အယ်လ်ဇိုင်မားရောဂါသည် အသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းခြင်း (Dementia) ၏ အဓိကအဖြစ်အများဆုံး အကြောင်းရင်းဖြစ်သည်။ အသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းခြင်းသည် ဦးနှောက်၏ လုပ်ငန်းဆောင်တာများ တဖြည်းဖြည်း ကျဆင်းလာခြင်းနှင့် သက်ဆိုင်သည့် မှတ်ဉာဏ်စွမ်းအား၊ စဥ်းစားတွေးခေါ်နိုင်စွမ်းအားနှင့် အပြုအမူဆိုင်ရာ စွမ်းဆောင်ရည်များ ထိခိုက်ခြင်း အစရှိသော ရောဂါလက္ခဏာများဖြစ်သည်။ ရောဂါလက္ခဏာများသည် အသက် (၆၅) နှစ်အထက် လူကြီးများတွင် စတင်ဖြစ်ပေါ်လေ့ရှိပြီး တဖြည်းဖြည်းချင်း ပိုမိုဆိုးရွားလာကာ နေ့စဥ်လုပ်ငန်းဆောင်တာများ ပြုလုပ်ခြင်းတို့ကိုပါ ထိခိုက်လာသည်။ အယ်လ်ဇိုင်းမားရောဂါကို လုံးဝပျောက်ကင်းအောင် မကုသနိုင်သော်လည်း အချို့သောဆေးဝါးများနှင့် ကုထုံးများသည် ရောဂါလက္ခဏာများကို ထိန်းချုပ်ရန် ကူညီပေးနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်း
အယ်လ်ဇိုင်းမားရောဂါကို ဖြစ်စေသော တိကျသည့် အကြောင်းရင်းကို အပြည့်အစုံ မသိရှိရသေးပါ။ အခြေခံအားဖြင့် ဦးနှောက်အတွင်းရှိ ပရိုတင်းများ ဖွဲ့စည်းပုံ ပုံမမှန်ခြင်းကြောင့် ဦးနှောက်ဆဲလ်များ ပျက်စီးကာ တစ်ခုနှင့်တစ်ခု ဆက်သွယ်မှု ပြတ်တောက်သွားစေသည်။ အဓိကအားဖြင့် Amyloid ပရိုတင်းများ စုပုံပြီး အစိုင်အခဲများ (Plaques) ဖြစ်ပေါ်ခြင်းနှင့် Tau ပရိုတင်းများ လိမ်ယှက်ကာ အာရုံကြောမျှင်တန်းများ (Neurofibrillary tangles) များ ဖြစ်ပေါ်ခြင်းတို့ကြောင့် ဦးနှောက်ဆဲလ်များကိုပျက်စီးစေသည်။ အများအားဖြင့် မှတ်ဉာဏ်ထိန်းချုပ်ရာ ဦးနှောက်အစိတ်အပိုင်းမှ စတင်ပျက်စီးလေ့ရှိပြီး တဖြည်းဖြည်း အခြားနေရာများသို့ ပျံ့နှံ့ကာ နောက်ဆုံးတွင် ဦးနှောက်ကျုံ့သွားသည်အထိ ဖြစ်စေနိုင်သည်။
အယ်လ်ဇိုင်းမားရောဂါသည် မျိုးရိုးဗီဇ၊ နေထိုင်စားသောက်မှုပုံစံနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်များ ပေါင်းစပ်ပါဝင်မှုကြောင့် အချိန်ကြာလာသည်နှင့်အမျှ ဦးနှောက်လုပ်ငန်းများကို ထိခိုက်စေသည်ဟု သိပ္ပံပညာရှင်များက ယုံကြည်ထားကြသည်။ အသက်အရွယ်ကြီးရင့်လာခြင်းသည် အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို အများဆုံး မြင့်တက်စေသော အဓိကအကြောင်းရင်းဖြစ်သည်။
မျိုးရိုးဗီဇဆိုင်ရာ အချက်အလက်များ
- မိသားစုမျိုးရိုးတွင် အယ်လ်ဇိုင်းမားရောဂါရှိခြင်း
- မွေးရာပါ မျိုးရိုးဗီဇ (APOE4 gene) ရှိခြင်း (အသက်ငယ်ငယ်တွင် ပို၍ စောစီးစွာ တွေ့ရှိရတတ်သည်)
နေထိုင်စားသောက်မှုပုံစံနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ
- ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း
