Viral Hepatitis C (အသည်းရောင်အသားဝါ စီ ရောဂါ)

Viral Hepatitis C (အသည်းရောင်အသားဝါ စီ ရောဂါ)

အသည်းရောင်အသားဝါ စီ ရောဂါ (Viral Hepatitis C) သည် အသည်းရောင်အသားဝါ စီ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခြင်းကြောင့် ဖြစ်ပွါးသည်။ လူအများစုတွင် ရောဂါပိုးကူးစက်ခံရခြင်းကို မသိရှိကြဘဲ ဗိုင်းရပ်စ်ပိုးသည် ခန္ဓာကိုယ်ထဲတွင် အချိန်ကာလကြာမြင့်စွာ ရှိနေကြသဖြင့် နာတာရှည် အသည်းရောင်ရမ်းခြင်းနှင့် အသည်းထိခိုက်ပျက်စီးခြင်းတို့ကို ဖြစ်ပေါ် စေနိုင်သည်။ အသည်းရောင်အသားဝါ စီ ရောဂါသည် ဗိုင်းရပ်စ်ပိုးသတ်ဆေးနှင့် ကုသပျောက်ကင်းနိုင်သောကြောင့် ရောဂါကို စောစီးစွာသိရှိပြီး ကုသမှုခံယူပါက အသည်းထိခိုက်ပျက်စီးခြင်းမှ ကာကွယ်နိုင်သည်။ အသည်းရောင်အသားဝါ စီ ရောဂါအတွက် ကာကွယ်ဆေး ယခုအချိန်ထိ မရှိသေးပါ။

Viral Hepatitis C image1
ဖြစ်ပေါ်ရသောအကြောင်းရင်း

အသည်းရောင်အသားဝါ စီ ရောဂါသည် အသည်းရောင်အသားဝါ စီ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် ဖြစ်ပွါးသည့် ကူးစက်ရောဂါဖြစ်သည်။ အသည်းရောင်အသားဝါ စီ ပိုးသည် Genotype ဟုခေါ်သော အမျိုးအစား (၇) မျိုးရှိပြီး မျိုးကွဲစိတ်များမှာ (၆၇) မျိုးထိရှိသည်။ အဓိကအားဖြင့် ရောဂါပိုးရှိသူ၏ သွေးမှတစ်ဆင့် ကူးစက်ခြင်းဖြစ်သည်။ အသည်းရောင် စီပိုး ကူးစက်နိုင်သော နည်းလမ်းများမှာ_

  1. ဆေးထိုးအပ်များနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ မျှဝေသုံးစွဲခြင်း (Sharing of needles)
    • ရောဂါပိုးရှိသောသူ အသုံးပြုထားသော ဆေးထိုးအပ်ကို ပြန်လည်အသုံးပြုခြင်း (အထူးသဖြင့် မူးယစ်ဆေးဝါးအသုံးပြုသူများ)
    • သွားတိုက်တံ၊ မုတ်ဆိတ်ရိတ်ဓားများ၊ လက်သည်းညှပ်များ မျှဝေသုံးစွဲခြင်း
    • ဆေးပစ္စည်းများ မျှဝေသုံးစွဲခြင်း (ဥပမာ _ ဆီးချိုဖောက်သည့် အပ်)
  2. လူနာ၏သွေးနှင့် ထိတွေ့ထားသည့် ချွန်ထက်သောအရာများ (ဥပမာ _ ဆေးထိုးအပ်များ) နှင့် မတော်တဆစူးမိခြင်း (Accidental sharp sticks)
    • အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းများတွင် အဖြစ်များလေ့ရှိသည်
  3. ရောဂါပိုးရှိသော ပစ္စည်းများဖြင့် တက်တူးထိုးခြင်း သို့မဟုတ် ခန္ဓာကိုယ်တွင် အပေါက်ဖောက်ခြင်း (ဥပမာ _ နားဖောက်ခြင်း)
  4. မိခင်မှကလေးသို့ ကူးစက်ခြင်း (ကူးစက်နိုင်ခြေ နည်းပါးသည်)
  5. သွေးသွင်းခြင်း
    • ရောဂါပိုးရှိသူ၏သွေးကို သွင်းခြင်းမှ ကူးစက်နိုင်သည်
  6. ကိုယ်တွင်းအင်္ဂါ အစားထိုးခြင်း (Organ transplant)
  7. လိင်ဆက်ဆံခြင်း
    • အထူးသဖြင့် လိင်ဆက်ဆံဖော်များသူများနှင့် ယောက်ျားအချင်းချင်း လိင်ဆက်ဆံခြင်းတို့တွင် ကူးစက်နိုင်ခြေ ပိုများသည်။

