Tetanus (မေးခိုင်ရောဂါ)

Tetanus (မေးခိုင်ရောဂါ)

မေးခိုင်ရောဂါ (Tetanus) သည် Clostridium tetani ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် ဖြစ်ပွါးသော ပြင်းထန်သည့် ရောဂါတစ်မျိုးဖြစ်သည်။ ဤပိုးသည် များသောအားဖြင့် မြေကြီးထဲတွင်နေထိုင်ပြီး ခန္ဓာကိုယ်အတွင်းသို့ ဒဏ်ရာမှတစ်ဆင့် ဝင်ရောက်လေ့ရှိသည်။ ပိုးဝင်ပြီးနောက် ၎င်းမှထုတ်လုပ်သော Tetanospasmin အဆိပ်သည် အာရုံကြောစနစ်ကို ထိခိုက်စေကာ ကြွက်သားများ နာကျင်တောင့်တင်းစေသည်။ အထူးသဖြင့် မေးရိုးနှင့်လည်ပင်း ကြွက်သားများ တောင့်တင်းလာခြင်းကြောင့် “မေးခိုင်ရောဂါ” ဟု ခေါ်ဆိုခြင်းဖြစ်သည်။ မေးခိုင်ရောဂါဖြစ်လျှင် ပျောက်ကင်းအောင် ကုသရန် ခက်ခဲပြီး ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်၍ အသက်အန္တရာယ်ရှိနိုင်သောကြောင့် မေးခိုင်ရောဂါကာကွယ်ဆေးကို လူတိုင်းကြိုတင်ထိုးနှံထားခြင်းသည် အကောင်းဆုံးသော ကာကွယ်ခြင်းဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်း

မေးခိုင်ရောဂါပိုးသည် မြေကြီးနှင့် တိရစ္ဆာန်အညစ်ကြေးများတွင် အဓိကပေါက်ပွါးလေ့ရှိပြီး ထိခိုက်ဒဏ်ရာရခြင်း၊ တိရစ္ဆာန်ကိုက်ခံရခြင်း၊ မသန့်ရှင်းသောခွဲစိတ်မှု ပြုလုပ်ခြင်း၊ မသန့်ရှင်းသော ဆေးထိုးအပ်များကို အသုံးပြုခြင်း၊ အပူလောင်ခြင်းနှင့် သွားပိုးဝင်ခြင်း စသည်တို့ကြောင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ခြင်းဖြစ်သည်။ ထို့နောက် မေးခိုင်ရောဂါပိုး၏ အဆိပ် (Tetanospasmin) သည် သွေးထဲသို့ ရောက်ရှိပြီး ကြွက်သားကိုထိန်းချုပ်သည့် အာရုံကြောစနစ်ကို ထိခိုက်ပျက်စီးစေသဖြင့် ကြွက်သားများ တောင့်တင်းခြင်း၊ မေးခိုင်ခြင်းတို့ ဖြစ်ပေါ်စေသည်။ မေးခိုင်ရောဂါသည် လူတစ်ဦးမှတစ်ဦးသို့ မကူးစက်နိုင်ပါ။ မေးခိုင်ရောဂါပိုးဝင်ခြင်းသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် ဖြစ်ပေါ်နိုင်သော်လည်း ပူနွေး၍ စိုစွတ်သောရာသီဥတုနှင့် လူနေသိပ်သည်းသည့် နေရာဒေသများတွင် ပို၍အဖြစ်များသည်။

မေးခိုင်‌ရောဂါပိုး အဓိကဝင်ရောက်နိုင်ခြေများသူများမှာ_

  • ကာကွယ်ဆေးလုံးဝ မထိုးထားသူများ
  • ကာကွယ်ဆေးတစ်ကြိမ်ထိုးပြီးနောက် (၁၀) နှစ်အကြာတွင် ထပ်ဆောင်းကာကွယ်‌ဆေး မထိုးထားသူများ ဖြစ်ကြသည်။