- ဆေးလိပ်သောက်ခြင်း
- အရက်အလွန်အကျွံသောက်ခြင်း
- အိပ်ချိန်မလုံလောက်ခြင်း
- လေထုညစ်ညမ်းခြင်း
- အပြင်းစားသတ္တုဓာတ် (ဥပမာ – Aluminium, Arsenic, Lead and Mercury) များနှင့် ထိတွေ့မှုရှိခြင်း
- ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးများနှင့် ထိတွေ့မှုရှိခြင်း
ထို့အပြင် အောက်ဖော်ပြပါ အကြောင်းရင်းများကြောင့်လည်း အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်လာစေနိုင်သည်။
- အချို့သော ကျန်းမာရေးအခြေအနေများ (နှလုံးသွေးကြောဆိုင်ရာရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ သွေးတွင်းအဆီများခြင်း၊ အဝလွန်ရောဂါ၊ ဒေါင်းစင်ဒရုန်း)
- ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း
- တစ်ဦးတည်းသီးသန့်နေထိုင်ခြင်း၊ အထီးကျန်ဆန်ခြင်းတို့ ဖြစ်ကြသည်။
ရောဂါလက္ခဏာများ
အယ်လ်ဇိုင်းမား ရောဂါလက္ခဏာများကို ယေဘုယျအားဖြင့် အောက်ပါအတိုင်း အဆင့် (၃) ဆင့် ခွဲခြားထားသည်။ အယ်လ်ဇိုင်းမားရောဂါသည် တဖြည်းဖြည်းချင်း ပိုမိုဆိုးရွားလာကာ ရောဂါလက္ခဏာများ စုပေါင်း၍လည်း ဖြစ်ပေါ်လာနိုင်သည်။
အစောပိုင်းအဆင့် ရောဂါလက္ခဏာများ
အယ်လ်ဇိုင်းမားရောဂါ၏ အစောပိုင်းအဆင့်တွင် အဓိကလက္ခဏာမှာ မှတ်ဉာဏ်ချို့ယွင်းခြင်းဖြစ်သည်။ ဥပမာအားဖြင့် အယ်လ်ဇိုင်းမားရောဂါ စတင်ခံစားနေရသူတစ်ဦးသည်
- မကြာသေးမီက ပြောဆိုခဲ့သည့် စကားများ (သို့မဟုတ်) ဖြစ်ရပ်များကို မေ့လျော့ခြင်း
- အရာဝတ္ထုများကို မှားယွင်းစွာ နေရာချထားခြင်း
- နေရာဒေသများနှင့် အရာဝတ္ထုများ၏ အမည်များကို မေ့ခြင်း
- သင့်လျော်သော စကားလုံးကို ရှာဖွေရန် အခက်တွေ့နေခြင်း
- မေးခွန်းများကို အထပ်ထပ်မေးမြန်းခြင်း
- စဥ်းစားဆုံးဖြတ်နိုင်စွမ်း အားနည်းပြီး ဆုံးဖြတ်ချက်ချရာတွင် ခက်ခဲခြင်း
- လိုက်လျောညီထွေမှု လျော့နည်းလာခြင်းတို့ ဖြစ်ပေါ်လာသည်။
တစ်ခါတစ်ရံတွင် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများဖြစ်သည့် စိတ်ကြွခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းတို့လည်း ဖြစ်ပေါ်နိုင်သည်။
အလယ်အဆင့် ရောဂါလက္ခဏာများ
အယ်လ်ဇိုင်းမားရောဂါသည် အချိန်ကြာလာသည်နှင့်အမျှ မှတ်ဉာဏ်ဆိုင်ရာ ပြဿနာများ ပိုမိုဆိုးရွားလာ၍ အောက်ဖော်ပြပါ လက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်။
- သိကျွမ်းထားသော လူများ၏ အမည်များ၊ မိသားစုနှင့်မိတ်ဆွေများကို မှတ်မိရန် ပိုမိုခက်ခဲလာခြင်း
- အာရုံစူးစိုက်နိုင်စွမ်း ကျဆင်းခြင်း (ဥပမာ _ လမ်းမှားခြင်း၊ လမ်းလွဲခြင်း၊ အချိန်ကာလကို မမှတ်မိနိုင်ခြင်း)
- အလွန်အမင်း စွဲလမ်းခြင်း၊ အထပ်ထပ် ပြုလုပ်တတ်ခြင်း သို့မဟုတ် မဆင်မခြင် ပြုမူတတ်ခြင်း
