင်းရှိ အင်္ဂါများ၊ ပြန်ရည်ကျိတ်များ၊ ဝမ်းဗိုက်တွင်းရှိ အစာအိမ်၊ အူသိမ်၊ အူမကြီး၊ အသည်းနှင့် ရင်ခေါင်းရှိ အဆုတ်ထိအောင် ကင်ဆာဆဲလ်များ ပျံ့နှံ့နိုင်သည်။

    ဆေးရုံ၊ ဆေးခန်းပြသရန်

    ဝမ်းဗိုက်တွင် ပုံမှန်မဟုတ်သော အလုံးအကျိတ်များ စမ်းမိခြင်း၊ ဝမ်းဗိုက်ဖောင်းလာခြင်း၊ ဝမ်းဗိုက်မသက်မသာဖြစ်၍ နာကျင်ခြင်း စသောလက္ခဏာများ ဖြစ်ပေါ်ခံစားနေရလျှင် မိမိ၏မိသားစုဆရာဝန် သို့မဟုတ် သားဖွားမီးယပ်အထူးကုဆရာဝန်နှင့် ပြသဆွေးနွေးရမည်။

    ရောဂါရှာဖွေခြင်း

    သားဥအိမ်ကင်ဆာလက္ခဏာများ ခံစားနေရသည်ဟု သံသယရှိ၍ မိမိ၏ မိသားစုဆရာဝန် သို့မဟုတ် သားဖွားမီးယပ် အထူးကုဆရာဝန်နှင့် ပြသဆွေးနွေးသည့်အခါ ဆရာဝန်မှ ရောဂါရာဇဝင် မေးမြန်းခြင်း၊ မိသားစုကင်ဆာရာဇဝင် မေးမြန်းခြင်း၊ တင်ပါးဆုံရိုးကွင်းအတွင်း စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်မည်။ ထို့နောက် အောက်ပါစစ်ဆေးမှုများ ဆက်လက်ပြုလုပ်မည်။