ထို့အပြင် အခြားသော မေးခိုင်ရောဂါပိုးဝင်နိုင်ခြေများသော အခြေအနေများမှာ_

  • ထိခိုက်ဒဏ်ရာများရပြီးနောက် မြေကြီး၊ တိရစ္ဆာန်အညစ်အကြေးများနှင့် ထိတွေ့မှုရှိခြင်း
  • ဒဏ်ရာတွင် ပြင်ပမှ ပစ္စည်းတစ်ခုခု ရှိနေခြင်း (Foreign body)
  • ကိုယ်ခံအားနည်းစေနိုင်သော ရောဂါများရှိခြင်း (ဥပမာ _ အိတ်ချ်အိုင်ဗွီရောဂါ၊ ဆီးချိုရောဂါ)
  • မိခင်သည် မေးခိုင်ကာကွယ်ဆေး မထိုးထားခြင်းနှင့် မွေးဖွားစဥ် ချက်ကြိုးဖြတ်ရာ၌ အသုံးပြုသည့် ကိရိယာများ မသန့်ရှင်းခြင်း၊ ချက်အတွင်းသို့ မသန့်ရှင်းသည့်အရာများထည့်ခြင်း စသည်တို့ကြောင့် ချက်ကြိုးမှတစ်ဆင့် ကလေးသို့ ကူးစက်ခြင်း
  • မူးယစ်ဆေးဝါးအသုံးပြုသူများတွင် မသန့်ရှင်းသော အပ်များကို အသုံးပြုခြင်း
  • သံချေးတက်နေသော အရာများနှင့် ထိခိုက်မိခြင်းတို့ဖြစ်သည်။

ဤအခြေအနေများသည် မေးခိုင်ရောဂါပိုး ဝင်ရောက်နိုင်ခြေကို မြင့်တက်စေသဖြင့် သတိပြုကာကွယ်ရန် အရေးကြီးသည်။

ရောဂါလက္ခဏာများ

မေးခိုင်ရောဂါပိုးကူးစက်ခံရပြီး (၃)ရက် မှ (၂၁)ရက်အတွင်း ရောဂါလက္ခဏာများ ခံစားရနိုင်ပြီး အများအားဖြင့် (၁၀) ရက်ခန့်အကြာတွင် စတင်ဖြစ်ပေါ် လေ့ရှိသည်။ အဖြစ်အများဆုံးအမျိုးအစားမှာ ခန္ဓာကိုယ်တစ်ခုလုံး နေရာအနှံ့အပြားရှိ ကြွက်သားများတောင့်တင်းခြင်း (Generalised tetanus) ဖြစ်ပွါးပြီး မေးခိုင်ခြင်းနှင့် မျက်နှာရှိ ကြွက်သားများတောင့်တင်းခြင်း စတင်ဖြစ်ပေါ်ကာ နှစ်ပတ်အတွင်း ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများတောင့်တင်းနိုင်သည်။

ဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာများမှာ_

  • မေးရိုးရှိကြွက်သားများ တောင့်တင်း၍ မေးခိုင်ကာ ပါးစပ်မဟနိုင်ခြင်း
  • အစာမျိုရခက်ခြင်း၊ အသက်ရှူခက်ခဲခြင်း
  • ပါးစပ်မှ တံတွေးများ စီးကျခြင်း
  • လည်ပင်းကြွက်သားများ နာကျင်တောင့်တင်းခြင်း
  • ခြေလက်၊ ဝမ်းဗိုက်နှင့် ခါးကြွက်သားများ တောင့်တင်းခြင်း
  • တက်ခြင်း
  • ဖျားခြင်း
  • ခေါင်းကိုက်ခြင်း
  • ချွေးထွက်များခြင်း
  • သွေးပေါင်တက်ခြင်း သို့မဟုတ် သွေးပေါင်ကျခြင်း
  • နှလုံးခုန်မြန်ခြင်း စသည်တို့ ခံစားရနိုင်သည်။

