အူကျွံခြင်း (Hernia) သည် ဝမ်းဗိုက် သို့မဟုတ် ပေါင်ခြံတွင် အဖြစ်များသည်။ ဝမ်းဗိုက်ကို ကာရံထားသော ကြွက်သားနံရံများကြားမှ ကိုယ်တွင်းအင်္ဂါများ တိုးထွက်လာခြင်းကို အူကျွံခြင်းဟု ခေါ်ဆိုသည်။ ကျွံထွက်လာနိုင်သော ကိုယ်တွင်းအင်္ဂါများတွင် အူအပြင် ဝမ်းခေါင်းအဆီပြင်မြှေး၊ အစာအိမ်၊ အူမကြီး၊ ဆီးအိမ်စသည့် ကိုယ်တွင်းအင်္ဂါများ ပါဝင်သည်။
ကိုယ်နေဟန်ထားနှင့် ကိုယ်လက်လှုပ်ရှားမှုအလိုက် တိုးထွက်လာပြီး ပြန်ဝင်သွားလေ့ရှိသော အလုံးအနေဖြင့် သတိပြုမိတတ်သည်။ အများအားဖြင့် အူကျွံခြင်းကြောင့် နာကျင်ခြင်း၊ သက်သောင့်သက်သာမရှိခြင်းစသည့် သာမန်လက္ခဏာများသာ ခံစားရနိုင်သော်လည်း ကျွံသည့်ကိုယ်တွင်းအင်္ဂါများ အတွင်းသို့ ပြန်မဝင်သည့်အခြေအနေမျိုးဖြစ်လျှင် အရေးပေါ်ခွဲစိတ်ကုသမှု လိုအပ်နိုင်သည်။
အူကျွံခြင်း အမျိုးအစားများ
ပေါင်ခြံ၌ အူကျွံခြင်း (Inguinal hernia)
အဖြစ်အများဆုံး အူကျွံခြင်းအမျိုးအစားဖြစ်ပြီး အမျိုးသားများတွင် ပိုမိုဖြစ်ပွါးနိုင်သည်။ ဝမ်းဗိုက်အတွင်းရှိ အူအစိတ်အပိုင်းများနှင့် ဝမ်းတွင်းမြှေးတို့သည် ပေါင်ခြံနှင့်ဝမ်းဗိုက်ဆက်ပြွန် (Inguinal Canal) မှတစ်ဆင့် ကပ်ပယ်အိတ်အတွင်းသို့ ကျွံ၍ထွက်လာခြင်းဖြစ်သည်။

ပေါင်ရင်းထိပ်၌ အူကျွံခြင်း (Femoral hernia)
ရှားပါးသော အူကျွံခြင်းအမျိုးအစားဖြစ်ပြီး ပေါင်ခြံနှင့်ဝမ်းဗိုက်ဆက်ပြွန် (Inguinal Canal) ၏ အောက်ဘက်တွင် ကပ်လျက်ရှိသော ကန်တော့ပုံပြွန်ငယ်မှတစ်ဆင့် အဆီတစ်ရှူးနှင့်အူများ တိုးထွက်လာခြင်းဖြစ်သည်။
ရင်ခေါင်းနှင့်ဝမ်းခေါင်းခြား ကြွက်သားပြင်၌ အစာအိမ်ကျွံခြင်း (Hiatal hernia)
ပုံမှန်အခြေအနေတွင် ရင်ခေါင်းနှင့်ဝမ်းခေါင်းခြား ကြွက်သားပြင်တွင် အစာရေမျိုပြွန် ဖြတ်သွားသော အပေါက်ငယ်ရှိသည်။ ယင်းအပေါက်ငယ်သည် အကြောင်းရင်းတစ်ခုခုကြောင့် ကျယ်လာသောအခါ ဝမ်းခေါင်းအတွင်းမှ အစာအိမ်အပေါ်ပိုင်းသည် ရင်ခေါင်းအတွင်းသို့ တိုးထွက်သွားခြင်းဖြစ်သည်။

မွေးရာပါ ရင်ခေါင်းနှင့်ဝမ်းခေါင်းခြား ကြွက်သားပြင်၌ အူကျွံခြင်း (Congenital diaphragmatic hernia)
ပြင်းထန်သော မွေးရာပါရောဂါဖြစ်သည်။ ကိုယ်ဝန်ဆောင်ချိန် သန္ဓေသားဖွံ့ဖြိုးမှုတွင် ရင်ခေါင်းနှင့်ဝမ်းခေါင်းခြား ကြွက်သားပြင် မပိတ်ဘဲ ချို့ယွင်းချက် ပါလာခြင်းဖြစ်သည်။ ကိုယ်တွင်းအင်္ဂါများ ဆက်လက်ဖွံ့ဖြိုးကြီးထွားလာသောအခါ ယင်းချို့ယွင်းချက်မှတစ်ဆင့် ရင်ခေါင်းအတွင်းသို့ တိုးထွက်သွားခြင်းဖြစ်သည်။
