Obstructive Sleep Apnoea – OSA (အိပ်ပျော်နေစဥ် အသက်ရှူလမ်းကြောင်းပိတ်ဆို့ အသက်ရှူရပ်ခြင်း)

Obstructive Sleep Apnoea – OSA (အိပ်ပျော်နေစဥ် အသက်ရှူလမ်းကြောင်းပိတ်ဆို့ အသက်ရှူရပ်ခြင်း)

အိပ်ပျော်နေစဥ် ရောဂါအခြေအနေတစ်ခုခုကြောင့် အသက်ရှူလမ်းကြောင်း ပိတ်ဆို့သွားပြီး အသက်ရှူခေတ္တခဏ ရပ်သွားလျှင် သွေးတွင်းအောက်ဆီဂျင်ကျသွားနိုင်သည်။ ထိုအချိန်တွင် ဦးနှောက်ကို အချက်ပြအသိပေးသဖြင့် အိပ်ရာမှနိုးထကာ အသက်ပြန်ရှူလာသည်။ အိပ်ပျော်နေစဥ် အသက်ရှူတစ်ခါရပ်လျှင် (၁၀) စက္ကန့်နှင့်အထက်ကြာပြီး၊ တစ်နာရီအတွင်း အနည်းဆုံး (၅) ကြိမ်ဖြစ်လျှင် အိပ်ပျော်နေစဥ် အသက်ရှူလမ်း‌ကြောင်းပိတ်ဆို့အသက်ရှူရပ်ခြင်းဟု သတ်မှတ်သည်။ မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပေါ်နိုင်သော်လည်း အသက်ကြီးသူများ (အထူးသဖြင့် အဝလွန်သူများ) နှင့် အမျိုးသားများတွင် ပို၍အဖြစ်များသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အိပ်ပျော်သွားသောအခါ အသက်ရှူကြွက်သားများအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများ ပြေလျော့သွားသည်။ ကြွက်သားများ ပြေလျော့သွားသောအခါ အသက်ရှူသွင်းလိုက်လျှင် အသက်ရှူလမ်းကြောင်း ကျဥ်းခြင်း သို့မဟုတ် ပိတ်ခြင်း ဖြစ်ပေါ်လာသည်။ ဟောက်သံထွက်ပေါ်လာခြင်းသည် ထိုအကြောင်းရင်းကြောင့်ဖြစ်သည်။ သို့သော် အချို့သောရောဂါအခြေအနေများတွင် သာမန်ဖြစ်စဉ်ထက် ပိုမိုဆိုးဝါးနိုင်သည်။ ထို့ကြောင့် သွေးထဲတွင် အောက်ဆီဂျင်ကျသွားပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်များ စုမိခြင်းကြောင့် အသက်ရှူမဝခြင်း ဖြစ်ပေါ်လာသည်။ ထိုအခါ ဦးနှောက်မှ အသက်ရှူမဝကြောင်း ခံစားသိရှိပြီး အိပ်ပျော်နေရာမှ နှိုးဆွလိုက်သဖြင့် နိုးထလာပြီး အသက်ရှူလမ်းကြောင်း ပြန်ပွင့်သွားသည်။ အသက်ရှူကျပ်ပြီး နိုးထလာသော်လည်း အသက်တစ်ချက်၊ နှစ်ချက်ခန့် ပြင်းပြင်းရှူလိုက်သောအခါ လျှင်မြန်စွာ ပြန်လည်သက်သာလာသည်။ ထိုသို့ဖြစ်ခြင်းသည် တစ်ညလုံးတွင် တစ်နာရီအတွင်း (၅)ကြိမ် မှ အကြိမ်(၃၀)အထိ ဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် အိပ်ရေးမဝသဖြင့် နေ့ခင်းဘက်တွင် အိပ်ငိုက်ခြင်းနှင့်အတူ အခြားသော ‌ရောဂါလက္ခဏာများလည်း ဖြစ်ပေါ်လာသည်။

