လူသားများအားလုံး စိုးရိမ်ပူပန်စိတ်၊ ကြောက်ရွံ့စိတ်တို့ အနည်းနှင့်အများ ဖြစ်ပေါ်ခံစားဖူးသော်လည်း နေ့စဥ်လူနေမှုဘဝအပေါ် ထိခိုက်မှုဖြစ်လောက်အောင် ခံစားလာရပါက သတိပြုရမည့် အခြေအနေဖြစ်သည်။ ထိုကဲ့သို့ အခြေအနေ၊ အရာဝတ္ထုတစ်ခုခုနှင့် ဆက်နွယ်ပြီး စိုးရိမ်ပူပန်စိတ်၊ ကြောက်ရွံ့စိတ်တို့ လွန်ကဲကာ ကာယကံရှင်၏ နေ့စဥ်လူနေမှုဘဝအပေါ် ထိခိုက်လာပါက အဆိုပါအခြေအနေများကို စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲသည့်ရောဂါများ (Phobias) ဟုခေါ်ဆိုသည်။ ထိုအခြေအနေမျိုးတွင် ကာယကံရှင်အနေနှင့် လုပ်ဆောင်ဖွယ်ရာများကို ဆက်လက် လုပ်ဆောင်ကောင်း လုပ်ဆောင်နေနိုင်မည်ဖြစ်သော်လည်း အလွန်ခက်ခဲစွာလုပ်ဆောင်နေရသည့် အနေအထားမျိုး ဖြစ်နေတတ်သည်။
စိုးရိမ်ကြောက်ရွံ့စိတ်လွန်ကဲသည့်ရောဂါသည် စိုးရိမ်စိတ် လွန်ကဲသည့်ရောဂါ (Anxiety Disorder) အမျိုးအစားများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ကာယကံရှင်၏ မှားယွင်းမှု၊ အားနည်းချက်များကြောင့် ဖြစ်ခြင်းမဟုတ်ပါ။ စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲသည့်ရောဂါများ (Phobias) ကို
- အခြေအနေ၊ အရာဝတ္ထုတစ်ခုခုကို စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲသည့်ရောဂါ (Specific/Simple phobia)
- လေဟာပြင် စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲသည့်ရောဂါ (Agoraphobia) ဟူ၍ ခွဲခြားနိုင်သည်။
အခြေအနေ၊ အရာဝတ္ထုတစ်ခုခုကို စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲသည့်ရောဂါ (Specific/Simple phobia)
ဤရောဂါတွင် သက်ဆိုင်ရာ အခြေအနေ၊ အရာဝတ္ထုတို့အပေါ် မူတည်ပြီး အမျိုးအစားများစွာရှိသည်။ ၄င်းအမျိုးအစားများကို ယေဘုယျအားဖြင့်_
- တိရစ္ဆာန်များ၊ ပိုးမွှားများ (ဥပမာ_မြွေ၊ ခွေး၊ ပင့်ကူစသည်)
- သဘာဝပတ်ဝန်းကျင် (ဥပမာ_အမှောင်၊ မြင့်မားသောနေရာ၊ မိုးခြိမ်းခြင်း၊ လျှပ်စီးလက်ခြင်း)
- သွေး၊ ဆေးကုသဆောင်ရွက်မှုများ၊ ထိခိုက်ဒဏ်ရာရခြင်းများ (ဥပမာ_သွေး၊ ဆေးထိုးအပ်၊ ချွန်ထက်သော အခြားအရာများ၊ သွေးထွက်သံယိုမြင်ကွင်းများ)
- အခြေအနေများ (ဥပမာ_ကားစီးခြင်း၊ လေယာဥ်ပျံစီးခြင်း၊ အလုံပိတ်ထားသော အခန်းကျဥ်းအတွင်း ရောက်ရှိနေခြင်း)
- အခြားသောအကြောင်းအရာများ (ဥပမာ_ပျို့အန်ခြင်း၊ ကျယ်လောင်လွန်းသော အသံများကြားခြင်း၊ မီးလောင်ခြင်း၊ အပေါက်ငယ်လေးများ တစ်စုတစ်ဝေးတည်း ပြွတ်သိပ်နေသည့် ပုံသဏ္ဌာန်များကို မြင်ခြင်း) စသည်ဖြင့် အုပ်စုခွဲခြားဖော်ပြနိုင်သည်။
အဆိုပါအခြေအနေများ တစ်ခုချင်းအလိုက် ဆေးပညာရပ်ဆိုင်ရာ အခေါ်အဝေါ်များ ရှိကြသည်။ အချို့သော အခြေအနေများမှာ_
- မြွေကို စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲသည့်ရောဂါ (Ophidiophobia)