ကြွက်သားများတောင့်တင်းခြင်းသည် သာမန်အသံများ၊ အထိအတွေ့များ သို့မဟုတ် အလင်းရောင်တို့ကြောင့် ပိုဆိုးစေနိုင်သည်။ ထိုကဲ့သို့တောင့်တင်းခြင်းများသည် (၄) ပတ်ခန့် ကြာနိုင်ပြီး ပြန်လည်သက်သာရန် လပေါင်းများစွာ ကြာမြင့်နိုင်သည်။

Tetanus image
နောက်ဆက်တွဲပြဿနာများ

ပြင်းထန်သော ကြွက်သားများတောင့်တင်းခြင်း‌ကြောင့် အောက်ဖော်ပြပါ ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

  • အသက်ရှူခက်ခဲခြင်း _ အသံအိုး၊ လည်ပင်း၊ ဝမ်းဗိုက်နှင့် အသက်ရှူကြွက်သားများ တောင့်တင်းခြင်းကြောင့် အသက်ရှူခက်ခဲခြင်း
  • အဆုတ်ထဲရှိသွေးကြောများ သွေးခဲပိတ်ဆို့ခြင်း (Pulmonary embolism)
  • အဆုတ်ရောင်ခြင်း (Pneumonia)
  • အရိုးများကျိုးခြင်း _ ကြွက်သားများ အလွန်တောင့်တင်းရုန်းဆွဲခြင်းကြောင့် ခါးရိုးနှင့် အခြားသောအရိုးများကျိုးခြင်း
  • အသက်သေဆုံးခြင်း _ ကြွက်သားများ ပြင်းထန်စွာ တောင့်တင်းခြင်းနှင့် ခန္ဓာကိုယ်၏ အသက်ရှူခြင်း၊ နှလုံးခုန်ခြင်းနှင့် အခြားသော ကိုယ်တွင်းအင်္ဂါလုပ်ငန်းများကို ထိန်းချုပ်သော အာရုံကြောများ ထိခိုက်သောကြောင့် အသက်သေဆုံးခြင်းများ ဖြစ်ပေါ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

မေးခိုင်ရောဂါဖြစ်ပါက အသက်အန္တရာယ်ရှိနိုင်သောကြောင့် အထက်တွင် ဖော်ပြထားသော ရောဂါလက္ခဏာများဖြစ်ပေါ်လျှင် သို့မဟုတ် မေးခိုင်ရောဂါဟု သံသယရှိလျှင် ဆေးရုံအရေးပေါ် ဌာနသို့ အမြန်ဆုံး သွားရောက်ကုသမှုခံယူရန် လိုအပ်သည်။ မိမိတွင် ထိခိုက်ဒဏ်ရာရပါက အနာသည် သန့်ရှင်းပြီး မေးခိုင်ကာကွယ်ဆေးကိုလည်း (၁၀) နှစ်အတွင်း ထိုးနှံထားလျှင် ဒဏ်ရာကို အိမ်တွင်ကုသနိုင်သော်လည်း အောက်ပါအချက်များရှိပါက ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ကုသမှုခံယူရန် လိုအပ်သည်။

  • (၁၀) နှစ်အတွင်း မေးခိုင်ကာကွယ်ဆေး မထိုးထားခြင်း
  • မေးခိုင်ကာကွယ်ဆေး နောက်ဆုံးထိုးထားသည့်အချိန်ကို အတိအကျမသိရှိခြင်း
  • ဒဏ်ရာသည် ထိုးသွင်းဒဏ်ရာဖြစ်ခြင်း၊ ဒဏ်ရာတွင် ပြင်ပမှ ပစ္စည်းတစ်ခုခု (Foreign body) ရှိနေခြင်း၊ တိရစ္ဆာန်အကိုက်ခံရခြင်း၊ နက်ရှိုင်းသော ဒဏ်ရာဖြစ်ခြင်း
  • ဒဏ်ရာသည် မသန့်ရှင်းသော မြေကြီး၊ အညစ်အကြေး၊ သံချေး၊ တံတွေးတို့ဖြင့် ထိတွေ့မှုရှိခြင်း တို့ဖြစ်ကြသည်