အသည်းရောင်အသားဝါ စီ ရောဂါပိုးသည် မိခင်နို့၊ အစားအသောက်နှင့် ရေ၊ သာမန်ထိတွေ့ခြင်း (ဥပမာ _ ဖက်ခြင်း၊ နမ်းခြင်း၊ အစားအသောက်အတူစားခြင်း) တို့မှတစ်ဆင့် မကူးစက်နိုင်ပါ။

ရောဂါလက္ခဏာများ

ရောဂါကူးစက်ခံရပြီးနောက် (၂)ပတ် မှ (၆)လ အတွင်း ရောဂါလက္ခဏာများ ခံစားရနိုင်သည်။ သို့သော် လူအများစုတွင် ရောဂါကူးစက်ခံရသော်လည်း ရောဂါလက္ခဏာများ ပြလေ့မရှိပါ။ လူအနည်းစုတွင်သာ လတ်တလောအသည်းရောင်ခြင်း (Acute hepatitis C) ၏ ရောဂါလက္ခဏာများဖြစ်သော

  • အသားဝါခြင်း
  • ဖျားခြင်း
  • ပျို့အန်ခြင်း
  • ကြွက်သားများကိုက်ခဲခြင်း
  • မောပန်းခြင်း စသည်တို့ ခံစားရနိုင်သည်။

ထိုသို့ လတ်တလောအသည်းရောင်ခြင်းအဆင့်တွင် အချို့သူများမှာ ခန္ဓာကိုယ်မှ ဗိုင်းရပ်စ်ပိုးကို တိုက်ထုတ်နိုင်ပြီး ကုသမှုမခံယူရဘဲ သက်သာပျောက်ကင်းသွားနိုင်သည် ။ သို့သော် အများစုတွင် ဗိုင်းရပ်စ်ပိုးသည် ခန္ဓာကိုယ်ထဲတွင် အချိန်ကြာမြင့်စွာ ရှိနေသောကြောင့် နာတာရှည် အသည်းရောင်ခြင်း (Chronic hepatitis C) သို့ ကူးပြောင်းနိုင်သော်လည်း နှစ်ပေါင်းများစွာ လက္ခဏာမပြဘဲ ရှိနေတတ်သည်။ ထိုမှတစ်ဆင့် အသည်းစတင်ထိခိုက်ပျက်စီးချိန်တွင် အောက်ပါ ရောဂါလက္ခဏာများ ဖြစ်ပေါ်လာတတ်သည်။

  • သွေးထွက်လွယ်ခြင်း
  • သွေးခြည်ဥ လွယ်ခြင်း
  • မောပန်းခြင်း
  • အစာစားချင်စိတ်မရှိခြင်း
  • အသားဝါခြင်း၊ မျက်လုံးဝါခြင်း (Jaundice)
  • ဆီးအရောင်ရင့်ခြင်း
  • အရေပြားယားယံခြင်း စသည်တို့ ခံစားရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ

အသည်းရောင်အသားဝါ စီ ရောဂါပိုးသည် ခန္ဓာကိုယ်ထဲတွင် အချိန်ကြာလာသည်နှင့်အမျှ အောက်ဖော်ပြပါ ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။

  • အသည်းခြောက်ခြင်း (Cirrhosis)
  • အသည်းကင်ဆာဖြစ်ခြင်း (Liver cancer)
  • အသည်းလုပ်ငန်းပျက်စီးခြင်း (Liver failure)
  • အထက်ပါအခြေအနေများဖြစ်ပေါ်လျှင်_
  • ရေဖျဉ်းစွဲခြင်း (Ascites)
  • ခြေထောက်ဖောခြင်း၊ ခန္ဓာကိုယ်ဖော‌ရောင်ခြင်း (Oedema)
  • ကိုယ်အလေးချိန်ကျဆင်းခြင်း
  • ကယောင်ကတမ်းဖြစ်ခြင်း၊ ငိုက်မျဉ်းခြင်း၊ စကားသံ မပီသခြင်း (Hepatic encephalopathy) စသည့်လက္ခဏာများ ခံစားရနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသခြင်း

အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရပါက သို့မဟုတ် ရောဂါပိုးကူးစက်နိုင်သည့် အခြေအနေများရှိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ သွေးစစ်ခြင်းတို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