- ပင့်ကူကို စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲသည့်ရောဂါ (Arachnophobia)
- အင်းဆက်ပိုးမွှားများကို စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲသည့်ရောဂါ (Entomophobia)
- မြင့်မားသည့်နေရာကို စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲသည့်ရောဂါ (Acrophobia)
- မိုးခြိမ်းခြင်း၊ လျှပ်စီးလက်ခြင်းတို့ကို စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲသည့်ရောဂါ (Astraphobia)
- ဆေးထိုးအပ်၊ အပ်များကို စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲသည့်ရောဂါ (Trypanophobia)
- လေယာဥ်ပျံစီးခြင်းကို စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲသည့်ရောဂါ (Aerophobia)
- ကားစီးခြင်း၊ ကားမောင်းခြင်းကို စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲသည့်ရောဂါ (Amaxophobia)
- အလုံပိတ်ထားသောနေရာ၊ ကျဥ်းမြောင်းသောနေရာတို့ကို စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲသည့်ရောဂါ (Claustrophobia)
- အမှောင်ထုကို စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲသည့်ရောဂါ (Nyctophobia)
- အပေါက်ငယ်များ တစ်စုတစ်ဝေးတည်း ပြွတ်သိပ်နေသည့်ပုံသဏ္ဌာန်များကို စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲသည့်ရောဂါ (Trypophobia)
- လေဟာပြင် စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲသည့်ရောဂါ (Agoraphobia) စသည်တို့ဖြစ်သည်။
အထက်ပါအကြောင်းရင်းများသည် အများနှင့်သက်ဆိုင်သည့်နေရာများ၊ အခြေအနေများ (ဥပမာ_လူစုလူဝေး၊ လူထူထပ်သည့်နေရာများ၊ အများပြည်သူသုံးပို့ဆောင်ရေးယာဉ်များ၊ နေအိမ်ပြင်ပ အခြေအနေများ) နှင့် ဆက်နွယ်နေကြသည်။ ထို့ကြောင့် ဤရောဂါကို ရောဂါဖော်ထုတ်သတ်မှတ်ရာတွင် အဆိုပါအကြောင်းရင်းများရှိရုံမက အထက်ပါအခြေအနေများကို စိုးရိမ်ကြောက်ရွံ့စိတ် ဖြစ်ပေါ်လာရခြင်းကြောင့် နေ့စဉ်လူနေမှုဘဝကိုပါ အဟန့်အတားဖြစ်နေတတ်သည်။

ဖြစ်ပေါ်ရသော အကြောင်းရင်းများ
ကြောက်ရွံ့စိတ်၊ စိုးရိမ်စိတ်တို့သည် အခြေအနေတစ်ခုခုနှင့်စပ်လျဥ်းပြီး အန္တရာယ်ရှိနေသည်၊ ရှိလာနိုင်သည်ဟု ဦးနှောက်မှ အချက်ပေးခြင်းဖြစ်သည်။ သာမန်အခြေအနေများတွင် အဆိုပါစိတ်ခံစားချက်များက ကာယကံရှင်အတွက် အထောက်အကူပြုသကဲ့သို့ အကာအကွယ်လည်း ဖြစ်စေသည်။ သို့သော်လည်း ကြောက်ရွံ့စိတ်၊ စိုးရိမ်စိတ်အတိုင်းအတာ အလွန်အမင်းမြင့်မားလာသည့်အခါတွင် ရောဂါတစ်ခုအဖြစ် သတ်မှတ်နိုင်သည့်အဆင့်သို့ ရောက်ရှိလာသည်။ စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲသည့်ရောဂါများကို ဖြစ်ပေါ်စေနိုင်သည့်အကြောင်းရင်းခံနှင့် ဖြစ်စဥ်များစွာရှိသည်။
