Tetanus Neonatorum (မွေးကင်းစကလေးမေးခိုင်ရောဂါ)

Tetanus Neonatorum (မွေးကင်းစကလေးမေးခိုင်ရောဂါ)

မေးခိုင်ရောဂါ (Tetanus) သည် Clostridium tetani ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွါးသော ပြင်းထန်သည့် ရောဂါတစ်မျိုးဖြစ်သည်။ ဤပိုးသည် မြေကြီး၊ ဖုန်၊ မစင်နှင့် အခြားညစ်ညမ်းသော ပတ်ဝန်းကျင်တွင် ကျယ်ပြန့်စွာ တွေ့ရှိရပြီး လူ့ခန္ဓာကိုယ်အတွင်းသို့ ပြတ်ရှနာ၊ ထိုးထွင်းဒဏ်ရာ သို့မဟုတ် မသန့်ရှင်းသော အနာများမှတစ်ဆင့် ဝင်ရောက်နိုင်သည်။ ၎င်းသည် အာရုံကြောစနစ်ကို တိုက်ရိုက်ထိခိုက်စေပြီး ကြွက်သားများ တောင့်တင်းခြင်း၊ နာကျင်ခြင်းနှင့် ပြင်းထန်သော ကြွက်သားဆွဲဆန့်မှုများ (muscle spasms) ကို ဖြစ်စေနိုင်သည်။ အထူးသဖြင့် မေးရိုးကြွက်သားများ တောင့်တင်းခြင်းကြောင့် “မေးခိုင်” ဟု အမည်တွင်ခြင်းဖြစ်သည်။

မွေးကင်းစကလေးမေးခိုင်ရောဂါ (Tetanus Neonatorum) သည် မွေးကင်းစကလေးငယ်များတွင် ဖြစ်ပွါးသော မေးခိုင်ရောဂါအမျိုးအစားဖြစ်သည်။ ဤရောဂါသည် ကလေးငယ်များအတွက် အသက်အန္တရာယ်ရှိပြီး၊ ကာကွယ်ဆေးအပြည့်မထိုးနိုင်သော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဓိက ကျန်းမာရေးပြဿနာတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ခန့်မှန်းချက်အရ (၁၉၈၈) ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်း၌ ဤရောဂါ (Tetanus Neonatorum) ကြောင့် မွေးကင်းစကလေး သေဆုံးမှုမှာ (၇၈၇,၀၀၀) ဦးအထိ ရှိသည်ကို တွေ့ရှိရပြီး (၂၀၁၈) ခုနှစ်တွင် သေဆုံးမှုနှုန်း ကျဆင်းလာသော်လည်း ကမ္ဘာတစ်ဝှမ်းလုံး၌ မေးခိုင်ရောဂါကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် မွေးကင်းစ ကလေးငယ် (၂၅,၀၀၀) ခန့်ရှိသေးကြောင်း တွေ့ရှိရသည်။