အသည်းရောင်အသားဝါ စီ ရောဂါကို သွေးထဲတွင် ပဋိပစ္စည်းရှာဖွေစစ်ဆေး၍ အလွယ်တကူ သိရှိနိုင်သည်။ ရောဂါရှာဖွေရန် ရောဂါရာဇဝင် မေးမြန်းခြင်း (အထူးသဖြင့် ရောဂါပိုးကူးစက်နိုင်သည့် အခြေအနေများကို မေးမြန်းခြင်း၊ မိသားစုထဲတွင် အသည်းရောဂါ ရှိမရှိ မေးမြန်းခြင်း)၊ လူနာစမ်းသပ်ခြင်းတို့ကို ဦးစွာပြုလုပ်ပေးလိမ့်မည်။ ထို့နောက် ပိုးအကောင်ရေစစ်ဆေးခြင်း (Viral load)၊ အာထရာဆောင်းဖြင့် အသည်းမာကျောမှုနှုန်းကို တိုင်းတာခြင်း (Transient elastography)၊ သံလိုက်ဓာတ်မှန်ကို အသုံးပြု၍ အသည်းမာနှုန်းကို တိုင်းတာခြင်း (Magnetic Resonance Elastography – MRE)၊ အသည်းအသားစယူစစ်ဆေးခြင်း (Liver Biopsy) စသည်တို့ ပြုလုပ်ခြင်းဖြင့် ရောဂါရှာဖွေနိုင်သည်။ အသည်းလုပ်ငန်းများ ပုံမှန်လုပ်ဆောင်​နေခြင်း ရှိမရှိ သွေးစစ်ကြည့်နိုင်သည်။