မသန့်ရှင်းသော ဒဏ်ရာများဖြစ်ပါက နောက်ဆုံးမေးခိုင်ကာကွယ်ဆေးထိုးထားသည်မှာ (၅) နှစ်နှင့်အထက်ဖြစ်ခဲ့လျှင် ထပ်ဆောင်းကာကွယ်ဆေးထိုးပေးရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

လူနာ၏ရောဂါရာဇဝင်မေးမြန်းခြင်း (အထူးသဖြင့် ထိခိုက်ဒဏ်ရာ ရခဲ့ခြင်း၊ တိရစ္ဆာန် အကိုက်ခံရခြင်း၊ မေးခိုင်ကာကွယ်ဆေး ထိုးနှံထားခြင်းစသည့် အခြေအနေများ ရှိမရှိ မေးမြန်းခြင်း) နှင့် လူနာကို စစ်ဆေးစမ်းသပ်ခြင်းဖြင့် မေးခိုင်ရောဂါဖြစ်ကြောင်း သိရှိနိုင်သည်။

ကုသခြင်း

မေးခိုင်ရောဂါပိုးဝင်လျှင် အသက်အန္တရာယ်ထိခိုက်နိုင်သောကြောင့် ဆေးရုံတက်၍ အရေးပေါ် ကုသမှုခံယူရန်လိုအပ်သည်။ ရောဂါပြင်းထန်မှုပေါ် မူတည်၍ လိုအပ်လျှင် လူနာကို အထူးကြပ်မတ်ကုသဆောင်တွင်ထား၍ ကုသရသည်။ ထို့အပြင် ရောဂါလက္ခဏာများ သက်သာစေရန်နှင့် နောက်ဆက်တွဲပြဿနာများ လျော့နည်းစေရန် အောက်ဖော်ပြပါကုသမှုများဖြင့် ကုသနိုင်သည်။