- စိတ်ဒဏ်ရာသင့်စေသည့် အတွေ့အကြုံဖြစ်စဥ်များ (Traumatic experiences)
- ကိုယ်တိုင် သို့မဟုတ် အခြားသူများကြုံတွေ့ရသော စိတ်ဒဏ်ရာသင့်စေသည့် အတွေ့အကြုံဖြစ်စဥ်များကြောင့် စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲသည့်ရောဂါများ ဖြစ်ပေါ်လာတတ်သည်
- မျိုးဗီဇ (Genetics)
- ဆွေမျိုးသားချင်းများတွင် အချို့သော စိုးရိမ်ကြောက်ရွံ့စိတ်လွန်ကဲသည့် ရောဂါအမျိုးအစားများ (ဥပမာ_တိရစ္ဆာန်များ၊ ပိုးမွှားများ၊ ဆေးထိုးအပ် စသည်တို့ကို ကြောက်လန့်ခြင်း) ရှိပါက ကာယကံရှင်တွင်လည်း ထိုကဲ့သို့ ဖြစ်ပေါ်ခံစားရနိုင်သည်
- သတင်းအချက်အလက် ဖြန့်ဝေမှုများမှတစ်ဆင့် ကူးစက်ခြင်း (Informational transmission)
- အခြေအနေအကြောင်းအရာတစ်ခုခုကို မီဒီယာများ၊ အခြားသောနည်းလမ်းများမှတစ်ဆင့် မကြာခဏ သိမြင်နေရပြီး သင်ယူမှတ်မိလာတတ်ခြင်းသည်လည်း စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲမှုတစ်မျိုးမျိုးဖြစ်စေနိုင်သည့် အကြောင်းရင်းတစ်ခု ဖြစ်သည်
- သင်ယူသိရှိလာသည့်အကြောက်တရားများ (Learned fears)
- အခြားသောသူများခံစားနေရသည့် အကြောက်တရား၊ စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲသည့်ရောဂါများကို သိမြင်သင်ယူသလိုဖြစ်လာပြီး၊ ကာယကံရှင်တွင်လည်း စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲသည့်ရောဂါ ဖြစ်လာနိုင်သည်
- အကာအကွယ်ပေးမှု လွန်ကဲသည့်မိဘများ၏ သားသမီးများတွင် အခြေအနေ၊ အရာဝတ္ထုတစ်ခုခုကို စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲသည့်ရောဂါများ ဖြစ်လာနိုင်ခြေ များတတ်ခြင်းသည်လည်း ဤအချက်ကြောင့်ဖြစ်သည်
- ဦးနှောက်အတွင်းရှိ ဓာတ်ပစ္စည်းများ (Neurotransmitters) အခြေအနေ
- ဦးနှောက်အတွင်းရှိ Gama Amino Butyric Acid (GABA)၊ Norepinephrine၊ Serotonin၊ Dopamine စသည့် ဓာတုဓာတ်ပစ္စည်းများ မညီမျှခြင်းနှင့် စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲခြင်းတို့ ဆက်နွယ်မှုရှိသည်
ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများသည် ယေဘုယျအားဖြင့် ဆင်တူသည်။ အဆိုပါလက္ခဏာများတွင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာ လက္ခဏာများ ပါဝင်သည်။ ကာယကံရှင်အနေနှင့် စိုးရိမ်ကြောက်ရွံ့ရသည့် အရာဝတ္ထု၊ အခြေအနေစသည်တို့နှင့် ရင်ဆိုင်ရသည့်အခါ သို့မဟုတ် ၄င်းတို့အကြောင်းကို စဥ်းစားမိသည့်အခါများတွင် အဆိုပါလက္ခဏာများ ဖြစ်ပေါ်လာသည်။
စိတ်ပိုင်းဆိုင်ရာလက္ခဏာများတွင်_
- လွန်ကဲစွာကြောက်လန့်ခြင်း
- ကြောက်ရွံ့ထိတ်လန့်လွန်းခြင်း သို့မဟုတ် ကြုံတွေ့နေရသည့်အခြေအနေမှ လွတ်မြောက်သွားလိုသည့် ခံစားချက်ဖြစ်ပေါ်ခြင်း
