အသည်းကင်ဆာ (Liver cancer) ဆိုသည်မှာ ကြီးထွားမှုနှုန်းမြန်ဆန်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်သည့် ကင်ဆာအမျိုးအစားဖြစ်သည်။ အသည်းတွင် စတင်ဖြစ်ပေါ်သောကင်ဆာ (primary liver cancer) နှင့် ခန္ဓာကိုယ်၏ အခြားသောအစိတ်အပိုင်းများမှ ကင်ဆာဆဲလ်များ အသည်းသို့ပျံ့နှံ့လာသော ကင်ဆာ (secondary or metastatic liver cancer) ဟူ၍ အဓိကအားဖြင့် (၂) မျိုးရှိသည်။ အသည်းကင်ဆာကို ဖြစ်ပေါ်စေနိုင်သော အကြောင်းရင်းများကို ရှာဖွေ၍ တတ်နိုင်သမျှစောစီးစွာ ကုသမှုခံယူရန် အလွန်အရေးကြီးသည်။

ဖြစ်ပေါ်ရသော အကြောင်းရင်းများ
ပုံမှန်အသည်းဆဲလ်များတွင် ဗီဇပြောင်းလဲသွားသောအခါ အသည်းကင်ဆာရောဂါ ဖြစ်ပေါ်လာသည်။ ဗီဇပြောင်းလဲမှုကြောင့် ခန္ဓာကိုယ်ထဲရှိ ဓာတုဖြစ်စဥ်များပြောင်းလဲပြီး ဆဲလ်များကြီးထွားမှုကို မထိန်းနိုင်တော့ဘဲ ကင်ဆာဆဲလ်များအဖြစ် လျင်မြန်စွာ ကြီးထွားလာကြသည်။ အသည်းခြောက်ရောဂါ (Cirrhosis of liver) ရှိသောသူများတွင်လည်း အသည်းကင်ဆာဖြစ်နိုင်ခြေ မြင့်မားသည်။ အသည်းခြောက်ရောဂါ ဖြစ်စေနိုင်သော အကြောင်းရင်းများမှာ_
- အရက်အလွန်အကျွံသောက်ခြင်း
- နာတာရှည် အသည်းရောင် အသားဝါ ဘီ ပိုး၊ စီ ပိုး ရှိသူများ
- အဝလွန်သူများနှင့် အမျိုးအစား (၂) ဆီးချိုရောဂါ ရှိသူများတွင် အဖြစ်များသော အသည်းအဆီဖုံးရောဂါ
- သွေးထဲတွင် သံဓာတ်အလွန်မြင့်မားသောကြောင့် အသည်းတွင်စုပုံလာပြီး အသည်းခြောက်ခြင်းတို့ဖြစ်သည်။
ထို့အပြင် အသည်းကင်ဆာရောဂါ ဖြစ်နိုင်ခြေများစေသော အခြားအချက်များမှာ_
- အမျိုးသားဖြစ်ခြင်း
- ဆေးလိပ်သောက်ခြင်း
- မိသားစုမျိုးရိုးတွင် အသည်းကင်ဆာရောဂါရှိခြင်း
- ကောင်းစွာ သိမ်းဆည်းထားခြင်းမရှိသော မှိုတက်နေသည့် အစားအသောက်များ စားသုံးခြင်း
- အချို့သော ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဓာတုပစ္စည်းများနှင့် ထိတွေ့မိခြင်းတို့ကြောင့်လည်း အသည်းကင်ဆာ ဖြစ်နိုင်ခြေ မြင့်တက်စေနိုင်သည်။

အဓိကအားဖြင့် အသည်းကင်ဆာ အမျိုးအစား (၂) မျိုးရှိသည်။
- အသည်းတွင် စတင်ဖြစ်ပေါ်သောကင်ဆာ (Primary liver cancer)
