အသည်းရောင်အသားဝါ ဘီ ရောဂါ (Viral hepatitis B) သည် အသည်းရောင်အသားဝါ ဘီ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွါးသော ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ လူအများစုတွင် ရောဂါပိုးကူးစက်ခံရပါက ရောဂါလက္ခဏာ အနည်းငယ်သာ ဖြစ်ပေါ် ပြီးနောက် ကိုယ်ခံအားစနစ်မှ ထိုဗိုင်းရပ်စ်ပိုးကို နိုင်အောင် တိုက်ခိုက်နိုင်သည့်အခါ ရောဂါအလိုအလျောက် ပြန်လည်ပျောက်ကင်းနိုင်သည်။ ထိုဗိုင်းရပ်စ်ပိုးကို ဆန့်ကျင်နိုင်သော ကိုယ်ခံစွမ်းအားများလည်း ရရှိပြီး၊ ဘဝတစ်လျှောက်လုံး အသည်းရောင်အသားဝါ ဘီ ရောဂါ ပြန်လည်မဖြစ်နိုင်တော့ပါ။ သို့သော် အချို့တွင်မူ ရောဂါအလိုအလျောက် မပျောက်ကင်းဘဲ နာတာရှည် အသည်းရောင်အသားဝါ ဘီ ရောဂါအဆင့်သို့ ရောက်ရှိသွားပြီး၊ အသည်းခြောက်ခြင်း၊ အသည်းလုပ်ငန်းများ ပျက်စီးခြင်း၊ အသည်းကင်ဆာဖြစ်ခြင်းတို့အထိ ရောဂါပြင်းထန်နိုင်သည်။

ဖြစ်ပေါ်ရသော အကြောင်းရင်းများ
အသည်းရောင်အသားဝါ ဘီ ဗိုင်းရပ်စ်ပိုးကြောင့် အဓိကဖြစ်ပွါးသည်။ ထိုဗိုင်းရပ်စ်ပိုးသည် ခန္ဓာကိုယ်မှထွက်သော အရည်များ၊ သွေး၊ သုက်ရည် စသည်တို့ကို ထိတွေ့မိခြင်းမှတစ်ဆင့် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သည်။ လေထဲမှတစ်ဆင့် မကူးစက်နိုင်ပါ။
အသည်းရောင် ဘီ ပိုးကူးစက်နိုင်သော နည်းလမ်းများမှာ_
- လိင်ဆက်ဆံခြင်း (Sexual contact)
- အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း
- သွေး၊ တံတွေး၊ သုက်ရည်၊ မိန်းမကိုယ်မှ အရည်များနှင့် ထိတွေ့မိခြင်း
- ရောဂါရှိသူ၏ သွေး သို့မဟုတ် အနာများကို တိုက်ရိုက်ထိတွေ့မိခြင်း (Direct contact)
- ဆေးထိုးအပ်များနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ မျှဝေသုံးစွဲခြင်း (Sharing of needles)
- ရောဂါပိုးရှိသောသူ အသုံးပြုထားသော ဆေးထိုးအပ်ကို ပြန်လည်အသုံးပြုခြင်း (အထူးသဖြင့် မူးယစ်ဆေးဝါးအသုံးပြုသူများ)
- သွားတိုက်တံ၊ မုတ်ဆိတ်ရိတ်ဓားများ မျှဝေသုံးစွဲခြင်း
- ဆေးပစ္စည်းများ မျှဝေသုံးစွဲခြင်း (ဥပမာ _ ဆီးချိုဖောက်သည့် အပ်)
- လူနာ၏သွေးနှင့် ထိတွေ့ထားသည့် ချွန်ထက်သောအရာများ (ဥပမာ _ ဆေးထိုးအပ်များ) နှင့် မတော်တဆစူးမိခြင်း (Accidental sharp sticks)
- အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းများတွင် အဖြစ်များလေ့ရှိသည်
- ရောဂါပိုးရှိသော ပစ္စည်းကိရိယာများဖြင့် တက်တူးထိုးခြင်း သို့မဟုတ် ခန္ဓာကိုယ်တွင် အပေါက်ဖောက်ခြင်း
- မိခင်မှကလေးသို့ ကူးစက်ခြင်း
