ခံတွင်းကင်ဆာ (Oral cancer) သည် ဦးခေါင်းနှင့်လည်ပင်း ကင်ဆာရောဂါများအုပ်စုတွင် ပါဝင်ပြီး အဖြစ်များသော ကင်ဆာရောဂါတစ်မျိုးဖြစ်သည်။ ဤကင်ဆာသည် အသက် (၆၀) နှင့်အထက်ရှိသူများတွင် ပိုမိုဖြစ်ပွါးလေ့ရှိပြီး အမျိုးသားများတွင် ပို၍အဖြစ်များသည်။ ခံတွင်းဖွဲ့စည်းတည်ဆောက်ပုံတွင် နှုတ်ခမ်း၊ သွားဖုံး၊ လျှာ၊ ပါးစောင်၊ ခံတွင်းအပေါ်ပိုင်း (အာခေါင်) နှင့် လျှာအောက်ပိုင်း စသည့်နေရာများ ပါဝင်သောကြောင့် ထိုနေရာများသည် ကင်ဆာဖြစ်နိုင်ခြေရှိသည့်နေရာများဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ခံတွင်းကင်ဆာ ဖြစ်ပေါ်ရသော အဓိကအကြောင်းရင်းကို သေချာတိကျစွာ မသိရှိရသော်လည်း ခံတွင်းထဲရှိ Squamous cell ဟုခေါ်သော ဆဲလ်များ ကြီးထွားပွါးများမှု မူမမှန်ဖြစ်ရာမှ ဖြစ်ပေါ်လာသည်။ ထို့ကြောင့် ခံတွင်းကင်ဆာအများစုသည် Squamous Cell Carcinoma အမျိုးအစားများ ဖြစ်ကြသည်။
ဤကင်ဆာသည် အောက်ပါအကြောင်းရင်းများကြောင့် ဖြစ်ပွါးနိုင်သည်။
- ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲခြင်း _ ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးဝါးခြင်း၊ E-Cigarette များနှင့် Vape များသုံးစွဲခြင်း၊ ကွမ်းစားခြင်း
- အရက်အလွန်အကျွံသောက်သုံးခြင်း _ အရက်နှင့်ဆေးလိပ်ကို တွဲသောက်ပါက အန္တရာယ်ပိုမိုများပြားသည်
- မိသားစုရာဇဝင် _ မိသားစုထဲတွင် ခံတွင်းကင်ဆာဖြစ်ဖူးသူရှိပါက ဖြစ်နိုင်ခြေပိုများနိုင်သည်
- ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့မှု _ နေရောင်ခြည်တွင် ပါဝင်သော ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့မှုများခြင်းသည် နှုတ်ခမ်းကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေသည်
- ခံတွင်းသန့်ရှင်းမှု အားနည်းခြင်းနှင့် သွားနှင့်ခံတွင်းကျန်းမာရေး မကောင်းခြင်း
- Human Papillomavirus (HPV) ဗိုင်းရပ်စ်ပိုး _ HPV ဗိုင်းရပ်စ်ပိုးသည် ခံတွင်းကင်ဆာဖြစ်ပွါးမှု၏ သုံးပုံနှစ်ပုံနှင့် ဆက်စပ်မှုရှိသည်
- ကိုယ်ခံအားနည်းခြင်း _ HIV/AIDS ကဲ့သို့သော ကိုယ်ခံအားနည်းရောဂါရှိသူများ၊ ကင်ဆာရောဂါကုသမှုခံယူနေသူများ၊ ကိုယ်ခံအားကျစေသော ဆေးများ (ဥပမာ _ စတီးရွိုက်ဆေး သောက်သုံးနေရသူများ)
ရောဂါလက္ခဏာများ
ခံတွင်းကင်ဆာ၏ ရောဂါလက္ခဏာများမှာ_
- နှုတ်ခမ်းနှင့် ခံတွင်းတွင် အပူဖုကဲ့သို့ အဖုပေါက်ပြီးနောက် အနာကောင်းစွာ မကျက်ခြင်း
- ခံတွင်း၏ မည်သည့်နေရာတွင်မဆို အကျိတ်ထွက်ခြင်း