ဤကင်ဆာအမျိုးအစားများအနက် အသည်းဆဲလ်များ (hepatocytes) တွင် စတင်ဖြစ်ပေါ်သော ကင်ဆာ (hepatocellular carcinoma) သည် အဖြစ်အများဆုံးဖြစ်သည်။ အသည်းကင်ဆာရောဂါကို စောစီးစွာ ထိရောက်သော ကုသမှုမခံယူလျှင် ခန္ဓာကိုယ်၏ အခြားသော အင်္ဂါအစိတ်အပိုင်းများသို့ လျှင်မြန်စွာ ပျံ့နှံ့သွားနိုင်သည်။ အသည်းတွင် စတင်ဖြစ်ပေါ်သော အခြားကင်ဆာအမျိုးအစားများမှာ_- သည်းခြေပြွန်ရှိ ဆဲလ်များတွင် စတင်ဖြစ်ပေါ်သော သည်းခြေပြွန်ကင်ဆာ (bile duct cancer or cholangiocarcinoma)
- ရှားရှားပါးပါးဖြစ်တတ်သော အသည်း၏သွေးကြောများတွင် စတင်ဖြစ်ပေါ်သည့် ကင်ဆာ (angiosarcoma) [အသက် (၇၀) နှင့်အထက် သက်ကြီးရွယ်အိုများတွင် ဖြစ်ပေါ်လေ့ရှိသည်]
- အသည်းသန္ဓေသားဆဲလ်မှဖြစ်သောကင်ဆာ (Hepatoblastoma) တို့ဖြစ်ကြသည်။
- ခန္ဓာကိုယ်၏ အခြားသောအင်္ဂါအစိတ်အပိုင်းများမှ အသည်းသို့ပျံ့နှံ့လာသောကင်ဆာ (Secondary or metastatic liver cancer)
ခန္ဓာကိုယ်၏ အခြားသောအင်္ဂါအစိတ်အပိုင်းများဖြစ်သည့် အူမကြီး၊ ရင်သား၊ သားဥအိမ်၊ ကျောက်ကပ်၊ အစာရေမျိုပြွန်၊ အစာအိမ်၊ အဆုတ်နှင့် အရေပြား အစရှိသော နေရာများတွင် ဖြစ်ပေါ်သော ကင်ဆာများမှတစ်ဆင့် အသည်းသို့ ပျံ့နှံ့ရောက်ရှိလာသော ကင်ဆာဖြစ်သည်။ ၎င်းကင်ဆာအမျိုးအစားသည် အသည်းတစ်ရှူးများမှဖြစ်သည့် ကင်ဆာထက် ပိုမိုအဖြစ်များသည်။
ရောဂါလက္ခဏာများ
အသည်းတွင် စတင်ဖြစ်ပေါ်သော ကင်ဆာရောဂါအများစုသည် အစောပိုင်းတွင် ရောဂါလက္ခဏာ ပြလေ့မရှိပါ။ ဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။
- အစားအသောက်ပျက်ခြင်း
- ကိုယ်အလေးချိန်ကျခြင်း
- ဝမ်းဗိုက်အပေါ်ပိုင်း နာကျင်ခြင်း သို့မဟုတ် အလုံးပေါ်လာခြင်း
- ပျို့အန်ခြင်း
- နုံးနယ်ခြင်း
- ရေဖျဥ်းစွဲခြင်း
- အရေပြားနှင့်မျက်လုံး ဝါခြင်း
- ဆီးအရောင်ရင့်ခြင်း
- ဝမ်းအဖြူရောင်သွားခြင်းတို့ ဖြစ်ကြသည်။
အသည်းတွင် စတင်ဖြစ်ပေါ်သောကင်ဆာကို အဆင့်သတ်မှတ်ရာတွင် ကင်ဆာအလုံးအကျိတ်၏ အရွယ်အစား၊ အရေအတွက်နှင့် သွေးကြောများ၊ ပြန်ရည်ကျိတ်များ၊ အခြားသောကိုယ်တွင်းအင်္ဂါများသို့ ပျံ့နှံ့မှုပေါ်တွင်မူတည်၍ အစောပိုင်းအဆင့် (Early stage)၊ အလယ်အလတ်အဆင့် (Intermediate stage)၊ နောက်ကျသောအဆင့် (advanced stage) နှင့် နောက်ဆုံးအဆင့် (end stage) ဟူ၍ အဆင့်များ ခွဲခြားထားသည်။ ထိုအဆင့်များပေါ် မူတည်၍ ရောဂါကုသမှုနည်းလမ်းများ ကွာခြားသည်။

ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်တွင်ဖော်ပြထားသော အသည်းကင်ဆာ၏ ရောဂါလက္ခဏာများ ဖြစ်ပေါ်လျှင် သို့မဟုတ် သံသယရှိလျှင် မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ ရောဂါရှာဖွေကုသရန် လိုအပ်သည်။ ထို့အပြင် အသည်းအထူးကုဆရာဝန်များနှင့် တိုင်ပင်၍ လိုအပ်သော စမ်းသပ်စစ်ဆေးမှုများ ဆက်လက်ပြုလုပ်ကာ ထိရောက်သော ကုသမှုကို စောစီးစွာခံယူရန် အလွန်အရေးကြီးသည်။
ရောဂါရှာဖွေခြင်း
အသည်းကင်ဆာရောဂါကို ရှာဖွေရန် ရောဂါရာဇဝင်များ မေးမြန်းခြင်း၊ သေချာစွာ စမ်းသပ်စစ်ဆေးခြင်းတို့ကို ဦးစွာပြုလုပ်ရန် လိုအပ်သည်။ အသည်းကင်ဆာရောဂါဖြစ်နိုင်သည်ဟု သံသယရှိပါက အောက်ဖော်ပြပါ စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်၍ ရောဂါရှာဖွေနိုင်သည်။
- သွေးစစ်ဆေးခြင်း [ဥပမာ_အသည်းလုပ်ငန်းစစ်ဆေးခြင်း၊ အသည်းကင်ဆာရောဂါပြဓာတ်ပစ္စည်း (AFP)၊ အသည်းရောင်အသားဝါ ဘီ ပိုး၊ စီ ပိုး စစ်ဆေးခြင်း]
- ပုံရိပ်ဖော်စစ်ဆေးခြင်း [အာထရာဆောင်း (USG) ရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း၊ သွေးကြောများကို ကွန်ပျူတာဓာတ်မှန်ဖြင့် ကြည့်ခြင်း]
- အသည်းတစ်ရှူးကို အသားစယူစစ်ဆေးခြင်းတို့ကို ပြုလုပ်၍ ရောဂါရှာဖွေနိုင်သည်။
အကယ်၍ သည်းခြေပြွန်တွင် ဖြစ်သောကင်ဆာဟု သံသယရှိပါက သည်းခြေပြွန်ကို မှန်ပြောင်းကြည့်စစ်ဆေးခြင်း ပြုလုပ်နိုင်သည်။
ကုသခြင်း
အသည်းကင်ဆာရောဂါကို ကုသရာတွင် လူနာ၏ အသက်အရွယ်၊ ကင်ဆာရောဂါအဆင့်၊ အခြေခံ ကျန်းမာရေးအခြေအနေနှင့် လူနာ၏ရွေးချယ်မှုတို့အပေါ် မူတည်၍ အောက်ပါကုသမှုများဖြင့် ကုသမှုခံယူနိုင်သည်။
- ကင်ဆာအကျိတ်ကို ခွဲစိတ်ဖယ်ရှားခြင်း (Surgical removal of the tumour)
အသည်းကင်ဆာအကျိတ်သည် အသည်းအတွင်း၌သာရှိပြီး အရွယ်အစားမှာ သေးငယ်၍ အခြားသော အစိတ်အပိုင်းများသို့ ပျံ့နှံ့မှုမရှိခြင်း၊ လူနာ၏အသည်းလုပ်ငန်းစွမ်းဆောင်ရည် ထိခိုက်ခြင်းမရှိဘဲ အခြေခံကျန်းမာရေးအခြေအနေကောင်းမွန်ခြင်းနှင့် ပြည့်စုံပါက အသည်းကင်ဆာအကျိတ်ကို ခွဲစိတ်၍ ဖယ်ရှားခြင်းဖြင့် ကုသနိုင်သည်။ - အသည်းအစားထိုးကုသခြင်း (Liver transplant)
ကင်ဆာဖြစ်နေသော အသည်းကို ဖယ်ရှားပြီး အလှူရှင်ထံမှ ရရှိသော ကျန်းမာကောင်းမွန်သော အသည်းဖြင့် အစားထိုးကုသခြင်းဖြစ်သည်။ ထိုသို့အသည်းအစားထိုးကုသခြင်းသည် အသည်းကင်ဆာ အစောပိုင်းအဆင့်၏ ရာခိုင်နှုန်းအနည်းငယ်တွင်သာ ကုသနိုင်သောနည်းလမ်းဖြစ်သည်။ - ရေဒီယိုလှိုင်းဖြင့် ကင်ဆာဆဲလ်များကို ဖျက်ဆီးခြင်း (Radiofrequency ablation)