- ကိုယ်ဝန်ဆောင်နေစဉ် မိခင်တွင် ရောဂါပိုးရှိပါက ကလေးမွေးဖွားချိန်တွင် ကလေးသို့ ရောဂါကူးစက်နိုင်သည်၊ သို့သော် မွေးဖွားပြီးချိန်တွင် ကလေးကို ရောဂါကာကွယ်ဆေး ထိုးနှံခြင်းဖြင့် အသည်းရောင်အသားဝါ ဘီ ရောဂါဖြစ်ခြင်းမှ ကာကွယ်နိုင်သည်
- သွေးသွင်းခြင်း
- ရောဂါပိုးရှိသူ၏သွေးကို သွင်းခြင်းမှ ရောဂါပိုးကူးစက်နိုင်သည်

အသည်းရောင်အသားဝါ ဘီ ရောဂါအမျိုးအစားများ
အသည်းရောင်အသားဝါ ဘီ ရောဂါတွင် လတ်တလော အသည်းရောင်အသားဝါ ဘီ ရောဂါ (Acute hepatitis B) နှင့် နာတာရှည် အသည်းရောင်အသားဝါ ဘီ ရောဂါ (Chronic hepatitis B) ဟူ၍ နှစ်မျိုးခွဲခြားထားသည်။
- လတ်တလော အသည်းရောင်အသားဝါ ဘီ ရောဂါ (Acute hepatitis B)
- အများအားဖြင့် မိမိ၏ ကိုယ်ခံအားစနစ်မှ ဗိုင်းရပ်စ်ပိုးကို နိုင်အောင် တိုက်ခိုက်နိုင်သောကြောင့် (၆)လအတွင်း ရောဂါပျောက်ကင်းနိုင်သည်
- တချို့သူများတွင် လတ်တလော အသည်းရောင်အသားဝါ ဘီ ရောဂါ (Acute hepatitis B) မှတစ်ဆင့် နာတာရှည် အသည်းရောင်အသားဝါ ဘီ ရောဂါ (Chronic hepatitis B) သို့ ကူးပြောင်းသွားနိုင်သည်
- နာတာရှည် အသည်းရောင်အသားဝါ ဘီ ရောဂါ (Chronic hepatitis B)
- မိမိ၏ ကိုယ်ခံအားစနစ်မှ ဗိုင်းရပ်စ်ပိုးကို နိုင်အောင် မတိုက်ခိုက်နိုင်သောကြောင့် (၆) လ သို့မဟုတ် (၆) လနှင့်အထက်ကြာအောင် ရောဂါပိုးရှိနေခြင်းဖြစ်သည်
- ဘဝတစ်လျှောက်လုံး ခန္ဓာကိုယ်ထဲတွင် ရောဂါပိုး ရှိနေနိုင်သဖြင့် အသည်းခြောက်ခြင်း၊ အသည်းအလုပ်မလုပ်တော့ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်း စသည်တို့အထိ ရောဂါပြင်းထန်နိုင်သည်
အသက်အရွယ်ကြီးသူများတွင် ရောဂါပိုးကူးစက်ပါက လက္ခဏာများပြင်းထန်သော်လည်း ရောဂါပြန်လည်သက်သာ၍ အသည်းရောင်ဘီပိုး ပြန်လည်ပျောက်ကင်းနိုင်သည်။ ကလေးငယ်များနှင့် မွေးကင်းစများတွင် ရောဂါကူးစက်ပါက နာတာရှည်အသည်းရောင်ရောဂါ ဖြစ်နိုင်ခြေ ပိုများသည်။
ရောဂါလက္ခဏာများ
အသည်းရောင်အသားဝါ ဘီ ရောဂါသည် ရိုးရိုးသာမန် ရောဂါလက္ခဏာများမှသည် ပြင်းထန်သည့် ရောဂါလက္ခဏာများအထိ ဖြစ်ပေါ်နိုင်သည်။ လတ်တလော အသည်းရောင်အသားဝါ ဘီ ရောဂါ (Acute hepatitis B) သည် ပုံမှန်အားဖြင့် ရောဂါပိုးကူးစက်ခံရပြီးနောက် (၁)လ မှ (၄)လ အတွင်း ရောဂါလက္ခဏာများ ခံစားရတတ်သည်။ တစ်ခါတစ်ရံ (၂) ပတ်အတွင်း ရောဂါလက္ခဏာများ ခံစားရတတ်သည်။ အဖြစ်များသည့် ရောဂါလက္ခဏာများမှာ_
- မျက်လုံးနှင့်အရေပြား ဝါခြင်း
- ဆီးအရောင်ရင့်ခြင်း (ရေနွေးကြမ်းအရောင်)
- ဗိုက်အောင့်ခြင်း
- ကိုယ်ပူခြင်း
- အဆစ်အမြစ်ကိုက်ခဲခြင်း
- အစာစားချင်စိတ် မရှိခြင်း
- ပျို့အန်ခြင်း
- အားအင်ကုန်ခန်းခြင်း စသည်တို့ ခံစားရနိုင်သည်။
ဤရောဂါလက္ခဏာများသည် (၆)ပတ် မှ (၆)လအထိ ခံစားရနိုင်သည်။

နောက်ဆက်တွဲပြဿနာများ
- လတ်တလော အသည်းလုပ်ငန်းပျက်စီးခြင်း (Acute liver failure)
