အသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းခြင်းဆိုသည်မှာ မှတ်ဉာဏ်စွမ်းအား၊ တွေးခေါ်နိုင်စွမ်းအား၊ ဆင်ခြင်တုံတရား၊ ပင်ကိုယ်စရိုက်၊ စိတ်အခြေအနေနှင့် အပြုအမူတို့ကို ထိခိုက်စေနိုင်သော ကျန်းမာရေးပြဿနာတစ်ခုဖြစ်သည်။ ပုံမှန်အသိဉာဏ်ဖွံဖြိုးပြီးသူများတွင် ရောဂါအခြေအနေ တစ်ခုခုကြောင့် အသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းခြင်းကို ဆေးပညာအခေါ်အဝေါ်အားဖြင့် Dementia ဟုခေါ်သည်။ စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်စွမ်း ကျဆင်းလာခြင်းသည် နေ့စဥ်ဘဝနှင့် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရာတွင် အနှောင့်အယှက်ဖြစ်စေနိုင်သည်။ အသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းခြင်းသည် အယ်လ်ဇိုင်းမားရောဂါကြောင့် အဓိကဖြစ်ပေါ်နိုင်ပြီး ဦးနှောက်ကို ထိခိုက်စေနိုင်သော အခြားရောဂါအမျိုးမျိုးနှင့် ထိခိုက်ဒဏ်ရာများကြောင့်လည်း ဖြစ်ပေါ်လာနိုင်သည်။ ဖြစ်ပေါ်ရသော အကြောင်းရင်းများပေါ်မူတည်၍ အချို့မှာပြန်လည်ကောင်းမွန်နိုင်ပြီး အချို့ကိုဆေးများဖြင့် ထိန်းချုပ်နိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းခြင်းသည် ဦးနှောက်အတွင်းရှိ အာရုံကြောဆဲလ်များ ထိခိုက်ပျက်စီးဆုံးရှုံးခြင်း သို့မဟုတ် ၄င်းတို့၏ဆက်သွယ်မှုများ ပြတ်တောက်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည်။ ဦးနှောက်သို့သွားသော သွေးစီးဆင်းမှု ပြတ်တောက်သောကြောင့် လိုအပ်သည့် အောက်ဆီဂျင်နှင့် အာဟာရများကို ဦးနှောက်သို့မပို့ဆောင်ပေးနိုင်သဖြင့် ဦးနှောက်တစ်ရှူးများ သေဆုံးသွားကြသောကြောင့်လည်း ဖြစ်ပေါ်နိုင်သည်။ အသိမှတ်ဉာဏ်ထိခိုက်ချို့ယွင်းခြင်းကို အဓိကအားဖြင့် အုပ်စု (၃)စု ခွဲခြားထားသည်။
- ရောဂါလက္ခဏာများ တဖြည်းဖြည်း ပိုမိုဆိုးရွားလာသော ရောဂါအုပ်စု (Progressive dementia)
- အသိမှတ်ဉာဏ် ပြန်လည်ကောင်းမွန်လာနိုင်သည့် ရောဂါအခြေအနေအုပ်စု (Dementia-like conditions that can be reversed)
- အသိမှတ်ဉာဏ်ချို့ယွင်းခြင်းနှင့် ဆက်စပ်နေသည့် အခြားရောဂါအုပ်စုများ (Other disorders linked to dementia) ဟူ၍ (၃) မျိုး ခွဲခြားထားသည်။
- ရောဂါလက္ခဏာများ တဖြည်းဖြည်း ပိုမိုဆိုးရွားလာသော ရောဂါအုပ်စု (Progressive dementia)