- မဟုတ်မမှန်သော အယူအဆများ ယုံကြည်ခြင်း သို့မဟုတ် စောင့်ရှောက်သူများ၊ မိသားစုဝင်များအပေါ် သံသယဝင်ခြင်း
- စကားပြောဆိုရာတွင် အခက်အခဲရှိခြင်း (စကားမပီသခြင်း)
- အိပ်စက်မှုပုံစံပြောင်းလဲခြင်း
- စိတ်အပြောင်းအလဲမြန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ပိုမိုပူပန်လာခြင်း၊ စိတ်တိုလွယ်ခြင်း စသည့် စိတ်အခြေအနေပြောင်းလဲမှုများ
- အကွာအဝေးကို မှန်မှန်ကန်ကန် မတွက်ဆနိုင်ခြင်း
- အခြားသူများ မမြင်ရသော အရာများကို မြင်ခြင်း သို့မဟုတ် အခြားသူများ မကြားရသော အသံများကို ကြားခြင်း
ဤအဆင့်တွင် အယ်လ်ဇိုင်းမားရောဂါရှိသူများသည် နေ့စဥ်လုပ်ငန်းဆောင်တာများ (အစာစားခြင်း၊ ရေချိုးခြင်း၊ အဝတ်အစား ဝတ်ဆင်ခြင်း၊ အိမ်သာသုံးခြင်း) အတွက် အကူအညီ လိုအပ်လာသည်။
နောက်ဆုံးအဆင့် ရောဂါလက္ခဏာများ
နောက်ဆုံးအဆင့်များတွင် ရောဂါလက္ခဏာများ အလွန်အမင်းဆိုးရွားလာပြီး ရောဂါခံစားနေရသူများ အပါအဝင် စောင့်ရှောက်သူများ၊ မိသားစုဝင်များ၊ မိတ်ဆွေများအတွက်ပါ စိတ်ဖိစီးမှုများ ဖြစ်ပေါ်စေနိုင်သည်။
- လှုံ့ဆော်မှုမဲ့ အာရုံမှားများ ခံစားရခြင်း (Hallucinations) နှင့် ယုံမှားမှု စွဲမြဲလွန်ကဲခြင်း (Delusion) တို့သည် ရောဂါဖြစ်စဥ်တစ်လျှောက်လုံးတွင် ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်ပေါ်တတ်ပြီး ရောဂါအခြေအနေ ဆိုးလာသည်နှင့်အမျှ ပိုမိုဆိုးရွားလာနိုင်သည်
- အနီးအနားရှိသူများအပေါ် ရန်လိုခြင်းနှင့် သံသယဝင်ခြင်းများ ဖြစ်ပေါ် နိုင်သည်
အခြားဖြစ်ပေါ်နိုင်သော လက္ခဏာများမှာ_
- အစာစားခြင်းနှင့် မျိုချခြင်းတွင် အခက်အခဲရှိခြင်း
- အကူအညီမပါဘဲ ကိုယ်နေဟန်ထား ပြောင်းလဲခြင်း သို့မဟုတ် လှုပ်ရှားသွားလာရာတွင် အခက်အခဲရှိခြင်း
- ကိုယ်အလေးချိန် ကျဆင်းခြင်း
- ဆီးနှင့်ဝမ်း မထိန်းနိုင်ခြင်း
- စကားပြောနိုင်စွမ်း တဖြည်းဖြည်းဆုံးရှုံးလာခြင်း
- ကာလတို၊ ကာလရှည် မှတ်ဉာဏ်စွမ်းအားဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာခြင်း
ရောဂါ ပြင်းထန်သောအဆင့်များတွင် ရောဂါခံစားနေရသူများသည် အချိန်ပြည့်စောင့်ရှောက်မှုနှင့် နေ့စဥ်လုပ်ငန်းဆောင်တာများအတွက် အပြည့်အဝအထောက်အပံ့ပေးရန် လိုအပ်သည်။
နောက်ဆက်တွဲပြဿနာများ
အယ်လ်ဇိုင်းမားရောဂါသည် နောက်ဆုံးအဆင့်သို့ ရောက်လာသည်နှင့်အမျှ ရာသက်ပန် ဦးနှောက်ထိခိုက်မှုများဖြစ်ပေါ်စေပြီး ကျန်းမာရေးကို အဘက်ဘက်မှ ထိခိုက်လာကာ အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာ၍ အသက်သေဆုံးသည်အထိ ဆိုးရွားနိုင်သည်။
- ရောဂါပိုးများ မကြာခဏဝင်လွယ်ခြင်း ( ဥပမာ _ အဆုတ်ရောင်နမိုးနီးယား၊ အရေပြား ပိုးဝင်ခြင်း)
- အစာနှင့်ရေ သီးခြင်း