- လျှာနှင့်ခံတွင်းအတွင်း အဖြူရောင် သို့မဟုတ် အနီရောင် အကွက်များထွက်ခြင်း
- လည်ပင်းနှင့်ပါးစပ် ပတ်ဝန်းကျင်တွင် အကျိတ်ဖြစ်ခြင်း
- သွားဖုံးသွေးယိုခြင်း
- သွားကျိုးခြင်း၊ သွားများကျွတ်ထွက်ခြင်း
- နားကိုက်ခြင်း (ပုံမှန်ကုသနည်းများဖြင့် ကုသသော်လည်း မသက်သာခြင်း)
- နှုတ်ခမ်း၊ မျက်နှာ၊ မေးစေ့နှင့် လည်ပင်းများ ထုံကျဥ်ခြင်း
- လည်ချောင်းနာခြင်း
- ရုတ်တရက်အသံပြောင်းခြင်း
- အစာမျိုလျှင်၊ အစာဝါးလျှင်၊ စကားပြောလျှင် မေးရိုးနှင့်လျှာ နာကျင်ခြင်း
- ရုတ်တရက် ကိုယ်အလေးချိန်ကျဆင်းခြင်း
- နာတာရှည် ခံတွင်းနံ့ နံခြင်းစသည်တို့ဖြစ်သည်။

နောက်ဆက်တွဲပြဿနာများ
ခံတွင်းကင်ဆာ၏ နောက်ဆက်တွဲပြဿနာများမှာ_
- အစာမျိုရခက်ခြင်း
- စကားပြောရ ခက်ခဲခြင်း၊ စကားသံမထွက်ခြင်း
- အာဟာရချို့တဲ့ခြင်း
- စိတ်အားငယ်ခြင်း၊ စိတ်ပူပန်ခြင်း
- စိတ်ဓာတ်ကျခြင်း စသည်တို့ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါရောဂါလက္ခဏာများ ဖြစ်ပေါ်ပါက မိမိ၏ မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး ပြသရန်လိုအပ်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သွားနှင့်ခံတွင်းဘက်ဆိုင်ရာ အထူးကုဆရာဝန်ထံ လွှဲပြောင်းပေးမည်။ ထို့အပြင် လည်ချောင်း၊ လေပြွန်၊ မျက်နှာတို့နှင့် ဆက်စပ်ပါက နားနှာခေါင်းလည်ချောင်း အထူးကုဆရာဝန် သို့မဟုတ် မျက်နှာနှင့် မေးရိုးဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်များနှင့်လည်း ဆွေးနွေးတိုင်ပင်ရန် လိုအပ်နိုင်သည်။
ရောဂါရှာဖွေခြင်း
ကင်ဆာရောဂါရှာဖွေရန်အတွက် ဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ ခံတွင်းကို အသေးစိတ် စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်သည်။ ထို့နောက် ကင်ဆာအမျိုးအစား ခွဲခြားရန်၊ ရောဂါပျံ့နှံ့မှု ရှိမရှိနှင့် ကင်ဆာအဆင့်သတ်မှတ်ရန် စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်သည်။
ရောဂါရှာဖွေရာတွင် အဓိကနည်းလမ်းများမှာ_
- အသားစယူစစ်ဆေးခြင်း (Biopsy)
- ကင်ဆာအကျိတ်ဟု သံသယရှိပါက ခံတွင်းအတွင်းရှိ တစ်ရှူးကို Brush ဖြင့်ညင်သာစွာခြစ်ယူခြင်း (brush biopsy) သို့မဟုတ် တစ်စိတ်တစ်ပိုင်းခွဲစိတ်ထုတ်ယူခြင်း (incisional biopsy) ပြုလုပ်ကာ အသားစယူစစ်ဆေးသည်
- ဤနည်းဖြင့် ကင်ဆာအမျိုးအစားကို သိရှိနိုင်သည်
- မှန်ပြောင်းများဖြင့်စစ်ဆေးခြင်း (Pharyngoscopy and Laryngoscopy)