- အန္တရာယ်တစ်ခုခု ရုတ်ချည်းကျရောက်လာသည်၊ ကျရောက်လာတော့မည်ဟု ခံစားရခြင်း
- စိတ်နှင့်လူနှင့် ကင်းကွာနေသကဲ့သို့၊ ခန္ဓာကိုယ်သည် တစ်ခုခုထူးခြားပြောင်းလဲနေသကဲ့သို့ ခံစားရခြင်း (Depersonalization)၊ ပတ်ဝန်းကျင်နှင့် ကင်းကွာသွားသကဲ့သို့၊ ပတ်ဝန်းကျင်သည် ထူးဆန်းနေသကဲ့သို့ ခံစားရခြင်း (Derealization) စသည်တို့ပါဝင်သည်။
ရုပ်ပိုင်းဆိုင်ရာလက္ခဏာများတွင်_
- နှလုံးခုန်မြန်ခြင်း
- ချွေးပြန်ခြင်း၊ ကိုယ်ခန္ဓာ ပူသလို၊ အေးသလို ခံစားရခြင်း
- ကတုန်ကယင်ဖြစ်ခြင်း
- ပျို့အန်ခြင်း၊ အစာမကြေသကဲ့သို့ ခံစားရခြင်း၊ ဝမ်းဗိုက်အောင့်ခြင်း
- ရင်ထဲတွင် တင်းကြပ်နေသကဲ့သို့ ခံစားရခြင်း
- မူးဝေခြင်း၊ သတိလစ်တော့မည်ကဲ့သို့ ခံစားရခြင်း
- ဖြူဖပ်ဖြူရော်ဖြစ်သွားခြင်း
- အမြင်အာရုံကျဉ်းမြောင်းသလို ခံစားရခြင်း စသည်တို့ပါဝင်သည်။
အပြုအမူပိုင်းဆိုင်ရာလက္ခဏာများတွင်_
- စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲမှု ဖြစ်ပေါ်စေတတ်သည့် အခြေအနေများကို ရှောင်ရှားလိုသဖြင့် ဘဝနေထိုင်မှုပုံစံ၊ ယခင်လုပ်ဆောင်နေကျအရာများ စသည်တို့ကို ပြောင်းလဲလိုက်ခြင်းများ ပါဝင်သည်။ ဥပမာ_
- လေယာဉ်စီးရန် စိုးရိမ်ကြောက်ရွံ့စိတ်လွန်ကဲသောကြောင့် လေယာဉ်ဖြင့်ခရီးသွားခြင်းကို ရှောင်ကြဉ်ခြင်း
- အလုံပိတ်ထားသောနေရာ၊ ကျဥ်းမြောင်းသောနေရာတို့ကို စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲသောကြောင့် အခန်းကျဉ်း၊ ဓာတ်လှေခါး စသည်တို့ကို ရှောင်ကြဉ်ခြင်း
- လူစုလူဝေးများ၊ လူထူထပ်သောနေရာများ (ဥပမာ_ဈေးဝယ်စင်တာများ) သို့ မသွားဘဲ နေတတ်ခြင်း စသည်တို့ဖြစ်သည်။
ကလေးများတွင်တွေ့ရတတ်သော စိုးရိမ်ကြောက်ရွံ့စိတ်လွန်ကဲသည့် လက္ခဏာများ
အရာဝတ္ထုတစ်ခုခုကို စိုးရိမ်ကြောက်ရွံ့စိတ်လွန်ကဲသည့်ရောဂါ (Specific/Simple phobia) များသည် များသောအားဖြင့် ကလေးဘဝတွင် စတင်ဖြစ်ပေါ်သည်။ ကလေးများတွင်
- ငိုကြွေးခြင်း
- ဒေါသတကြီးပြုမူတတ်ခြင်း (ဥပမာ_အော်ဟစ်ခြင်း၊ လူးလှိမ့်ကန်ကြောက်ခြင်း၊ ထုရိုက်ခြင်း)
- ကြောက်ရွံ့စိတ်ကြောင့် မလှုပ်မယှက် ငြိမ်သက်နေတတ်ခြင်း
- ကိုယ့်အတွက်လုံခြုံမှု ရနိုင်သည်ဟု ယူဆထားသူများကို တွယ်ကပ်နေတတ်ခြင်း၊ ခွဲခွာ၍မနေနိုင်ခြင်း စသည့်လက္ခဏာများ တွေ့ရသည်။
ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲအခြေအနေများ
စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲသည့်ရောဂါများကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ်တွင် ရေရှည်အကျိုးသက်ရောက်မှုများ ရှိလာသည်။ အထူးသဖြင့် စိုးရိမ်ကြောက်ရွံ့စိတ် ဖြစ်ပေါ်လာစေသည့် အကြောင်းအရာများနှင့် မကြာခဏ ရင်ဆိုင်ကြုံတွေ့ရသည့်အခါများတွင် ပိုမိုသိသာသည်။ အဆိုပါရောဂါတစ်မျိုးမျိုး ခံစားနေရသူများတွင် အချို့သော စိတ်ပိုင်းဆိုင်ရာရောဂါများပါ ခံစားရနိုင်သည့် အလားအလာမြင့်မားသည်။
