Gestational Diabetes (ကိုယ်ဝန်ဆောင် ဆီးချိုရောဂါ)

Gestational Diabetes (ကိုယ်ဝန်ဆောင် ဆီးချိုရောဂါ)

ကိုယ်ဝန်ဆောင် ဆီးချိုရောဂါ (Gestational diabetes) ဆိုသည်မှာ ကိုယ်ဝန်ဆောင်နေစဉ် သွေးတွင်းသကြားဓာတ် များလာသဖြင့် နောက်ဆက်တွဲပြဿနာများ ခံစားရပြီး၊ အများစုတွင် ကလေးမီးဖွားပြီး ရက်၊ လအနည်းငယ်အကြာတွင် သွေးတွင်းသကြားဓာတ်မှာ ပုံမှန်ပြန်လည်ရောက်ရှိခြင်းကိုခေါ်သည်။ ကိုယ်ဝန်ဆောင် ဆီးချိုရောဂါသည် ကိုယ်ဝန် (၂၄ – ၂၈) ပတ်အတွင်း အဖြစ်များတတ်သည်။ ကိုယ်ဝန်မဆောင်မီ မူလကတည်းက ဆီးချိုရောဂါအခံရှိသူများသည် ဤအုပ်စုတွင် မပါဝင်ပါ။

Gestational diabetes image2
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ကိုယ်ဝန်ရှိသူတိုင်းတွင် ကိုယ်ဝန်ဆောင်စဥ် ဟော်မုန်းပြောင်းလဲခြင်းကြောင့် ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ ဖြစ်ပေါ်နိုင်သည်။ သို့သော် အသက် (၂၅) နှစ်အထက်ရှိသော အရှေ့တောင်အာရှနွယ်ဖွားများ၊ စပိန်နွယ်ဖွား ဟစ်စပန်းနစ်လူမျိုးများ၊ အမေရိကန်နွယ်ဖွားများနှင့် ပစိဖိတ်ကျွန်းဆွယ်ဖက်မှ ဆင်းသက်လာသူများတွင် ဖြစ်နိုင်ခြေပိုများသည်။

အခြားသော ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ ဖြစ်နိုင်ခြေ မြင့်မားသူများမှာ_

  • ကိုယ်လက်လှုပ်ရှားမှု နည်းပါးသူများ
  • အဝလွန်သော ကိုယ်ဝန်ဆောင်မိခင်များ
  • မိသားစုမျိုးရိုးတွင် ဆီးချိုရောဂါရှိသူများ
  • သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစု (Polycystic ovary syndrome) ရှိသူများ
  • ယခင်ကိုယ်ဝန်တွင် ကိုယ်ဝန်ဆောင်ဆီးချိုရှိဖူးသူများ
  • ယခင်ကိုယ်ဝန်တွင် (၉) ပေါင်နှင့်အထက် ပေါင်ချိန်ကြီးသော ကလေးမွေးဖွားဖူးသူများ
  • ဆီးချိုဖြစ်ရန် အလားအလာရှိသူများ (pre-diabetes) တို့ဖြစ်သည်။
ရောဂါလက္ခဏာများ

ကိုယ်ဝန်ဆောင်ဆီးချို ရောဂါလက္ခဏာများမှာ_

  • သွေးတွင်းသကြားဓာတ် များခြင်းကြောင့် မကြာခဏရေငတ်ခြင်း
  • ဆီးခဏခဏသွားခြင်း
  • ခန္ဓာကိုယ်တွင် ယားယံခြင်း
  • အနာများဖြစ်လွယ်ခြင်း
  • မှိုကြောင့် မိန်းမကိုယ်မှ အဖြူဆင်းခြင်း
  • မကြာခဏဆီးပိုးဝင်ခြင်း
  • ကလေးသည် ရှိသင့်သည့်ပေါင်ချိန်ထက် ကြီးလွန်းခြင်း
  • ရေမြွှာရည် အလွန်များနေခြင်း
  • ဆီးချိုတက်ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်တွင် ‌ခေါင်းကိုက်ခြင်း၊ ပျို့၊ အန်၊ မူးဝေခြင်း၊ ချွေးစေးပြန်ခြင်းနှင့် သတိလစ်မေ့မြောခြင်း စသည်တို့ဖြစ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ

ကိုယ်ဝန်ဆောင် ဆီးချိုရောဂါဖြစ်နေခြင်းကို သေချာစွာ ကုသမှုမခံယူပါက သွေးတွင်းသကြားဓာတ် အလွန်အကျွံတက်ခြင်း၏ နောက်ဆက်တွဲ ပြဿနာများသည် မိခင်နှင့်ကလေးတွင် ကျရောက်နိုင်ပြီး ခွဲစိတ်မွေးဖွားရနိုင်ခြေ မြင့်တက်လာစေနိုင်သည်။

ကလေးအပေါ်တွင် သက်ရောက်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ_

  • ခန့်မှန်းမွေးဖွားရက်မတိုင်မီ စောစီးစွာ မွေးဖွားရခြင်း
  • ကလေး၏ ပေါင်ချိန်ကြီးသောကြောင့် ခွဲစိတ်မွေးဖွားရခြင်း
  • စောမွေးရသောကြောင့် ကလေးတွင် အသက်ရှူရခက်ခဲသောအခြေအနေ ဖြစ်ပေါ်စေခြင်း
  • မွေးဖွားခါစ ကလေးငယ်တွင် သကြားဓာတ် လျော့နည်းနေတတ်ပြီး၊ ဆိုးဝါးစွာ လျော့နည်းနေပါက ကလေး တက်နိုင်ခြေရှိခြင်း
  • ကလေး ကြီးပြင်းလာပါက အမျိုးအစား (၂) ဆီးချို ရောဂါဖြစ်ပေါ်နိုင်ခြင်းနှင့် အဝလွန်နိုင်ခြင်း
  • ဆေးကုသမှုကောင်းစွာ မရရှိသော ကိုယ်ဝန်ဆောင်မိခင်များတွင် ကလေးအသေ မွေးဖွားခြင်း (stillbirth) များဖြစ်တတ်သည်။

မိခင်အပေါ်တွင် သက်ရောက်နိုင်သော နောက်ဆက်တွဲ ဆိုးကျိုးများမှာ_

  • သွေးတိုး၍ ကိုယ်ဝန်ဆိပ်တက်သောရောဂါ တွဲ၍ဖြစ်ပွါးနိုင်ခြေရှိခြင်း
    (အလွန်ဆိုးရွားပါက ကိုယ်ဝန်ဆောင်ဆီးချိုနှင့် ကိုယ်ဝန်ဆိပ်တက်ခြင်းကြောင့် မိခင်ရော ကလေးတွင်ပါ အသက်အန္တရာယ် ကျရောက်နိုင်သည်)
  • သဘာဝအတိုင်းမွေးဖွားစဉ်တွင် ကလေးပေါင်ချိန် ကြီးသောကြောင့် မွေးဖွားရခက်ခဲခြင်း၊ ပခုံးတစ်နိုင်ခြင်း၊ ခွဲစိတ်မွေးဖွားရခြင်း၊ မွေးဖွားချိန်ကြာမြင့်ခြင်း
  • မွေးဖွားပြီးနောက်ပိုင်းတွင် နာတာရှည် ဆီးချိုရောဂါခံစားရနိုင်ခြေရှိခြင်း
  • ပုံမှန်ထက် ရက်ကြာရှည်စွာ ဆေးရုံတက်ရခြင်းများ ကြုံတွေ့နိုင်သည်။

ကိုယ်ဝန်ဆောင် ဆီးချိုရောဂါရှိဖူးသူများတွင် နောက်ကိုယ်ဝန်များ၌လည်း ဤရောဂါ ထပ်မံဖြစ်ပေါ်နိုင်သည့်အပြင် အသက်ကြီးလာပါက အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပေါ်လာနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