- နာတာရှည် အသည်းရောင်အသားဝါ ဘီ ရောဂါ (Chronic hepatitis B) သို့ ကူးပြောင်းပြီး အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများလည်း ဆက်လက်ဖြစ်ပေါ်နိုင်သည်။
- အသည်းခြောက်ခြင်း (Cirrhosis)
- အသည်းကင်ဆာဖြစ်ခြင်း (Liver cancer)
- အသည်းလုပ်ငန်းပျက်စီးခြင်း (Liver failure)
- အသည်းရောင်အသားဝါ ဘီ ရောဂါပိုး ပြန်ထကြွလာခြင်း (Reactivation of the hepatitis B virus) (အထူးသဖြင့် ကိုယ်ခံအားကျဆင်းစေသည့် ဆေးဝါးများ သောက်သုံးနေရသူများတွင် တွေ့ရတတ်သည်)
- အသည်းရောင်အသားဝါ ဒီ ရောဂါပိုး (Hepatitis D) ကူးစက်နိုင်ခြင်း
- ကျောက်ကပ်ရောဂါနှင့် သွေးကြောများ ရောင်ရမ်းခြင်း စသည်တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရပါက သို့မဟုတ် ရောဂါပိုးကူးစက်နိုင်သည့် အခြေအနေများရှိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ သွေးစစ်ခြင်းတို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
အသည်းရောင်အသားဝါ ဘီ ရောဂါကို သွေးစစ်၍ အလွယ်တကူ သိရှိနိုင်သည်။ ရောဂါရှာဖွေရန် လူနာ၏ရောဂါရာဇဝင်ကို မေးမြန်းခြင်း (အထူးသဖြင့် ရောဂါပိုးကူးစက်နိုင်သည့် အခြေအနေများကို မေးမြန်းခြင်း၊ မိသားစုထဲတွင် အသည်းရောဂါ ရှိမရှိ မေးမြန်းခြင်း)၊ လူနာကို စမ်းသပ်ခြင်းတို့ကို ဦးစွာပြုလုပ်ပေးလိမ့်မည်။ ထို့နောက် သွေးစစ်ခြင်း၊ အာထရာဆောင်း (USG) ရိုက်ခြင်းတို့ဖြင့် ရောဂါရှာဖွေနိုင်သည်။ အသည်းလုပ်ငန်းများ ပုံမှန်လုပ်ဆောင်နေခြင်း ရှိမရှိကို သွေးစစ်ဆေး၍ သိရှိနိုင်သည်။
အကြိုစစ်ဆေးခြင်း (Screening)
ကျန်းမာသောသူများတွင် အသည်းရောင်အသားဝါ ဘီ ပိုးကို ကြိုတင်စစ်ဆေးခြင်းဖြင့် စောစောသိရှိနိုင်၍ ကုသမှုခံယူနိုင်ပြီး အသည်းထိခိုက်သည့် အန္တရာယ်ကို လျှော့ချပေးနိုင်သည်။ အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဗဟိုဌာနမှ အရွယ်ရောက်ပြီးသူတိုင်းသည် အသည်းရောင် ဘီပိုးကို အနည်းဆုံးတစ်ကြိမ် စစ်ဆေးသင့်သည်ဟု လမ်းညွှန်ထားသည်။ ထို့ပြင် ကိုယ်ဝန်ဆောင်များ၊ ဘီပိုးရှိသောမိခင်မှ မွေးဖွားလာသော ကလေးငယ်များနှင့် ကူးစက်နိုင်ခြေများသော အလေ့အကျင့်ရှိသူများကို ပို၍မကြာခဏ စစ်ဆေးသင့်သည်ဟုဆိုသည်။
ကုသခြင်း
- လတ်တလော အသည်းရောင်အသားဝါ ဘီ ရောဂါကို ကုသခြင်း (Acute hepatitis B)