ခွဲစိတ်ဒဏ်ရာမှ အူကျွံခြင်း (Incisional hernia)
ဝမ်းဗိုက်ခွဲစိတ်ကုသမှု၏ အဖြစ်များသော နောက်ဆက်တွဲ ပြဿနာတစ်ခုဖြစ်ပြီး ခွဲစိတ်ဒဏ်ရာရှိ ကြွက်သားအားနည်းမှုကြောင့် အူကျွံခြင်းဖြစ်သည်။
ချက်မှ အူကျွံခြင်း (Umbilical hernia)
ချက် သို့မဟုတ် ချက်တစ်ဝိုက်မှ အူကျွံခြင်းဖြစ်ပြီး အများစုသည် မွေးရာပါဖြစ်သည်။
စအိုနှင့် မျိုးပွါးအင်္ဂါကြားမှ အူကျွံခြင်း (Perineal hernia)
တင်ပါးဆုံကွင်းအတွင်းရှိ ကြွက်သားများကြားရှိ အပေါက်များ သို့မဟုတ် အားပျော့သော ကြွက်သားကို ဖြတ်သန်းပြီး ကိုယ်တွင်းအင်္ဂါတစ်ရှူးများ တိုးထွက်လာခြင်းဖြစ်သည်။ အလွန်ရှားပါးသောအူကျွံခြင်း အမျိုးအစားဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်း
အူကျွံခြင်းဖြစ်စေသည့် အဓိကအကြောင်းရင်း (၂) မျိုးရှိသည်။ ပထမအကြောင်းရင်းမှာ ဝမ်းဗိုက်၏နံရံကြွက်သားများ အားနည်းခြင်း (မွေးရာပါ သို့မဟုတ် ထိခိုက်ဒဏ်ရာနှင့် ခွဲစိတ်ခြင်းများကြောင့်) နှင့် ဒုတိယအကြောင်းရင်းမှာ ဝမ်းဗိုက်ခေါင်းအတွင်း ဖိအားတက်ခြင်းဖြစ်သည်။ အထက်ပါ အကြောင်းရင်းနှစ်မျိုး ပူးတွဲတည်ရှိလျှင် အူကျွံခြင်းဖြစ်နိုင်ခြေများသည်။
အောက်ပါအချက်များကြောင့် အူကျွံခြင်း အဖြစ်များသည်။
- နာရီပေါင်းများစွာ မတ်တတ်ရပ် အလုပ်လုပ်ခြင်း
- အလေးအပင် မရသော အလုပ်များ
- နာတာရှည် ချောင်းဆိုးခြင်းနှင့် ဓာတ်မတည့်မှုကြောင့် နာတာရှည် နှာချေခြင်း
- ကာလတာရှည် ဝမ်းချုပ်ခြင်းနှင့် ဝမ်းညှစ်ခြင်း
- ကာလတာရှည် ဆီးညှစ်ပေါက်ခြင်း (ဆီးကျိတ်ကြောင့် ဖြစ်တတ်သည်)
- ဝမ်းဗိုက်ခွဲစိတ်ဖူးခြင်း
- ကိုယ်ဝန်ဆောင်ခြင်း [အထူးသဖြင့် ကလေးမွေးဖွားပြီး (၂) နှစ်အတွင်း ကိုယ်ဝန်ထပ်မံဆောင်ခြင်း]
- အဝလွန်ခြင်း [ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) အမှတ် (၃၀) အထက်ရှိခြင်း]
မွေးရာပါ အူကျွံခြင်း အဖြစ်များစေသော အချက်များမှာ_
- လမစေ့ဘဲ မွေးသည့် ကလေးများ (Prematurity)
- တွယ်ဆက်တစ်ရှူးဆိုင်ရာ ရောဂါများ (Connective tissue disorders) ရှိခြင်း
- မွေးရာပါ ကပ်ပယ်အိတ်အတွင်း ဝှေးစေ့မဆင်းခြင်း (Undescended testis)
- မျိုးပွါးအင်္ဂါနှင့် ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများရှိခြင်း
ရောဂါလက္ခဏာများ
အချို့တွင် အူကျွံရောဂါရှိသော်လည်း ရောဂါလက္ခဏာ မပြတတ်ပေ။ အဖြစ်များသော လက္ခဏာများမှာ_
- ကိုယ်လက်လှုပ်ရှားချိန်တွင် အူကျွံသည့်နေရာ၌ အလုံးအဖုအဖြစ် ဖောင်း၍ထွက်လာခြင်း၊ ပြန်ဝင်သွားခြင်း