    • ဝမ်းဗိုက်နှင့် တင်ပါးဆုံရိုးကွင်းအတွင်း အာထရာဆောင်း (USG) ရိုက်ခြင်း
    • ကွန်ပျူတာဓာတ်မှန် (CT scan) သို့မဟုတ် သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI) သို့မဟုတ် ပီအီးတီစကင်န် (PET scan) – သားဥအိမ် အရွယ်အစား၊ ပုံစံ၊ အလုံးတွင်ပါဝင်သည့် အရည်၊ အစိုင်အခဲ၊ ပျံ့နှံ့မှု စသည်တို့ကို စစ်ဆေးကြည့်ရှုခြင်း
    • Cancer antigen (CA 125) စစ်ဆေးခြင်း
      • ကင်ဆာဆဲလ်မျက်နှာပြင်တွင် တွေ့ရသော ပရိုတင်းကို စစ်ဆေးသည့် သွေးစစ်ဆေးမှုဖြစ်သည်
      • CA 125 စစ်ဆေးခြင်းသည် ကင်ဆာရောဂါအဖြစ် သတ်မှတ်ခြင်းနှင့် ကင်ဆာရောဂါရလဒ်ခန့်မှန်းရာတွင် အရေးကြီးသော စစ်ဆေးမှုဖြစ်သည်
    • ခွဲစိတ်စစ်ဆေးခြင်း
      • ကင်ဆာဖြစ်ကြောင်း ရှာဖွေစစ်ဆေးမရသည့်အခါ သားဥအိမ်ကို ခွဲထုတ်ခြင်း၊ အသားစယူခြင်းပြုလုပ်ပြီး အဏုကြည့်မှန်ပြောင်း (Microscope) အောက်တွင် ကြည့်ရှုစစ်ဆေး၍ ‌ကင်ဆာရောဂါရှာဖွေခြင်း ပြုလုပ်သည်
      • မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း (Laparoscopic surgery) ဖြင့် ပြုလုပ်နိုင်သည်
    • မျိုးဗီဇစစ်ဆေးခြင်း (Genetic testing)
      • သားဥအိမ်ကင်ဆာဖြစ်နိုင်မှုများစေသော BRCA mutation မျိုးဗီဇပြောင်းလဲမှုကို စစ်ဆေးခြင်း
    သားဥအိမ်ကင်ဆာအဆင့်များ
    • အဆင့် IA – သားဥအိမ်တစ်ဖက်တည်း၊ သားဥအိမ်အတွင်း၌သာ ကင်ဆာဖြစ်နေခြင်း
    • အဆင့် IB – သားဥအိမ်နှစ်ဖက်လုံး၊ သားဥအိမ်အတွင်း၌ ကင်ဆာဖြစ်နေခြင်း
    • အဆင့် IC – သားဥအိမ်တစ်ဖက် သို့မဟုတ် နှစ်ဖက်လုံး၌ ကင်ဆာဖြစ်၍ ခွဲစိတ်စဥ် သားဥအိမ်ကင်ဆာ အလုံးပေါက်ပြီး အရည်များထွက်လာခြင်း၊ သားဥအိမ်မျက်နှာပြင်ထိ ကင်ဆာဆဲလ်များပျံ့ခြင်း၊ ဝမ်းဗိုက်အတွင်းရှိ‌‌ ရေဖျဥ်းရည် သို့မဟုတ် ဝမ်းဗိုက်ကို ဆေးကြောထားသောအရည်ထဲ၌ ကင်ဆာဆဲလ်တွေ့ရှိခြင်း
    • အဆင့် IIA – ကင်ဆာဆဲလ်များ သားဥအိမ်အပြင် သားအိမ် သို့မဟုတ် သားဥပြွန်ထိ ပျံ့လာခြင်း
    • အဆင့် IIB – ကင်ဆာဆဲလ်များ တင်ပါးဆုံရိုးကွင်းအတွင်းရှိ အင်္ဂါများကို ပျံ့လာခြင်း
    • အဆင့် IIIA – ကင်ဆာဆဲလ်များ တင်ပါးဆုံရိုးကွင်းပြင်ပသို့ ရောက်ရှိလာပြီး ဝမ်းခေါင်းအမြှေးပါးနောက်ဘက် ပြန်ရည်ကျိတ်များသို့ ပျံ့လာခြင်း
    • အဆင့် IIIB – ကင်ဆာဆဲလ်များ တင်ပါးဆုံရိုးကွင်းအပြင်ဘက် ဝမ်းခေါင်းအမြှေးပါးအတွင်း ကင်ဆာအကျိတ် (၂) စင်တီမီတာအရွယ် ပျံ့နှံ့ကြီးထွားလာခြင်း
    • အဆင့် IIIC – ကင်ဆာဆဲလ်များ တင်ပါးဆုံရိုးကွင်းအပြင်ဘက် ဝမ်းခေါင်းအမြှေးပါးအတွင်း ကင်ဆာအကျိတ် (၂) စင်တီမီတာအရွယ်ထက် ပို၍ပျံ့နှံ့ကြီးထွားလာခြင်း၊ ကင်ဆာဆဲလ်များ အသည်း၊ သရက်ရွက်စသည့် အင်္ဂါများ၏ capsule ထိ ပျံ့လာခြင်း
    • အဆင့် IVA – အဆုတ်အမြှေးပါးအတွင်းရှိ ‌အရည်ထဲ၌ ကင်ဆာဆဲလ်တွေ့ခြင်း
    • အဆင့် IVB – အသည်း၊ သရက်ရွက်၊ ဦးနှောက်၊ အဆုတ်စသည့် အင်္ဂါများ၏ တစ်ရှူးများ (Parenchymal metastasis)၊ ပေါင်ခြံရှိ ပြန်ရည်ကျိတ်များ၊ ဝမ်းခေါင်းပြင်ပရှိ ပြန်ရည်ကျိတ်များထိ ကင်ဆာဆဲလ်ပျံ့လာခြင်း
    ကုသခြင်း

