အသည်းအဆီဖုံးရောဂါ (Fatty Liver Disease) သည် အသည်းတွင် အဆီများ တဖြည်းဖြည်း စုပုံလာခြင်းကြောင့်ဖြစ်သည်။ အဝလွန်ခြင်း၊ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ် မူမမှန်ခြင်းနှင့် အရက်သောက်ခြင်းတို့ကြောင့် အသည်းအဆီဖုံးလေ့ရှိသည်။ အသည်းအဆီဖုံးရသည့် အကြောင်းရင်းခံပေါ်မူတည်၍ မည်သည့်ကျန်းမာရေးပြဿနာမျှ မခံစားရသူများရှိသကဲ့သို့ အသည်းခြောက်ခြင်း၊ အသည်းပျက်စီးခြင်း၊ အသည်းကင်ဆာဖြစ်ခြင်းစသည့် ပြင်းထန်ဆိုးရွားသည့် ရောဂါများကိုလည်း ခံစားရနိုင်သည်။

ဖြစ်ပေါ်ရသော အကြောင်းရင်းများ
လူတစ်ဦးနှင့်တစ်ဦး အသည်းအဆီဖုံးရသော အကြောင်းရင်းခံများ မတူညီကြပါ။ ခန္ဓာကိုယ်တွင်းသို့ နည်းလမ်းအမျိုးမျိုးဖြင့် ရောက်ရှိလာသော အဆီများကို မချေဖျက်နိုင်သည့်အခါ ပိုလျှံနေသော အဆီများသည် အသည်းတွင် တဖြည်းဖြည်းစုပုံလာခြင်းဖြင့် အသည်းအဆီဖုံးခြင်း ဖြစ်လာသည်။ အသည်းအဆီဖုံးရောဂါတွင် အဓိကအားဖြင့် အမျိုးအစား (၂) မျိုးရှိသည်။
- ဇီဝကမ္မဖြစ်စဥ် မူမမှန်ခြင်းကြောင့် ဖြစ်ပေါ်သော အသည်းအဆီဖုံးရောဂါ (Metabolic dysfunction-associated steatotic liver disease – MASLD)
ဇီဝကမ္မဖြစ်စဥ် မူမမှန်ခြင်းရောဂါစု (metabolic syndrome – အဝလွန်ခြင်းနှင့် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ သွေးတွင်း အဆီဓာတ်များခြင်း) ရှိသူများတွင် ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဥ်မှ အဆီကိုချေဖျက်နိုင်စွမ်း နည်းသောအခါ အသည်းအဆီဖုံးခြင်း ပိုမိုဖြစ်ပေါ် နိုင်သည်။ အရက်ကြောင့်မဟုတ်သော အသည်းအဆီဖုံးခြင်းဟုလည်း ယခင်က ခေါ်ဆိုကြသည်။ - အရက်ကြောင့်ဖြစ်သော အသည်းအဆီဖုံးရောဂါ (Alcohol-related fatty liver disease – ALD)
အရက်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာသော အသည်းအဆီဖုံးခြင်းဖြစ်သဖြင့် အရက်ဖြတ်လိုက်ပါက အသည်းအဆီဖုံးခြင်း သက်သာပျောက်ကင်းနိုင်သည်။ သို့သော် အရက်ဆက်သောက်နေပါက ပိုမိုပြင်းထန်သော အသည်းရောင်ခြင်း (Alcoholic hepatitis)၊ အသည်းခြောက်ခြင်း (Cirrhosis) အဆင့်အထိ ဖြစ်ပေါ်နိုင်သည်။
အသည်းအဆီဖုံးခြင်း ဖြစ်နိုင်ခြေများစေသော အခြားအကြောင်းရင်းများမှာ_
- မိသားစုမျိုးရိုးတွင် အသည်းအဆီဖုံးရောဂါရှိသူများ သို့မဟုတ် အဝလွန်ရောဂါရှိသူများ
- အင်ဆူလင်ကို ပုံမှန်အတိုင်းတုံ့ပြန်မှု မရှိခြင်း (Insulin resistance)
- သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစုရှိသူများ (Polycystic ovary syndrome)