  1. ဒဏ်ရာကုသခြင်း (Wound care)
    ဒဏ်ရာကို သေချာစွာ သန့်ရှင်းရေးပြုလုပ်ခြင်း၊ မကောင်းသော တစ်ရှူးများ သို့မဟုတ် ပြင်ပမှပစ္စည်းများကို ဖြတ်တောက်ဖယ်ရှားခြင်းများ ပြုလုပ်ရသည်။
  2. ဆေးဝါးများဖြင့်ကုသခြင်း (Medications)
    • Tetanus immune globulin (TIG) (အင်မြူနိုဂလိုဗျူလင်)
      TIG သည် မေးခိုင်ပိုး၏အဆိပ်အချို့ကို ဖယ်ရှားပေးနိုင်သောကြောင့် မေးခိုင်အဆိပ်ဖြေဆေး ဟုလည်းခေါ် ကြသည်။ သို့သော် အာရုံကြောကို တိုက်ခိုက်ပြီးဖြစ်သော အဆိပ်များကို ဖယ်ရှားပေးနိုင်ခြင်းမရှိပါ။ မေးခိုင်အဆိပ်ဖြေဆေးသည် ရောဂါပြင်းထန်မှုနှင့် ရောဂါဖြစ်ပွါးသည့်ကာလကို လျော့နည်းစေနိုင်သည်။
    • ပဋိဇီဝပိုးသတ်ဆေးများပေးခြင်း
      ကျန်ရှိနေသော မေးခိုင်ရောဂါပိုးများမှ အဆိပ်များ ဆက်လက်မထုတ်နိုင်ရန် ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသမှု လိုအပ်သည်။
    • ကြွက်သားတောင့်တင်းခြင်းကို ဖြေလျှော့ပေးသည့် ဆေးဝါးများပေးခြင်း
    • မေးခိုင်ရောဂါကာကွယ်ဆေး (Tetanus toxoid vaccine – TT) ထိုးနှံခြင်း
  3. အလင်းရောင်နည်းပြီး ဆူညံမှုမရှိသည့် အခန်းတွင်ထား၍ ကုသခြင်း
    အလင်းရောင်နှင့် ဆူညံသံများသည် အာရုံကြောစနစ်အား လှုံ့ဆော်မှုဖြစ်စေသဖြင့် ကြွက်သားတောင့်တင်းခြင်းကို ပိုမိုဖြစ်ပေါ်စေသည်။ ထို့ကြောင့် လူနာကို အသံတိတ်ဆိတ်၍ မှောင်သောအခန်းများတွင်ထား၍ ကုသရန် လိုအပ်သည်။
  4. အသက်ရှူစက်ဖြင့် ကုသခြင်း
    လည်ပင်းရှိ ကြွက်သားများနှင့် အသက်ရှူကြွက်သားများ တောင့်တင်းခြင်းကြောင့် အသက်ရှူရခက်ခဲလျှင် အသက်ရှူစက်အကူအညီ လိုအပ်နိုင်သည်။
  5. ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများ ပြုလုပ်ခြင်း
    အရေးပေါ်အခြေအနေများမှ သက်သာလာပြီးနောက်ပိုင်းတွင် ကြွက်သားသန်မာမှုများ ပုံမှန်ရရှိနိုင်စေရန် ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများ ပြုလုပ်ရန် လိုအပ်သည်။
ကာကွယ်ခြင်း

မေးခိုင်ရောဂါသည် အသက်အန္တရာယ် စိုးရိမ်ရသောကြောင့် ရောဂါလက္ခဏာပြမှ ကုသခြင်းထက် မေးခိုင်ကာကွယ်ဆေးထိုး၍ ကြိုတင်ကာကွယ်ခြင်းသည် ပို၍အရေးကြီးသည်။ ထို့ကြောင့် လူတိုင်း မေးခိုင်ကာကွယ်ဆေး ထိုးထားသင့်သည်။

မေးခိုင်ကာကွယ်ဆေးထိုးရာတွင် အများအားဖြင့် ဆုံဆို့၊ မေးခိုင်၊ ကြက်ညှာချောင်းဆိုး (၃) မျိုးစပ် ကာကွယ်ဆေး ထိုးနှံလေ့ရှိသည်။ အမျိုးအစား (၃) မျိုးရှိသည်။

