နားစည်ဆိုသည်မှာ နား၏ အလယ်ပိုင်းနှင့် အပြင်ပိုင်းကို ခွဲခြားထားပေးသော ပျော့ပျောင်းသည့် အမြှေးပါးတစ်ခုဖြစ်သည်။ နားအတွင်းပိုင်း ပြင်းထန်စွာပိုးဝင်ခြင်း၊ နားစည်ထိခိုက်မိခြင်းတို့ကြောင့် နားစည်ပေါက်နိုင်သည်။ နားစည်ပေါက်ခြင်းကြောင့် အကြားအာရုံထိခိုက်ခြင်း၊ ဟန်ချက်မထိန်းနိုင်ခြင်း စသည့်ပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။
နားစည်ပေါက်ခြင်းအများစုသည် ကုသမှုမလိုဘဲ သူ့အလိုလိုပျောက်ကင်းနိုင်သော်လည်း တစ်ခါတစ်ရံ ခွဲစိတ်ကုသမှု လိုအပ်သည်။ ထို့ကြောင့် နားစည်ပေါက်ခြင်း မဖြစ်စေရန် နားကိုသန့်ရှင်းအောင်ထားခြင်း၊ နားကိုမထိခိုက်စေရန် ဂရုစိုက်ခြင်းတို့သည် အကောင်းဆုံး ကာကွယ်နည်းများဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
- ပိုးဝင်ခြင်း _ နားအတွင်း ပိုးဝင်ရောင်ရမ်းခြင်းဖြစ်ပါက နားစည်အနောက်ပိုင်းတွင် အရည်များစုပုံလာပြီး ဖိအားများလာကာ နားစည်ပေါက်နိုင်သည်၊ ထို့ပြင် နားအတွင်းပိုးဝင်၍ ရောင်ရမ်းခြင်း နာတာရှည်ဖြစ်လာပါကလည်း နားစည်ပေါက်နိုင်သည်
- ဦးခေါင်းထိခိုက်မိခြင်း _ ဦးခေါင်းထိခိုက်ဒဏ်ရာရပြီး ဦးခေါင်းအောက်ခြေရိုး ကျိုးပါက နားစည်ပေါက်နိုင်သည်
- ဖိအားရုတ်တရက်ပြောင်းလဲခြင်း _ လေကြောင်းခရီးသွားခြင်း သို့မဟုတ် ရေငုပ်ခြင်း စသည်တို့ကို လုပ်ဆောင်ချိန်တွင် နား၏အပြင်ဘက်နှင့် နားအလယ်ခန်းအတွင်းပိုင်းအကြား ဖိအားရုတ်တရက် ကွာခြားမှုကြောင့် နားစည်ပေါက်နိုင်သည်
- ကျယ်လောင်သောဆူညံသံများ _ အလွန်ကျယ်လောင်သော ပေါက်ကွဲသံများသည် နားစည်ကို ထိခိုက်စေသည်
- ပြင်ပပစ္စည်းများ နားအတွင်းသို့ ဝင်ရောက်ခြင်း _ ပြင်ပပစ္စည်းများဖြစ်သော နားကြပ်ဂွမ်း၊ သေးငယ်သောကလစ်၊ ချွန်ထက်သောအရာများ စသည်တို့ဝင်ရောက်နေခြင်းသည် နားစည်ကို ထိခိုက်နိုင်သည်
- နားကြပ်များ အလွန်အကျွံသုံးစွဲခြင်း (Earbud Misuse) _ အားကစားလုပ်စဉ် သို့မဟုတ် လှုပ်ရှားနေစဉ်အတွင်း နားကြပ် (In-ear earbuds) များ တပ်ဆင်ထားခြင်းကြောင့် နားတွင်းလေဖိအား ရုတ်တရက်ပြောင်းလဲမှုကို ဖြစ်စေနိုင်ပြီး နားစည်ကို ဝန်ပိစေနိုင်သည်။
- ဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်း _ ပြင်းထန်သောသန့်စင်ဆေးရည်များနှင့် ထိတွေ့ခြင်းကြောင့် နားစည်ကိုထိခိုက်ကာ ပေါက်ပြဲနိုင်သည်

ရောဂါလက္ခဏာများ
နားစည်ပေါက်ခြင်းကြောင့် အောက်ပါလက္ခဏာများ ခံစားရနိုင်သည်။
- နားကိုက်ခြင်း – ချက်ချင်းနာကျင်ကာ ပြင်းထန်နိုင်သည်
- နားမှ အရည်ထွက်ခြင်း – အရည်ကြည်၊ ပြည် သို့မဟုတ် သွေးထွက်ခြင်း
- နားအူခြင်း
- နားယားခြင်း