ရေဒီယိုလှိုင်းဖြင့် ကင်ဆာဆဲလ်များကို ဖျက်ဆီးခြင်းဆိုသည်မှာ လျှပ်စစ်စီးကြောင်းကို အသုံးပြု၍ ကင်ဆာဆဲလ်များကို အပူပေးကာ ဖျက်ဆီးသည့် ကုသမှုစနစ်တစ်ခုဖြစ်သည်။ အာထရာဆောင်းကဲ့သို့သော ပုံရိပ်ဖော်စက်ကို အသုံးပြု၍ ဝမ်းဗိုက်တွင် သေးငယ်သောခွဲကြောင်းမှတစ်ဆင့် ပါးလွှာသောအပ်ချောင်းများကို ထိုးသွင်းလိုက်သည်။ အဆိုပါအပ်ချောင်းများသည် ကင်ဆာကျိတ်ရှိရာနေရာသို့ ရောက်ရှိသွားသောအခါ လျှပ်စစ်စီးကြောင်းဖြင့် အပူပေးကာ ကင်ဆာဆဲလ်များကို ဖျက်ဆီးပစ်လိုက်သည်။ ကင်ဆာဆဲလ်များကို အပူပေးနိုင်သည့် အခြားသောနည်းလမ်းများဖြစ်သည့် မိုက်ခရိုဝေဖ့် (Microwaves) သို့မဟုတ် လေဆာ (laser) တို့ကိုလည်း အသုံးပြုနိုင်သည်။ - ကင်ဆာဆဲလ်များကို အေးခဲစေပြီး ဖျက်ဆီးခြင်း (Cryoablation)
ဤနည်းလမ်းသည် အလွန်အမင်းအေးသော အအေးဓာတ်ကို အသုံးပြု၍ ကင်ဆာဆဲလ်များကို ဖျက်ဆီးသည့် နည်းလမ်းဖြစ်သည်။ ဆရာဝန်သည် နိုက်ထရိုဂျင်အရည်ပါဝင်သော ကိရိယာ (Cryoprobe)ကို အသည်းအကျိတ်ပေါ်သို့ တိုက်ရိုက်ထိတွေ့စေသည်။ အဆိုပါကိရိယာကို လိုရာသို့လမ်းညွှန်နိုင်စေရန်နှင့် အေးခဲသွားခြင်း ရှိမရှိကို စောင့်ကြည့်စစ်ဆေးရန်အတွက် အာထရာဆောင်းပုံရိပ်များကို အသုံးပြုကြသည်။ - အသည်းထဲသို့ ကင်ဆာဆေး တိုက်ရိုက်သွင်း၍ သွေးကြောပိတ်ဆို့ကုသခြင်း (Chemoembolization)
ပြင်းအားကောင်းသော ကင်ဆာဆေးများကို အသည်းအတွင်းသို့ တိုက်ရိုက်ပို့လွှတ်၍ ကုသသည့် ကင်ဆာဆေးသွင်းကုထုံး (chemotherapy) အမျိုးအစားတစ်ခုဖြစ်သည်။ ဤကုသမှုသည် ပုံမှန်ကင်ဆာဆေးသွင်းကုသခြင်းနှင့် မတူညီဘဲ ကင်ဆာကျိတ်ဆီသို့ သွေးထောက်ပံ့သည့် သွေးကြောကို ပိတ်ဆို့ပြီး ကင်ဆာဆေးကို ထိုနေရာတွင် ကြာရှည်စွာရှိနေစေရန် ပြလုပ်ခြင်းဖြစ်သည်။ - ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiotherapy)
ဤကုသမှုသည် စွမ်းအားမြင့် ဓာတ်ရောင်ခြည် (X-ray) နှင့် ပရိုတွန် (Protons)များကို အသုံးပြု၍ ကင်ဆာဆဲလ်များကို ဖျက်ဆီးကာ ကျုံ့သွားစေခြင်းဖြစ်သည်။ ပတ်ဝန်းကျင်ရှိ ကျန်းမာသော တစ်ရှူးများကို မထိခိုက်စေဘဲ အသည်းဆီသို့ ထိုစွမ်းအင်များ တိုက်ရိုက်ရောက်ရှိစေရန် ဆရာဝန်များမှ အထူးဂရုပြု၍ လမ်းညွှန်ပေးရန် လိုသည်။ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းသည် အခြားသောကုသမှုများ ခံယူရန် မသင့်တော်သူများ သို့မဟုတ် အခြားသောကုသမှုများဖြင့် မသက်သာသောသူများတွင် ကုသနိုင်သော နည်းလမ်းတစ်ခုဖြစ်သည်။ အဆင့်မြင့် အသည်းကင်ဆာ (advanced liver cancer) ဖြစ်ပွါးနေသူများအတွက် ဓာတ်ရောင်ခြည်ကုထုံးသည် ရောဂါလက္ခဏာများ ထိန်းချုပ်ရာတွင် ကူညီပေးနိုင်သည်။ - ကင်ဆာဆဲလ်သီးသန့် ပစ်မှတ်ထားကုသခြင်း (Targeted drug therapy)