အိပ်ပျော်နေစဥ် အသက်ရှူလမ်းကြောင်းပိတ်ဆို့ အသက်ရှူရပ်ခြင်း ဖြစ်နိုင်ခြေများသော အခြေအနေများမှာ_

  • အဝလွန်ခြင်း
  • လည်ပင်းကြီးခြင်း [အမျိုးသမီးများတွင် လည်ပင်းပတ်လည် (၁၆) လက်မ အထက်နှင့် အမျိုးသားများတွင် (၁၇) လက်မအထက်]
  • အာသီးကြီးခြင်း
  • ဦးခေါင်းနှင့် လည်ပင်းကို ထောက်ပံ့ပေးသော တစ်ရှူးများတွင် ချို့ယွင်းချက်ရှိခြင်း
  • မိသားစုမျိုးရိုးတွင် အဝလွန်ပြီး OSA ရောဂါရှိခြင်း
  • မိသားစုမျိုးရိုးလိုက်၍ အသက်ရှူလမ်းကြောင်းကျဥ်းခြင်း
  • ‌ဒေါင်းရောဂါလက္ခဏာစု (Down syndrome)
  • နာတာရှည် နှာခေါင်းပိတ်‌ရောဂါ
  • သွေးတိုးရောဂါနှင့် ဆီးချိုရောဂါ
  • သိုင်းရွိုက်‌ရောဂါနှင့် အခြားဟော်မုန်းရောဂါများ
  • ဆေးလိပ်သောက်ခြင်းတို့ ဖြစ်ကြသည်။
ရောဂါလက္ခဏာများ

အချို့သူများတွင် မည်သည့်ရောဂါလက္ခဏာမှ မခံစားရသော်လည်း အချို့သူများတွင်မူ ညဘက် ကောင်းစွာမအိပ်စက်ရသဖြင့် မနက်အိပ်ရာနိုးချိန်မှစ၍ မလန်းဆန်းဘဲ နုံးနယ်နေခြင်းနှင့် နေ့ခင်းဘက်တွင် အိပ်ငိုက်ခြင်းတို့ကို ခံစားရလေ့ရှိသည်။ ကျယ်လောင်စွာဟောက်ခြင်းသည် အကြီးမားဆုံးသော ‌လက္ခဏာတစ်ခုဖြစ်ပြီး အခြားသော ရောဂါလက္ခဏာများကိုလည်း အောက်ပါအတိုင်း တွေ့ရှိရသည်။

  • ကျယ်လောင်စွာ ‌ဟောက်ရာမှ ရုတ်တရက် အသက်ရှူရပ်ခြင်း
  • ညဘက်တွင် လည်ပင်းလေပြွန်ပိတ်ဆို့အသက်ရှူရပ်ပြီး မကြာခဏနိုးခြင်း
  • မနက်အိပ်ရာထလျှင် ခေါင်းကိုက်ခြင်း
  • နေ့ခင်းဘက်တွင် မကြာခဏ အိပ်ပျော်ခြင်း
  • ညအချိန်တွင် မကြာခဏ ဆီးထသွားခြင်း
  • စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ (စိတ်တိုလွယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အာရုံစူးစိုက်ရန် ခက်ခဲခြင်း)
  • လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှု လျော့ကျခြင်းတို့ ဖြစ်ကြသည်။
နောက်ဆက်တွဲပြဿနာများ

ထိ‌ရောက်သော ကုသမှုမခံယူလျှင် အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်‌ပေါ်လာနိုင်သည်။