ကိုယ်ဝန်ဆောင်နေစဉ် အထက်ဖော်ပြပါ လက္ခဏာများ တစ်ခုခုခံစားရသည်နှင့် နီးစပ်ရာဆေးရုံ၊ ကျန်းမာရေးဌာနသို့ သွားရောက်စစ်ဆေးမှု ပြုလုပ်ပြီး လိုအပ်သောကုသမှုများ အချိန်မီခံယူရန် အရေးကြီးသည်။ သွေးတွင်းသကြားဓာတ်ကို ပုံမှန်သတ်မှတ်ထားသော ပမာဏအတွင်း ထိန်းထားနိုင်ရန် ဆရာဝန်ညွှန်ကြားထားသည့် သောက်ဆေး၊ ထိုးဆေးများကို တိတိကျကျ သေသေချာချာ လိုက်နာသုံးစွဲရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ ဖြစ်နိုင်ခြေရှိသူများကို ကိုယ်ဝန်ဆောင်စောင့်ရှောက်သူ မိသားစုဆရာဝန် သို့မဟုတ် သားဖွားမီးယပ် အထူးကုဆရာဝန်မှ ကိုယ်ဝန်သက် (၂၄) ပတ်နှင့် (၂၈) ပတ်ကြားတွင် သွေးတွင်းသကြားဓာတ် စစ်ဆေးမှုများ ပြုလုပ်ပေးလိမ့်မည်။ မျိုးရိုးတွင် ဆီးချိုရောဂါရှိသူများ၊ အဝလွန်သူများ၊ ယခင်ကိုယ်ဝန်ဆောင်စဥ် ဆီးချိုရောဂါခံစားခဲ့ရသူများ အစရှိသော ဆီးချိုရောဂါဖြစ်နိုင်ခြေ များသူများတွင် ကိုယ်ဝန်ပထမ (၃) လပတ်အတွင်း သွေးတွင်းသကြားဓာတ်ကို စောစီးစွာ စစ်ဆေးရန် လိုအပ်သည်။

ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ ရှိ မရှိ စစ်ဆေးမှုနည်းလမ်းမှာ_

  • ကနဦး ဂလူးကို့စ်ရည်သောက်ပြီး သွေးတွင်းသကြားဓာတ်တိုင်းတာခြင်းနည်းလမ်း (Initial glucose challenge test)
    • သတ်မှတ်ထားသော ဂလူးကို့စ်ဖျော်ရည်သောက်ပြီး တစ်နာရီကြာလျှင် သွေးတွင်းသကြားဓာတ် စစ်ဆေးခြင်းကို ပြုလုပ်ရမည်
    • သွေးတွင်းသကြားဓာတ်သည်
      • (၁၄၀ mg/dl) သို့မဟုတ် (၇.၈ mmol/l) အောက်ရှိလျှင် ပုံမှန်ဖြစ်ပြီး
      • (၁၈၀ mg/dl) သို့မဟုတ် (၁၀.၀ mmol/l) ဖြစ်လျှင် ကိုယ်ဝန်ဆောင်ဆီးချိုရှိသည်ဟု ညွှန်ပြသည်
    • ထိုသို့ သွေးတွင်းသကြားဓာတ် မြင့်တက်နေလျှင် ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ သေချာစေရန် အချိန် (၈) နာရီကြာ အစာမစားဘဲ ဂလူးကိုစ့်ဖျော်ရည်သောက်၍ သွေးတွင်းသကြားဓာတ် ထပ်မံတိုင်းတာရန် လိုအပ်သည်
  • ခန္ဓာကိုယ်မှ လက်ခံနိုင်စွမ်းထက်ပိုရှိသော သကြားဓာတ်ပါဝင်မှုကို စစ်ဆေးခြင်း (Oral Glucose Tolerance Test)
    • အချိန် (၈) နာရီကြာ အစာမစားဘဲ မနက်ပိုင်းတွင် သွေးတွင်းသကြားဓာတ်စစ်ဆေးသည်
    • ထို့နောက် ဂလူးကို့စ် (၇၅) ဂရမ်ပါဝင်သော ဂလူးကို့စ်ဖျော်ရည်သောက်ပြီး၊ သွေးတွင်းသကြားဓာတ်ကို တစ်နာရီအကြာတွင် တစ်ကြိမ်၊ နှစ်နာရီအကြာတွင် တစ်ကြိမ်ဖြင့် စုစုပေါင်း နှစ်ကြိမ် စစ်ဆေးခြင်းဖြစ်သည်
      • အချိန် (၈) နာရီကြာ အစာမစားဘဲ မနက်ပိုင်းတွင်စစ်ဆေးသည့် သွေးတွင်းသကြားဓာတ် (Fasting Blood Sugar, FBS) သည် (၉၂ mg/dl) သို့မဟုတ် (၅.၁ mmol/l) နှင့်အထက်
      • ဂလူးကို့စ်အရည်သောက်ပြီးနောက် တစ်နာရီအကြာတွင် သွေးတွင်းသကြားဓာတ်သည် (၁၈၀ mg/dl) သို့မဟုတ် (၁၀.၀ mmol/l) နှင့်အထက်
      • နှစ်နာရီအကြာတွင် (၁၅၃ mg/dl) သို့မဟုတ် (၈.၅ mmol/l) နှင့်အထက်ဖြစ်ပါက ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ ရှိသည်ဟု သတ်မှတ်သည်
ကုသခြင်း