- ခေါင်းမူးခြင်း သို့မဟုတ် ဟန်ချက်ပျက်ခြင်း
- ပျို့အန်ခြင်း
နောက်ဆက်တွဲပြဿနာများ
နားစည်ပေါက်ခြင်းကို ကုသမှုမခံယူပါက အောက်ပါပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။
- အကြားအာရုံဆုံးရှုံးခြင်း – နားစည်ပေါက်ခြင်း၏ အရွယ်အစားနှင့် တည်နေရာပေါ် မူတည်သည်
- နားအတွင်းပိုင်း ပိုးဝင်ခြင်း – ဘက်တီးရီးယားများ အလယ်နားထဲသို့ ဝင်ရောက်ကာ နာတာရှည်ရောင်ရမ်းခြင်း၊ အကြားအာရုံဆုံးရှုံးခြင်းများ ဆက်ဖြစ်နိုင်သည်
- နားအတွင်း အလယ်ပိုင်းအကျိတ်ဖြစ်ခြင်း (Cholesteatoma) – အရေပြားဆဲလ်များနှင့် အညစ်အကြေးများ ပိတ်မိနေခြင်းကြောင့် အလယ်နားတွင် အရည်အိတ်တစ်ခုကဲ့သို့သော အဖုအကျိတ်ဖြစ်လာနိုင်သည်၊ ကုသမှုမခံယူပါက နီးစပ်ရာအရိုးများကို ပျက်စီးစေသည်
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများ ဖြစ်ပါက မိသားစုဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ရမည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
နားစည်ပေါက်ခြင်းကို ရောဂါရှာဖွေရန် အောက်ပါအဆင့်များကို လုပ်ဆောင်သည်။
- ရောဂါရာဇဝင်နှင့် နားစစ်ဆေးခြင်း
ဆရာဝန်မှ ရောဂါရာဇဝင်ကို အသေးစိတ်မေးမြန်းပြီး Otoscope ကိရိယာဖြင့် နားကို စစ်ဆေးကာ နားစည်ပေါက်ခြင်း၊ ပိုးဝင်ခြင်း သို့မဟုတ် အရည်များစုပုံနေခြင်း ရှိမရှိ စစ်ဆေးသည်။ - အကြားအာရုံ စစ်ဆေးခြင်း
Tuning fork test, Pure Tone Audiometry (PTA) စသည်တို့ ပြုလုပ်ကာ အကြားအာရုံဆုံးရှုံးမှုအမျိုးအစား စစ်ဆေးနိုင်သည်။ - Tympanometry ဖြင့် နားစည်၏ လှုပ်ရှားနိုင်စွမ်းနှင့် အခြေအနေကို စစ်ဆေးကာ နားစည်ပေါက်ခြင်းကို အတည်ပြုနိုင်သည်
- ပိုးမွေးမြူစစ်ဆေးခြင်း
နားမှ ပြည် သို့မဟုတ် အရည်များ ထွက်နေပါက ပိုးမွေးမြူစစ်ဆေးခြင်း (Culture) ပြုလုပ်ကာ ပိုးဝင်ခြင်း ရှိမရှိ စစ်ဆေးနိုင်ပြီး သင့်လျော်သော ကုသမှုပေးနိုင်သည်။ - နားတွင်းကြည့်ဗီဒီယိုကင်မရာ (Video Otoscopy)
ယခုအခါတွင် ရိုးရိုးကြည့်မှန်ပြောင်းအစား ပို၍ ပုံရိပ်ကြည်လင်ပြတ်သားမှုရှိသည့် ဗီဒီယိုကင်မရာများ အသုံးပြုပြီး နားစည်၏ အခြေအနေကို ပိုမိုတိကျစွာ မှတ်တမ်းတင် စစ်ဆေးနိုင်လာသည်။
အချို့သောအခြေအနေများတွင် လူနာကို နားနှာခေါင်းလည်ချောင်း အထူးကုဆရာဝန်ထံ လွှဲပြောင်းကာ နောက်ထပ်စစ်ဆေးမှုများ ပြုလုပ်နိုင်သည်။
ကုသခြင်း
နားစည်ပေါက်ခြင်းသည် ပြင်းထန်မှုပေါ်မူတည်၍ အများစုသည် ရက်သတ္တပတ် အနည်းငယ်အကြာတွင် အလိုလို ပျောက်ကင်းနိုင်ပြီး အချို့တွင် နောက်ခံအကြောင်းရင်းကို ကုသရန်လိုသည်။
ဆေးဝါးများဖြင့်ကုသခြင်း