(၁၉၈၈) ခုနှစ် မှတ်တမ်းများကို ကြည့်၍ (၁၉၉၁) ခုနှစ်တွင် ကျင်းပခဲ့‌သော ကမ္ဘာ့ကျန်းမာရေး ညီလာခံ (World Health Assembly) တွင် (၁၉၉၅) ခုနှစ်၌ မွေးကင်းစကလေးမေးခိုင်ရောဂါကို လုံးဝ ပပျောက်စေရေး (Neonatal Tetanus Elimination) အတွက် ကိုယ်ဝန်ဆောင် မိခင်ကာကွယ်ဆေးထိုးနှံမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်များ တိုးမြင့်လုပ်ဆောင်ခဲ့သည်။ ထိုသို့ မိခင်ရော မွေးကင်းစကလေးပါ မေးခိုင်ရောဂါ ကင်းစင်ပပျောက်ရေး (Maternal and Neonatal Tetanus Elimination) အစီအစဥ်များ စနစ်တကျပြုလုပ်နိုင်ခဲ့သဖြင့် မွေးကင်းစမေးခိုင်ရောဂါကြောင့် သေဆုံးမှုနှုန်းသည် (၂၀၁၈) ခုနှစ်တွင် (၉၇%) လျော့ကျသွားခဲ့ခြင်းဖြစ်သည်။ (၁၉၉၅) ခုနှစ်တွင် သတ်မှတ်ထားသော ရည်မှန်းချက်မပြည့်မီသော်လည်း တစ်ကမ္ဘာလုံး အတိုင်းအတာအရ သေဆုံးမှုနှုန်းများ သိသာစွာ လျော့ကျသွားခဲ့သည်။ (၂၀၂၄) ခုနှစ် မှတ်တမ်းများအရ မိခင်ရော မွေးကင်းစကလေးပါ မေးခိုင်ရောဂါ ကင်းစင်ပပျောက်ရေး (Maternal and Neonatal Tetanus Elimination) အစီအစဥ်များ မရောက်ရှိသေးသည့် နိုင်ငံပေါင်း (၁၀) နိုင်ငံခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။ ထို့ကြောင့် ကာကွယ်ဆေးလွှမ်းခြုံမှုနှင့် သန့်ရှင်းစိတ်ချရသည့် ကလေးမွေးဖွားခြင်းအလေ့အထ အားနည်းသော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မွေးကင်းစကလေးမေးခိုင်ရောဂါသည် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်း

မေးခိုင်ရောဂါဖြစ်ပေါ်ရခြင်း၏ အကြောင်းရင်းမှာ Clostridium tetani ဘက်တီးရီးယားပိုး၏ ငုပ်လျှိုးနေသော၊ အသက်ဝင်လျက်ရှိသော ရောဂါပိုးအမှုန်အမွှား (spores) များကြောင့် ကူးစက်ဖြစ်ပွါးခြင်း ဖြစ်သည်။ ဤပိုးများသည် သဘာဝပတ်ဝန်းကျင်တွင် နေရာအနှံ့အပြား၌ တည်ရှိနေတတ်ပြီး မြေကြီး၊ ဖုန်မှုန့်၊ လူနှင့်တိရစ္ဆာန်တို့၏ အညစ်အကြေးများ၊ သံချေးတက်နေသော ပစ္စည်းများ (ဥပမာ_ဘလိတ်ဓား၊ အပ်၊ သံမှို) တွင် နှစ်ပေါင်းများစွာ ရှင်သန်နိုင်သည်။ ထိုပိုးများသည် အလွန်အကြမ်းခံနိုင်ပြီး မီးဖြင့်ဖြစ်စေ၊ ဓာတုပစ္စည်းများဖြင့်ဖြစ်စေ ပိုးသတ်ရန် ခက်ခဲသည်။

ဤရောဂါပိုးများသည် အနာ သို့မဟုတ် ဒဏ်ရာမှတစ်ဆင့် လူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သောအခါ ပိုးမွှားကောင်များအဖြစ် ဖွံ့ဖြိုးလာပြီး အဆိပ်ဓာတ် (toxin) ကို ထုတ်လွှတ်သည်။ ထိုအဆိပ်ဓာတ်သည် ဦးနှောက်နှင့် အာရုံကြောစနစ်ကို ထိခိုက်စေကာ ခန္ဓာကိုယ်တွင် အထိန်းအကွပ်မဲ့ လွန်ကဲစွာ ကြွက်သားညှစ်ခြင်းများ ဖြစ်ပေါ်စေပြီး မေးခိုင်ရောဂါလက္ခဏာများ ပေါ်လာစေသည်။