လတ်တလော အသည်းရောင်အသားဝါ ဘီ ရောဂါ (Acute hepatitis B)သည် အလိုအလျောက် ပြန်လည်ပျောက်ကင်းနိုင်သောကြောင့် အများစုတွင် သီးခြားကုသမှု ခံယူရန် မလိုအပ်ပါ။ မိမိ၏ကိုယ်ခံအားစနစ် ကောင်းမွန်စေရန် ကောင်းစွာအနားယူခြင်း၊ အစာအာဟာရ လုံလောက်အောင် စားသုံးခြင်း၊ ရေဓာတ်ဖြည့်တင်းခြင်းနှင့် ရောဂါအခြေအနေကို စောင့်ကြည့်ခြင်းတို့ဖြင့် ကုသနိုင်သည်။ ပြင်းထန်သော ရောဂါလက္ခဏာများ ခံစားရပါက လိုအပ်လျှင် ဗိုင်းရပ်စ်ပိုးသတ်ဆေးများပေးခြင်း သို့မဟုတ် ဆေးရုံတက်၍ ကုသမှုခံယူခြင်းများ ပြုလုပ်ရနိုင်သည်။ - နာတာရှည် အသည်းရောင်အသားဝါ ဘီ ရောဂါကုသခြင်း (Chronic hepatitis B)
နာတာရှည် အသည်းရောင်အသားဝါ ဘီ ရောဂါဖြစ်ပါက ဘဝတစ်လျှောက်လုံး ဆေးကုသမှုကို သေချာစွာ ခံယူရန် လိုအပ်သည်။ မိမိ၏ အသည်းအခြေအနေနှင့် ဖြစ်နိုင်ခြေများပေါ် မူတည်၍ ကုသမှုခံယူရမည်။ ရောဂါကုသခြင်းဖြင့် အသည်းထိခိုက်ပျက်စီးနိုင်ခြေကို လျှော့ချပေးနိုင်ပြီး တခြားသူများသို့ ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်သည်။ နာတာရှည် အသည်းရောင်အသားဝါ ဘီ ရောဂါကို ကုသရာတွင်- Entecavir, Tenofovir, Lamivudine, Adefovir စသည့် ဗိုင်းရပ်စ်ပိုးသတ်ဆေးများ ပေးခြင်း
- Interferon ထိုးဆေးထိုးခြင်း
- လိုအပ်ပါက အသည်းအစားထိုးခြင်း (Liver transplant) စသည့် ကုထုံးများကို ဆရာဝန်ညွှန်ကြားချက်နှင့်အညီ လိုက်နာရမည်။
ကာကွယ်ခြင်း
ကာကွယ်ဆေးထိုးခြင်းသည် အကောင်းဆုံး ကာကွယ်ခြင်းဖြစ်သည်။ အသည်းရောင်အသားဝါ ဘီ ရောဂါ ကာကွယ်ဆေးသည် ထိုးသည့် ကာကွယ်ဆေးအမျိုးအစားပေါ် မူတည်၍ တစ်လစီခြား၍ (၂)ကြိမ် သို့မဟုတ် ခြောက်လအတွင်း (၃) ကြိမ် သို့မဟုတ် (၄) ကြိမ် ထိုးနှံရနိုင်သည်။ မွေးကင်းစကလေးများတွင် ပထမဆုံးအကြိမ် စတင်ထိုးရန် လိုအပ်ပြီး၊ အကယ်၍ ကလေးဘဝတွင် ကာကွယ်ဆေးမထိုးဖြစ်ခဲ့လျှင် အသက် (၆၀) နှစ်အထိ လူတိုင်း ကာကွယ်ဆေးထိုးထားရန် လိုအပ်သည်။ အသက် (၆၀)နှစ်နှင့် အထက်တွင် ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးရသေးပါက အသည်းရောင်အသားဝါ ဘီ ဗိုင်းရပ်စ်ပိုးနှင့် ထိတွေ့နိုင်ခြေများသူများတွင် ကာကွယ်ဆေး ထိုးထားသင့်သည်။
အသည်းရောင်အသားဝါ ဘီ ရောဂါကာကွယ်ဆေးကို အဓိကထိုးနှံထားသင့်သူများမှာ_
- မွေးကင်းစ ကလေးများ
- ကလေးမွေးချိန်တွင် ကာကွယ်ဆေးမထိုးနှံထားသည့် ကလေးနှင့်လူငယ်များ
- အသည်းရောင်အသားဝါ ဘီ ရောဂါရှိသူနှင့် အတူနေထိုင်ရမည့်သူများ
- ကျန်းမာရေးဝန်ထမ်းများ
- အိတ်ချ်အိုင်ဗွီ (HIV) ရောဂါရှိသူများ
- လိင်တူချင်း လိင်ဆက်ဆံသူများ
- လိင်ဆက်ဆံဖော်များသူများ
- လိင်ဆက်ဆံဖော်တွင် အသည်းရောင်အသားဝါ ဘီ ရောဂါရှိသူများ
- မူးယစ်ဆေးဝါးသုံးစွဲသူများ
- နာတာရှည်ကျောက်ကပ်ရောဂါ (CKD) ရှိသူများ
- ကျောက်ကပ်ဆေးနေရသည့်သူများ
- ခရီးမကြာခဏသွားနေသူများတို့ ဖြစ်ကြသည်။
အောက်ပါနည်းလမ်းများကို လုပ်ဆောင်ခြင်းဖြင့်လည်း အသည်းရောင်အသားဝါ ဘီ ရောဂါဖြစ်ခြင်းမှ လျှော့ချနိုင်သည်။