ပိုးဝင်၍ ရောင်ရမ်းသော လက္ခဏာရှိပါက နားထဲသို့ အစက်ချနိုင်သော ပဋိဇီဝပိုးသတ်ဆေးအရည် သို့မဟုတ် သောက်ဆေးဖြင့် ကုသသည်။ နားကိုက်သက်သာရန် ပါရာစီတမော၊ အိုင်ဗျူပရိုဖဲင် ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများ ပေးနိုင်သည်။ သို့သော် ရက်သတ္တပတ် (၃)ပတ် မှ (၆)ပတ်ကျော်သည်အထိ မပျောက်ကင်းပါက ခွဲစိတ်ပြုပြင်၍ ကုသရန်လိုသည်။
သတိပြုရန် – နားစည်ပေါက်နေစဉ်အတွင်း အချို့သော နားအစက်ချဆေးများ (ဥပမာ – Aminoglycosides ပါသောဆေးများ) သည် အတွင်းနားကို ထိခိုက်စေနိုင်သဖြင့် ဆရာဝန်ညွှန်ကြားချက်မပါဘဲ အသုံးမပြုသင့်ပါ။
ခွဲစိတ်ကုသခြင်း
- နားစည်ဖာထေးခြင်း (Eardrum patch)
- ဆေးစက္ကူကဲ့သို့ ပစ္စည်းကိုသုံး၍ ဖာထေးခြင်းဖြစ်သည်၊ နားစည်အနာကျက်၍ မူလအတိုင်း ပိတ်သည်အထိ ပြုလုပ်ရသည်၊ တစ်ကြိမ်ထက်ပို၍လည်း ပြုလုပ်ရနိုင်သည်
- နားစည်အစားထိုးခြင်း (Myringoplasty/Tympanoplasty)
- မိမိ၏ ကိုယ်ပိုင်တစ်ရှူး (ဥပမာ – အရေပြား၊ အရိုးနု) ဖြင့် ပေါက်ပြဲနေသောနားစည်ကို ဖာထေး၍ အစားထိုးကုသခြင်းဖြစ်သည်
အခြားကုသမှုများ
- Tissue Engineering and Scaffolding – ယခုအခါတွင် လူနာ၏ ကိုယ်ပိုင်တစ်ရှူးများအပြင် ဓာတ်ခွဲခန်းထုတ် အထူးပြုလုပ်ထားသော အလွှာပါး (Scaffolds) များကို အသုံးပြု၍ နားစည်ကို ပြန်လည်ဖာထေးသော နည်းလမ်းများမှာ အောင်မြင်မှုနှုန်း ပိုမိုမြင့်မားလာသည်
- Endoscopic Ear Surgery (EES) – နားနောက်ဘက်မှ ခွဲစိတ်စရာမလိုဘဲ နားပေါက်အတွင်းမှ မှန်ပြောင်းထည့်၍ နားစည်ကို ပြန်လည်ပြုပြင်သော ခွဲစိတ်မှုမှာ ပိုမိုတွင်ကျယ်လာပြီး ဒဏ်ရာသက်သာမှုကို မြန်ဆန်စေသည်

ကာကွယ်ခြင်း
နားစည်ပေါက်ခြင်းအန္တရာယ်ကို လျှော့ချရန် အောက်ပါ ကာကွယ်ရေးနည်းလမ်းများကို လိုက်နာသင့်သည်။
- နားထဲသို့ အရာဝတ္ထုများ မထည့်ပါနှင့်
- နားကို သန့်ရှင်းရန် ဂွမ်းတုတ်၊ ဆံထိုးတံ သို့မဟုတ် အခြားချွန်ထက်သော အရာများကို မသုံးပါနှင့်
- ကလေးများကို နားထဲသို့ အရာဝတ္ထုများ မထည့်မိစေရန် သင်ကြားပေးပါ
- ပိုးဝင်ခြင်းကို ကာကွယ်ပြီး ချက်ချင်းကုသပါ
- နားပိုးဝင်ပါက လျင်မြန်စွာ ကုသမှုခံယူပါ
- နားကို သန့်ရှင်းခြောက်သွေ့စေ၍ ပိုးဝင်ခြင်းအန္တရာယ်ကို လျှော့ချပါ
- အသံကျယ်လောင်ခြင်းမှ ကာကွယ်ပါ
- ဆောက်လုပ်ရေးလုပ်ငန်းခွင်များ သို့မဟုတ် ဂီတပွဲများကဲ့သို့ အသံကျယ်လောင်သော ပတ်ဝန်းကျင်တွင် နားကာများ (နားကြပ် သို့မဟုတ် အသံပိတ်နားကြပ်) ကို တပ်ဆင်ပါ
- ပြင်ပလေဖိအားပြောင်းလဲမှုကို သတိပြုပါ
- လေယာဉ်စီးနေစဉ် ဖိအားထိန်းနားကြပ်များကို သုံးပါ
