လက်မနှင့်လက်ကောက်ဝတ်ကို ထပ်တလဲလဲ အသုံးပြုရသည့် အခြေအနေများတွင် လက်မအရွတ်ကြော နာကျင်ခြင်းရောဂါ (De Quervain’s disease) ကို ခံစားရနိုင်သည်။ နာကျင်မှုခံစားရသူ အများစုမှာ လက်ကောက်ဝတ်လှုပ်ရှားမှုကို အနားပေးကာ အထိန်း (Splint) ဝတ်ဆင်ရုံမျှဖြင့် ရက်သတ္တပတ် အနည်းငယ်အတွင်း ပြန်လည်သက်သာနိုင်သည်။ အချို့မှာ ခွဲစိတ်ကုသမှု လိုအပ်နိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
လက်ကောက်ဝတ်ပေါ်ရှိ လက်မသို့သွားသော အရွတ်ကြောနှစ်ခု (Abductor Pollicis Longus – APL နှင့် Extensor Pollicis Brevis – EPB) တို့၏ အကာ (Tendon sheath) ရောင်ရမ်းခြင်းကြောင့် နာကျင်မှု ခံစားရခြင်းဖြစ်သည်။
အရွတ်ကြော (Tendon) သည် သန်မာသော်လည်း ပျော့ပျောင်း၍ ကြိုးကဲ့သို့ပုံသဏ္ဌာန်ရှိကာ ကြွက်သားနှင့်အရိုးကို ဆက်သွယ်ပေးထားသည်။ ပုံမှန်အားဖြင့် အရွတ်ကြောသည် အပေါ်မှဖုံးအုပ်ထားသည့် အကာ (Tendon sheath) အောက်တွင် လွယ်ကူစွာ ရွေ့လျားနိုင်သည်။ အရွတ်ကြောကို အုပ်ထားသောအကာသည် ထူထဲရောင်ရမ်းနေပါက လက်ကောက်ဝတ်လှုပ်ရှားမှုတွင် ချောမွေ့မှုမရှိဘဲ နာကျင်နေမည်ဖြစ်သည်။

အဖြစ်များသောအကြောင်းရင်းများမှာ_
- လက်မနှင့်လက်ကောက်ဝတ် အသုံးပြုမှုများခြင်း (ဥပမာ_တင်းနစ်ကစားခြင်း၊ ဂေါက်သီးရိုက်ကစားခြင်း၊ ကလေးချီ မခြင်း၊ ဥယျာဉ်ခြံလုပ်ခြင်း)
- လက်ကိုအချိန်အတော်ကြာ ထပ်ခါထပ်ခါ အသုံးပြုခြင်း
- ရောင်ရမ်းခြင်းဖြစ်စေသော ကျန်းမာရေးအခြေအနေများ (ဥပမာ_အဆစ်ရောင်ရောဂါ)
- လက်မနှင့်လက်ကောက်ဝတ်ကို တိုက်ရိုက်ထိခိုက်ခြင်း
- ကိုယ်ဝန်ဆောင်ချိန် ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်းတို့ဖြစ်သည်။
ဖြစ်ပွါးနိုင်ခြေများသူများ
မည်သူမဆို လက်မအရွတ်ကြောနာကျင်ခြင်းရောဂါကို ခံစားရနိုင်သော်လည်း အောက်ပါအစုအဖွဲ့များတွင် ပိုမိုဖြစ်ပွါးနိုင်သည်။
- အမျိုးသမီးများ
- အသက် (၃၀-၅၀) နှစ်ကြားရှိသူများ
- ကိုယ်ဝန်ဆောင်သူများ
- ကလေးပြုစုစောင့်ရှောက်သူများ
- လက်ကိုအသုံးပြုလုပ်ကိုင်သော ကာယလုပ်သားများ
- အားကစားသမားများ
- ကွန်ပျူတာနှင့် ဗွီဒီယိုဂိမ်းကစားသူများ
ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများသည် ရုတ်တရက် ချက်ချင်း သို့မဟုတ် တဖြည်းဖြည်း ဖြစ်ပေါ်နိုင်သည်။
- လက်မဘက်ခြမ်း လက်ကောက်ဝတ်၌ နာကျင်ခြင်း
- လက်အသုံးပြုချိန်တွင် ပို၍နာကျင်ခြင်း
- နာကျင်မှုသည် လက်မ သို့မဟုတ် လက်ဖျံဘက်သို့ ဖြာထွက်သွားခြင်း
- လက်မအရင်း လက်ကောက်ဝတ်နေရာ ရောင်ရမ်းခြင်း
- လက်မလှုပ်ရှားမှုတွင် အသံကို ခံစားသိရှိခြင်း၊ ထစ်နေခြင်း
- လက်မလှုပ်ရှားမှု တင်းနေခြင်း