    သားဥအိမ်ကင်ဆာအတွက် ကုသမှုကို ရွေးချယ်ရာတွင် ကင်ဆာအမျိုးအစား၊ ပျံ့နှံ့မှုအဆင့်၊ လူနာ၏ ကျန်းမာရေးအခြေအနေနှင့် နောင်တွင် သားသမီးယူလိုခြင်း ရှိမရှိ စသည်တို့အပေါ်မူတည်သည်။ ခွဲစိတ်ကုသခြင်းနှင့်အတူ ကင်ဆာဆေးဝါးဖြင့် ကုသခြင်းကိုပါ လုပ်ဆောင်ရနိုင်သည်။

    ခွဲစိတ်ကုသခြင်း
    • သားဥအိမ်နှင့် သားဥပြွန် တစ်ဖက်ထုတ်ခြင်း (Unilateral salpingo-oophorectomy) – ကင်ဆာအဆင့် IA နှင့် အသက်ငယ်ရွယ်သူများ၊ သားသမီးယူလိုသူများတွင် ကင်ဆာဖြစ်နေသောသားဥအိမ်နှင့် တစ်ဖက်တည်းရှိ သားဥပြွန်ပါ တစ်ပါတည်းထုတ်သည်၊ ကျန်ရှိမည့်သားဥအိမ်ကို ကြည့်ရှုပြီး လိုအပ်ပါက အသားစယူ၍ စစ်ဆေးသည်
    • သားဥအိမ်နှင့် သားဥပြွန် နှစ်ဖက်လုံးထုတ်ခြင်း (Bilateral salpingo-oophorectomy) – ကင်ဆာအဆင့် IB နှင့် သားသမီးယူလိုသူများတွင် သားဥအိမ်နှင့် သားဥပြွန် နှစ်ဖက်လုံးထုတ်ပြီး သားဥကို ခဲထားခြင်းဖြင့်သော်လည်းကောင်း၊ သားဥအလှူခံခြင်းဖြင့်လည်းကောင်း ဖန်ပြွန်သန္ဓေသားပြုလုပ်၍ ကျန်ရှိသောသားအိမ်တွင် ကိုယ်ဝန်ဆောင်နိုင်သည်
    • သားသမီးယူရန် ဆန္ဒမရှိသူများတွင် သားအိမ်၊ သားဥအိမ်နှင့် သားဥပြွန်နှစ်ဖက်လုံး၊ အူအမြှေးပါးခွဲစိတ်ထုတ်ခြင်း (TAH, BSO, infracolic omentectomy)၊ ဝမ်းဗိုက်အတွင်းရေဖျဥ်းရှိလျှင် ရေဖျဥ်းရည်ကို ကင်ဆာဆဲလ်ပါဝင်မှု စစ်ဆေးခြင်း သို့မဟုတ် ဝမ်းခေါင်းဆေးကြောရည်ကို ကင်ဆာဆဲလ်ပါဝင်မှု စစ်ဆေးခြင်း၊ ကင်ဆာဖြစ်နေသည်ဟု သံသယရှိသော ဝမ်းခေါင်းတွင်းရှိ အမြှေးပါး၊ ကင်ဆာကျိတ်များကို အသားစယူ၍ စစ်ဆေးခြင်း၊ ဝမ်းခေါင်းမြှေးနောက်ဘက်ရှိ ပြန်ရည်ကျိတ်များကို စစ်ဆေးခြင်းများ ပြုလုပ်သည်
    • Maximal cytoreduction – ကင်ဆာအဆင့် IIB နှင့်အထက်ရှိသူများတွင် ကင်ဆာအကျိတ်ကို ခွဲစိတ်ဖြတ်ထုတ်နိုင်သလောက် အကုန်ထုတ်၍ ကင်ဆာဆေးဝါးဖြင့် ဆေးသွင်းကုသခြင်းဖြစ်သည်၊ လိုအပ်ပါက မခွဲစိတ်မီ ကင်ဆာဆေးဝါးဖြင့် (၃) ကြိမ်မျှ ဆေးသွင်းကုသရသည်များလည်းရှိသည်။
    • ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy)