ကင်ဆာဆဲလ်အတွင်းရှိ သီးခြားပုံမှန်မဟုတ်သော အချက်အလက်များကို အဓိကထား၍ ပိတ်ဆို့ကုသခြင်းဖြင့် ကင်ဆာဆဲလ်များကို သေစေခြင်းဖြစ်သည်။ အဆင့်မြင့်အသည်းကင်ဆာကို ကုသရန်အတွက် ပစ်မှတ်ထားကုသနိုင်သည့် ဆေးဝါးများစွာရှိသည်။ အချို့သော ပစ်မှတ်ထားကုထုံးများသည် ကင်ဆာဆဲလ်အတွင်း၌ မျိုးဗီဇပြောင်းလဲမှုရှိသော လူနာများတွင်သာ ထိရောက်မှုရှိသည်။ ထို့ကြောင့် ဤဆေးဝါးများကို အသုံးပြုပါက အမှန်တကယ် အကျိုးရှိမရှိ သိရှိနိုင်ရန် ကင်ဆာဆဲလ်များကို ဓာတ်ခွဲခန်းတွင် စစ်ဆေးသိရှိနိုင်သည်။ - ကိုယ်ခံအားကို ပြုပြင်ထိန်းညှိခြင်းဖြင့် ကုသခြင်း (Immunotherapy)
ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို အသုံးပြု၍ ကင်ဆာရောဂါကို တိုက်ဖျက်သည့် နည်းလမ်းဖြစ်သည်။ ပုံမှန်အားဖြင့် ရောဂါများကို တိုက်ခိုက်ခုခံပေးသော ကိုယ်ခံအားစနစ်သည် ကင်ဆာရောဂါကို မတိုက်ခိုက်နိုင်ရခြင်းမှာ ကင်ဆာဆဲလ်များမှ ထုတ်လုပ်လိုက်သော ပရိုတင်းများသည် ကိုယ်ခံအားစနစ်ဆဲလ်များကို ဝေဝါးသွားစေသောကြောင့် ဖြစ်သည်။ ဤကုထုံးသည် ထိုဖြစ်စဥ်ကို နှောင့်ယှက်တားဆီးခြင်းဖြင့် အလုပ်လုပ်ပေးသည်။ ကိုယ်ခံအားကို ပြုပြင်ထိန်းညှိခြင်းဖြင့် ကုသခြင်းကို ယေဘုယျအားဖြင့် အဆင့်မြင့်အသည်းကင်ဆာ ခံစားနေရသူများအတွက်သာ အသုံးပြုလေ့ရှိသည်။ - ကင်ဆာဆေး ထိုးဆေး သို့မဟုတ် သောက်ဆေးဖြင့် ကုသခြင်း (Chemotherapy)
ကင်ဆာဆေးဝါးများဖြင့် ကုသခြင်းသည် လျင်မြန်စွာကြီးထွားနေသော ကင်ဆာဆဲလ်များကို သတ်ရန် အသုံးပြုသည့် နည်းလမ်းဖြစ်သည်။ ကင်ဆာဆေးဝါးများကို လက်မောင်းရှိသွေးပြန်ကြောမှတစ်ဆင့် ဆေးသွင်းခြင်း သို့မဟုတ် သောက်ဆေးအနေဖြင့် ပေးခြင်း သို့မဟုတ် ထိုနည်းလမ်းနှစ်မျိုးစလုံးကို ပေါင်းစပ်၍ ကုသခြင်းတို့ ပြုလုပ်နိုင်သည်။ - နာကျင်မှုအပါအဝင် ခံစားနေရသောဝေဒနာများ ညင်သာစေရန် ဘက်စုံပြုစုကုသမှု (Palliative care)