  1. DTaP – ဆုံဆို့နာ၊ မေးခိုင်နှင့် ကြက်ညှာချောင်းဆိုး (၃) မျိုးစပ်ကာကွယ်ဆေး – လသားအရွယ်မှစ၍ အသက် (၇) နှစ်အောက် ကလေးများအထိ အသုံးပြုသည်
  2. Tdap – မေးခိုင်၊ ဆုံဆို့နာနှင့် ကြက်ညှာချောင်းဆိုး (၃) မျိုးစပ်ကာကွယ်ဆေး – အဓိကအားဖြင့် အသက် (၇) နှစ်အထက် ကလေးများ၊ ဆယ်ကျော်သက်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် လူကြီးများတွင် အသုံးပြုသည်။
  3. Td – မေးခိုင်နှင့် ဆုံဆို့နာ (၂) မျိုးစပ်ကာကွယ်ဆေး – ကြက်ညှာချောင်းဆိုး ကာကွယ်ဆေးထိုးရန် မသင့်တော်သော အခြေအနေတွင် အသုံးပြုသည်
ဆေးထိုးရမည့် အချိန်နှင့်အသက်အရွယ်
  1. ကလေးငယ်များအတွက်
    • အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟိုဌာန (CDC) မှ အသက် (၇) နှစ်အောက် ကလေးငယ်များအတွက် DTaP ကာကွယ်ဆေးကို ထိုးရန် အကြံပြုထားသည်။ ပုံမှန်ကာကွယ်ဆေးထိုးရမည့် အသက်အရွယ်မှာ_
      • (၂)လ
      • (၄) လ
      • (၆) လ
      • (၁၅)လ မှ (၁၈)လအတွင်း
      • (၄)နှစ် မှ (၆)နှစ်အတွင်း ဖြစ်ပြီး စုစုပေါင်း (၅) ကြိမ်ထိုးနှံရမည်။
    • မြန်မာနိုင်ငံ၏ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဥ်တွင် DTaP ကာကွယ်ဆေးကို အသက် (၂) လ၊ (၄) လ၊ (၆) လနှင့် တစ်နှစ်ခွဲတွင် တစ်ကြိမ်စီနှင့် စုစုပေါင်း (၄) ကြိမ်ထိုးနှံပေးသည်
  2. ဆယ်ကျော်များအတွက်
    အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟိုဌာန (CDC) မှ ဆယ်ကျော်သက်များအတွက် Tdap ကာကွယ်ဆေးကို တစ်ကြိမ်ထိုးနှံရန် အကြံပြုထားသည်။
    • ဆယ်ကျော်သက်များအတွက် Tdap ကာကွယ်ဆေးထိုးနှံရမည့် အသက်မှာ (၁၁) နှစ် မှ (၁၂) နှစ် ဖြစ်သည်
  3. ကိုယ်ဝန်ဆောင်မိခင်များ
    အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟိုဌာန (CDC) မှ ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ကိုယ်ဝန်ဆောင်ချိန်တိုင်းတွင် Tdap ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံရန် အကြံပြုထားသည်။
    • ကိုယ်ဝန်ဆောင်စဉ် ကိုယ်ဝန် (၂၇) ပတ် မှ (၃၆) ပတ် ကြားကာလတွင် ထိုးရန် အကြံပြုထားသည်
  4. လူကြီးများ
    အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟိုဌာန (CDC) မှ Tdap ကာကွယ်ဆေးကို တစ်ကြိမ်မျှ ထိုးနှံခြင်းမရှိသော လူကြီးများသည် တစ်ကြိမ် ထိုးရန် လိုအပ်သည်။
    • တတ်နိုင်သမျှ အမြန်ဆုံး ထိုးရန်လိုသည် (ဖြစ်နိုင်လျှင် အသက် (၆၅) နှစ်နှင့်အထက် လူကြီးများသည်လည်း Tdap ကာကွယ်ဆေးကို တစ်ကြိမ်ထိုးရန် လိုအပ်သည်)
  5. Tdap ကာကွယ်ဆေး ထိုးနှံပြီးနောက် လူကြီးများသည် ပုံမှန်အားဖြင့် (၁၀) နှစ်လျှင် တစ်ကြိမ် အပိုထပ်ဆောင်း အားဖြည့်ကာကွယ်ဆေး ထိုးနှံရန်လိုသည်၊ အကယ်၍ ပြင်းထန်ဒဏ်ရာ၊ ပြင်ပ အရာဝတ္ထုများနှင့် ဖုန်မှုန့်များ ထိတွေ့ထားသော ဒဏ်ရာများရပါက (၅) နှစ်အတွင်း ထပ်ဆောင်းတစ်ကြိမ် ထိုးနှံသင့်သည်ဟု လမ်းညွှန်ထားသည်

ကာကွယ်ဆေးထိုးသည့်အပြင် မိမိတွင် ထိခိုက်ဒဏ်ရာရပါက အောက်ပါနည်းလမ်းများ လုပ်ဆောင်ခြင်းဖြင့် မေးခိုင်ရောဂါဖြစ်ခြင်းကို ကာကွယ်လျော့ချနိုင်သည်။