- အိပ်ပျော်နေစဥ် အသက်ရှူလမ်းကြောင်းပိတ်ဆို့ပြီး အသက်ရှူရပ်သောရောဂါ (Obstructive sleep apnoea)
- သိုင်းရွိုက်ဟော်မုန်း နည်းခြင်း (Hypothyroidism)
- ပီကျူတရီဂလင်း ဟော်မုန်းထုတ်လုပ်မှု နည်းခြင်း (Hypopituitarism)
- ကျား၊ မ ဟော်မုန်းထုတ်လုပ်မှု နည်းခြင်း (Hypogonadism)
- အာဟာရချို့တဲ့ခြင်း
- ကိုယ်အလေးချိန် လျင်မြန်စွာ လျှော့ချခြင်း
- နာတာရှည် အသည်းရောင် အသားဝါရောဂါ (အထူးသဖြင့် အသည်းရောင်အသားဝါ စီ ရောဂါ)
- သည်းခြေအိတ် ခွဲစိတ်ဖယ်ရှားထားသူများ
- အချို့သောဆေးများ (ဥပမာ – Steroids, tamoxifen, diltiazem, amiodarone) စသည်တို့ဖြစ်သည်။

ရောဂါလက္ခဏာများ
ရောဂါအစပိုင်းတွင် မည်သည့်ရောဂါလက္ခဏာမျှ မပြတတ်ပါ။ သို့သော်လည်း အသည်းအဆီဖုံးနေလျှင် အောက်ပါတို့ကို ခံစားရနိုင်သည်။
- ပင်ပန်းနွမ်းနယ်ခြင်း
- နေမကောင်းခြင်း၊ မအီမသာဖြစ်ခြင်း
- အစားအသောက်ပျက်ခြင်း၊ ခံတွင်းပျက်ခြင်း
- ဝမ်းဗိုက်ညာအပေါ်ပိုင်းနေရာတွင် နာခြင်း သို့မဟုတ် မသက်မသာဖြစ်ခြင်း
နောက်ဆက်တွဲပြဿနာများ
အသည်းအဆီဖုံးခြင်းအများစုတွင် ကြီးမားသော ကျန်းမာရေးပြဿနာများကို မဖြစ်စေတတ်ပါ။ သို့သော် အချို့သောအခြေအနေများတွင် ပြင်းထန်သော အသည်းရောဂါဖြစ်သည်အထိ အောက်ဖော်ပြပါအတိုင်း အဆင့်လိုက် ဖြစ်ပေါ်လာသည်။
- အသည်းရောင်ရောဂါအဆင့် (Hepatitis)
အသည်းအဆီဖုံးခြင်းမှ ရောင်ရမ်းခြင်းကိုဖြစ်ပေါ်စေပြီး အသည်းတစ်ရှူးများကို ပျက်စီးစေနိုင်သည်။ အဆီကြောင့် အသည်းရောင်ခြင်းအဆင့်ဟု သတ်မှတ်သည်။ - အသည်းအမာရွတ်ဖြစ်သောအဆင့် (Fibrosis)
ရောင်ရမ်းမှုကြောင့် အသည်းကို ထိခိုက်ပျက်စီးစေသဖြင့် အသည်းတွင် အမာရွတ်တစ်ရှူးများ ဖြစ်လာပြီး အသည်းကို တောင့်တင်းမာကြောစေသည်။ ဤအဆင့်ကို အသည်းအမာရွတ်ဖြစ်သောအဆင့်ဟု သတ်မှတ်သည်။ - အသည်းခြောက်ခြင်းအဆင့် (Cirrhosis)
အထက်ဖော်ပြပါ အခြေအနေများကြောင့် အလွန်များပြားလာသော အမာရွတ်တစ်ရှူးများသည် ကျန်းမာသော အသည်းတစ်ရှူးများနေရာတွင် အစားထိုးဖြစ်ပေါ်လာသည်။ ဤအဆင့်ကို အသည်းခြောက်ခြင်းအဆင့်ဟု သတ်မှတ်သည်။
အသည်းခြောက်ခြင်း သို့မဟုတ် အသည်းအမာရွတ်ဖြစ်ခြင်းများ ဖြစ်လာပါက အရေပြားယားယံခြင်း၊ အရေပြားနှင့် မျက်လုံးများဝါခြင်း သို့မဟုတ် အသားဝါခြင်း၊ ဝမ်းဗိုက်ဖောရောင်ခြင်း၊ ရေဖျဉ်းစွဲခြင်း (Ascites)၊ ခြေထောက်များ ဖောရောင်ခြင်း၊ အရေပြားမျက်နှာပြင်အောက်တွင်ရှိ ပင့်ကူကဲ့သို့သော သွေးကြောများ ပေါ်လာခြင်း၊ လက်ဖဝါးနီခြင်း၊ ရုတ်တရက် ကိုယ်အလေးချိန် လျော့ကျခြင်း၊ အသက်ရှူကျပ်ခြင်း အစရှိသည်တို့ကို ခံစားရနိုင်သည်။