အောက်ဖော်ပြပါ အခြေအနေများတွင် အသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းခြင်းသည် ပြန်လည်ကောင်းမွန်လာနိုင်ခြင်း မရှိဘဲ တဖြည်းဖြည်း ပိုမိုဆိုးရွားလာနိုင်သည်။- အယ်လ်ဇိုင်မားရောဂါ
အသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းသူများ၏ (၆၀) မှ (၈၀) ရာခိုင်နှုန်းခန့်သည် အယ်လ်ဇိုင်းမားရောဂါကြောင့် ဖြစ်သည်။ ပုံမှန်မဟုတ်သော ပရိုတင်းများ စုပုံလာပြီး အာရုံကြောဆဲလ်များ အဆက်အသွယ် ပြတ်တောက်ကာ သေဆုံးသွားသောကြောင့် ဖြစ်ပေါ်လာသည်။ - ဦးနှောက်သွေးကြောရောဂါများကြောင့် အသိမှတ်ဉာဏ်ထိခိုက်ချို့ယွင်းခြင်း (vascular dementia)
ဒုတိယအဖြစ်အများဆုံးသော အကြောင်းရင်းဖြစ်သည်။ သွေးကြောကျဥ်းခြင်း၊ လေဖြတ်ခြင်းတို့ကြောင့် ဦးနှောက်အတွင်းရှိ သွေးကြောများ ပိတ်ဆို့ပျက်စီးခြင်းဖြစ်သည်။ အတွေ့ရများသော လက္ခဏာများမှာ ပြဿနာဖြေရှင်းနိုင်စွမ်း ကျဆင်းခြင်း၊ စဥ်းစားတွေးခေါ်မှု နှေးကွေးလာခြင်းနှင့် အာရုံစူးစိုက်မှု၊ စနစ်တကျလုပ်ဆောင်နိုင်စွမ်း ပျောက်ဆုံးခြင်းတို့ဖြစ်ကြသည်။ ရောဂါဖြစ်နိုင်ခြေများသော အခြေအနေများမှာ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတွင်း အဆီဓာတ်များခြင်းတို့ ဖြစ်ကြသည်။ - လူဝီဘော်ဒီကြောင့်ဖြစ်သော အသိမှတ်ဉာဏ်ထိခိုက်ချို့ယွင်းခြင်း (Lewy Body dementia)
လူဝီဘော်ဒီ ပရိုတင်းအစုအဝေးကြောင့် ဦးနှောက်ရှိ အာရုံကြောဆဲလ်များ ထိခိုက်ပျက်စီးခြင်း ဖြစ်ပေါ်စေသည်။ အတွေ့ရများသော လက္ခဏာမှာ အခြားသူများ မမြင်ရသောအရာများကို မြင်ခြင်း (visual hallucinations)၊ အိပ်နေစဥ် အိပ်မက်ထဲမှ အပြုအမူများကို လက်တွေ့ပြုမူခြင်းနှင့် အာရုံစူးစိုက်မှု ကျဆင်းခြင်းတို့ ဖြစ်သည်။ ပါကင်ဆန်ရောဂါရှိသူများတွင်လည်း ထိုလူဝီဘော်ဒီ ပရိုတင်းတွေ့ရှိရသောကြောင့် လှုပ်ရှားမှုနှေးကွေးခြင်း၊ တောင့်တင်းခြင်းတို့အပြင် အသိမှတ်ဉာဏ်ထိခိုက်ချို့ယွင်းခြင်းပါ ဖြစ်ပေါ်နိုင်သည်။ - ဦးနှောက်အစိတ်အပိုင်းများတွင် အဆက်အသွယ်ပြတ်တောက်သောကြောင့် ဖြစ်ပေါ်သည့် အသိမှတ်ဉာဏ်ထိခိုက်ချို့ယွင်းခြင်း (Frontotemporal dementia)
ဦးနှောက် အရှေ့ပိုင်းရှိ Frontal lobe နှင့် ဘေးပိုင်းရှိ Temporal lobes အစိတ်အပိုင်းတို့တွင် အာရုံကြောဆဲလ်များနှင့် ၄င်းတို့၏ ဆက်သွယ်မှုများ ယိုယွင်းပျက်စီးခြင်းတို့ကြောင့် ဖြစ်သည်။ ထိုနေရာများ ထိန်းချုပ်ထားသည့် ပင်ကိုယ်စရိုက်၊ အပြုအမူနှင့် ဘာသာစကားဆိုင်ရာ လုပ်ငန်းများ ထိခိုက်စေနိုင်သည်။ - ပေါင်းစပ်ဖြစ်ပေါ်သော အသိမှတ်ဉာဏ်ထိခိုက်ချို့ယွင်းခြင်း (Mixed dementia)
