လိပ်ခေါင်းရောဂါ (Piles) သည် စအိုဝ (anus) နှင့် အစာဟောင်းအိမ် (rectum) အောက်ပိုင်းတွင်ရှိသော သွေးပြန်ကြောလေးများ ဖောင်းလာခြင်းဖြစ်သည်။
အစာဟောင်းအိမ်အတွင်း ဖြစ်ပွါးပါက အတွင်းလိပ်ခေါင်းဖြစ်ပြီး စအိုဝပတ်လည်ရှိ အရေပြားအောက်တွင် ဖြစ်ပွါးပါက အပြင်လိပ်ခေါင်းဖြစ်သည်။ လိပ်ခေါင်းရောဂါကုသနည်း များစွာရှိသည့်အနက် လူနာအများစုတွင် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းဖြင့် လိပ်ခေါင်းရောဂါသက်သာစေရန် မိမိကိုယ်တိုင်ကုသနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
စအိုဝနှင့် အစာဟောင်းအိမ်အောက်ပိုင်းရှိ သွေးပြန်ကြောများတွင် ဖိအားများလာခြင်းကြောင့် ယင်းသွေးပြန်ကြောများ ဖောင်းပြီးရောင်လာခြင်းဖြစ်သည်။
သွေးပြန်ကြောများအပေါ် ဖိအားများစေသော အခြေအနေများမှာ_
- ဝမ်းညှစ်ခြင်း
- အချိန်ကြာမြင့်စွာ ထိုင်ခြင်း (အထူးသဖြင့် အိမ်သာထိုင်ခြင်း)
- နာတာရှည် ဝမ်းချုပ်ခြင်း သို့မဟုတ် နာတာရှည် ဝမ်းလျှောခြင်း
- ကိုယ်အလေးချိန်များခြင်း
- ကိုယ်ဝန်ဆောင်ခြင်း
- စအိုဖြင့် လိင်ဆက်ဆံခြင်း
- အစားအသောက်တွင် အမျှင်ဓာတ်နည်းခြင်း
- လေးလံသည့် ပစ္စည်းများ မကြာခဏ ‘မ’ ရခြင်း
ရောဂါလက္ခဏာများ
လိပ်ခေါင်းရောဂါ (Piles) သည် မည်သည့်လက္ခဏာမျှ မပြသဘဲ ရှိနိုင်သကဲ့သို့ ဝမ်းညှစ်သည့်အခါ သို့မဟုတ် ဝမ်းသွားသည့်အခါတွင် ရောဂါအဆင့်ပေါ် မူတည်၍ အောက်ဖော်ပြပါလက္ခဏာများ ခံစားရနိုင်သည်။
- စအိုဝပတ်လည်တွင် ယားယံခြင်း
- နာကျင်မှုမရှိဘဲ ဝမ်းသွားသွေးပါခြင်း _ အိမ်သာကမုတ်အတွင်း သို့မဟုတ် အိမ်သာသုံးစက္ကူပေါ်တွင် နီနီရဲရဲ သွေးစအနည်းငယ် ပါတတ်သည်
- စအိုဝတွင် နာကျင်ခြင်း – လိပ်ခေါင်းအတွင်း သွေးခဲတည်သည့်အခါ (Thrombosed pile) မခံမရပ်နိုင်အောင် နာကျင်နိုင်သည်၊ စအိုဝတွင် အလုံးစမ်းမိနိုင်သည်
- စအိုဝမှ အလုံးထွက်ကျလာခြင်း (အထူးသဖြင့် – ဝမ်းသွားသည့်အချိန်)

လိပ်ခေါင်းရောဂါ အဆင့်သတ်မှတ်ချက်
- အဆင့် (၁) – စအိုတွင်းကြည့် မှန်ပြောင်းတိုဖြင့် ကြည့်ရှုစမ်းသပ်မှ တွေ့ရှိရသော လိပ်ခေါင်း
- အဆင့် (၂) – ဝမ်းညှစ်သည့်အချိန် စအိုဝအပြင်သို့ ထွက်လာပြီး အလိုအလျောက် ပြန်ဝင်သွားသော လိပ်ခေါင်း