ရောဂါကုသခြင်းကို

  • လူနေမှုဘဝ ပုံစံပြောင်းလဲခြင်း
  • သွေးတွင်းသကြားဓာတ် စောင့်ကြည့်ခြင်းနှင့်
  • ဆေးကုသခြင်းဟူသော နည်းလမ်း (၃) သွယ်နှင့် ကုသရမည်။
  • လူနေမှုဘဝပုံစံ ပြောင်းလဲရာတွင် အချိုဓာတ်များသော အစားအစာများ စားသုံးမှုနှင့် ကျန်းမာရေးနှင့် မညီညွတ်သော အသင့်စားအစားအစာများ စားသုံးမှုကို လျှော့ချခြင်း၊ လိုအပ်သော၊ သင့်တင့်လျောက်ပတ်သော အစားအစာများကို နေ့စဉ် အချိန်မှန်မှန် နည်းနည်းနှင့် မကြာခဏ စားသုံးခြင်းတို့ လိုအပ်သည်
  • နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ခြင်း၊ လမ်းလျှောက်ခြင်းများကိုလည်း မိနစ် (၃၀) ခန့် ပြုလုပ်ရန် လိုအပ်သည်
  • ကိုယ်ဝန်ဆောင်နေစဉ် သွေးတွင်းသကြားဓာတ် စောင့်ကြည့်ရန် ဆရာဝန်မှ သွေးတွင်းသကြားဓာတ်ကို နေ့စဉ်မှန်မှန် စစ်ဆေးခိုင်းလိမ့်မည်၊ ဤသို့စစ်ဆေးခြင်းဖြင့် သွေးတွင်းသကြားဓာတ်သည် ကျန်းမာသောအခြေအနေတွင် ရှိမရှိ သိနိုင်မည်ဖြစ်သည်
    (ဥပမာ _ နံနက်စာမစားမီ အိပ်ရာနိုးနိုးချင်း စစ်ခြင်း၊ နေ့လယ်စာစားပြီး (၂) နာရီခြားတွင် စစ်ခြင်း)
  • ဆေးကုသခြင်း
    • သွေးတွင်းသကြားဓာတ်ကို အစားအသောက်၊ လေ့ကျင့်ခန်းတို့ဖြင့် ထိန်းညှိ၍ မရလျှင် သွေးတွင်းသကြားဓာတ် လျော့ကျစေရန် အင်ဆူလင်ထိုးဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း အသုံးပြုရန် လိုအပ်သည်
    • အချို့သူများတွင် ဆီးချိုသောက်ဆေးကို ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးနိုင်သော်လည်း အင်ဆူလင်ထိုးဆေးသည် ကိုယ်ဝန်ဆောင်ဆီးချိုရောဂါအတွက် အသင့်တော်ဆုံးသော ကုသမှုဖြစ်သည်
  • မီးမဖွားမီ ကလေးအား စောင့်ကြပ်ကြည့်ရှုခြင်း
    • ကလေး၏ ကြီးထွားမှုနှုန်းနှင့် ကလေးကျန်းမာမှုအတွက် အာထရာဆောင်းအပြင် အခြားလိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ရန်လိုသည်
    • အကယ်၍ မွေးရမည့်ရက်ကို ကျော်လွန်လာပါက မိခင်ရော ကလေးတွင်ပါ နောက်ဆက်တွဲ ဆိုးကျိုးများရရှိတတ်သည်
    • ထို့ကြောင့် ကလေးမွေးဖွားရန် သားအိမ်ညှစ်အားကို ဖြစ်ပေါ် စေမည့် နည်းလမ်းများကို (Induction of labour) သုံးရန် လိုအပ်လာနိုင်သည်
  • မီးဖွားပြီးစောင့်ရှောက်မှု
    • မီးဖွားပြီးပြီးခြင်းတွင်သာမက မွေးဖွားပြီး (၆)ပတ် မှ (၁၂)ပတ် အတွင်း သွေးတွင်းသကြားဓာတ် စစ်ဆေးခြင်းဖြင့် သွေးတွင်းသကြားဓာတ် ပုံမှန်ပြန်ရောက်ခြင်း ရှိမရှိကို ဆန်းစစ်ရမည်
    • အကယ်၍ ပုံမှန်ပြန်ဖြစ်သွားပါက ဆီးချိုအန္တရာယ် ရှိနိုင်ခြေ ဆန်းစစ်ချက်များကို အနည်းဆုံး (၃) နှစ် တစ်ကြိမ် ပြုလုပ်ရမည်
    • နောက်ထပ်ဆန်းစစ်မှုများတွင် အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေရှိပါက မိသားစုဆရာဝန်၊ အထူးကုဆရာဝန်များနှင့် တိုင်ပင်ပြသကာ ကာကွယ်ကုသမှုများကို အထူးဂရုပြု ဆောင်ရွက်သင့်သည်
ကာကွယ်ခြင်း