- သေးငယ်ပါးလွှာသော မှန်ပြောင်းပါသည့် ပိုက်ပျော့ကို အသုံးပြု၍ နှာခေါင်း၊ အသက်ရှူလမ်းကြောင်း၊ လည်ချောင်းနှင့် အသံအိုးတို့ကို စစ်ဆေးသည်
- ထို့အပြင် လည်ပင်းနှင့် အာခေါင်အထိ တိုက်ရိုက်ကြည့်ရှုနိုင်သော မှန်ပြောင်း (Endoscope) ဖြင့်လည်း ကင်ဆာအကျိတ်များ ရှိမရှိ စစ်ဆေးနိုင်သည်
- ခန္ဓာကိုယ်မှ အရည်ကိုယူ၍ စစ်ဆေးခြင်း (Liquid Biopsy)
- သွေး သို့မဟုတ် တံထွေးအတွင်းရှိ ကင်ဆာ DNA (ctDNA) ကို စစ်ဆေးခြင်းဖြင့် ကင်ဆာရောဂါကို အကြိုစစ်ဆေးနိုင်သလို ကင်ဆာကုသပြီးသူများတွင်လည်း ပြန်ဖြစ်ခြင်း ရှိမရှိကို အသားစဖြတ်ယူစရာမလိုဘဲ စောစီးစွာ သိရှိနိုင်သော နည်းပညာဖြစ်သည်
- ကင်ဆာရောဂါအဆင့် သတ်မှတ်ခြင်း (Cancer Staging)
ကင်ဆာရောဂါအဆင့်ကို တိကျစွာခွဲခြားသတ်မှတ်ရန် အောက်ပါနည်းလမ်းများကို အသုံးပြုနိုင်သည်။
ခံတွင်းကင်ဆာရောဂါအဆင့်များကို အောက်ပါအတိုင်း သတ်မှတ်သည်။
- အဆင့် (၁) _ ကင်ဆာအကျိတ်အရွယ်အစားသည် (၂) စင်တီမီတာအောက် သေးငယ်ပြီး အနီးအနားရှိ ပြန်ရည်ကျိတ်များသို့ မပျံ့နှံ့သော အခြေအနေ
- အဆင့် (၂) _ ကင်ဆာအကျိတ်အရွယ်အစားသည် (၂) စင်တီမီတာ မှ (၄) စင်တီမီတာကြားတွင်ရှိပြီး အနီးအနားရှိ ပြန်ရည်ကျိတ်များသို့ မပျံ့နှံ့သော အခြေအနေ
- အဆင့် (၃) _ ကင်ဆာအကျိတ်အရွယ်အစားသည် (၄) စင်တီမီတာအထက် ကြီးမားပြီး အနီးအနားရှိ ပြန်ရည်ကျိတ်များသို့ မပျံ့နှံ့သေးသော အခြေအနေ သို့မဟုတ် အကျိတ်သည် မည်သည့်အရွယ်အစားဖြစ်စေ အနီးရှိ ပြန်ရည်ကျိတ်တစ်ခုသို့ ပျံ့နှံ့ပြီး အခြားကိုယ်ခန္ဓာအစိတ်အပိုင်းများသို့ မပျံ့နှံ့သေးသော အခြေအနေ
- အဆင့် (၄) _ ကင်ဆာအကျိတ်သည် မည်သည့်အရွယ်အစားဖြစ်စေ အနီးအနားရှိ တစ်ရှူးများ၊ ပြန်ရည်ကျိတ်များ သို့မဟုတ် အခြားကိုယ်ခန္ဓာအစိတ်အပိုင်းများသို့ ပျံ့နှံ့သော အခြေအနေ
ကုသခြင်း
ခံတွင်းကင်ဆာကုသရာတွင် ကင်ဆာအကျိတ်၏ တည်နေရာ၊ အဆင့်နှင့် လူနာ၏ ကျန်းမာရေးအခြေအနေပေါ် မူတည်၍ ကုသမှုနည်းလမ်းများ ရွေးချယ်သည်။ ကုသမှုတွင် ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင်ခြည်ကုထုံး၊ ကင်ဆာကုဆေးဝါးများ၊ ပစ်မှတ်ထားကုထုံးနှင့် ကိုယ်ခံအားကုထုံးတို့ ပါဝင်နိုင်သည်။
- ခွဲစိတ်ကုသခြင်း (Surgery)
အစောပိုင်းအဆင့် ခံတွင်းကင်ဆာအတွက် ခွဲစိတ်ကုသခြင်းသည် ထိရောက်သောနည်းလမ်းဖြစ်သည်။- အကျိတ်သေးပါက အသေးစားခွဲစိတ်မှုဖြင့် အကျိတ်နှင့် အနီးတစ်ရှူးအနည်းငယ်ကို ဖယ်ရှားနိုင်သည်