- အဆင့် (၃) – ဝမ်းညှစ်သည့်အချိန် စအိုဝအပြင်သို့ ထွက်လာပြီး လက်ဖြင့် တွန်းတင်မှ ပြန်ဝင်သွားသော လိပ်ခေါင်း
- အဆင့် (၄) – စအိုအတွင်း ပြန်မဝင်တော့သည့် လိပ်ခေါင်း
နောက်ဆက်တွဲပြဿနာများ
- သွေးအားနည်းခြင်း _ ဝမ်းသွားသွေးပါခြင်း တာရှည်ပါက ခန္ဓာကိုယ်အတွင်း သွေးနီဥပမာဏ လျော့နည်းလာကာ သွေးအားနည်းခြင်း ဖြစ်ပွါးနိုင်သည်
- လိပ်ခေါင်းထွက်ပြီး ပြန်မဝင်ရာမှ လိပ်ခေါင်းအတွင်း သွေးစီးဆင်းမှု ပိတ်ဆို့ခြင်း _ မခံမရပ်နိုင်အောင် နာကျင်ခြင်း၊ လိပ်ခေါင်းတွင် အနာဖြစ်ခြင်း၊ ပိုးဝင်ရောင်ရမ်းခြင်းစသည့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပွါးနိုင်သည်
- လိပ်ခေါင်းတွင် သွေးခဲတည်ခြင်း (Thrombosed pile) _ တစ်ခါတစ်ရံဖြစ်ပွါးတတ်ပြီး အသက်အန္တရာယ် မရှိတတ်သော်လည်း အလွန်အမင်းနာကျင်သောကြောင့် ယင်းသွေးခဲကို ခွဲစိတ်ဖယ်ထုတ်ရန် လိုအပ်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ဖော်ပြပါ လိပ်ခေါင်းရောဂါလက္ခဏာများ (အထူးသဖြင့် ဝမ်းသွားသွေးပါခြင်းနှင့် ကတ္တရာစေးကဲ့သို့ ဝမ်းမည်းမည်းသွားခြင်း) ခံစားရပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ ထို့အပြင် အူကင်ဆာ၊ အူမကြီးရောင်ရမ်းနာစသည့် အူလမ်းကြောင်းဆိုင်ရာ အရေးကြီးရောဂါများတွင်လည်း ဤလက္ခဏာများ ပြသနိုင်သောကြောင့် မပေါ့ဆသင့်ပေ။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ သွေးစစ်ခြင်းတို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ရောဂါရှာဖွေရန် ရောဂါရာဇဝင် မေးမြန်းခြင်းနှင့် ဝမ်းဗိုက်စမ်းသပ်ခြင်း စသည်တို့ကို ဦးစွာပြုလုပ်ပေးလိမ့်မည်။ ထို့နောက်_
- လက်ချောင်းဖြင့် စအိုအတွင်း စစ်ဆေးခြင်း (Digital rectal examination)
ဆရာဝန်မှ လက်အိတ်စွပ်ကာ ထုံဆေးဂျယ်လ်လိမ်းထားသော လက်ညှိုးဖြင့် စအိုနှင့် အစာဟောင်းအိမ်အတွင်း သွေးကြောဖောင်းများ စမ်းသပ်ရှာဖွေမည်။ - စအိုမှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်း
သတ္တု သို့မဟုတ် ပလတ်စတစ်ဖြင့် ပြုလုပ်ထားသော မှန်ပြောင်းတိုထည့်သွင်းကာ စအိုနှင့် အစာဟောင်းအိမ်နံရံများကို ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်။ - အူမကြီးမှန်ပြောင်း ကြည့်ရှုစစ်ဆေးခြင်း