မွေးကင်းစကလေးငယ်များတွင် မေးခိုင်ပိုးဝင်ရောက်နိုင်သည့် အဓိကအကြောင်းရင်းများမှာ_

  • မသန့်ရှင်းသောလက်ဖြင့် ကလေးကို ကိုင်တွယ်ခြင်း
  • ပိုးသတ်ထားခြင်းမရှိသော ပစ္စည်းများဖြင့် ချက်ကြိုးဖြတ်ခြင်း သို့မဟုတ် ချည်ခြင်း
  • မသန့်ရှင်းသောအရာများဖြင့် ချက်ကို ဖုံးအုပ်ခြင်း သို့မဟုတ် သုတ်လိမ်းခြင်း
  • သန့်ရှင်းပိုးသတ်ထားခြင်းမရှိသော ကလေးမွေးဖွားရာ နေရာများမှတစ်ဆင့် ပိုးဝင်ရောက်ခြင်းတို့ဖြစ်သည်။

ထို့ကြောင့် ဆေးရုံ၊ ဆေးခန်းများတွင် မွေးဖွားသော ကလေးများထက် အိမ်တွင် မွေးဖွားသော ကလေးငယ်များတွင် ရောဂါကူးစက်နိုင်ခြေ ပိုများသည်ကို သတိပြုရန် လိုအပ်သည်။ မွေးကင်းစကလေးများသည် မိခင်ထံမှသာ ကိုယ်ခံအားကို လက်ခံရရှိနိုင်သောကြောင့် မိခင်သည် မေးခိုင်ကာကွယ်ဆေးထိုးထားခြင်းမရှိပါက ကလေးတွင် မေးခိုင်ရောဂါပိုး ဝင်ရောက်နိုင်ခြေ ပိုများသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်သည် ကိုယ်ဝန်ဆောင်စဥ်ကာလအတွင်း မေးခိုင်ကာကွယ်ဆေး ထိုးထားရန် အရေးကြီးသည်။

ရောဂါလက္ခဏာများ

မေးခိုင်ရောဂါ၏ လက္ခဏာများကို မွေးဖွားပြီး (၃)ရက် မှ (၂၈)ရက်အတွင်း တွေ့ရှိရသည်။ စတင်လက္ခဏာပြသောအခါ ကလေးသည် နို့ကောင်းစွာမစို့တော့ခြင်း၊ အလွန်ငိုခြင်း စသည့်လက္ခဏာများ ပေါ်လာသည်။

ထို့နောက် မေးခိုင်ရောဂါ၏ ဝိသေသလက္ခဏာများဖြစ်သော_

  • ပါးစပ်မဖွင့်နိုင်ခြင်း၊ မေးရိုးခိုင်ခြင်း (Trismus)
  • ပြင်းထန်စွာ အံကြိတ်ခြင်း၊ မျက်ခုံးများ မြင့်တက်ခြင်း၊ ပြုံးသယောင်ဖြစ်ခြင်း (Risus sardonicus)
  • တဖြည်းဖြည်းနှင့် ကျောကော့လာခြင်း (Opisthotonus) များ ဖြစ်ပေါ်လာသည်။

ပြင်ပမှ လှုံ့ဆော်မှုတစ်ခုခု (ဥပမာ _ အလင်း၊ အသံ၊ အထိအတွေ့) ရှိလာပါက အထိန်းအကွပ်မဲ့ ကြွက်သားညှစ်ခြင်း (muscle spasm) များ ဖြစ်ပေါ်လာသည်။ အာရုံကြောထိခိုက်မှုများ ပြင်းထန်လာသောအခါ သွေးပေါင်တက်ခြင်း သို့မဟုတ် မတည်ငြိမ်ခြင်း၊ သွေးခုန်နှုန်း မူမမှန်ဖြစ်ခြင်း၊ လေပြွန်နှင့်အဆုတ်ရှိ ကြွက်သားများ အထိန်းအကွပ်မဲ့ညှစ်ခြင်းကြောင့် အသက်ရှူခြင်းကို ထိခိုက်ခြင်းများဖြစ်လာပြီး အသက်အန္တရာယ်ဖြစ်စေသည်။