အသည်းခြောက်ရောဂါကြောင့်
- အစာမျိုပြွန်၊ အစာအိမ် သို့မဟုတ် အစာဟောင်းအိမ်တို့တွင် သွေးထွက်ခြင်း
- အသည်းလုပ်ငန်းပျက်စီး၍ ဦးနှောက်ထိခိုက်ခြင်းကြောင့် ကယောင်ကတမ်းဖြစ်ခြင်း၊ စကားများဗလုံးဗထွေးဖြစ်ခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း (Hepatic encephalopathy)
- ဘေလုံးကြီးလာပြီး သွေးဥမွှားအရေအတွက် လျော့နည်းလာခြင်း
- အသည်းကင်ဆာ (Hepatocellular carcinoma) အဖြစ်ပြောင်းလဲခြင်း
- အသည်းလုပ်ငန်း အလုံးစုံပျက်စီးခြင်း (End-stage liver failure) တို့ဖြစ်ပေါ် ပြီး အသက်ဆုံးရှုံးနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်
အသည်းအဆီဖုံးခြင်း ရောဂါလက္ခဏာများ ခံစားနေရပါက သို့မဟုတ် ပုံမှန်ကျန်းမာရေးစစ်ဆေးစဉ်အတွင်း အသည်းအဆီဖုံးခြင်းကို တွေ့ရှိပါက မိမိ၏ မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသ ကုသမှုခံယူရန် လိုအပ်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးမှုများကို ထပ်မံပြုလုပ်ပြီး ဆေးကုသမှုများနှင့် ကျန်းမာသော နေထိုင်စားသောက်မှုပုံစံများကို အကြံပေးလိမ့်မည်။ အကယ်၍ အသည်းရောင်ခြင်း၊ အသည်းအမာရွတ်ဖြစ်ခြင်းနှင့် အသည်းခြောက်ခြင်းတို့ တွေ့ရှိပါက သက်ဆိုင်ရာ အသည်းအထူးကုဆရာဝန်ထံ ညွှန်းပို့ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
အသည်းအဆီဖုံးရောဂါသည် အများအားဖြင့် ရောဂါလက္ခဏာမပြတတ်သောကြောင့် အခြားရောဂါများကို စစ်ဆေးခြင်း သို့မဟုတ် ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းတို့တွင် မမျှော်လင့်ဘဲ တွေ့ရလေ့ရှိသော ရောဂါဖြစ်သည်။ အသည်းအဆီဖုံးခြင်းရှိပါက အသည်းထိခိုက်မှုအဆင့်များကို သိရှိနိုင်ရန် အသည်းအဆီဖုံးစေသော ရောဂါများ ရှိမရှိ မေးမြန်းခြင်း၊ လူနာအား စမ်းသပ်စစ်ဆေးခြင်းတို့ကို ပြုလုပ်ပြီးနောက် အောက်ဖော်ပြပါအတိုင်း ဆက်လက်စစ်ဆေးရမည်ဖြစ်သည်။
- သွေးစစ်ဆေးခြင်း
- အသည်းလုပ်ငန်းနှင့်အင်ဇိုင်းများ စစ်ဆေးခြင်း
- အသည်းရောင် အသားဝါရောဂါပိုး စစ်ဆေးခြင်း (အသည်းရောင် ဘီပိုး၊ စီပိုး)
- သွေးအားစစ်ဆေးခြင်း (CBC)
- သွေးတွင်းသကြားဓာတ် စစ်ဆေးခြင်း၊ ဆီးချိုစစ်ဆေးခြင်း (HbA1C)
- သွေးတွင်းအဆီဓာတ် စစ်ဆေးခြင်း
- သံဓာတ်စစ်ဆေးခြင်း (Ferritin) ဖြင့် အသည်းရောင်ခြင်း ပြင်းထန်မှုကို ခန့်မှန်းခြင်း
- ပုံရိပ်ဖော်စစ်ဆေးခြင်း
- ဝမ်းဗိုက်ကို အာထရာဆောင်းရိုက်ခြင်း (Abdominal ultrasound)