အူမကြီးကင်ဆာ၊ အစာဟောင်းအိမ်ကင်ဆာ ဖြစ်ပွါးနိုင်ခြေများသူ၊ အခြားအူမကြီးရောဂါလက္ခဏာများ ရှိခြင်းနှင့် အသက် (၅၅) နှစ်အထက် အူမကြီးမှန်ပြောင်း ကြည့်ရှုစစ်ဆေးခြင်း မပြုလုပ်ဖူးသူ စသည့်အခြေအနေများတွင် အူမကြီးလမ်းကြောင်း တစ်လျှောက်လုံး ကြည့်ရှုစစ်ဆေးရန် ညွှန်ကြားနိုင်သည်။
ကုသခြင်း
- နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်း
အမျှင်ဓာတ်များသော အစားအစာများ စားပါ။ အမျှင်ဓာတ်များသော အစားအစာများသည် ဝမ်းပျော့စေ သောကြောင့် ဝမ်းညှစ်ရန်မလိုအပ်ဘဲ ဝမ်းသွားရလွယ်ကူစေသည်။ - လိမ်းဆေးများ
လိပ်ခေါင်းလိမ်းဆေးခရင်မ်များ၊ စတီးရွိုက် (steroids) ပါသော စအိုတွင်းထည့် ဆေးတောင့်များ၊ ထုံဆေးပါသော လိမ်းဆေးများသည် လိပ်ခေါင်းကြောင့်ဖြစ်သော နာကျင်ရောင်ရမ်းမှုများကို သက်သာစေသည်။ စတီးရွိုက်ပါသော လိမ်းဆေးများသည် အရေပြားကို ထိခိုက်စေသောကြောင့် တစ်ပတ်ထက်ပို၍ မသုံးစွဲသင့်ပါ။ - ဇလုံအတွင်း ရေနွေးထည့်ထိုင်ခြင်း
- ရေဇလုံအတွင်း ကြက်သီးနွေးရုံ ရေထည့်ပါ
- စအိုဧရိယာ သို့မဟုတ် တင်ပါးမြုပ်ရုံ တစ်ကြိမ်လျှင် (၁၀ – ၁၅) မိနစ်၊ တစ်နေ့ (၃) ကြိမ်ထိုင်ပါ
- ဆပ်ပြာ သို့မဟုတ် အခြားဆေးဝါးများ ထည့်ရန်မလိုပါ
- ယင်းသို့ပြုလုပ်ခြင်းဖြင့် စအိုတစ်ဝိုက် သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေခြင်းနှင့် စအိုကြွက်သားများကို ပြေလျော့စေသော ကောင်းကျိုးများ ရရှိသည်
- အထက်ပါ အိမ်တွင်းကုသနည်းများဖြင့် လိပ်ခေါင်းရောဂါလက္ခဏာများ သက်သာပျောက်ကင်းနိုင်သည်
- ပြင်းထန်စွာနာကျင်ခြင်း၊ ဝမ်းသွားသွေးပါခြင်း သို့မဟုတ် အိမ်တွင်းကုသနည်းများဖြင့် မသက်သာပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်
- သားရေကွင်းပစ် ကုသခြင်း (Rubber band ligation)
လိပ်ခေါင်းအရင်းပိုင်းအား အထူးပြုလုပ်ထားသော ကိရိယာငယ်ကိုသုံးပြီး၊ သေးငယ်သော သားရေကွင်းဖြင့်ပစ်၍ လိပ်ခေါင်းသို့ သွေးစီးဆင်းမှု ဖြတ်တောက်ခြင်းဖြင့် လိပ်ခေါင်းရှုံ့သွားပြီး တစ်ပတ်အတွင်း ကြွေကျသွားမည်ဖြစ်သည်။ သားရေကွင်းပစ် ကုသခြင်းသည် တစ်ခါတစ်ရံ (၂)ရက် မှ (၄)ရက်အထိ သွေးအနည်းငယ် ထွက်တတ်သော်လည်း မပြင်းထန်တတ်ပါ။ - လိပ်ခေါင်း ဆေးထိုးခြင်း (Sclerotherapy)