  • သွေးပေါင်ချိန်တက်ခြင်း
  • လေဖြတ်နိုင်ခြေများခြင်း
  • အမျိုးအစား (၂) ဆီးချိုရောဂါ
  • နှလုံးထိခိုက်ခြင်း (နှလုံးသွေးကြောကျဥ်းခြင်း၊ ရုတ်တရက် နှလုံးအမောဖောက်ခြင်း၊ နှလုံးခုန်စည်းချက် မမှန်ခြင်း၊ ရုတ်တရက် နှလုံးရပ်သေဆုံးခြင်း)
  • နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာ လုပ်ငန်းများ ထိခိုက်ပျက်စီးခြင်း
  • စိတ်ပိုင်းဆိုင်ရာပြောင်းလဲခြင်း သို့မဟုတ် စိတ်ကျရောဂါ
  • နေ့ခင်းဘက်တွင် အိပ်ငိုက်ခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့ကြောင့် ယာဥ်မတော်တဆဖြစ်မှုများ မကြာခဏဖြစ်ပွါးခြင်း
  • အလုပ် သို့မဟုတ် ကျောင်းတွင် အာရုံစူးစိုက်ရန် ခက်ခဲခြင်း
  • ကျယ်လောင်စွာ ဟောက်သောကြောင့် မိမိနှင့် အတူတူအိပ်စက်သည့် အဖော်ကို အနှောင့်အယှက် ဖြစ်စေခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်။
‌ဆေးရုံ၊ ဆေးခန်းပြသရန်

ကျယ်လောင်စွာဟောက်ခြင်း၊ အိပ်နေစဥ် လည်ပင်းလေပြွန်ပိတ်ဆို့ အသက်ရှူရပ်ပြီး မကြာခဏနိုးခြင်း၊ နေ့ခင်းဘက်တွင် အလွန်အမင်းအိပ်ငိုက်ပြီး အလုပ်လုပ်နေစဥ်၊ တီဗွီကြည့်နေစဥ်၊ ကားမောင်းနေစဥ် အိပ်ပျော်သွားခြင်း စသည်တို့ဖြစ်ပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ပြီး ထိရောက်သော ကုသမှုခံယူရန် လိုအပ်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း
  1. ရောဂါရာဇဝင်နှင့် စမ်းသပ်စစ်ဆေးခြင်း
    • ရောဂါရာဇဝင် မေးမြန်းခြင်း _ လူနာ၏ ရောဂါလက္ခဏာများ၊ အိပ်စက်မှုပုံစံနှင့် ကျန်းမာရေးရာဇဝင်ကို သေချာစွာ မေးမြန်းခြင်း
    • လည်ပင်း အရွယ်အစားတိုင်းတာခြင်း _ လည်ပင်းအရွယ်အစားကို တိုင်းတာခြင်းဖြင့် လေပြွန်ပိတ်ဆို့နိုင်ခြေကို အကဲဖြတ်ခြင်း
    • ပါးစပ်၊ နှာခေါင်းနှင့် လည်ချောင်း စမ်းသပ်စစ်ဆေးခြင်း _ လေပြွန်ပိတ်ဆို့နိုင်သည့် ပြဿနာများကို စစ်ဆေးခြင်း
    • သွေးပေါင်ချိန် တိုင်းတာခြင်း
  2. အိပ်စက်မှုစစ်ဆေးခြင်း (Polysomnography)
    အိပ်စက်နေစဉ် အသက်ရှူခြင်း၊ နှလုံးခုန်ခြင်း၊ ဦးနှောက်လှုပ်ရှားမှုနှင့် သွေးတွင်းအောက်ဆီဂျင် ပမာဏပြောင်းလဲမှုများကို စက်ဖြင့် စောင့်ကြည့်စစ်ဆေးခြင်းဖြစ်သည်။ ဆေးရုံ/ဆေးခန်းတွင် စစ်ဆေးနိုင်သကဲ့သို့ မိမိနေအိမ်တွင်လည်း စက်ကိရိယာများဖြင့် အိပ်စက်မှုကို စစ်ဆေးနိုင်သည်။ ဤနည်းလမ်းသည် ပိုမိုလွယ်ကူပြီး သက်သောင့်သက်သာရှိသည်။
ကုသခြင်း