အဆိုပါစိတ်ပိုင်းဆိုင်ရာရောဂါများတွင်_
- စိုးရိမ်စိတ်လွန်ကဲသောရောဂါများ (Anxiety disorders)
- စိတ်ကြွစိတ်ကျရောဂါ (Bipolar mood disorder)
- စိတ်ကျရောဂါ (Depression/Depressive disorder)
- ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ အခက်အခဲပြဿနာများ (Personality disorders)
- အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများ သုံးစွဲမှုဆိုင်ရာရောဂါများ (Substance-related disorders) စသည်တို့ ပါဝင်သည်။
စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲသည့်ရောဂါ ခံစားနေရသူများတွင်_
- လူမှုပေါင်းသင်းဆက်ဆံရေးများကို ရှောင်ကြဉ်လာတတ်ခြင်း သို့မဟုတ် သူတစ်ပါးအပေါ်တွင် အားထားမှီခိုလာရခြင်း
- လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် အခက်အခဲ၊ ပြဿနာများ ဖြစ်လာခြင်း
- အချို့သောသူများတွင် ကိုယ့်ကိုယ်ကို အန္တရာယ်ပြုလိုခြင်း၊ အဆုံးစီရင်လိုခြင်းများ ဖြစ်လာနိုင်သည်။
စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲသည့်ရောဂါများနှင့်အတူတွဲ၍ တွေ့ရတတ်သော ရုပ်ပိုင်းဆိုင်ရာရောဂါများ၊ သို့မဟုတ် ၄င်းရောဂါများကြောင့် ပိုမိုဆိုးဝါးလာတတ်သော ရုပ်ပိုင်းဆိုင်ရာရောဂါများတွင်_
- နှလုံးရောဂါ
- နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ
- ပါကင်ဆန်ရောဂါ (Parkinson’s disease)၊ အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s Disease) စသည့် ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါအခြေအနေများစသည်တို့ပါဝင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲခြင်းသည် အချို့သောသူများအတွက် နေ့စဉ်လူနေမှုဘဝကို ထိခိုက်စေနိုင်သည်။ မိမိ၏ နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင်ထိခိုက်လာခြင်း၊ စိုးရိမ်ကြောက်ရွံ့စိတ်ကို ထိန်းသိမ်းရန် ခက်ခဲခြင်း၊ လူမှုပေါင်းသင်းဆက်ဆံရေးများ ထိခိုက်လာခြင်း စသည့်အခြေအနေများ ဖြစ်ပေါ်လာပါက အထွေထွေရောဂါကုဆရာဝန်၊ မိသားစုဆရာဝန်စသည့် တတ်ကျွမ်းနားလည်သူများနှင့် တိုင်ပင်ပြသရန် လိုအပ်သည်။
ရောဂါရှာဖွေခြင်း
ရောဂါရာဇဝင် သေချာစွာ စစ်ဆေးမေးမြန်းခြင်း၊ ကာယကံရှင်အကြောင်း ပြောပြနိုင်သည့် မိသားစုဝင်၊ မိတ်ဆွေများထံမှ သိလိုချက်များ မေးမြန်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်း၊ အခြားလိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ခြင်းတို့ဖြင့် စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲသည့်ရောဂါ၊ ပူးတွဲရှိနေနိုင်သည့် အခြားသော စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာရောဂါများ ရှိမရှိ ရောဂါဖော်ထုတ် သတ်မှတ်နိုင်သည်။