နောက်ဆက်တွဲပြဿနာများ

နောက်ဆက်တွဲပြဿနာများအနေဖြင့်

  • အသက်ရှူခြင်းကို ထိခိုက်၍ အသက်ရှူရပ်နိုင်ခြင်း
  • အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း
  • ကြွက်သားများပျက်စီးခြင်း
  • ကျောက်ကပ်ထိခိုက်ခြင်း စသည့်ပြဿနာများ ဖြစ်ပေါ်နိုင်သည်။

ဆေးကုသမှု အချိန်မီမရရှိလျှင် (၁၀၀%) အသက်ဆုံးရှုံးနိုင်ပြီး၊ အထူးကြပ်မတ်ကုသမှု ခံယူရရှိသည့် ကလေးငယ်များတွင်ပင် (၂၀%) အသက်ဆုံးရှုံးနိုင်ခြေရှိသည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

မွေးကင်းစကလေးတွင် မေးခိုင်ပိုးဝင်ခြင်းသည် အသက်အန္တရာယ်ရှိသော အရေးပေါ်အခြေအနေဖြစ်ပြီး အချိန်မီကုသမှုခံယူရန် လိုအပ်သည်။ မေးခိုင်ပိုးဝင်သည်ဟု သံသယရှိပါက ဆေးရုံအရေးပေါ်ဌာနသို့ အမြန်သွားရောက်ကုသမှု ခံယူပါ။

ရောဂါရှာဖွေခြင်း

သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင် မေးမြန်းခြင်း၊ မေးခိုင်ပိုးဝင်ရန် ဖြစ်နိုင်ခြေများသော အခြေအနေများကို စစ်ဆေးခြင်း၊ ကလေးငယ်ကို စမ်းသပ်ခြင်းဖြင့် ရောဂါသတ်မှတ်နိုင်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရောဂါဖွင့်ဆိုချက်အရ မွေးကင်းစကလေးတစ်ဦးသည်

  • ပထမ (၂) ရက်တွင် နို့ကောင်းစွာစို့နိုင်သည်
  • ထို့နောက် (၃)ရက် မှ (၂၈)ရက်သားအတွင်း နို့ကောင်းစွာမစို့နိုင်ဘဲ အခြားအကြောင်းရင်းမရှိ တောင့်တင်းလာလျှင် မွေးကင်းစကလေးမေးခိုင်ခြင်းဟု ယေဘုယျအားဖြင့် သတ်မှတ်သည်။
ကုသခြင်း

မွေးကင်းစကလေးတွင် မေးခိုင်ရောဂါဖြစ်ပွါးပါက အသက်အန္တရာယ်ရှိသောကြောင့် အချိန်မီဆေးရုံတင်ကုသမှုခံယူရန် အရေးကြီးသည်။ မွေးကင်းစအထူးကြပ်မတ်ကုသဆောင်တွင် ထားရှိကုသသင့်ပြီး ကုသမှုတွင် ဆေးဝါးများစွာအပြင် အခြားအထောက်အကူပြုနည်းလမ်းများစွာ (Supportive therapy) ပါဝင်သည်။