ကိုယ်ဝန်ဆောင် ဆီးချိုရောဂါဖြစ်ခြင်းကို အလုံးစုံ ကာကွယ်နိုင်ရန် မဖြစ်နိုင်ပါ။ သို့သော် ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ပွါးခြင်းမှ ကာကွယ်ရန် သင့်တင့်မျှတသော၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ စားသုံးခြင်းနှင့် မိနစ် (၃၀) ခန့် နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ခြင်း၊ လမ်းလျှောက်ခြင်း ပြုလုပ်ရန် လိုအပ်သည်။ ဤနည်းဖြင့်သာ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါကို အထိရောက်ဆုံး ကာကွယ်နိုင်မည်ဖြစ်သည်။

ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ပါကလည်း သက်ဆိုင်ရာ သားဖွားမီးယပ် အထူးကုဆရာဝန်၊ ဆီးချိုရောဂါ အထူးကုဆရာဝန်များနှင့် စနစ်တကျ စမ်းသပ်စစ်ဆေးကုသမှုများ ပြုလုပ်ခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်နိုင်မည်ဖြစ်သည်။

References:

  1. Cleveland Clinic. (n.d.). Gestational diabetes. Retrieved November 18, 2025, from https://my.clevelandclinic.org/health/diseases/9012-gestational-diabetes
  2. Mayo Clinic. (n.d.). Gestational diabetes: Diagnosis and treatment. Retrieved November 18, 2025, from https://www.mayoclinic.org/diseases-conditions/gestational-diabetes/diagnosis-treatment/drc-20355345
  3. Myanmar Medical Association & O&G Society. (2025). O&G management guideline (1st ed.). Yangon: O&G Society.
  4. Royal College of Obstetricians and Gynaecologists. (2021). Patient information leaflet: Gestational diabetes. Retrieved November 18, 2025, from https://www.rcog.org.uk/for-the-public/browse-our-patient-information/gestational-diabetes/
  5. WebMD. (n.d.). Gestational diabetes. Retrieved November 18, 2025, from https://www.webmd.com/diabetes/gestational-diabetes

Published: 29 November 2024

Last updated: 8 January 2026

Share

26 November 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.