ရောဂါရာဇဝင် သေချာစွာ စစ်ဆေးမေးမြန်းခြင်း၊ ကာယကံရှင်အကြောင်း ပြောပြနိုင်သည့် မိသားစုဝင်၊ မိတ်ဆွေများထံမှ သိလိုချက်များ မေးမြန်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်း၊ အခြားလိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ခြင်းတို့ဖြင့် စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲသည့်ရောဂါ၊ ပူးတွဲရှိနေနိုင်သည့် အခြားသော စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာရောဂါများ ရှိမရှိ ရောဂါဖော်ထုတ် သတ်မှတ်နိုင်သည်။
- အခြေအနေ၊ အရာဝတ္ထုတစ်ခုခုကို စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲသည့်ရောဂါ (Specific phobia)
- အခြေအနေ၊ အရာဝတ္ထုတစ်ခုခု (ဥပမာ_လေယာဥ်စီးခြင်း၊ အလွန်မြင့်သောနေရာ၊ တိရစ္ဆာန်တစ်မျိုးမျိုး၊ ဆေးထိုးခြင်း၊ သွေးမြင်ခြင်း) ကို အလွန်အမင်း စိုးရိမ်ကြောက်ရွံ့ခြင်း
- ၄င်းတို့ကြောင့် စိုးရိမ်စိတ်လက္ခဏာများ သိသာစွာ ဖြစ်ပေါ်လာတတ်ခြင်း
- ၄င်းအခြေအနေများကို ရှောင်ရှားတတ်ခြင်း၊ စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲစွာ တုံ့ပြန်ခံစားခြင်း
- နေ့စဥ်လူနေမှုဘဝကို ထိခိုက်လာနိုင်ခြင်း စသည့်အခြေအနေများကို အနည်းဆုံး (၆) လခန့် ခံစားနေရခြင်း
- လေဟာပြင်ကြောက်စိတ် လွန်ကဲသည့်ရောဂါ (Agoraphobia)
- အများသုံးယာဥ်များ စီးနင်းခြင်း၊ လေဟာပြင်၊ ကွင်းပြင်၊ အလုံပိတ်နေရာများ၊ လူထူထပ်သော နေရာများတွင် ရောက်နေခြင်း၊ နေအိမ်ပြင်ပတွင် တစ်ဦးတည်းရှိနေခြင်း စသည့်အခြေအနေများတွင် စိုးရိမ်ကြောက်ရွံ့စိတ် သိသိသာသာဖြစ်ပေါ်ခြင်း
- အဆိုပါ အခြေအနေ၊ နေရာများတွင် ကြောက်ရွံ့ထိတ်လန့်မှု လွန်ကဲသည့်လက္ခဏာများ ဖြစ်ပေါ်လာပါက၊ အရှက်ရဖွယ်ကိစ္စတစ်ခုခု ဖြစ်လာပါက လွတ်မြောက်နိုင်မည်မဟုတ်ဟု တွေးတောကြောက်ရွံ့နေတတ်ခြင်း သို့မဟုတ် အဆိုပါအခြေအနေ၊ နေရာများကို ရှောင်ကြဥ်တတ်ခြင်း
- ၄င်းတို့ကြောင့် ကြောက်ရွံ့စိတ်၊ စိုးရိမ်စိတ်လက္ခဏာများ သိသာစွာ ဖြစ်ပေါ်လာတတ်ခြင်း
- ၄င်းအခြေအနေများကို ရှောင်ရှားတတ်ခြင်း၊ အဖော်တစ်ဦးဦးရှိနေရန် လိုအပ်ခြင်း၊ စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲစွာ တုံ့ပြန်ခံစားခြင်း
- နေ့စဥ်လူနေမှုဘဝကို ထိခိုက်လာနိုင်ခြင်းစသည့်အခြေအနေများကို အနည်းဆုံး (၆) လခန့် ခံစားနေရခြင်း
ကုသခြင်း
စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲသည့် ရောဂါအခြေအနေ၊ ပူးတွဲရှိနေနိုင်သည့် အခြားသောအခြေအနေ များအပေါ် မူတည်ပြီး စိတ်ကုထုံးနည်း (Psychotherapy)၊ အကြောက်လွန်သောအရာနှင့် ရင်ဆိုင်ထိတွေ့စေသောကုထုံး (Exposure therapy)၊ ဆေးဝါးများဖြင့်ကုသခြင်း (Pharmacotherapy) တို့ကို လိုအပ်သလို ပေါင်းစပ်ကုသပေးရသည်။
စိတ်ကုထုံးနည်း (Psychotherapy)
စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲသည့်ရောဂါကို ကုသရာတွင် ၄င်းကြောက်ရွံ့မှုနှင့်စပ်လျဉ်းပြီး ကာယကံရှင်၏ စဉ်းစားတွေးခေါ်မှု၊ အပြုအမူများကို ညှိယူပြင်ဆင်ပေးခြင်းသည် အဓိကကျသည့် ကုထုံးနည်းလမ်း တစ်ခုဖြစ်သည်။ အဆိုပါကုထုံးတွင် အသိအမြင်-အပြုအမူ ပြောင်းလဲပေးသည့် စိတ်ကုထုံး (Cognitive-Behavioural Therapy-CBT) သည် ထိရောက်သည့် အသုံးများသော ကုထုံးတစ်ခုဖြစ်သည်။ ရောဂါအခြေအနေပေါ် မူတည်ပြီး ကာလတာရှည်ကုသမှု ခံယူရန်လိုအပ်နိုင်သည်။
အကြောက်လွန်သောအရာနှင့် ရင်ဆိုင်ထိတွေ့စေသောကုထုံး (Exposure therapy)
ဤကုထုံးတွင်
- အကြောက်လွန်သောအရာ၊ အခြေအနေနှင့် စပ်လျဉ်းပြီး ကျင့်သားရလာစေရန် တစ်ဆင့်ချင်းစီ ထိတွေ့စေသောကုထုံး (Systematic desensitization) နှင့်
- အကြောက်လွန်သောအရာ၊ အခြေအနေနှင့် တိုက်ရိုက်အချိန်ကြာကြာ ထိတွေ့စေသောကုထုံး (Flooding and Implosion) တို့ပါဝင်သည်
ဆေးဝါးများဖြင့် ကုသခြင်း (Pharmacotherapy)
တတ်ကျွမ်းနားလည်သူများနှင့် တိုင်ပင်ပြသရန် လိုအပ်သည်။
ဆေးဝါးဖြင့်ကုသရန် လိုအပ်လာပါက စိတ်ကျရောဂါကုသဆေးဝါးများ (Antidepressants)၊ စိတ်ငြိမ်ဆေးများ (Anxiolytics) ကို အဓိကအသုံးပြုကြသည်။ ကာယကံရှင်၏အခြေအနေ၊ ခံစားနေရသော ရောဂါလက္ခဏာများနှင့် ပြင်းထန်မှုအခြေအနေ၊ အတူဖြစ်ပေါ်နေသည့် ရုပ်ပိုင်းဆိုင်ရာရောဂါ အခြေအနေ ရှိမရှိ စသည့်အချက်အလက်များအပေါ် မူတည်ပြီး ဆေးဝါးအမျိုးအစား၊ ပမာဏ စသည်တို့ကို ရွေးချယ်ရသည်။ ဆေးဝါးအမျိုးအစားပမာဏ ချိန်ညှိခြင်း၊ ပြောင်းလဲခြင်း၊ ဆေးရပ်ခြင်းစသည်တို့ ပြုလုပ်ရန်အတွက် ရက်ချိန်း ပုံမှန်ပြန်လည်ပြသရန် အရေးကြီးသည်။
အဆိုပါကုသမှုများအပြင်
- စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာ ပြုစုကုသမှုများ (Psychosocial interventions) လိုအပ်သလို လုပ်ဆောင်ပေးခြင်း
- စိတ်ပိုင်းဆိုင်ရာရောဂါများ၊ ရုပ်ပိုင်းဆိုင်ရာရောဂါများ ရှိနေပါက ပြုစုကုသခြင်း
- ကာယကံရှင်၊ မိသားစုနှင့် ပြုစုစောင့်ရှောက်သူများအား စိုးရိမ်ကြောက်ရွံ့စိတ်လက္ခဏာများ ဖြစ်ပေါ်ရသော အကြောင်းရင်းများ၊ အတူဖြစ်ပေါ်နေသည့် ရောဂါအခြေအနေ၊ လိုအပ်သောကုသမှု၊ ကုသမှု စွဲမြဲစွာခံယူခြင်း စသည်တို့နှင့် သက်ဆိုင်သည့် စိတ်ပိုင်းဆိုင်ရာအသိပညာပေးခြင်း (Psychoeducation) တို့လည်း လိုအပ်သည်။
ကာကွယ်ခြင်း