  1. ဒဏ်ရာကုသခြင်း (Wound care)
    ကလေး၏ ချက်ကြိုး သို့မဟုတ် အနာကို သေချာစွာဆေးကြောခြင်း၊ ဆေးထည့်ခြင်းများ ပြုလုပ်ရသည်။
  2. ဆေးဝါးများဖြင့် ကုသခြင်း (Medications)
    • မေးခိုင်ပိုးတိုက်ဖျက်သည့် ပဋိပစ္စည်း (Tetanus Immune Globulin) ဖြင့် ချက်ချင်းကုသခြင်း
      • ထိုပဋိပစ္စည်းကို ကလေး၏ ပေါင်ရှိကြွက်သားနေရာသို့ တတ်နိုင်သမျှ အစောဆုံး ထိုးပေးနိုင်သည်
      • TIG သည် မေးခိုင်ပိုး၏အဆိပ်အချို့ကို ဖယ်ရှားပေးနိုင်သောကြောင့် မေးခိုင်အဆိပ်ဖြေဆေး ဟုလည်းခေါ် ကြသည်
      • သို့သော် အာရုံကြောကို တိုက်ခိုက်ပြီးဖြစ်သော အဆိပ်များကို ဖယ်ရှားပေးနိုင်ခြင်းမရှိပါ
      • မေးခိုင်အဆိပ်ဖြေဆေးသည် ရောဂါပြင်းထန်မှုနှင့် ရောဂါဖြစ်ပွါးသည့်ကာလကို လျော့နည်းစေနိုင်သည်
    • ပဋိဇီဝပိုးသတ်ဆေးများပေးခြင်း
      ကျန်ရှိနေသော မေးခိုင်ရောဂါပိုးများမှ အဆိပ်များ ဆက်လက်မထုတ်နိုင်ရန် ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသမှု လိုအပ်သည်။
    • ကြွက်သားတောင့်တင်းခြင်းကို ဖြေလျှော့ပေးသည့် ဆေးဝါးများပေးခြင်း
    • ပဋိပစ္စည်းအလွယ်တကူ ချက်ချင်းမရနိုင်ပါက မေးခိုင်ရောဂါကာကွယ်ဆေး (Tetanus toxoid vaccine ထိုးနှံပေးခြင်း
  3. ကြွက်သားညှစ်ခြင်းမဖြစ်စေရန် လှုံ့ဆော်မှုများကို လျှော့ချခြင်း
    အလင်းရောင်နှင့် ဆူညံသံများသည် အာရုံကြောစနစ်အား လှုံ့ဆော်မှုဖြစ်စေသဖြင့် ကြွက်သားတောင့်တင်းခြင်းကို ပိုမိုဖြစ်ပေါ်စေသည်။ ထို့ကြောင့် ကလေးကို အသံတိတ်ဆိတ်၍ မှောင်သောအခန်းများတွင် သီးသန့်ထား၍ စောင့်ကြည့်ကုသရန် လိုအပ်သည်။
  4. အသက်ရှူစက်ဖြင့် ကုသခြင်း
    လည်ပင်းရှိ ကြွက်သားများနှင့် အသက်ရှူကြွက်သားများ တောင့်တင်းခြင်းကြောင့် အသက်ရှူရခက်ခဲလျှင် အသက်ရှူစက်အကူအညီ လိုအပ်နိုင်သည်။
ကာကွယ်ခြင်း

မွေးကင်းစကလေးမေးခိုင်ရောဂါသည် သေဆုံးနှုန်းမြင့်မားသောကြောင့် ကြိုတင်ကာကွယ်မှုသည် အလွန်အရေးကြီးသည်။