ပြင်းထန်သော နာမကျန်းဖြစ်မှုများကြောင့် နာကျင်မှုအပါအဝင် အခြားသော ရောဂါလက္ခဏာများ၊ ဝေဒနာများ ညင်သာစေရန် ဘက်စုံပြုစုကုသမှုများ ပြုလုပ်ပေးခြင်းဖြစ်သည်။ ဆရာဝန်၊ လူနာနှင့် မိသားစုဝင်များ ပူးပေါင်း၍ အပိုဆောင်းကုသမှုများဖြင့် ရောဂါလက္ခဏာများ သက်သာအောင် ပြုလုပ်ပေးခြင်းဖြစ်သည်။ အခြားသောကုသမှုများဖြစ်သည့် ခွဲစိတ်ကုသခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း အစရှိသော နည်းလမ်းများနှင့် အတူတွဲဖက်၍လည်း ကုသပေးနိုင်သဖြင့် ကင်ဆာဝေဒနာရှင်များအနေဖြင့် ပို၍သက်သောင့်သက်သာဖြစ်စေပြီး သက်တမ်းပိုရှည်စေနိုင်သည်။
ထို့အပြင် အသည်းကင်ဆာဖြစ်ပေါ်စေသော အခြေခံအကြောင်းရင်းများရှိပါက ကုသပေးရန် လိုအပ်သည် (ဥပမာ_အသည်းရောင် အသားဝါ ဘီ ပိုး၊ စီ ပိုး ကုသခြင်း)။

ကာကွယ်ခြင်း
အသည်းကင်ဆာ မဖြစ်အောင် အပြည့်အဝကာကွယ်နိုင်သော နည်းလမ်းမရှိသော်လည်း အောက်ဖော်ပြပါအချက်များကို လိုက်နာခြင်းဖြင့် အသည်းကင်ဆာဖြစ်နိုင်ခြေကို လျော့နည်းစေသည်။
- အသည်းရောင် အသားဝါ ဘီ ပိုး ကာကွယ်ဆေး (Hepatitis B vaccine) ထိုးခြင်း
- ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်ရန် အကာအကွယ်ဖြင့် လိင်ဆက်ဆံခြင်း
- ဆေးထိုးအပ်များကို တစ်ခါသုံးအပ်များဖြင့်သာ အသုံးပြုခြင်း၊ မျှဝေမသုံးစွဲခြင်း
- အရက်လျှော့သောက်ခြင်း သို့မဟုတ် လုံးဝဖြတ်ခြင်း
- ဆေးလိပ်ဖြတ်ခြင်း
- ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း စသည်တို့ကို လိုက်နာလုပ်ဆောင်ခြင်းဖြင့် အသည်းကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည်။

References:
- Mayo Clinic. (n.d.). Liver cancer: Symptoms and causes. Retrieved December 23, 2025, from https://www.mayoclinic.org/diseases-conditions/liver-cancer/symptoms-causes/syc-20353659
- WebMD. (n.d.). Liver cancer: Basic information. Retrieved December 23, 2025, from https://www.webmd.com/cancer/understanding-liver-cancer-basic-information
- Healthdirect. (n.d.). Liver cancer. Retrieved December 23, 2025, from https://www.healthdirect.gov.au/liver-cancer
- Mayo Clinic. (n.d.). Liver cancer: Diagnosis and treatment. Retrieved December 23, 2025, from https://www.mayoclinic.org/diseases-conditions/liver-cancer/diagnosis-treatment/drc-20353664
Published: 24 December 2024
Last updated: 20 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.