- နားပိတ်နေခြင်း သို့မဟုတ် နားပိုးဝင်နေပါက ရေငုပ်ခြင်းကို ရှောင်ကြဉ်ပါ
- နှာခေါင်းပိတ်၍ ချောင်းမဆိုးပါနှင့်၊ ဤသို့ပြုလုပ်ပါက နားတွင်းဖိအားများ မြင့်တက်နိုင်သည်
- ရေနှင့်ထိတွေ့ခြင်းမှ ကာကွယ်ပါ
- ရေကူးနေစဉ် သို့မဟုတ် ရေချိုးနေစဉ် ရေမဝင်စေရန် နားကြပ်များကို တပ်ဆင်ပါ
References:
- Cleveland Clinic. (n.d.). Ruptured eardrum (acutely perforated tympanic membrane). Retrieved February 11, 2026, from https://my.clevelandclinic.org/health/diseases/15581-ruptured-eardrum-acutely-perforated-tympanic-membrane
- Mayo Clinic. (n.d.). Ruptured eardrum (perforated eardrum): Diagnosis and treatment. Retrieved February 11, 2026, from https://www.mayoclinic.org/diseases-conditions/ruptured-eardrum/diagnosis-treatment/drc-20351884
- MedPark Hospital. (n.d.). Ruptured eardrum. Retrieved February 11, 2026, from https://www.medparkhospital.com/en-US/disease-and-treatment/ruptured-eardrum
- National Health Service. (n.d.). Perforated eardrum. Retrieved February 11, 2026, from https://www.nhs.uk/conditions/perforated-eardrum/
- Stanford Health Care. (n.d.). Ruptured eardrum. Retrieved February 11, 2026, from https://stanfordhealthcare.org/medical-conditions/ear-nose-and-throat/ruptured-eardrum.html
- Devaraja, K. (2020). Myringoplasty outcomes: A review of the prognostic factors. Medical Journal, Armed Forces India, 76(2), 131–136.
- Rosenfeld, R. M., Shin, J. J., Schwartz, S. R., Coggins, R., Gagnon, L., Hackell, J. M., Hoelting, D., Hunter, L. L., Kummer, A. W., Payne, S. C., Poe, D. S., Veling, M., Vila, P. M., Walsh, S. A., & Corrigan, M. D. (2016). Clinical practice guideline: Otitis media with effusion (update). Otolaryngology–Head and Neck Surgery, 154(1 Suppl), S1–S41. https://doi.org/10.1177/0194599815623467
- Sagiv, D., Even-Chen, S., Gidron, A., et al. (2022). Management of traumatic tympanic membrane perforation: A systematic review and meta-analysis. JAMA Otolaryngology–Head & Neck Surgery, 148(12), 1123–1130.
Published: 25 February 2025
Last updated: 10 March 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.