  1. ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် မေးခိုင်ကာကွယ်ဆေးကို အကြိမ်ရေပြည့်အောင် ထိုးနှံခြင်း
    • သားဦးကိုယ်ဝန်ဆောင်ခြင်းတွင် မေးခိုင်ကာကွယ်ဆေး (၂) ကြိမ် အပြည့်ထိုးနှံရန်
    • နောက်ဆက်တွဲကိုယ်ဝန်များတွင် (၁) ကြိမ် ပုံမှန်ထိုးနှံရန်
  2. သန့်ရှင်းစိတ်ချရသော ကလေးမွေးဖွားခြင်း အလေ့အထများကို လိုက်နာခြင်း
    • ကလေးမွေးဖွားစဉ် သန့်ရှင်းသောနေရာများတွင် မွေးဖွားခြင်း
    • ကလေးချက်ကြိုးဖြတ်ရာတွင် သန့်ရှင်းသောကိရိယာများ အသုံးပြုခြင်း
    • မွေးဖွားပေးသူ၏ လက်များ သန့်ရှင်းမှုရှိခြင်း
  3. ကလေးများအတွက် မေးခိုင်ကာကွယ်ဆေးကို ပုံမှန်ထိုးနှံခြင်း
    • ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြံပြုချက်အရ ကလေးများအတွက် မေးခိုင်ကာကွယ်ဆေးကို ပုံမှန် (၃) ကြိမ်နှင့် အပိုဆောင်း (၃) ကြိမ်၊ စုစုပေါင်း (၆) ကြိမ် ထိုးနှံရန် လိုအပ်သည်
    • ပုံမှန်ထိုးနှံခြင်းကို ကလေးအသက် (၆) ပတ်မှစ၍ အနည်းဆုံး (၄) ပတ်ခြား (၃) ကြိမ်ထိုးရန်
    • အပိုဆောင်း (၃) ကြိမ်ကို အသက် (၁) နှစ်ကျော်မှ (၁၅) နှစ်အကြား၊ အနည်းဆုံး (၄) နှစ်ခြားထိုးရန်
  4. ပညာပေးခြင်း
    • မေးခိုင်ရောဂါ၏ အန္တရာယ်နှင့် ကာကွယ်ရန် နည်းလမ်းများကို လူထုအား အသိပညာပေးခြင်းဖြင့် ရောဂါဖြစ်ပွါးမှုကို လျှော့ချနိုင်သည်

ကာကွယ်ဆေးထိုးနှံခြင်းနှင့် သန့်ရှင်းသော ကလေးမွေးဖွားခြင်းအလေ့အထများသည် မွေးကင်းစကလေးမေးခိုင်ရောဂါနှင့် အခြားပိုးဝင်ခြင်းများကို ထိရောက်စွာ ကာကွယ်ပေးနိုင်သောကြောင့် မဖြစ်မနေလုပ်ဆောင်သင့်သော အချက်များဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

References:

  1. World Health Organization. (n.d.). Maternal and neonatal tetanus elimination (MNTE). Retrieved February 21, 2026, from https://www.who.int/initiatives/maternal-and-neonatal-tetanus-elimination-(mnte)
  2. World Health Organization. (n.d.). Vaccine-preventable diseases surveillance standards: Neonatal tetanus. Retrieved February 21, 2026, from https://www.who.int/publications/m/item/vaccine-preventable-diseases-surveillance-standards-neonatal-tetanus
  3. National Health Service. (n.d.). Tetanus. Retrieved February 21, 2026, from https://www.nhs.uk/conditions/tetanus/
  4. Cleveland Clinic. (n.d.). Tetanus (lockjaw). Retrieved February 21, 2026, from https://my.clevelandclinic.org/health/diseases/23582-tetanus-lockjaw
  5. WebMD. (n.d.). Tetanus: Understanding the basics. Retrieved February 21, 2026, from https://www.webmd.com/brain/understanding-tetanus-basics
  6. Centers for Disease Control and Prevention. (n.d.). Causes of tetanus. Retrieved February 21, 2026, from https://www.cdc.gov/tetanus/causes/index.html
  7. Centers for Disease Control and Prevention. (n.d.). Global tetanus vaccination: Impact. Retrieved February 21, 2026, from https://www.cdc.gov/global-tetanus-vaccination/impact/index.html
  8. Brook, I. (2021). Neonatal tetanus. Pediatric Emergency Medicine Journal, 8(1), 1–7. https://doi.org/10.22470/pemj.2021.00269
  9. Hermina Hospitals. (n.d.). The dangers of neonatal tetanus in newborn babies. Retrieved February 21, 2026, from https://www.herminahospitals.com/en/articles/bahaya-tetanus-neonatorum-pada-bayi-baru-lahir

Published: 19 February 2025

Last updated: 18 March 2026

Share

26 February 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.