- အစာမျိုရခက်ခဲခြင်း
- အသက်ရှူရခက်ခဲခြင်း
- အာဟာရချို့တဲ့ခြင်း သို့မဟုတ် ရေဓာတ်ခမ်းခြောက်ခြင်း
- အိပ်ယာနာများဖြစ်ပေါ်ခြင်း
- မကြာခဏ ချော်လဲ၍ ထိခိုက်ဒဏ်ရာရခြင်း၊ အရိုးကျိုးခြင်း
- ဆီး၊ ဝမ်း မထိန်းနိုင်ခြင်း
- သွားနှင့်ခံတွင်း ပြဿနာများ (သွားပိုးစားခြင်း၊ သွားအခေါင်းပေါက်များဖြစ်ခြင်း၊ ခံတွင်းအနာများဖြစ်ခြင်း) တို့ဖြစ်ကြသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
မိမိ (သို့မဟုတ်) မိသားစုဝင် တစ်ဦးဦးတွင် မှတ်ဉာဏ်စွမ်းအားများ၊ အခြားတွေးခေါ်မှုစွမ်းရည်များနှင့် ပတ်သက်၍ သံသယဖြစ်ပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ လိုအပ်လျှင် အထူးကုဆရာဝန်များနှင့် ဆက်လက်ဆွေးနွေးကုသမှု ခံယူနိုင်သည်။
ရောဂါရှာဖွေခြင်း
အယ်လ်ဇိုင်းမားရောဂါကို သိရှိနိုင်ရန် ပထမဦးစွာ ရောဂါရာဇဝင်များကို အသေးစိတ်မေးမြန်းခြင်း (ဥပမာ _ နေ့စဥ်လုပ်ငန်းဆောင်တာများ ဆောင်ရွက်နိုင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာ ပြောင်းလဲမှုများ၊ ရောဂါအခံများ၊ လက်ရှိသောက်သုံးနေသောဆေးဝါးများ) နှင့် ဦးနှောက်အာရုံကြောစနစ် အပါအဝင် အထွေထွေစမ်းသပ်စစ်ဆေးခြင်းများကို ပြုလုပ်ရန် လိုအပ်သည်။ ထို့နောက် ရောဂါလက္ခဏာ ဆင်တူသော အခြားသော ရောဂါများနှင့် သက်ဆိုင်မှု ရှိမရှိကို လိုအပ်သော သွေးနှင့်ဆီးများ စစ်ဆေးခြင်းဖြင့် သိရှိနိုင်သည်။ ဦးနှောက်ကို ကွန်ပြူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန်၊ PET စကန်ရိုက်ခြင်းတို့ဖြင့် ဦးနှောက်၏ ပြောင်းလဲမှုအခြေအနေများကို စစ်ဆေးနိုင်သည်။ ထို့ပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် ဉာဏ်ရည် (သို့မဟုတ်) သိမြင်မှုစွမ်းရည်များကို စစ်ဆေးခြင်းများ ပြုလုပ်ရန် လိုအပ်သည်။
ကုသခြင်း
အယ်လ်ဇိုင်းမားရောဂါအတွက် ပျောက်ကင်းအောင်ကုသရန် ဆေးမရှိသော်လည်း အချို့သောဆေးဝါးနှင့် ကုထုံးများသည် ရောဂါလက္ခဏာများ ပိုမိုဆိုးရွားလာမှုကို နှေးကွေးစေနိုင်သည်။ အယ်လ်ဇိုင်းမားရောဂါကို တတ်နိုင်သမျှ စောစီးစွာ ကုသခြင်းဖြင့် နေ့စဉ်လုပ်ငန်းဆောင်တာများကို မထိခိုက်စေရန်နှင့် ဦးနှောက်ကျန်းမာရေးကို ထိန်းသိမ်းရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။
အယ်လ်ဇိုင်းမားရောဂါသည် တစ်ဦးနှင့်တစ်ဦး ရောဂါပြင်းထန်ပုံ မတူညီသည့်အတွက် လူနာတစ်ဦးချင်းစီ၏ အခြေအနေများပေါ် မူတည်၍ အောက်ပါဆေးများဖြင့် ကုသနိုင်သည်။
- ဦးနှောက်ထိခိုက်မှုကို နှေးစေသော ဆေးများ
- Donepezil, Galantamine, Rivastigmine
- Memantine (NMDA antagonists)
- ကိုယ်ခံအားထိန်းညှိဆေး (Monoclonal antibodies – Lecanemab or Donanemab)