- အသည်းမာကျောတောင့်တင်းမှုကို တိုင်းတာနိုင်သော အာထရာဆောင်းရိုက်ခြင်း (Transient elastography- fibroscan)
- Fibroscan ရလဒ်နှင့် အသည်းဓာတ် (AST) ကို ပေါင်းစပ်၍ အသည်းရောင်ရမ်းမှု (MASH) ရှိမရှိကို အသည်းအသားစယူစရာမလိုဘဲ ခန့်မှန်းနိုင်ခြင်း
- Controlled attenuation parameter (CAP)
Fibroscan ရိုက်ချိန်တွင် အသည်းမာကျောတောင့်တင်းမှုအပြင် အသည်းတွင် စုပုံနေသော အဆီပမာဏကိုပါ တစ်ပြိုင်တည်း ပမာဏအတိအကျဖြင့် တိုင်းတာဖော်ပြနိုင်ခြင်း - ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT Scan)
- သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI)
- သံလိုက်ဓာတ်မှန်နှင့် အာထရာဆောင်းတို့ကို ပေါင်းစပ်ရိုက်ကူးခြင်း (Magnetic resonance elastography)
- အသည်း အသားစယူ စစ်ဆေးခြင်း (Liver Biopsy)
- သွေးစစ်ဆေးခြင်း၊ ပုံရိပ်ဖော်စစ်ဆေးခြင်းတို့တွင် တိကျသောအဖြေများ မထွက်ပါက အသည်းအဆီဖုံးခြင်း၊ ရောင်ရမ်းခြင်းကို တိကျစွာ သိရှိနိုင်ရန် အသည်းအသားစယူ စစ်ဆေးခြင်း ပြုလုပ်၍ ရောဂါရှာဖွေနိုင်သည်
ကုသခြင်း
အသည်းအဆီဖုံးရောဂါကုသခြင်းတွင် အရေးကြီးဆုံးမှာ ကိုယ်အလေးချိန် လျှော့ချရန်ဖြစ်သည်။ အစပိုင်းတွင် ခန္ဓာကိုယ်အလေးချိန်၏ (၃%) မှ (၅%) အထိ လျှော့ချနိုင်လျှင် အသည်းအဆီစုခြင်းကို သိသာစွာ လျော့နည်းစေသော အကျိုးကျေးဇူးများ ရရှိနိုင်ပြီး (၁၀%) ခန့်လျှော့ချနိုင်ပါက အသည်းအဆီဖုံးခြင်းကြောင့် နောက်ဆက်တွဲ အသည်းရောင်ခြင်းနှင့် အသည်းခြောက်ခြင်းကို ထိရောက်စွာ လျှော့ချပေးနိုင်သည်ဟု လေ့လာတွေ့ရှိရသည်။ ကိုယ်အလေးချိန်လျော့ကျစေရန် ကျန်းမာရေးအတွက် သင့်တော်သော အစားအစာများကို ရွေးချယ်စားသောက်ခြင်း၊ အစားအလွန်အကျွံ စားမိခြင်း မဖြစ်အောင် သတိဖြင့် စားသောက်ခြင်း၊ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း (exercising) တို့ကို ပြုလုပ်ရန် လိုအပ်သည်။
ကိုယ်အလေးချိန်လျှော့ချသည့်အပြင် အောက်ပါအချက်များကို လိုက်နာရန်လည်း လိုအပ်သည်။
- အရက်သောက်သုံးမှုကို ရှောင်ကြဉ်ခြင်း
- ကျန်းမာရေးနှင့် မညီညွတ်သော အဆီများသည့် အစားအသောက်များ၊ ကယ်လိုရီများသည့် အစားအသောက်များ၊ အချိုအငန်များသည့် အစားအသောက်များကို ရှောင်ကြဉ်ခြင်း