- ဝမ်းညှစ်သည့်အခါ၊ အလေးအပင် မ သည့်အခါ သို့မဟုတ် ချောင်းဆိုးသည့်အခါတွင် တင်းလာခြင်း၊ တွန်းဖိထားသကဲ့သို့ ခံစားရခြင်းနှင့် အနည်းငယ် နာကျင်ခြင်း
- အလုံးပတ်လည်တွင် ဖိဆွဲထားသကဲ့သို့ ခံစားရခြင်း
- ပျို့အန်ခြင်း (အထူးသဖြင့် ကျွံနေသောအူ ပြန်မဝင်ဘဲ ညပ်သွားလျှင်) စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
- အူကျွံရာမှ ပြန်မဝင်တော့ခြင်း
ကျွံထွက်လာသော တစ်ရှူးများ ပြန်မဝင်ပါက အလုံးအနေဖြင့် ရှိနေတတ်သည်။ တချို့လူနာများတွင် နာကျင်မှု မရှိသော်လည်း တချို့လူနာများတွင် အလုံးပတ်လည်၌ ဖိဆွဲထားသလို ခံစားရနိုင်သည်။ - အူပိတ်ခြင်း
ပြန်မဝင်သောအင်္ဂါအစိတ်အပိုင်းသည် အူဖြစ်နေပါက အူပိတ်ခြင်း ဖြစ်နိုင်သည်။ - အူပုပ်ခြင်း
ထွက်နေသောအူသည် ပြန်မဝင်ဘဲ ညပ်နေပါက အူများသို့ သွေးမရောက်သဖြင့် အူပုပ်သွားပြီး ပိုးဆိပ်တက်လာနိုင်သည်။ အရေးပေါ် အမြန်ဆုံး ခွဲစိတ်ရမည်ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ အထူးသဖြင့် အောက်ဖော်ပြပါလက္ခဏာများ ရှိပါက ချက်ချင်းပြသပါ။
- အူကျွံရာမှ ပြန်မဝင်ခြင်း
- အူကျွံသည့်နေရာတွင် နာကျင်ခြင်း
- အရောင်ပြောင်းခြင်း
- ပျို့အန်ခြင်း
- ဖျားခြင်း
ရောဂါရှာဖွေခြင်း
အများအားခြင့် အူကျွံခြင်းကို လူနာစမ်းသပ်ရုံဖြင့် အတည်ပြုနိုင်သည်။ ဝမ်းဗိုက်တွင်း ဖိအားတက်စေရန် ချောင်းဆိုးစေခြင်းဖြင့် အူကျွံနာသည် ပို၍ဖောင်းတင်းထင်ရှားလာသည်။ စမ်းသပ်တွေ့ရှိချက်များ မထင်ရှားပါက ဝမ်းဗိုက်အာထရာဆောင်း (USG) ရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်းစသည်တို့ ဆက်လက်ပြုလုပ်ရန် လိုအပ်သည်။
ကုသခြင်း
အူကျွံခြင်း၏ ကုထုံးသည် ခွဲစိတ်ကုသမှု ခံယူခြင်းပင်ဖြစ်သည်။ အကယ်၍ အူကျွံခြင်းသည် လွယ်ကူစွာ ပြန်သွင်းနိုင်ပါက ခွဲစိတ်မှုမခံယူသေးဘဲ ဆက်လက်စောင့်ကြည့်နိုင်သည်။
ခွဲစိတ်ကုသရာတွင် ကျွံထွက်နေသော ကိုယ်တွင်းအင်္ဂါများကို ဝမ်းခေါင်းအတွင်းသို့ ပြန်လည်ထည့်သွင်းကာ အူကျွံနေသော အပေါက်နှင့်လမ်းကြောင်းကို ပိတ်ပစ်ခြင်းဖြစ်သည်။ နောက်တစ်ကြိမ် အူကျွံခြင်း ပြန်မဖြစ်စေရန် အားပျော့နေသော ကြွက်သားနေရာအား အထူးပြုလုပ်ထားသည့် အကာပစ္စည်းတစ်မျိုး (Surgical mesh) ဖြင့် အားဖြည့်ပေးနိုင်သည်။
ခွဲစိတ်ကုသနည်း (၂) နည်းရှိသည်။
- ခွဲကြောင်းပေး ခွဲစိတ်နည်း (Open hernia repair surgery)
အူကျွံသည့်နေရာတွင် ခွဲကြောင်းရာပေး၍ ခွဲစိတ်ပြုပြင်ခြင်းဖြစ်သည်။ - မှန်ပြောင်းဖြင့် ခွဲစိတ်နည်း (Laparoscopic surgery)