- ဦးနှောက်ထိခိုက်မှုမရှိသေးပါက ကိုယ်ခံအားထိန်းညှိဆေးများပေးခြင်းဖြင့် ကိုယ်ခံအားကို မြှင့်တင်ပြီး ရောဂါဖြစ်စေသော ပရိုတင်းများကို ဖျက်ဆီး၍ ရောဂါပိုဆိုးလာခြင်းကို နှေးကွေးစေနိုင်သည်
- ရောဂါလက္ခဏာ သက်သာစေသောဆေးများ
- စိတ်ကျရောဂါ ကုသဆေးဝါးများ (Antidepressants)
- စိတ်ဖောက်ပြန်ရောဂါ ကုသဆေးဝါးများ (Antipsychotics)
- အတက်ကျဆေးများ (Anti-seizure medications)
အယ်လ်ဇိုင်းမားရောဂါကို ကုသရာတွင် ဆေးများဖြင့် ကုသသည့်အပြင် ရောဂါခံစားနေရသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လွန်စွာအရေးကြီးသည်။ နေ့စဥ်လုပ်ငန်းဆောင်တာများကို ပုံမှန်အလေ့အထဖြစ်အောင် လေ့ကျင့်ပေးခြင်းနှင့် မှတ်ဉာဏ်လိုအပ်သော အလုပ်များလျှော့ချပေးခြင်းဖြင့် နေထိုင်မှုဘဝကို ပိုမိုလွယ်ကူစေနိုင်သည်။ အောက်ဖော်ပြပါနည်းလမ်းများသည် အယ်လ်ဇိုင်းမားရောဂါရှိသူ၏ ဘဝအရည်အသွေးနှင့် လုပ်ဆောင်နိုင်စွမ်းကို ထောက်ပံ့ပေးနိုင်သည့် နည်းလမ်းများဖြစ်သည်။
- အိမ်တွင် သော့၊ ပိုက်ဆံအိတ်၊ ဖုန်းနှင့် အခြားတန်ဖိုးရှိပစ္စည်းများကို တစ်နေရာတည်းတွင် ထားရှိပါ
- ဆေးဝါးများကို လုံခြုံသောနေရာတွင် သိမ်းဆည်းပါ (သောက်ရမည့် ဆေးဝါးများကို နေ့စဥ်စာရင်းဖြင့် မှတ်သားထားပါ)
- ရောဂါရှိသူများအား တည်နေရာခြေရာခံနိုင်သော ဖုန်းကို ကိုင်ဆောင်ထားစေရန်နှင့် အရေးကြီးဖုန်းနံပါတ်များကို သွင်းပေးထားပါ
- တံခါးနှင့် ပြတင်းပေါက်များတွင် အချက်ပေးစနစ် (Alarm) တပ်ဆင်ထားပါ
- မလိုအပ်သော ပရိဘောဂ၊ အမှိုက်သရိုက်နှင့် ခြေခင်းကြမ်းပြားများကို ဖယ်ရှားထားပါ
- လှေခါးနှင့် ရေချိုးခန်းတွင် ခိုင်ခံ့သော လက်တန်းများ တပ်ဆင်ထားပါ
- မှန်များတွင်ပေါ်သော ပုံရိပ်များသည် ရောဂါရှိသူများကို စိတ်ရှုပ်ထွေးမှုနှင့် စိတ်ခြောက်ခြားမှု ဖြစ်ပေါ်စေနိုင်သောကြောင့် မှန်များကို လျှော့ထားပါ
- ရောဂါရှိသူအား မှတ်ပုံတင်ကတ်ပြား (သို့မဟုတ်) ရောဂါရှိကြောင်း သတိပေးကတ်ပြားကို လူနာနှင့်အတူ ထည့်ထားပေးပါ
- ရောဂါရှိသူအတွက် လိုအပ်ချက်များကိုလွယ်ကူစွာအဓိပ္ပါယ်ဖော်ပြနိုင်သော ဓာတ်ပုံများနှင့် အရာဝတ္တုများကို အိမ်တွင်ထားရှိပေးပါ
ဤအချက်များသည် အယ်လ်ဇိုင်းမားရောဂါရှိသူများ၏ နေ့စဥ်ဘဝကို ပိုမိုလွယ်ကူစွာ ဖြတ်သန်းနိုင်စေရန် များစွာအထောက်အကူပြုနိုင်သည်။
ကာကွယ်ခြင်း
အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်သော အသက်အရွယ်ကြီးခြင်းနှင့် မျိုးဗီဇကို ပြုပြင်ပြောင်းလဲ၍ မရသော်လည်း အခြားသောဖြစ်နိုင်ခြေများကို အောက်ဖော်ပြပါ နည်းလမ်းများဖြင့် လျှော့ချပေးနိုင်သည်။
- ကျန်းမာစွာစားသောက်နေထိုင်ခြင်း