- လက်ကောက်ဝတ်နှင့် လက်မတွင် ထုံကျဥ်မှု ခံစားရခြင်း
နောက်ဆက်တွဲပြဿနာများ
နာကျင်မှု ပိုဆိုးလာနိုင်သည်။ နေ့စဉ် လှုပ်ရှားလုပ်ကိုင်ဆောင်ရွက်မှုများကို ထိခိုက်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် ရောဂါရာဇဝင်မေးခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ပြီး ကုသပေးမည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
အရေးပေါ်ပြသရန်
လက်ကောက်ဝတ် မလှုပ်နိုင်အောင် နာကျင်ခြင်း၊ ရောင်ရမ်းခြင်းနှင့်အတူ ကိုယ်အပူချိန်တက်ပါက အရေးပေါ်ကုသမှု လိုအပ်နိုင်သဖြင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ၍ ကုသမှုခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
ရောဂါရာဇဝင်မေးခြင်း၊ စမ်းသပ်စစ်ဆေးခြင်းတို့ဖြင့် လက်မအရွတ်ကြော နာကျင်ခြင်းရောဂါကို သိရှိနိုင်သည်။ လက်မအရွတ်ကြော နာကျင်ခြင်းကို စမ်းသပ်စစ်ဆေးခြင်း (Finkelstein Test) ဖြင့် ရောဂါကို အတည်ပြုနိုင်သည်။
လက်မအရွတ်ကြော နာကျင်ခြင်းကို စမ်းသပ်စစ်ဆေးခြင်း (Finkelstein Test)
လက်မကို လက်ချောင်းလေးများအတွင်း ဆုပ်ထားပြီး လက်ကောက်ဝတ်ကို လက်သန်းဘက်သို့ ယိုင်လိုက်ပါက လက်ကောက်ဝတ်ပေါ်တွင် နာကျင်မှုကို ပို၍ခံစားရသည်။

အခြားလက်ကောက်ဝတ်နာကျင်တတ်သည့် အဆစ်ရောင်ရောဂါများနှင့် ခွဲခြားနိုင်ရန် ဓာတ်မှန်ရိုက်ခြင်းနှင့် သွေးစစ်ဆေးခြင်းတို့ ပြုလုပ်နိုင်သည်။
ကုသခြင်း
လက်ကောက်ဝတ်ရောင်ရမ်းမှု လျှော့ချရန်၊ လှုပ်ရှားမှု ကောင်းမွန်ရန်နှင့် ရောဂါပြန်မဖြစ်စေရန် ရည်ရွယ်၍ ကုသမှုပေးသည်။
မခွဲစိတ်ဘဲကုသသည့် နည်းလမ်းများ
စနစ်တကျ ကုသမှုခံယူခြင်းဖြင့် (၄-၆) ပတ်အတွင်း သက်သာပျောက်ကင်းနိုင်သည်။
- လက်ကောက်ဝတ်အထိန်း(Splint or brace) ဝတ်ဆင်ခြင်း
- လက်မအရွတ်ကြောများ အနားရရန်အတွက် လက်ကောက်ဝတ်နှင့်လက်မတို့ကို ငြိမ်နေစေရန် အထိန်းများ ဝတ်ဆင်ရမည်

- ရေခဲကပ်ခြင်း
- ရောင်ရမ်းမှုနှင့်နာကျင်မှု သက်သာစေရန် လက်ကောက်ဝတ်ပေါ် ရေခဲကပ်ခြင်းကို တစ်ကြိမ်လျှင် မိနစ် (၂၀) ခန့် တစ်နေ့ (၄-၅) ကြိမ် ကပ်နိုင်သည်
- လက်ကိုအနားပေးခြင်း
- လက်ကောက်ဝတ်နှင့်လက်မ အသုံးပြုရသည့် အလုပ်အကိုင်များနှင့် အားကစားလုပ်ခြင်းများကို ရပ်နားထားသင့်သည်
- ဆေးဝါးဖြင့်ကုသခြင်း
- ပါရာစီတမော၊ အိုင်ဗျူပရိုဖဲင်စသည့် အနာသက်သာစေသည့် ဆေးဝါးများနှင့် ရောင်ရမ်းမှု လျော့ကျစေသည့်ဆေးများဖြင့် ကုသသည်
- ခန္ဓာကိုယ်ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ
- လက်ကောက်ဝတ်လှုပ်ရှားမှု ချောမွေ့စေရန်နှင့် သန်မာစေရန် လေ့ကျင့်ခန်းများ ပြုလုပ်ရမည်
- သံပရာသီးကို လက်နှင့် ခပ်ဖွဖွဆုပ်ကိုင်ပေးရာမှ ဖြည်းညင်းစွာ ခပ်တင်းတင်း ဆုပ်ကိုင်နိုင်သည်