- စားသောက်မှုပုံစံ ရွေးချယ်ရာ၌ မြေထဲပင်လယ် အစားအသောက်ပုံစံ (Mediterranean Diet) သည် အသည်းအဆီဖုံးခြင်းအတွက် အသင့်တော်ဆုံးသော စားသောက်မှုပုံစံဖြစ်ကြောင်း နိုင်ငံတကာ အသည်းအဖွဲ့အစည်းများမှ တညီတညွတ်တည်း လမ်းညွှန်ထားသည်။ စားသောက်ရာတွင် အပင်အခြေခံ အစားအစာများ (ဟင်းသီးဟင်းရွက်၊ အစေ့အဆန်) ကို အဓိကထားခြင်း၊ ကျန်းမာရေးအတွက် သင့်တော်သောအဆီ (သံလွင်ဆီ – Olive Oil) ကို အသုံးပြုခြင်း၊ အသင့်စားအစားအစာများနှင့် အချိုရည် (Fructose) ပါဝင်မှုများသော အစားအစာများ (Ultra-processed foods) ကို အထူးရှောင်ကြဉ်ခြင်း
- သွေးတိုး၊ နှလုံး၊ သွေးချိုဆီးချို၊ သွေးတွင်းအဆီဓာတ်များခြင်း စသော နာတာရှည်ရောဂါများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း ကောင်းမွန်စွာ ထိန်းသိမ်းကုသခြင်း
- အသည်းထိခိုက်နိုင်ခြေများသော ဆေးဝါးများကို ဆရာဝန်လမ်းညွှန်ချက်အတိုင်းသာ သောက်သုံးခြင်း စသည်တို့ကို လိုက်နာဆောင်ရွက်ရန်လိုသည်။
- ဆေးဝါးများဖြင့် ကုသခြင်း
လက်ရှိအချိန်တွင် အသည်းအဆီဖုံးခြင်းနှင့် အသည်းအဆီဖုံး၍ ရောင်ရမ်းခြင်းကို ကုသရန် ဆေးဝါးများ ပေါ်ပေါက်နေပြီဖြစ်သည်။ Resmetirom ဆေးသည် အသည်းအဆီများကို လျော့ကျစေသကဲ့သို့ အသည်းအနာရွတ်များ ဖြစ်ပေါ်ခြင်းကိုလည်း တားဆီးပေးနိုင်သည်။ နောက်ဆေးတစ်မျိုးမှာ ကိုယ်အလေးချိန် လျှော့ချရာတွင် အသုံးပြုသော Semaglutide ဆေးဖြစ်ပြီး ၎င်းသည် ကိုယ်အလေးချိန်ကို သာမက အသည်းအဆီစုခြင်းကိုလည်း လျှော့ချပေးသည်။ ထိုဆေးများကို အသည်းခြောက်သော လူနာများတွင် အသုံးမပြုသင့်ပါ။ - ခွဲစိတ်ကုသခြင်း
ကိုယ်အလေးချိန် အလွန်များသူများတွင် အစာအိမ်ခွဲစိတ်ကုသခြင်း (bariatric surgery) နည်းလမ်းများဖြင့် ကုသနိုင်သည်။ - အခြားကုထုံးများ
- ဗီတာမင် E အားဆေးသောက်သုံးခြင်းသည် အသည်းအဆီဖုံးခြင်းအတွက် အကျိုးရှိနိုင်သည်ဟု လေ့လာတွေ့ရှိရသည်၊ သို့သော် အသည်းခြောက်သူများနှင့် ဆီးချိုရှိသူများ မသောက်သုံးသင့်ပါဟု လမ်းညွှန်ထားသည်။
- ကဖိန်းဓာတ်ပါသော ကော်ဖီသောက်သုံးခြင်းသည်လည်း အသည်းအဆီဖုံးခြင်း ဖြစ်နိုင်ခြေနှင့် အသည်းခြောက်နိုင်ခြေကို လျှော့ချပေးနိုင်သည်ဟု သိရှိရသည်
- အထက်ပါအချက်များသည် သုတေသနများ ပြုလုပ်ရန် လိုအပ်ဆဲ ဖြစ်သောကြောင့် မိမိဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ သုံးစွဲသင့်သည်
ကာကွယ်ခြင်း
အသည်းအဆီဖုံးရောဂါကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ အောက်ဖော်ပြပါ ကျန်းမာသော နေထိုင်စားသောက်မှုပုံစံအတိုင်း ပြောင်းလဲနေထိုင်ခြင်းပင်ဖြစ်သည်။
- လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ
- အရက်သောက်ခြင်းကို ကန့်သတ်လျှော့ချပါ