အထက်တွင်ဖော်ပြခဲ့သော အသိမှတ်ဉာဏ်ထိခိုက်ချို့ယွင်းခြင်း အမျိုးအစားများ ပေါင်းစပ်၍ ဖြစ်ပေါ်နိုင်သည်။ အဓိကအားဖြင့် အယ်လ်ဇိုင်မားရောဂါနှင့် ဦးနှောက်သွေးကြောရောဂါများကြောင့်ဖြစ်သော အသိမှတ်ဉာဏ်ထိခိုက်ချို့ယွင်းခြင်းတို့ ပူးပေါင်းတွေ့ရလေ့ရှိသည်။ အသက် (၈၀) နှင့်အထက်ရှိသူများတွင် အတွေ့ရအများဆုံးဖြစ်ပြီး ဦးနှောက်လုပ်ငန်းများ ပို၍လျင်မြန်စွာ ကျဆင်းစေသည်။
- အယ်လ်ဇိုင်မားရောဂါ
- အသိမှတ်ဉာဏ် ပြန်လည်ကောင်းမွန်လာနိုင်သည့် ရောဂါအခြေအနေအုပ်စု
- ဦးနှောက်တွင်းဖိအားပုံမှန်ဖြစ်နေသော ဦးနှောက်ရေအိတ်ကျယ်ခြင်း (Normal Pressure Hydrocephalus)
ဦးနှောက်အတွင်း CSF အရည်များ စုပုံလာပြီး ဦးနှောက်ကို ထိခိုက်သောအခါ ဖြစ်ပေါ်လာသော အခြေအနေဖြစ်သည်။ ဦးနှောက်ပိုးဝင်ခြင်း၊ ဦးနှောက်ထိခိုက်ဒဏ်ရာရခြင်း၊ ဦးနှောက်သွေးထွက်ခြင်း (သို့မဟုတ်) ယခင်က ဦးနှောက်ခွဲစိတ်ဖူးခြင်းတို့ကြောင့် ဖြစ်ပေါ်နိုင်သည်။ ရောဂါလက္ခဏာများအနေဖြင့် ဟန်ချက်မထိန်းနိုင်ခြင်း၊ သတိမေ့ခြင်း၊ အာရုံစူးစိုက်ရန် ခက်ခဲခြင်း၊ စိတ်အပြောင်းအလဲမြန်ခြင်း၊ မကြာခဏလဲကျခြင်း၊ ဆီးမထိန်းနိုင်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ - ဗီတာမင် ချို့တဲ့ခြင်း
ဗီတာမင် ဘီ (1,6,12)၊ ဗီတာမင် E၊ ကော့ပါးသတ္တုဓာတ်တို့ကို အစားအစာများတွင် လုံလောက်အောင် မရရှိပါက အသိမှတ်ဉာဏ်ချို့ယွင်းခြင်း ကဲ့သို့သော ရောဂါလက္ခဏာများ ဖြစ်ပေါ်လာသည်။ - ရောဂါပိုးဝင်ခြင်း (ဥပမာ _ အိတ်ချ်အိုင်ဗွီ ဗိုင်းရပ်စ်ပိုး၊ ကာလသားရောဂါပိုး)
- ခုခံအားဆိုင်ရာ ရောဂါများ (ဥပမာ – Multiple sclerosis)
- ဇီဝကမ္မနှင့် ဟော်မုန်းဆိုင်ရာ အခြေအနေများ
- သိုင်းရွိုက်ဂလင်း ပြဿနာများ
- သွေးတွင်း သကြားဓာတ်နည်းခြင်း
- သွေးတွင်း ဆိုဒီယမ် (သို့မဟုတ်) ပိုတက်ဆီယမ်ဓာတ် နည်းလွန်း၊ များလွန်းခြင်း
- အချို့သော ဆေးဝါးများ _ အိပ်ဆေးများ၊ စိတ်ငြိမ်ဆေးများ၊ စိတ်ကျရောဂါ ကုသဆေးဝါးများ၊ အတက်ကျဆေးများ၊ ပါကင်ဆန်ရောဂါ ကုသဆေးဝါးများ
- ဦးနှောက်အကျိတ်များ
- ဦးနှောက် သွေးထွက်ခြင်း၊ သွေးခဲခြင်း (Subdural hematoma)
- ဦးနှောက်တွင်းဖိအားပုံမှန်ဖြစ်နေသော ဦးနှောက်ရေအိတ်ကျယ်ခြင်း (Normal Pressure Hydrocephalus)
- အသိမှတ်ဉာဏ်ထိခိုက်ချို့ယွင်းခြင်းနှင့် ဆက်စပ်နေသည့် အခြားသောရောဂါများ