အောက်ဖော်ပြပါသူများတွင် အသည်းရောင်အသားဝါ စီ ရောဂါပိုးကို ရှာဖွေစစ်ဆေးသင့်သည်။

  • အသက် (၁၈) နှစ်နှင့်အထက်ရှိသူများ (အနည်းဆုံးတစ်ကြိမ် ရောဂါပိုးရှိမရှိ စစ်ဆေးသင့်သည်)
  • ကိုယ်ဝန်ဆောင်ချိန်
  • မူးယစ်ဆေးဝါးသုံးစွဲသူများ
  • အိတ်ချ်အိုင်ဗွီ (HIV) ရောဂါပိုးရှိသူများ
  • သွေးစစ်သည့်အခါ အသည်းအင်ဇိုင်းဓာတ် များနေသူများ
  • ကျောက်ကပ်ဆေးနေရသူများ
  • သွေးသွင်းဖူးသူများ သို့မဟုတ် ကိုယ်တွင်းအင်္ဂါ အစားထိုးထားသူများ
  • ကျန်းမာရေးဝန်ထမ်းများ (အထူးသဖြင့် ရောဂါပိုးရှိသူ၏ သွေးနှင့် ထိတွေ့ခဲ့သည့်အခါ)
  • ရောဂါပိုးရှိသောမိခင်မှ မွေးသည့်ကလေးများ
ကုသခြင်း
  • အသည်းရောင်အသားဝါ စီ ရောဂါသည် ဗိုင်းရပ်စ်ပိုးသတ်ဆေးများဖြင့် သေချာစွာ ကုသမှုခံယူပါက ရောဂါပျောက်ကင်းနိုင်သည်
  • ယခင်အသုံးပြုသော ဗိုင်းရပ်စ်ပိုးသတ်ဆေးများတွင် Ribavirin, Peginterferon alfa စသော ဆေးများပါဝင်ပြီး ထိုးဆေးအနေဖြင့် အသုံးပြုသည်၊ ဘေးထွက်ဆိုးကျိုးများ ရှိသောကြောင့် လက်ရှိတွင် သုံးစွဲခြင်း နည်းလာသည်
  • လက်ရှိအချိန်တွင် ဆေးဝါးအသစ်များ ပေါ်လာပြီး၊ ၎င်းတို့ကို Direct acting antiviral (DAA) ဆေးများဟုခေါ်၍ သောက်ဆေးပုံစံဖြင့် သုံးစွဲနိုင်သည်၊ DAA ဆေးအုပ်စုတွင် Daclatasvir, Elbasvir, Grazoprevir, Glecaprevir, Pibrentasvir စသောဆေးများပါဝင်ပြီး ထိုဆေးများကို စုပေါင်း၍ ကုသခြင်းဖြစ်သည်၊ ဆေးအာနိသင်ထိရောက်ပြီး ဘေးထွက်ဆိုးကျိုးနည်းသောကြောင့် လက်ရှိတွင် အကောင်းဆုံးကုထုံးဖြစ်သည်
  • အသည်းရောင်အသားဝါ စီ ဗိုင်းရပ်စ်ပိုးသတ်ဆေးများဖြင့် အနည်းဆုံး (၁၂) ပတ် ကုသမှုခံယူရန် လိုအပ်သည်။ ကုသမှုခံယူပြီး ဗိုင်းရပ်စ်ပိုးသတ်ဆေးရပ်ပြီးနောက် အနည်းဆုံး (၁၂) ပတ်ကြာသည်အထိ ခန္ဓာကိုယ်ထဲတွင် ရောဂါပိုး လုံးဝမရှိစေရန် ရည်ရွယ်၍ ကုသခြင်းဖြစ်သည်။
  • ကူးစက်ခံရသော အသည်းရောင်အသားဝါ စီ ပိုး၏ ဗီဇဖွဲ့စည်းပုံ (genotype)၊ အသည်းထိခိုက်ပျက်စီးခြင်းနှင့် အခြားသောရောဂါအခံရှိခြင်းတို့ပေါ် မူတည်၍ အသုံးပြုရမည့် ဗိုင်းရပ်ပိုးသတ်ဆေး အမျိုးအစားနှင့် ဆေးသောက်သုံးရမည့် အချိန်ကာလ ကွဲပြားနိုင်သဖြင့် ဆရာဝန်ညွှန်ကြားသည့်အတိုင်း လိုက်နာရန် အလွန်အရေးကြီးသည်
  • အသစ်ထပ်မံထွက်ရှိသော ဗိုင်းရပ်စ်ပိုးသတ်ဆေးအချို့သည် ရောဂါပိုမိုပျောက်ကင်းနိုင်ခြင်း၊ ဘေးထွက်ဆိုးကျိုးနည်းခြင်းနှင့် ဆေးသောက်သုံးရမည့် အချိန်ကာလ တိုတောင်းခြင်းစသည့် ကောင်းကျိုးများစွာရှိသည်
  • အသည်းထိခိုက်ပျက်စီးမှုပေါ် မူတည်၍ လိုအပ်လျှင် အသည်းအစားထိုးကုသမှု (Liver transplantation) ပြုလုပ်နိုင်သည်
ကာကွယ်ခြင်း

အသည်းရောင်အသားဝါ စီ ရောဂါတွင် ရောဂါကာကွယ်ဆေးမရှိပါ။ ထို့ကြောင့် အောက်ပါနည်းလမ်းများကို လုပ်ဆောင်ခြင်းဖြင့် ရောဂါကူးစက်ခြင်းမှ ကာကွယ်လျှော့ချနိုင်သည်။

  • မူးယစ်ဆေးဝါးမသုံးစွဲခြင်း
  • တက်တူးထိုးခြင်း၊ နားဖောက်ခြင်း စသည်တို့ကို အထူးဂရုစိုက်၍ ပြုလုပ်ခြင်း
  • လိင်ဆက်ဆံဖော်တွင် အသည်းရောင်အသားဝါ စီ ရောဂါရှိမရှိ စစ်ဆေးခြင်း
  • လိင်ဆက်ဆံသည့်အခါ အကာအကွယ် (ကွန်ဒုံး) အသုံးပြုခြင်း

References:

  1. Centers for Disease Control and Prevention. (n.d.). Hepatitis C: Testing. Retrieved November 7, 2025, from https://www.cdc.gov/hepatitis-c/testing/index.html
  2. Mayo Clinic. (n.d.). Hepatitis C: Symptoms and causes. Retrieved November 7, 2025, from https://www.mayoclinic.org/diseases-conditions/hepatitis-c/symptoms-causes/syc-20354278
  3. Mayo Clinic. (n.d.). Hepatitis C: Diagnosis and treatment. Retrieved November 7, 2025, from https://www.mayoclinic.org/diseases-conditions/hepatitis-c/diagnosis-treatment/drc-20354284
  4. WebMD. (n.d.). Hepatitis C. Retrieved November 7, 2025, from https://www.webmd.com/hepatitis/digestive-diseases-hepatitis-c

Published: 29 November 2024

Last updated: 8 January 2026

Share

26 November 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.