စိုးရိမ်ကြောက်ရွံ့စိတ် လွန်ကဲခြင်းသည် ထင်မှတ်မထားဘဲ ရုတ်ချည်းဖြစ်ပေါ်လာတတ်ပြီး၊ အခြေအနေများမှာလည်း တစ်ယောက်နှင့်တစ်ယောက် မတူညီတတ်ကြပါ။ ထို့အတွက်ကြောင့် စိုးရိမ်ကြောက်ရွံ့စိတ်လွန်ကဲခြင်း မဖြစ်ပေါ်လာစေရေးအတွက် တိကျသော ကာကွယ်တားဆီးနိုင်သည့် နည်းလမ်းများ မရှိပါ။ သို့သော် အခြေအနေ၊ အရာဝတ္ထုတစ်ခုခုကို စိုးရိမ်ကြောက်ရွံ့စိတ်လွန်ကဲသည့်ရောဂါ (Specific/Simple phobia) ကြောင့်ဖြစ်သော စိုးရိမ်ပူပန်မှုကို လျော့နည်းသွားစေရန် အောက်ပါနည်းလမ်းအချို့ကို လုပ်ဆောင်နိုင်သည်။
- ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ခြင်း
- စိတ်ဖြေလျော့စေသည့် နည်းလမ်းများ (ဥပမာ_အသက်ပြင်းပြင်း ရှူသွင်းရှူထုတ် လေ့ကျင့်ခြင်း၊ တရားထိုင်ခြင်း၊ ယောဂလေ့ကျင့်ခြင်း စသည်) ကို ပြုလုပ်ခြင်း
- လုံခြုံစိတ်ချရသည့် ပတ်ဝန်းကျင်တွင် မိမိစိုးရိမ်ကြောက်ရွံ့သည့်အခြေအနေ သို့မဟုတ် အရာဝတ္ထုကို တဖြည်းဖြည်း ထိတွေ့ခြင်း
- ကြောက်စိတ်၊ စိုးရိမ်စိတ်များ ဖယ်ရှားနိုင်ရန် မိမိကိုယ်ကို ယုံကြည်ချက်ထား၍ လေ့ကျင့်ခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။
References:
- American Psychiatric Association. (2022). Diagnostic and statistical manual of mental disorders (5th ed., text rev.). https://doi.org/10.1176/appi.books.9780890425787
- American Psychiatric Association. (n.d.). What are anxiety disorders? Retrieved January 12, 2026, from https://www.psychiatry.org/patients-families/anxiety-disorders/what-are-anxiety-disorders
- Cleveland Clinic. (n.d.). Phobias. Retrieved January 12, 2026, from https://my.clevelandclinic.org/health/diseases/24757-phobias
- Mayo Clinic. (n.d.). Specific phobias: Diagnosis and treatment. Retrieved January 12, 2026, from https://www.mayoclinic.org/diseases-conditions/specific-phobias/diagnosis-treatment/drc-20355162
- Mayo Clinic. (n.d.). Specific phobias: Symptoms and causes. Retrieved January 12, 2026, from https://www.mayoclinic.org/diseases-conditions/specific-phobias/symptoms-causes/syc-20355156
- WebMD. (n.d.). Specific phobias. Retrieved January 12, 2026, from https://www.webmd.com/anxiety-panic/specific-phobias
- WebMD. (n.d.). Understanding phobias: The basics. Retrieved January 12, 2026, from https://www.webmd.com/anxiety-panic/understanding-phobias-basics
Published: 28 January 2025
Last updated: 3 February 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.