  1. ဒဏ်ရာကို သန့်စင်ခြင်း
    • ဒဏ်ရာရသည့်နေရာကို သန့်ရှင်းသောရေနှင့် ဆပ်ပြာဖြင့် သေချာစွာ ဆေးကြောသန့်စင်ပါ (ဒဏ်ရာပတ်ဝန်းကျင်ရှိ ပိုးမွှားများ ဝင်ရောက်မှုကို လျှော့ချနိုင်သည်)
  2. ပြင်ပပစ္စည်းများ ဖယ်ရှားခြင်း
    • ဒဏ်ရာထဲတွင် ပြင်ပမှပစ္စည်းများ (ဥပမာ _ ဖန်ကွဲစ၊ သစ်သားစ၊ သံမှိုသံစ) ရှိပါက ဂရုတစိုက် ဖယ်ရှားပါ၊ ဤပစ္စည်းများသည် ပိုးမွှားများကို သယ်ဆောင်နိုင်သည်
  3. ရှေးဦးကုသမှုများ ပြုလုပ်ခြင်း
    • ဒဏ်ရာကို ရေ၊ ဆပ်ပြာတို့ဖြင့် သေချာစွာ ဆေးကြောပြီးနောက် ပိုးသတ်ဆေးရည်ဖြင့် ထပ်မံသန့်စင်ပါ
    • သွေးထွက်နေသော ဒဏ်ရာဖြစ်ပါက သန့်ရှင်းသော အဝတ်စ သို့မဟုတ် ပတ်တီးဖြင့် ဒဏ်ရာကို ဖိအုပ်ထားပါ
    • ဤသို့ပြုလုပ်ခြင်းဖြင့် သွေးထွက်လွန်ခြင်းကို ထိန်းချုပ်နိုင်ပြီး ပိုးဝင်ခြင်းကို ကာကွယ်နိုင်သည်
  4. ဆရာဝန်နှင့် တိုင်ပင်ပြသခြင်း
    • ဒဏ်ရာပြင်းထန်ပါက သို့မဟုတ် ပိုးဝင်နိုင်ခြေများပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသပါ
    • လိုအပ်ပါက မေးခိုင်ကာကွယ်ဆေးထိုးရန် ညွှန်ကြားချက်ရယူပါ

ဤနည်းလမ်းများကို လိုက်နာခြင်းဖြင့် မေးခိုင်ရောဂါဖြစ်ပွါးမှုကို ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

References:

  1. Mayo Clinic. (n.d.). Tetanus: Symptoms and causes. Retrieved February 2, 2026, from https://www.mayoclinic.org/diseases-conditions/tetanus/symptoms-causes
  2. Mayo Clinic. (n.d.). Tetanus: Diagnosis and treatment. Retrieved February 2, 2026, from https://www.mayoclinic.org/diseases-conditions/tetanus/diagnosis-treatment/drc-20351
  3. Centers for Disease Control and Prevention. (2025). About tetanus. Retrieved February 2, 2026, from https://www.cdc.gov/tetanus/about/index.html
  4. National Health Service. (n.d.). Tetanus. Retrieved February 2, 2026, from https://www.nhs.uk/conditions/tetanus/
  5. Cleveland Clinic. (n.d.). Tetanus (lockjaw). Retrieved February 2, 2026, from https://my.clevelandclinic.org/health/diseases/23582-tetanus-lockjaw
  6. Centers for Disease Control and Prevention. (n.d.). Td (tetanus and diphtheria) vaccine information statement. Retrieved February 2, 2026, from https://www.cdc.gov/vaccines/hcp/current-vis/td.html
  7. Centers for Disease Control and Prevention. (n.d.). Child and adolescent immunization schedule. Retrieved February 2, 2026, from https://www.cdc.gov/vaccines/hcp/imz-schedules/child-adolescent-age.html

Published: 18 February 2025

Last updated: 21 March 2026

Share

26 February 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.