- အကျိတ်ကြီးပြီး လျှာ၊ အာခေါင်၊ မေးရိုးစသည့် နေရာများသို့ ပျံ့နှံ့ပါက ထိုနေရာများမှ တစ်ရှူးများကို ခွဲစိတ်ဖယ်ရှားရသည်၊ ဖြစ်ပေါ်သည့် နေရာပေါ် မူတည်၍ လျှာ၏ တစ်စိတ်တစ်ပိုင်းကို ခွဲစိတ်ဖြတ်တောက်ဖယ်ရှားခြင်း (Glossectomy)၊ အာခေါင်အပေါ်ရှိ တစ်ရှူးများဖယ်ရှားခြင်း (Maxillectomy)၊ မေးရိုးအစိတ်အပိုင်းတချို့ကို ခွဲစိတ်ဖြတ်တောက်ဖယ်ရှားခြင်း (Mandibulectomy) တို့ကို ပြုလုပ်ရနိုင်သည်
- ကင်ဆာဆဲလ်များ လည်ပင်းပြန်ရည်ကျိတ်များသို့ ပျံ့နှံ့ခြင်း ရှိမရှိ စစ်ဆေးရန် ပြန်ရည်ကျိတ်များကို ခွဲစိတ်ဖယ်ရှားပြီး စစ်ဆေးနိုင်သည်၊ ပျံ့နှံ့ပါက လည်ပင်းပြန်ရည်ကျိတ်များ အားလုံးကို ဖယ်ရှားရန် (Neck dissection) လိုအပ်နိုင်သည်
- ခွဲစိတ်မှုကြောင့် မေးရိုး၊ ကြွက်သား၊ သွားနှင့် သွားဖုံးများ ထိခိုက်ပါက ပြန်လည်ပြုပြင်သည့် ခွဲစိတ်မှု (Reconstructive surgery) ပြုလုပ်နိုင်သည်
- ခွဲစိတ်မှုနောက်ဆက်တွဲဆိုးကျိုးများတွင် သွေးထွက်ခြင်း၊ ပိုးဝင်ခြင်း၊ အစာစားခြင်းနှင့် စကားပြောခြင်းတို့ ထိခိုက်နိုင်သည်၊ လိုအပ်ပါက နှာခေါင်းမှတစ်ဆင့် အစာပိုက်ထည့်ခြင်း သို့မဟုတ် ဝမ်းဗိုက်မှတစ်ဆင့် အစာပိုက်ထည့်ခြင်းများ ပြုလုပ်နိုင်သည်
- စက်ရုပ်အကူအညီဖြင့် ခွဲစိတ်ခြင်း (Robot-assisted Surgery)
ခံတွင်းအတွင်း လက်လှမ်းမီရန် ခက်ခဲသော နေရာများရှိ အကျိတ်များကို Transoral Robotic Surgery (TORS) နည်းပညာဖြင့် ပိုမိုတိကျစွာ ခွဲစိတ်ဖယ်ရှားနိုင်ပြီး လူနာ၏ ပြန်လည်နာလန်ထူမှုကို မြန်ဆန်စေသည်။
- ဓာတ်ရောင်ခြည်ကုထုံး (Radiation therapy)
စွမ်းအင်မြင့်ရောင်ခြည်ဖြင့် ကင်ဆာဆဲလ်များ၏ ကြီးထွားပွါးများခြင်းကို ရပ်တန့်စေသည်။- အစောပိုင်းအဆင့် ခံတွင်းကင်ဆာများအတွက် ဓာတ်ရောင်ခြည်ကုထုံးတစ်မျိုးတည်းဖြင့် ကုသနိုင်သည်
- ခွဲစိတ်မှုနောက်ပိုင်းတွင် ဓာတ်ရောင်ခြည်ကုထုံးကို အသုံးပြုနိုင်သည်
- ကင်ဆာကုဆေးဝါးများနှင့် ပေါင်းစပ်ကုသခြင်းဖြင့် ပိုမိုထိရောက်စေနိုင်သည်
- နာကျင်မှုကဲ့သို့သော ရောဂါလက္ခဏာများကို သက်သာစေရန်လည်း အသုံးပြုနိုင်သည်
- နောက်ဆက်တွဲဆိုးကျိုးများတွင် ခံတွင်းခြောက်ခြင်း၊ သွားပိုးစားခြင်းနှင့် မေးရိုးထိခိုက်ခြင်းတို့ ပါဝင်သည်၊ ဓာတ်ရောင်ခြည်ကုထုံးမစခင် သွားနှင့်သွားဖုံးကျန်းမာရေးကို စစ်ဆေးရန် လိုအပ်သည်
- ကင်ဆာကုဆေးဝါးများဖြင့် ကုသခြင်း (Chemotherapy)
ကင်ဆာကုဆေးဝါးများကို သောက်ဆေး သို့မဟုတ် ထိုးဆေးများဖြင့် ကုသမှုပေးပြီး ကင်ဆာဆဲလ်များကို သေစေသည်။- ဓာတ်ရောင်ခြည်ကုထုံးနှင့် ပေါင်းစပ်ကုသခြင်းဖြင့် ပိုမိုထိရောက်စေနိုင်သည်