- ကျန်းမာရေးနှင့်ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
- သွေးချိုဆီးချိုရောဂါ သို့မဟုတ် ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ် မူမမှန်ခြင်း ရောဂါလက္ခဏာစု ရှိပါက ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးဝါးများကို သောက်ပါ
- အသည်းရောင်ခြင်းကို ဖြစ်စေသည့် အခြားသောအကြောင်းရင်းများကို ကာကွယ်ရန် အသည်းရောင်အသားဝါ ကာကွယ်ဆေး အေ နှင့် ဘီ ကို ထိုးနှံပါ။

References:
- Mayo Clinic. (n.d.). Nonalcoholic fatty liver disease: Symptoms & causes. Retrieved January 3, 2026, from https://www.mayoclinic.org/diseases-conditions/nonalcoholic-fatty-liver-disease/symptoms-causes/syc-20354567
- Mayo Clinic. (n.d.). Nonalcoholic fatty liver disease: Diagnosis & treatment. Retrieved January 3, 2026, from https://www.mayoclinic.org/diseases-conditions/nonalcoholic-fatty-liver-disease/diagnosis-treatment/drc-20354573
- Cleveland Clinic. (n.d.). Fatty liver disease (steatotic liver disease). Retrieved January 3, 2026, from https://my.clevelandclinic.org/health/diseases/15831-fatty-liver-disease
- Mayo Clinic Health System. (n.d.). Redefining liver health: Nonalcoholic fatty liver disease. Retrieved January 3, 2026, from https://www.mayoclinichealthsystem.org/hometown-health/speaking-of-health/redefining-liver-health
- Eddowes, P. J., Sasso, M., Allison, M., Tsochatzis, E., Anstee, Q. M., Sheridan, D., … Newsome, P. N. (2019). Accuracy of FibroScan controlled attenuation parameter and liver stiffness measurement in assessing steatosis and fibrosis in patients with nonalcoholic fatty liver disease. Gastroenterology, 156(6), 1717–1730. Retrieved January 3, 2026, from https://pubmed.ncbi.nlm.nih.gov/30689971/
- Newsome, P. N., et al. (2020). FibroScan-AST (FAST) score for the non-invasive identification of steatohepatitis with significant fibrosis in NAFLD. Retrieved January 3, 2026, from https://pubmed.ncbi.nlm.nih.gov/32027858/
Published: 11 January 2025
Last updated: 9 February 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.