- ကျန်းမာရေးနှင့်ညီညွတ်သော၊ လတ်ဆတ်သော၊ အာဟာရပြည့်ဝသော၊ အသင့်စားမဟုတ်သော၊ အဆီ၊ အချို၊ အငန်နည်းသော အစားအစာများကိုစားသုံးပါ၊ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံကို နေထိုင်ပါ
- ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်း
- လေ့ကျင့်ခန်းလုပ်ခြင်းသည် ဦးနှောက်သို့ သွေးစီးဆင်းမှုနှင့် အောက်ဆီဂျင်ကို တိုးစေပြီး ဦးနှောက်ဆဲလ်ကျန်းမာရေးကို ကောင်းမွန်စေနိုင်သည်
- စိတ်ပိုင်းဆိုင်ရာ တက်ကြွစွာနေခြင်း
- ဂိမ်းများကစားခြင်း၊ စာဖတ်ခြင်း၊ စကားဝှက်ပဟေဠိများ ပြုလုပ်ဖြေဆိုခြင်း၊ စကားထာဝှက်ခြင်း၊ ဂီတတူရိယာတစ်ခုခု တီးမှုတ်ခြင်း၊ “ဦးနှောက်စွမ်းအား” အသုံးပြုရန် (တွေးရန်) လိုအပ်သည့် အခြားဝါသနာပါရာများကို လုပ်ဆောင်ခြင်း
- လူမှုရေးအရ တက်ကြွစွာနေထိုင်ခြင်း
- သူငယ်ချင်းများ၊ မိသားစုဝင်များနှင့် ပုံမှန်တွေ့ဆုံ စကားပြောခြင်း၊ ဘာသာရေး လုပ်ခြင်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းအဖွဲ့များ၊ စာဖတ်အသင်းများ (သို့မဟုတ်) ရပ်ရွာစေတနာ့ဝန်ထမ်းအလုပ်များကဲ့သို့သော အဖွဲ့လိုက်လှုပ်ရှားမှုများတွင် ပါဝင်ခြင်း
References:
- Alzheimer’s disease – Symptoms and causes. (n.d.). Mayo Clinic. Retrieved January 27, 2025, from https://www.mayoclinic.org/diseases-conditions/alzheimers-disease/symptoms-causes/syc-20350447
- Alzheimer’s disease – Diagnosis and treatment – Mayo Clinic. (n.d.). Retrieved January 27, 2025, from https://www.mayoclinic.org/diseases-conditions/alzheimers-disease/diagnosis-treatment/drc-20350453
- Alzheimer’s Disease. (2025). Cleveland Clinic. Retrieved January 27, 2025, from https://my.clevelandclinic.org/health/diseases/9164-alzheimers-disease
- Heymann, D., Stern, Y., Cosentino, S., Tatarina-Nulman, O., Dorrejo, J. N., & Gu, Y. (2016). The association between alcohol use and the progression of Alzheimer’s disease. Retrieved January 27, 2025, from Current Alzheimer Research, 13(12), 1356–1362. https://doi.org/10.2174/1567205013666160603005035
- Website, N. (2024). Alzheimer’s disease. nhs.uk. Retrieved January 27, 2025, from https://www.nhs.uk/conditions/alzheimers-disease/
- What is Alzheimer’s? (n.d.). Alzheimer’s Association. Retrieved January 27, 2025, from https://www.alz.org/alzheimers-dementia/what-is-alzheimers
Published: 10 May 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.