      • ခွဲစိတ်ပြီးနောက် ကျန်ရှိနိုင်သည့် ကင်ဆာဆဲလ်များကို သွေးကြောထဲ သွင်းဆေး သို့မဟုတ် သောက်ဆေးဖြင့် ဖျက်ဆီးခြင်းဖြစ်သည်
      • မခွဲစိတ်မီ လျင်မြန်စွာပွါးများလာသော ကင်ဆာဆဲလ်များကို ဖျက်ဆီးရာ၌လည်း အသုံးပြုသည်
    • ကိုယ်ခံအားကို ပြုပြင်ထိန်းညှိခြင်းဖြင့် ကုသခြင်း (Immunotherapy)
      • ခန္ဓာကိုယ်ခုခံအားကို ပြန်လည်အသုံးပြု၍ ကင်ဆာဆဲလ်များကို တိုက်ထုတ်ခြင်းဖြစ်သည်
      • ခုခံအားဆဲလ်များကို ဗီဇပြုပြင်ပြီးဖြစ်စေ၊ အားကောင်းအောင်ဖြစ်စေ ပြုလုပ်ပြီး ကင်ဆာဆဲလ်များကို လိုက်လံနှိမ်နင်းခြင်းဖြစ်သည်
      • ၎င်းကုထုံးကို ကင်ဆာဆဲလ်များ သားဥအိမ်မှ အခြားကိုယ်အင်္ဂါများသို့ပျံ့နေပြီး အခြားကုထုံးများကုသခြင်းဖြင့် မအောင်မြင်တော့သည့်အခါတွင် အသုံးပြုသည်
    • ကင်ဆာဆဲလ် သီးသန့် ပစ်မှတ်ထားကုသခြင်း (Targeted Therapy)
      • ကင်ဆာဆဲလ်များ၏ သီးခြားဝိသေသလက္ခဏာများ၊ ဓာတ်ပစ္စည်းများ (ဥပမာ_ပရိုတင်း၊ မျိုးဗီဇ၊ တစ်ရှူးများ)၊ အားနည်းချက်များကို အဓိကအခြေခံ၍ ဖျက်ဆီးချေမှုန်းသောဆေးဝါးများ အသုံးပြုကုသခြင်းဖြစ်သည်
      • ကင်ဆာဆဲလ်များကိုသာ တိုက်ရိုက်ပစ်မှတ်ထားပြီး အခြားကျန်းမာသော ပုံမှန်ဆဲလ်များကို ထိခိုက်မှုလျော့နည်းစေရန် ရည်ရွယ်သည်
    • ဟော်မုန်းဖြင့် ကုသခြင်း
      • သားဥအိမ်ကင်ဆာဆဲလ်များသည် အီစတိုဂျင်ဟော်မုန်းကို မှီခိုပွါးများသည့်အတွက် ခန္ဓာကိုယ်တွင်းရှိ ဟော်မုန်းကို အာနိသင်ကို ပိတ်ဆို့ခြင်းဖြင့် ကင်ဆာဆဲလ်ပွါးမှုကို ထိန်းချုပ်ရပ်တန့်သည်
      • ဟော်မုန်းဖြင့်ကုသခြင်းကို တချို့သော သားဥအိမ်ကင်ဆာများနှင့် ကုသမှုခံယူပြီးနောက် ပြန်ဖြစ်လာသော သားဥအိမ်ကင်ဆာများတွင် အသုံးပြုသည်
    • ဝေဒနာသက်သာရေး ပြုစုကုသခြင်း (Palliative care)
      • ခွဲစိတ်ကုသခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်းနှင့်အတူ နာကျင်မှုအပါအဝင် ခံစားနေရသော ဝေဒနာများ ညင်သာစေရန် ဆရာဝန်၊ သူနာပြုများနှင့် အထူးလေ့ကျင့်ပေးထားသူများ ပူးပေါင်း၍ ဘက်စုံပြုစုကုသမှု ပေးနိုင်သည်။
    ရောဂါရလဒ်ခန့်မှန်းချက်