- လိင်ဆက်ဆံဖော်တွင် အသည်းရောင်အသားဝါ ဘီ ရောဂါ ရှိမရှိ စစ်ဆေးခြင်း
- လိင်ဆက်ဆံသည့်အခါ အကာအကွယ် (ကွန်ဒုံး) အသုံးပြုခြင်း
- သွားတိုက်တံနှင့် မုတ်ဆိတ်ရိတ်ဓား အစရှိသည်တို့ကို တစ်ီဥးနှင့်တစ်ီဥး အတူတူမျှဝေသုံးစွဲမှု မပြုလုပ်ခြင်း
- မူးယစ်ဆေးဝါးမသုံးစွဲခြင်း
- တက်တူးထိုးခြင်း၊ နားဖောက်ခြင်းတို့တွင် အထူးဂရုစိုက်ခြင်း
အသည်းရောင်အသားဝါ ဘီပိုး ကူးစက်နိုင်ခြေများသည့် ကျန်းမာရေးဝန်ထမ်းများအပါအဝင် ခန္ဓာကိုယ်မှထွက်သော အရည်များနှင့် ထိတွေ့ရသူများသည် အသည်းရောင်အသားဝါ ဘီပိုး ကူးစက်နိုင်သည့် အခြေအနေများ (ဥပမာ _ လူနာ၏သွေးနှင့် ထိတွေ့မိခြင်း၊ လူနာအသုံးပြုထားသည့် ဆေးထိုးအပ် ထိုးမိခြင်း၊ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း) ဖြစ်ပေါ်ပါက အသည်းရောင်အသားဝါ ဘီ ရောဂါ ကာကွယ်ဆေး မထိုးထားသူများတွင် HBIG ဟုခေါ်သော အင်မြူနိုဂလိုဗျူလင် (Immunoglobulin)ကို ရောဂါပိုးနှင့်ထိတွေ့ပြီး (၂၄) နာရီအတွင်း ထိုးနှံခြင်းနှင့်အတူ အသည်းရောင်အသားဝါ ဘီ ရောဂါ ကာကွယ်ဆေးကိုပါ ထိုးနှံခြင်းဖြင့် ရောဂါဖြစ်ခြင်းမှ ကာကွယ်နိုင်သည်။ သို့သော် အသည်းရောင်အသားဝါ ဘီရောဂါ ကာကွယ်ဆေးထိုးထားပြီး ရောဂါပိုးကာကွယ်နိုင်သည့် ခုခံအား ပဋိပစ္စည်း (antibody) ရှိသူများ (Vaccinated person with anti-HBs >10mlU/ml) တွင် အထက်ပါဆေးများ မလိုအပ်ပါ။
References:
- Centers for Disease Control and Prevention. (n.d.). Hepatitis B: About hepatitis B. Retrieved November 5, 2025, from https://www.cdc.gov/hepatitis-b/about/index.html
- Centers for Disease Control and Prevention. (n.d.). Hepatitis B: Infection control for health care professionals. Retrieved November 5, 2025, from https://www.cdc.gov/hepatitis-b/hcp/infection-control/index.html
- Mayo Clinic. (n.d.). Hepatitis B: Symptoms and causes. Retrieved November 5, 2025, from https://www.mayoclinic.org/diseases-conditions/hepatitis-b/symptoms-causes/syc-20366802
- Mayo Clinic. (n.d.). Hepatitis B: Diagnosis and treatment. Retrieved November 5, 2025, from https://www.mayoclinic.org/diseases-conditions/hepatitis-b/diagnosis-treatment/drc-20366821
- WebMD. (n.d.). Hepatitis B. Retrieved November 5, 2025, from https://www.webmd.com/hepatitis/digestive-diseases-hepatitis-b
Published: 27 November 2024
Last updated: 8 December 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.