- ဦးနှောက်ထိခိုက်ဒဏ်ရာရခြင်း (Traumatic brain injury)
- မွေးရာပါ မျိုးဗီဇ ချို့တဲ့သောရောဂါ (Huntington’s disease)
- ပါကင်ဆန်ရောဂါ (Parkinson’s disease)
- Prion ဟုခေါ်သော ကူးစက်နိုင်သည့် ပရိုတင်းကြောင့် ဖြစ်ပေါ်သော အလွန်ရှားပါးသည့် ရောဂါ (Creutzfeldt-Jakob disease – CJD)
ယှဥ်တွဲတွေ့ရှိရသော ရောဂါလက္ခဏာများ
အသိမှတ်ဉာဏ်ထိခိုက်ချို့ယွင်းခြင်း ဖြစ်ပေါ်ရသည့် အကြောင်းရင်းပေါ် မူတည်၍ ယှဥ်တွဲတွေ့ရှိရသော ရောဂါလက္ခဏာများလည်း အမျိုးမျိုးကွဲပြားနိုင်သည်။
အတွေ့ရများသော ရောဂါလက္ခဏာများမှာ_
- သိမြင်နိုင်စွမ်းဆိုင်ရာ ပြောင်းလဲမှုများနှင့်
- စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်သည်။
သိမြင်နိုင်စွမ်းဆိုင်ရာ ပြောင်းလဲမှုများတွင်
- မှတ်ဉာဏ်ချို့ယွင်းခြင်း၊
- စကားလုံးရှာရန် ခက်ခဲခြင်း၊
- မြင်ကွင်းနှင့် နေရာချထားမှုဆိုင်ရာ အခက်အခဲများ (ကားမောင်းနေစဥ် လမ်းပျောက်ခြင်း)၊
- ပြဿနာဖြေရှင်းနိုင်စွမ်း ကျဆင်းခြင်း၊
- ရှုပ်ထွေးသော လုပ်ငန်းတာဝန်များ လုပ်ဆောင်ရန် ခက်ခဲခြင်း၊
- လှုပ်ရှားမှုများကို ထိန်းချုပ်ရန် အားနည်းခြင်း၊
- စိတ်ရှုပ်ထွေးခြင်းနှင့်
- အာရုံမစူးစိုက်နိုင်ခြင်းစသောရောဂါလက္ခဏာများတွေ့ရှိနိုင်သည်။
စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများအနေဖြင့်
- ပင်ကိုယ်အရည်အသွေးများ ပြောင်းလဲခြင်း၊
- စိတ်ဓာတ်ကျခြင်း၊
- စိုးရိမ်ပူပန်မှုများခြင်း၊
- စိတ်တိုလွယ်ခြင်း၊
- မသင့်တော်သော အပြုအမူများ ပြုလုပ်ခြင်း၊
- သံသယများခြင်းနှင့်
- မရှိသော အရာများကို မြင်ယောင်ခြင်းတို့ ဖြစ်ကြသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
မိမိ (သို့မဟုတ်) မိသားစုဝင်များတွင် အထက်တွင်ဖော်ပြထားသော လက္ခဏာများကို သံသယရှိလျှင် မိသားစုဆရာဝန်များနှင့် တိုင်ပင်၍ ဖြစ်ပေါ်ရသောအကြောင်းရင်းများကို ရှာဖွေရန် အရေးကြီးသည်။ အသိမှတ်ဉာဏ် ချို့ယွင်းထိခိုက်ခြင်း ဖြစ်ပေါ်စေသည့် အချို့သောအကြောင်းရင်းများကို ထိရောက်သောကုသမှု ခံယူပါက သက်သာပျောက်ကင်းနိုင်သည်။ လိုအပ်လျှင် ဦးနှောက်အာရုံကြော အထူးကုဆရာဝန်များ၊ သက်ကြီးရွယ်အို အထူးကုဆရာဝန်များနှင့် ဆက်လက်ကုသမှု ခံယူနိုင်သည်။
ရောဂါရှာဖွေခြင်း
အသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းမှု ဖြစ်ပေါ်စေသော အကြောင်းရင်းနှင့် ရောဂါအရင်းခံများစွာ ရှိသောကြောင့် ရောဂါရှာဖွေနိုင်ရန် စစ်ဆေးရှာဖွေမှုများကို လူနာတစ်ဦးချင်းအနေအထားပေါ်မူတည်ပြီး အောက်ပါအတိုင်း ပြုလုပ်၍ ရှာဖွေနိုင်သည်။
- ရောဂါရာဇဝင်များကို အသေးစိတ်မေးမြန်းခြင်း
- အထွေထွေစမ်းသပ်စစ်ဆေးခြင်း
- ဦးနှောက်အာရုံကြောစနစ်နှင့် သိမြင်နိုင်စွမ်းတို့ကို စစ်ဆေးခြင်း (Neurocognitive testing)
- မှတ်ဉာဏ်စွမ်းအား၊ ဘာသာစကားစွမ်းရည်၊ အမြင်အာရုံစွမ်းအား၊ အာရုံစူးစိုက်နိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်း၊ ဆုံးဖြတ်နိုင်စွမ်း၊ လှုပ်ရှားနိုင်စွမ်း၊ အာရုံခံနိုင်စွမ်း၊ ဟန်ချက်ညီအောင် ထိန်းသိမ်းနိုင်စွမ်း အစရှိသည်တို့ကို စမ်းသပ်စစ်ဆေးရန်လိုအပ်သည်။
- စိတ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်း (Psychiatric evaluation)
- မှတ်ဉာဏ်စွမ်းအားကို ကျဆင်းစေနိုင်သော စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ကြွခြင်းနှင့် စိတ်ကျန်းမာရေး ပြဿနာများကို စစ်ဆေးရှာဖွေရန် လိုအပ်သည်။
- ဓာတ်ခွဲစစ်ဆေးခြင်း (Laboratory tests)
- အသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းခြင်းကို ဖြစ်ပေါ်စေနိုင်သော ရောဂါပိုးဝင်ခြင်း၊ ဗီတာမင်ချို့တဲ့ခြင်းနှင့် သိုင်းရွိုက်ဂလင်း ပြဿနာများကို ရှာဖွေရန် သွေးစစ်ဆေးခြင်းဖြင့် ရှာဖွေနိုင်သည်၊ လိုအပ်လျှင် တစ်ခါတစ်ရံတွင် ခါးရိုးဆစ်ကြားမှ CSF အရည်ထုတ်ယူကာ ဓာတ်ခွဲခန်းသို့ပို့၍ စစ်ဆေးနိုင်သည်
- ပုံရိပ်ဖော်စစ်ဆေးခြင်း (Imaging tests)
- ကွန်ပြူတာဓာတ်မှန် (သို့မဟုတ်) သံလိုက်ဓာတ်မှန်ရိုက်ခြင်း
- PET စကန် ရိုက်ခြင်း
ကုသခြင်း
အသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းခြင်း ဖြစ်ပေါ်စေသော အကြောင်းရင်းများတွင် အချို့ကို သက်သာပျောက်ကင်းအောင် ကုသနိုင်သော်လည်း အများစုမှာ လုံးဝပျောက်ကင်းအောင် မကုသနိုင်ဘဲ ရောဂါလက္ခဏာများကိုသာ ထိန်းချုပ်ပေးနိုင်သည်။ အောက်ပါအကြောင်းရင်းများကြောင့် ဖြစ်ပေါ်သည့် အသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းခြင်းကို ဖော်ပြထားသည့်အတိုင်း ကုသမှုခံယူလျှင် သက်သာပျောက်ကင်းနိုင်သည်။
- ဦးနှောက်အကျိတ်များကြောင့် ဖြစ်ပါက ခွဲစိတ်ဖယ်ရှားခြင်း
- ဖိအားမများသော ဦးနှောက်ရေအိတ်ကျယ်ခြင်း (Normal Pressure Hydrocephalus) ကြောင့်ဖြစ်ပါက ခွဲစိတ်၍ ပြွန်ချောင်း (VP shunt) ထည့်သွင်းကာ အရည်ပိုများကို ဖယ်ရှားပေးခြင်း