အထူးပြုလုပ်ထားသော မှန်ပြောင်းပါ ခွဲစိတ်ကိရိယာများ၊ ခွဲစိတ်လက်တံများကို အသုံးပြု၍ အရွယ် (၁) စင်တီမီတာခန့် အပေါက်ဖောက်ကာ ခွဲစိတ်ခြင်းဖြစ်သည်။ မှန်ပြောင်းဖြင့် ခွဲစိတ်ကုသလျှင် နာကျင်မှု ပိုမိုသက်သာခြင်း၊ အမာရွတ်မကျန်သလောက်ဖြစ်ခြင်း၊ နာလန်ထ ပိုမိုမြန်ဆန်ခြင်းနှင့် နေ့စဥ်ပုံမှန်လုပ်ငန်းဆောင်တာများ ပိုမိုဆောလျင်စွာ ပြန်လည်ဆောင်ရွက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရှိသည်။
ခွဲစိတ်ကုသရာတွင် အူညပ်၍ အူပုပ်နေပါက ထိုအပိုင်းကို ဖြတ်ထုတ်ရန် လိုအပ်သည်။
ကလေးငယ်များတွင် ပေါင်ခြံ၌ အူကျွံခြင်း (Inguinal hernia) ဖြစ်ပါကအမြန်ဆုံး ခွဲစိတ်ကုသရန် လိုအပ်သည်။ မွေးရာပါ ချက်မှ အူကျွံခြင်း (Congenital umbilical hernia) သည် ကလေးကြီးထွားလာသည့်အခါ အချို့တွင် ပျောက်သွားတတ်သော်လည်း အချို့တွင် ခွဲစိတ်ပြုပြင်ရန် လိုအပ်သည်။
ရင်ခေါင်းနှင့်ဝမ်းခေါင်းခြား ကြွက်သားပြင်၌ အစာအိမ်ကျွံခြင်း (Hiatal hernia) သည် ခွဲစိတ်ရန် လိုအပ်လေ့ မရှိပါ။ သို့သော် အစာအိမ်မှ အက်ဆစ်ဓာတ်များ အစာမျိုပြွန်အတွင်းသို့ ပြန်တက်ခြင်း မကြာခဏဖြစ်ပွါးပါက ခွဲစိတ်ပြုပြင်ရန် လိုအပ်သည်။
ကာကွယ်ခြင်း
အူကျွံခြင်း မဖြစ်စေရန် ကြိုတင်ကာကွယ်၍ မရပေ။ သို့ရာတွင် အူကျွံသည့်နေရာများတွင် ကြွက်သားအားနည်းခြင်းရှိပါက ဝမ်းဗိုက်အတွင်း ဖိအားမတက်စေရန်၊ အူကျွံခြင်း ပိုမိုဆိုးရွားမှု မရှိစေရန် အလေးအပင် မခြင်းနှင့် ပြင်းထန်စွာ အားကစားလုပ်ခြင်း ရှောင်ကြဉ်ပါ။ ဝမ်းချုပ်ခြင်း၊ ချောင်းဆိုးခြင်းများကို စောစီးစွာကုသပါ။ ကိုယ်အလေးချိန် လျှော့ချပါ။ ဆေးလိပ်ဖြတ်ပါ။
References:
- Cleveland Clinic. (n.d.). Hernia. Retrieved November 8, 2025, from https://my.clevelandclinic.org/health/diseases/15757-hernia
- Mayo Clinic. (n.d.). Inguinal hernia: Diagnosis and treatment. Retrieved November 8, 2025, from https://www.mayoclinic.org/diseases-conditions/inguinal-hernia/diagnosis-treatment/drc-20351553
- UpToDate. (n.d.). Abdominal wall hernias: The basics. Retrieved November 8, 2025, from https://www.uptodate.com/contents/abdominal-wall-hernias-the-basics
Published: 29 November 2024
Last updated: 8 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.