    ရောဂါရလဒ်ခန့်မှန်းချက်ကို ပျမ်းမျှ (၅) နှစ် အသက်ရှင်သန်နိုင်မှုနှုန်းဖြင့် တိုင်းတာသည်။ ယေဘုယျအားဖြင့် သားဥအိမ်ကင်ဆာဖြစ်လျှင် ပျမ်းမျှ (၅) နှစ် အသက်ရှင်သန်နိုင်မှုနှုန်းသည် (၅၀) ရာခိုင်နှုန်း ဖြစ်သော်လည်း သားဥအိမ်ကင်ဆာအဆင့်ပေါ် မူတည်၍ကွာခြားသည်။

    ကင်ဆာအဆင့်ပျမ်းမျှ (၅) နှစ် အသက်ရှင်သန်နိုင်မှုနှုန်း
    ကင်ဆာအဆင့် (၁)၉၅
    ကင်ဆာအဆင့် (၂)၇၀
    ကင်ဆာအဆင့် (၃)၃၀
    ကင်ဆာအဆင့် (၄)၁၅
    ကာကွယ်ခြင်း

    သားဥအိမ်ကင်ဆာကို ကာကွယ်ရန် သေချာသောနည်းလမ်းများ မရှိသေးပါ။ သားဥအိမ်ကင်ဆာဖြစ်ပွါးမှု လျော့ကျစေရန် အောက်ပါနည်းလမ်းများရှိသည်။

    • ကိုယ်ဝန်တားဆေးသောက်သုံးခြင်း
      • ဟော်မုန်းပါဝင်သောကိုယ်ဝန်တားဆေးများ (၅) နှစ် သောက်သုံးလျှင် သားဥအိမ်ကင်ဆာဖြစ်ပွါးမှုကို (၅၀) ရာခိုင်နှုန်း လျှော့ချပေးနိုင်သည်
      • သို့သော် ဆိုးကျိုးများလည်း ရှိနိုင်သောကြောင့် မိမိကျန်းမာရေးနှင့် ချင့်ချိန်၍ သောက်သုံးရန် သင့်မသင့်ကို ဆုံးဖြတ်ရမည်
    • ရင်သားကင်ဆာနှင့် သားဥအိမ်ကင်ဆာ မိသားစုရာဇဝင်ရှိလျှင် မိမိ၏ မိသားစုဆရာဝန် သို့မဟုတ် သားဖွားမီးယပ်အထူးကုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေး၍ မျိုးဗီဇစစ်ဆေးခြင်း ပြုလုပ်နိုင်သည်၊ အကယ်၍ စစ်ဆေးရာတွင် သားဥအိမ်ကင်ဆာဖြစ်စေနိုင်သော မျိုးဗီဇပြောင်းလဲမှုများ တွေ့ရှိပါက သားဥအိမ်များကို ခွဲစိတ်ထုတ်ပြီး သားဥအိမ်ကင်ဆာဖြစ်ခြင်းမှ ကာကွယ်နိုင်သည်
    • သားဥအိမ်ကင်ဆာ လက္ခဏာများမရှိလျှင် သားဥအိမ်ကင်ဆာအကြိုစစ်ဆေးရန်အတွက် သင့်လျော်သော နည်းလမ်းမရှိပါ၊ သားဥအိမ်ကင်ဆာဖြစ်ပွါးမှုကို လျော့ကျနိုင်ရန် သားဥအိမ်ကင်ဆာလက္ခဏာများ မိမိ၌ ခံစားရခြင်း ရှိမရှိ ဂရုပြုမိရန် အလွန်အရေးကြီးသည်။

    References:

    1. Mayo Clinic. (n.d.). Ovarian cancer: Symptoms and causes. Retrieved May 23, 2026, from https://www.mayoclinic.org/diseases-conditions/ovarian-cancer/symptoms-causes/syc-20375941
    2. Cleveland Clinic. (n.d.). Ovarian cancer. Retrieved May 23, 2026, from https://my.clevelandclinic.org/health/diseases/4447-ovarian-cancer
    3. Centers for Disease Control and Prevention. (n.d.). Screening for ovarian cancer. Retrieved May 23, 2026, from https://www.cdc.gov/ovarian-cancer/screening/index.html

    Published: 10 June 2026

    Share

    26 May 2026
    Medically reviewed:

    Terms of use:
    ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
    သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

    Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.