- ဗီတာမင်နှင့် သတ္တုဓာတ်များ ချို့တဲ့ခြင်းကြောင့် ဖြစ်ပါက ပြန်လည်ဖြည့်တင်းပေးခြင်း
- သိုင်းရွိုက်ဂလင်းပြဿနာများကြောင့်ဖြစ်ပါက သိုင်းရွိုက်ဟော်မုန်း ပုံမှန်ဖြစ်အောင် ပြုလုပ်ပေးခြင်း
- သွေးတွင်းသကြားဓာတ် ကျဆင်းပါက သကြားဓာတ်ပြန်လည်ဖြည့်ပေးခြင်း
- စိတ်ကျရောဂါများကြောင့် ဖြစ်ပါက ထိရောက်သော ကုသမှုခံယူခြင်းတို့ ဖြစ်ကြသည်။
ပြန်လည်ကောင်းမွန်လာနိုင်ခြင်းမရှိဘဲ တဖြည်းဖြည်း ပိုမိုဆိုးရွားလာနိုင်သည့် အသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းခြင်းများ ဖြစ်ပါက အောက်ဖော်ပြပါ နည်းလမ်းများဖြင့် ရောဂါလက္ခဏာများကို သက်သာအောင် ထိန်းချုပ်နိုင်သည်။
ဆေးဝါးများဖြင့် ကုသခြင်း
အသုံးပြုနိုင်သောဆေးများမှာ_
- Cholinesterase inhibitors (Donepezil, Rivastigmine, Galantamine)
- NMDA receptor antagonist (Memantine)
- Anti-amyloid antibody (Aducanumab)
ဆေးဝါးများ အသုံးမပြုဘဲ ကုသသည့် နည်းလမ်းများ
အသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းမှု လက္ခဏာများနှင့် အပြုအမူဆိုင်ရာ ပြဿနာများကို ဆေးဝါးများမဟုတ်သောအောက်ဖော်ပြပါ အခြားကုထုံးများဖြင့် ကုသနိုင်သည်။
- နေ့စဥ်လှုပ်ရှားမှု စွမ်းရည်ကုထုံး (Occupational therapy)
- ဤကုထုံးသည် အိမ်တွင် ပိုမိုဘေးကင်းစေရန် နည်းလမ်းများနှင့် အန္တရာယ်ဖြစ်ခဲ့လျှင် ရင်ဆိုင်ကျော်လွှားရမည့် နည်းလမ်းများကို သင်ကြားပေးခြင်းဖြစ်သည်
- လဲကျခြင်းကဲ့သို့သော မတော်တဆမှုများကို ကာကွယ်ရန်ဖြစ်ပြီး အပြုအမူများကို စီမံခန့်ခွဲနိုင်စေရန်နှင့် ရောဂါပိုဆိုးလာပါက ကြိုတင်ပြင်ဆင်နိုင်ရန်ဖြစ်သည်
- အပြုအမူဆိုင်ရာကုထုံးများ
- စိတ်ဆိုးဒေါသထွက်စေသော အကြောင်းရင်းများကို ဖော်ထုတ်လေ့ကျင့်ပေးခြင်း၊ ကောင်းသောအပြုအမူများကို လေ့ကျင့်ပေးခြင်း စသည်တို့ပါဝင်သည်
- ဂီတ၊ အိမ်မွေးတိရစ္ဆာန်၊ အနုပညာကုထုံးများကိုလည်း အသုံးပြုသည်
- ပတ်ဝန်းကျင်တွင် ပြောင်းလဲမှုများပြုလုပ်ပေးခြင်း
- အရာဝတ္ထုများကို စနစ်တကျထားရှိခြင်း၊ အသံများကို လျှော့ချခြင်းဖြင့် အာရုံစူးစိုက်ရန် ပိုမိုလွယ်ကူစေသည်
- ဓားများ၊ ချွန်ထက်သော အရာများကဲ့သို့ အန္တရာယ်ရှိနိုင်သော အရာများကို ဝှက်ထားရန် လိုအပ်သည်
- လုပ်ငန်းတာဝန်များကို ရိုးရှင်းအောင် ပြုလုပ်ခြင်း