အိပ်နေစဥ် အသက်ရှူလမ်းကြောင်းပိတ်ဆို့ပြီး အသက်ရှူရပ်ခြင်းကို လုံးဝပျောက်ကင်းအောင် ကုသ၍မရသော်လည်း ရောဂါကိုဖြစ်ပေါ်စေသော အကြောင်းရင်းများနှင့် ပြင်းထန်မှုတို့ပေါ် မူတည်ပြီး ‌အောက်ဖော်ပြပါ ကုသမှုများဖြင့် အသက်ရှူရပ်ခြင်းကို လျှော့ချနိုင်သည်။

  1. ကိုယ်အလေးချိန်ချခြင်း (Weight loss)
    အဝလွန်သူများတွင်ဖြစ်လျှင် ခန္ဓာကိုယ်အလေးချိန်၏ (၁၀) ရာခိုင်နှုန်းကို လျှော့ချခြင်းဖြင့် ရောဂါလက္ခဏာများကို သိသိသာသာ သက်သာစေနိုင်သည်။
  2. အသက်ရှူအားကူစက်တပ်၍ အသက်ရှူလမ်းကြောင်း ဖိအားမြှင့်တင်ပြီး အသက်ရှူရန် ကူညီပေးခြင်း (Continuous Positive Airway Pressure (CPAP) and adaptive ventilation)
    • ညအိပ်စဥ် အသက်ရှူအားကူစက်နှင့် ဆက်ထားသော မျက်နှာဖုံးကို တပ်ထားရန် လိုအပ်သည်
    • ထိုမျက်နှာဖုံးကို မိမိ၏မျက်နှာနှင့် (အဓိကအားဖြင့် နှာခေါင်း၊ ပါးစပ်တို့နှင့်) အံဝင်ခွင်ကျဖြစ်အောင် ပြုလုပ်၍ တပ်ဆင်ရန် အ‌ရေးကြီးသည်
    • အသက်ရှူသွင်းလိုက်သောအခါ အသက်ရှူအားကူစက်မှ အသက်ရှူလမ်းကြောင်းအတွင်း လေဖိအားမြှင့်တင်ပေးပြီး အနီးရှိတစ်ရှူးများမှ အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့ခြင်းမရှိအောင် ပြုလုပ်ပေးသည်
    • စက်ကို စတင်အသုံးပြုသည့်အချိန်တွင် အခက်အခဲရှိနိုင်သော်လည်း ညစဥ် အသုံးပြုသည့်အခါ လွယ်ကူ အဆင်ပြေလာနိုင်သည်
    • ထိုသို့ ကုသခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ_
      • ညအိပ်စဥ် အသက်ရှူလမ်းကြောင်း မပိတ်ဆို့အောင် ပြုလုပ်ပေးခြင်းဖြင့် အသက်ကောင်းကောင်း ရှူနိုင်ခြင်း
      • အိပ်ရေးဝသောကြောင့် ပင်ပန်းနွမ်းနယ်မှု လျော့ကျခြင်း
      • ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများကို လျှော့ချပေးနိုင်ခြင်းတို့ ဖြစ်ကြသည်။
  3. ပါးစပ်တွင်း ကိရိယာ တပ်ဆင်ခြင်း (Oral devices)
    ခံတွင်းနှင့် မေးရိုးတစ်ဝိုက်ရှိ တစ်ရှူးများ အသက်ရှူလမ်းကြောင်းကို မပိမိစေရန် သွားနှင့်ခံတွင်း အထူးကုဆရာဝန်များနှင့် တိုင်ပင်၍ အထူးပြုလုပ်ထားသော ကိရိယာများ တပ်ဆင်ခြင်းဖြင့် အသက်ရှူလမ်းကြောင်း မပိတ်ဆို့အောင် ပြုလုပ်နိုင်သည်။
  4. လျှာ၏လှုပ်ရှားမှုကို ထိန်းချုပ်သော အာရုံကြောကို လှုံ့ဆော်ခြင်း (Nerve stimulators)
    အာရုံကြောလှုံ့ဆော်သည့်စက် (Nerve Stimulation Device) သည် အိပ်စက်နေစဉ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းကို ကာကွယ်ပေးသည်။ ဤစက်ကို အသုံးပြုပုံမှာ_
    • စက်ကို တပ်ဆင်ခြင်း _ စက်ကို ရင်ဘတ်ရှိ အရေပြားအောက်တွင် ထည့်သွင်းထားပြီး မေးရိုးအောက်ရှိ အာရုံကြောကို လျှပ်စီးဖြင့် ဆက်သွယ်ထားသည်
    • အလုပ်လုပ်ပုံ _ စက်သည် လျှပ်စီးကြောင်းကို အသုံးပြုကာ လျှာ၏ လှုပ်ရှားမှုကို ထိန်းချုပ်သော အာရုံကြောကို လှုံဆော်ပေးပြီး အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းကို ကာကွယ်ပေးသည်
    • အသုံးပြုရန်အချိန် _ စက်ကို အိပ်ရာမဝင်မီ ဖွင့်ထားရပြီး အိပ်ရာမှ နိုးသောအခါ ပြန်လည်ပိတ်ပေးရန် လိုအပ်သည်
  5. ခွဲစိတ်ကုသခြင်း (Surgery)
    နှာခေါင်း၊ ပါးစပ်၊ မေးရိုးနှင့် လည်ချောင်းတို့ကို ခွဲစိတ်ပြုပြင်ခြင်း၊ အာသီးဖယ်ရှားခြင်းတို့ဖြင့် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းကို ကာကွယ်နိုင်သည်။
ကာကွယ်ခြင်း