- လေ့ကျင့်ခန်းကို တစ်ခါလုပ်လျှင် (၅-၁၀) မိနစ်ခန့်လုပ်ပြီး တစ်နေ့ (၄-၅) ကြိမ် လုပ်နိုင်သည်၊ နာကျင်မှု ဆက်တိုက်ခံစားနေရပါက လေ့ကျင့်ခန်းရပ်ပြီး ဆေးရုံ၊ ဆေးခန်းသို့ ပြန်ပြရမည်

- နာသည့် လက်မအရွတ်ကြောအတွင်းသို့ ဆေးထိုးခြင်း (Corticosteroid)
- ရောင်ရမ်းမှုနှင့်နာကျင်မှု သက်သာစေရန် လက်မအရွတ်ကြောအကာ (Tendon sheath) အတွင်းသို့ စတီးရွိုက်ထိုးဆေးထိုးခြင်းဖြင့် ကုသနိုင်သည်
- စတီးရွိုက်ဆေးထိုးခြင်းသည် လက်မအရွတ်ကြော ရောင်ရမ်းနာကျင်မှုကို ထိရောက်စွာ လျှော့ချပေးနိုင်သော်လည်း အရွတ်ကြော အားနည်းပျက်စီးနိုင်ခြေရှိ၍ တစ်နေရာတည်းကို (၁-၂) ကြိမ်ထက်ပို၍မထိုးသင့်ပါ
- ဆီးချိုဝေဒနာရှင်များတွင် သွေးချိုမြင့်တက်စေနိုင်ခြင်းနှင့် ပိုးဝင်နေသောနေရာများတွင် ရောဂါပိုဆိုးရွားစေနိုင်ခြင်းတို့ကြောင့် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ အထူးသတိပြု ကုသသင့်သည်
ခွဲစိတ်ကုသသည့်နည်းလမ်း
မခွဲစိတ်ဘဲ ကုသသည့်နည်းများဖြင့် မသက်သာမှသာ ခွဲစိတ်ကုသမှု လိုအပ်နိုင်သည်။ အများစုမှာ ခွဲစိတ်ကုသရန် မလိုအပ်ပါ။ နာကျင်မှု သက်သာစေရန်နှင့် လက်မအရွတ်ကြောလှုပ်ရှားမှု ချောမွေ့စေရန် အရွတ်ကြောကို ဖုံးအုပ်ထားသည့်အကာ (Tendon Sheath) အတွင်း အရွတ်ကြောလှုပ်ရှားမှု ချောင်သွားစေရန် ထုံဆေးထိုး၍ ခွဲစိတ်ကုသသည်။ ဆေးရုံတက်ရန်မလိုဘဲ ပြင်ပလူနာကုသမှုသာဖြစ်သည်။
ကာကွယ်ခြင်း
- လက်ကောက်ဝတ်နှင့်လက်မကို အလွန်အမင်းအသုံးပြုခြင်းမှ ရှောင်ကြဉ်ခြင်းသည် အကောင်းဆုံး ကာကွယ်နည်းဖြစ်သည်
- လုပ်ငန်းခွင်နှင့် ကိုယ်လက်လှုပ်ရှားအားကစားများတွင် သင့်လျော်သောအကာအကွယ်များ နည်းစနစ်ကျစွာ အသုံးပြုရမည်
- လက်မနှင့်လက်ကောက်ဝတ်ကို မဖြစ်မနေ အသုံးပြုလုပ်ကိုင်ရမည်ဆိုပါက အချိန်အနည်းငယ် အနားပေးကာ လုပ်ကိုင်ရမည်
References:
- Cleveland Clinic. (n.d.). De Quervain’s tendinosis. Retrieved January 26, 2026, from https://my.clevelandclinic.org/health/diseases/10915-de-quervains-tendinosis
- Mayo Clinic. (n.d.). De Quervain’s tenosynovitis: Diagnosis and treatment. Retrieved January 26, 2026, from https://www.mayoclinic.org/diseases-conditions/de-quervain-tenosynovitis/diagnosis-treatment/drc-20371337
- WebMD. (n.d.). De Quervain’s disease. Retrieved January 26, 2026, from https://www.webmd.com/rheumatoid-arthritis/de-quervains-disease
Published: 30 January 2025
Last updated: 3 February 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.