- လုပ်ငန်းများကို ရိုးရှင်းသော နည်းလမ်းများဖြင့်သာ ပြုလုပ်နိုင်ရန် ဆောင်ရွက်ပေးခြင်းဖြင့် စိတ်ရှုပ်ထွေးမှုကို လျော့ကျစေပြီး အာရုံစူးစိုက်နိုင်ရန် အထောက်အကူ ဖြစ်စေသည်
- လူမှုရေးကုထုံးများ
- အဖွဲ့လိုက်လှုပ်ရှားမှုများ၊ လူမှုအသိုင်းအဝိုင်းနှင့် ချိတ်ဆက်ပေးမှုများပါဝင်သည်
- အာဟာရနှင့် အိပ်စက်မှု
- ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာ၊ ရေဓာတ်ပြည့်ဝခြင်းနှင့် ကောင်းမွန်သော အိပ်စက်မှုအလေ့အထများပါဝင်သည်
ဤကုထုံးများသည် အသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းခြင်းရှိသူများ၏ နေ့စဥ်ဘဝအရည်အသွေးကို မြှင့်တင်ရန်နှင့် ပြုစုစောင့်ရှောက်သူများ၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချရန် အထောက်အကူပြုသည်။
ကာကွယ်ခြင်း
အသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းခြင်း ဖြစ်ပေါ်စေသော အကြောင်းရင်းများအားလုံးကို ကာကွယ်၍မရသော်လည်း အချို့သော ဖြစ်နိုင်ခြေများသည့်အခြေအနေများကို အောက်ပါနည်းလမ်းများဖြင့် ကာကွယ်နိုင်သည်။
- ဆေးလိပ်ဖြတ်ခြင်း
- ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စားသောက်ခြင်း
- တစ်ရက်လျှင် မိနစ် (၃၀) ခန့် လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း
- ဦးနှောက်စွမ်းရည် မြင့်တက်စေနိုင်သည့် ဂိမ်းများကစားခြင်း၊ ဉာဏ်စမ်းပဟေဠိများ ဖြေရှင်းခြင်း၊ အခြားစိတ်ကို လှုံ့ဆော်ပေးနိုင်သည့် လှုပ်ရှားမှုများပြုလုပ်ခြင်း
- လူမှုရေးပိုင်းဆိုင်ရာ တက်ကြွလှုပ်ရှားမှုများ ပြုလုပ်ခြင်း (လူအများနှင့် ပြောဆိုဆက်ဆံခြင်း၊ ဖြစ်စဥ်များတွင် တက်ကြွစွာ ဝင်ရောက်ဆွေးနွေးခြင်း) တို့ဖြစ်ကြသည်။
References:
- Dementia – Symptoms and causes. (n.d.). Mayo Clinic. Retrieved April 2, 2025 from https://www.mayoclinic.org/diseases-conditions/dementia/symptoms-causes/syc-20352013
- Dementia – Diagnosis and treatment – Mayo Clinic. (n.d.). Retrieved April 2, 2025 from https://www.mayoclinic.org/diseases-conditions/dementia/diagnosis-treatment/drc-20352019
- Dementia. (2025). Cleveland Clinic. Retrieved April 2, 2025 from https://my.clevelandclinic.org/health/diseases/9170-dementia
Published: 5 May 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.