အိပ်ပျော်နေစဥ် အသက်ရှူလမ်းကြောင်းပိတ်ဆို့ပြီး အသက်ရှူရပ်ခြင်းကို အပြည့်အဝ မကာကွယ်နိုင်သော်လည်း အောက်ဖော်ပြပါ အချက်များကို လိုက်နာခြင်းဖြင့် အသက်ရှူရပ်ခြင်း ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည်။

  • ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း
  • ကောင်းမွန်သော အိပ်ခြင်း အလေ့အထများကို လေ့ကျင့်ယူခြင်း
  • အိပ်သည့်အခါ ပက်လက်မအိပ်ဘဲ ဘေးစောင်းအိပ်ခြင်း သို့မဟုတ် အထူးပြုလုပ်ထားသော ခေါင်းအုံးဖြင့် အိပ်ခြင်း
  • လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း
  • ဆီးချို၊ သွေးတိုးနှင့် သွေးတွင်းအဆီများခြင်း အစရှိသော ရောဂါအခံများကို ထိရောက်စွာ ကုသမှုခံယူခြင်း
  • ဆေးလိပ်ဖြတ်ခြင်း
  • အရက်လျှော့သောက်ခြင်း အစရှိသည်တို့ကို လိုက်နာခြင်းဖြင့် အသက်ရှူရပ်ခြင်း ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည်။

References:

  1. Mayo Clinic. (2025). Obstructive sleep apnea: Symptoms and causes. Retrieved March 3, 2026, from https://www.mayoclinic.org/diseases-conditions/obstructive-sleep-apnea/symptoms-causes/syc-20352090
  2. National Health Service. (n.d.). Sleep apnoea. Retrieved March 3, 2026, from https://www.nhs.uk/conditions/sleep-apnoea/
  3. Cleveland Clinic. (2023). Obstructive sleep apnea (OSA). Retrieved March 3, 2026, from https://my.clevelandclinic.org/health/diseases/24443-obstructive-sleep-apnea-osa
  4. Mayo Clinic. (2025). Obstructive sleep apnea: Diagnosis and treatment. Retrieved March 3, 2026, from https://www.mayoclinic.org/diseases-conditions/obstructive-sleep-apnea/diagnosis-treatment/drc-20352095
  5. Johns Hopkins Medicine. (n.d.). Obstructive sleep apnea. Retrieved March 3, 2026, from https://www.hopkinsmedicine.org/health/conditions-and-diseases/obstructive-sleep-apnea

Published: 17 March 2025

Last updated: 18 April 2026

Share

26 March 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.