- နောက်ဆက်တွဲဆိုးကျိုးများတွင် ပျို့အန်ခြင်း၊ ဆံပင်ကျွတ်ခြင်းနှင့် ကိုယ်ခံအားကျဆင်းခြင်းတို့ ပါဝင်သည်
- ပစ်မှတ်ထားကုထုံး (Targeted therapy)
ကင်ဆာဆဲလ်များအတွင်းရှိ ဓာတ်ပစ္စည်းများကို ပစ်မှတ်ထား၍ ဖျက်ဆီးသည်။- ဓာတ်ရောင်ခြည်ကုထုံး သို့မဟုတ် ကင်ဆာကုဆေးဝါးများနှင့် ပေါင်းစပ်ကုသနိုင်သည်
- ကိုယ်ခံအားကို ပြုပြင်ထိန်းညှိခြင်းဖြင့် ကုသခြင်း (Immunotherapy)
ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ကင်ဆာဆဲလ်များကို တိုက်ခိုက်စေသည်။- ပရိုတင်းနှင့် အင်ဇိုင်းများပါသောဆေးဝါးများဖြင့် ကိုယ်ခံအားစနစ်ကို ပြုပြင်ပေးသည်
- ယခင်က ကင်ဆာပျံ့နှံ့ပြီး အဆင့်များတွင်သာ အသုံးပြုခဲ့သော်လည်း ယခုအခါ Pembrolizumab နှင့် Nivolumab ကဲ့သို့သော ဆေးဝါးများကို မခွဲစိတ်မီ သို့မဟုတ် ဓာတ်ရောင်ခြည်နှင့် တွဲဖက်၍ အစောပိုင်းအဆင့်များတွင်ပါ အသုံးပြုခြင်းဖြင့် ရလဒ် ပိုမိုကောင်းမွန်လာသည်ကို တွေ့ရသည်
- တိကျကုထုံး (Precision Medicine)
လူနာတစ်ဦးချင်းစီ၏ ကင်ဆာဗီဇ (Genetic Profile) အပေါ် မူတည်၍ အထိရောက်ဆုံးဖြစ်မည့် ဆေးဝါးကို ရွေးချယ်ကုသသော နည်းလမ်းများမှာ ပိုမိုတွင်ကျယ်လာသည်။
ကုသမှုခံယူနေစဉ် လူနာသည် အာဟာရပြည့်ဝစွာ စားသောက်ရန် အရေးကြီးသည်။ အာဟာရပြည့်ဝခြင်းဖြင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်နိုင်ပြီး နောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်သည်။ လိုအပ်ပါက အာဟာရ အထူးကုဆရာဝန်နှင့် တိုင်ပင်ရန် လိုအပ်သည်။ ထို့ပြင် နေ့စဉ်လုပ်ငန်းဆောင်တာများ ပြန်လည်လုပ်ဆောင်နိုင်ရန် လေ့ကျင့်ပေးခြင်းနှင့် စကားပြောလေ့ကျင့်ပေးခြင်းတို့ကို ပြုလုပ်ပေးရန် လိုအပ်သည်။
ကာကွယ်ခြင်း
ခံတွင်းကင်ဆာမှ ကာကွယ်ရန် အောက်ပါနည်းလမ်းများကို လိုက်နာသင့်သည်။
- ဆေးလိပ်ဖြတ်ပါ
- ဆေးလိပ်နှင့် ဆေးရွက်ကြီးငုံခြင်း၊ ကွမ်းစားခြင်းတို့ကို လုံးဝရှောင်ကြဉ်ပါ
- အရက်ကို အလွန်အကျွံသောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ
- ကျန်းမာရေးနှင့် ညီညွတ်သော အသီးအနှံနှင့် အစားအစာများကို မျှတစွာ စားသုံးပါ
- အံဝင်ခွင်ကျမရှိသော အံကပ်အတုများ အသုံးပြုခြင်း၊ ချွန်ထက်ရွဲ့စောင်းနေသော သွားဖြင့် လျှာအား မကြာခဏထိခိုက်ခြင်းများရှိပါက သွားနှင့်ခံတွင်းအထူးကုဆရာဝန်များနှင့် ကုသမှုခံယူပါ
- နေရောင်ထဲမထွက်ခင် အောက်ပါနည်းလမ်းများဖြင့် ခရမ်းလွန်ရောင်ခြည် (UV light) ကာကွယ်ပါ
- UV ကာကွယ်နိုင်သော မျက်မှန်တပ်ပါ
- နေလောင်ကာခရင်မ် – SPF 30 သို့မဟုတ် ထို့ထက်မြင့်သော ခရင်မ်လိမ်းပါ
- အကာအကွယ်ဝတ်စုံ _ လက်ရှည်၊ ဘောင်းဘီရှည်နှင့် ဦးထုပ်ဆောင်းပါ
- နေပြင်းသောအချိန်အတွင်း အရိပ်ထဲနေပါ
- UV ကာကွယ်နိုင်သော ထီးသုံးပါ
- ကြွက်နို့ရောဂါဗိုင်းရပ်စ် (HPV) ကာကွယ်ဆေးကို ထိုးနှံပါ
- ခံတွင်းသန့်ရှင်းရေးကို စနစ်တကျ ပြုလုပ်ပါ
- သွားနှင့် ခံတွင်းကျန်းမာရေးကို ပုံမှန်စစ်ဆေးပါ _ အသက် (၂၀) မှ (၄၀) အတွင်း သုံးနှစ် တစ်ကြိမ်၊ အသက် (၄၀) နှင့်အထက်တွင် တစ်နှစ် တစ်ကြိမ် သွားနှင့်ခံတွင်းဆရာဝန်နှင့် ပုံမှန်စစ်ဆေးမှုပြုလုပ်ပါ
- ခံတွင်းကို တစ်လ တစ်ခါ ကိုယ်တိုင်စစ်ဆေးမှု ပြုလုပ်ပါ (ပုံမှန်စစ်ဆေးမှုများသည် ကင်ဆာရောဂါကို လုံးဝမကာကွယ်နိုင်သော်လည်း ရောဂါ၏ ရှေ့ပြေးလက္ခဏာများကို ကြိုတင်သိရှိကာ စောစီးစွာ ကုသမှုခံယူနိုင်သည်)
References:
- American Cancer Society Australia. (n.d.). Mouth cancer. Retrieved February 11, 2026, from https://www.cancer.org.au/cancer-information/types-of-cancer/mouth-cancer
- Cleveland Clinic. (n.d.). Oral cancer. Retrieved February 11, 2026, from https://my.clevelandclinic.org/health/diseases/11184-oral-cancer
- Healthline. (n.d.). Oral cancer. Retrieved February 11, 2026, from https://www.healthline.com/health/oral-cancer#stages
- Mayo Clinic. (n.d.). Mouth cancer: Diagnosis and treatment. Retrieved February 11, 2026, from https://www.mayoclinic.org/diseases-conditions/mouth-cancer/diagnosis-treatment/drc-20351002
- National Health Service. (n.d.). Mouth cancer: Tests and next steps. Retrieved February 11, 2026, from https://www.nhs.uk/conditions/mouth-cancer/tests-and-next-steps/
- WebMD. (n.d.). Oral cancer. Retrieved February 11, 2026, from https://www.webmd.com/oral-health/oral-cancer
- Machiels, J. P., Lambrecht, M., Hanin, F. X., Duprez, T., Gregoire, V., Schmitz, S., & Hamoir, M. (2014). Advances in the management of squamous cell carcinoma of the head and neck. F1000Prime Reports, 6, 44. https://doi.org/10.12703/P6-44
Published: 21 February 2025
Last updated: 11 March 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.