လိပ်ခေါင်းရှုံ့သွားစေရန် လိပ်ခေါင်းတစ်ရှူးအတွင်းသို့ ဓာတုဆေးရည် ထိုးသွင်းကုသခြင်းဖြစ်သည်။ ဆေးထိုးခြင်းသည် နာကျင်မှုမရှိသော်လည်း သားရေကွင်းပစ်ကုသခြင်းထက် ထိရောက်မှု ပိုနည်းသည်။ - လိပ်ခေါင်းသွေးကြောများခဲစေခြင်း (Coagulation)
လေဆာ သို့မဟုတ် အနီအောက်ရောင်ခြည်ကို အသုံးပြုကာ လိပ်ခေါင်းသွေးကြောများကို ခဲစေခြင်းဖြင့် အရွယ်သေးငယ်သော လိပ်ခေါင်းများကို ကုသသည်။ ဘေးထွက်ဆိုးကျိုး အနည်းငယ်သာရှိပြီး နာကျင်မှုလည်း နည်းပါးသည်။
ခွဲစိတ်ကုသခြင်း
အရွယ်အစားကြီးသော လိပ်ခေါင်းများနှင့် အခြားကုသနည်းများဖြင့် မသက်သာသော လိပ်ခေါင်းများကို ခွဲစိတ်ကုသရန် လိုအပ်သည်။ အဓိကခွဲစိတ်နည်း (၂) မျိုးမှာ အောက်ပါအတိုင်းဖြစ်သည်။
- လိပ်ခေါင်းခွဲစိတ်ဖြတ်ထုတ်ခြင်း (Haemorrhoidectomy)
- သင့်လျော်သည့် အခြေအနေများ
အဆင့် (၃) နှင့် အဆင့် (၄) လိပ်ခေါင်းများ၊ နာကျင်နေသော လိပ်ခေါင်းများ၊ စအိုအတွင်းသို့ ပြန်ထည့်၍ မရတော့သော လိပ်ခေါင်းများ၊ မကြာခဏ ပြန်ဖြစ်သော လိပ်ခေါင်းများတွင် ဤနည်းလမ်းသည် အထိရောက်ဆုံး ကုသမှုဖြစ်သည်။ - လုပ်ဆောင်ပုံ
သွေးထွက်နေသော သို့မဟုတ် ပိုနေသော လိပ်ခေါင်းအသားတစ်ရှူးများကို သင့်တော်သော ခွဲစိတ်နည်းဖြင့် ဖြတ်ထုတ်ကုသသည်။ ခါးဆစ်ရိုးထုံဆေး (Spinal Anaesthesia) သို့မဟုတ် မေ့ဆေး အသုံးပြု၍ ခွဲစိတ်သည်။ - နောက်ဆက်တွဲ ပြဿနာများ
- ခါးဆစ်ရိုးထုံဆေး အသုံးပြုပါက ခွဲစိတ်ပြီးချိန်တွင် ဆီးသွားရခက်နိုင်သည်
- ခွဲစိတ်ပြီးနောက်တွင် နာကျင်မှုဝေဒနာကို ခံစားရနိုင်ပြီး အနာပျောက်ဆေးများ သောက်သုံးခြင်း၊ ရေနွေးထိုင်ခြင်းတို့ဖြင့် သက်သာပျောက်ကင်းစေနိုင်သည်
- အခြား နောက်ဆက်တွဲပြဿနာများအနေဖြင့် ခွဲစိတ်ပြီးနောက် သွေးထွက်ခြင်း၊ အနာရင်းပြီး ပိုးဝင်ခြင်းစသည်တို့ ဖြစ်ပွါးနိုင်သည်
- သင့်လျော်သည့် အခြေအနေများ
- စတက်ပလာအသုံးပြု ခွဲစိတ်ကုသခြင်း (Stapled Haemorrhoidopexy)
- လုပ်ဆောင်ပုံ
လိပ်ခေါင်းတစ်ရှူးများသို့ သွားသော သွေးကြောများကို ပိတ်ခြင်းဖြစ်သည်။ လိုအပ်ပါက လိပ်ခေါင်းအသားတစ်ရှူးများကိုပါ စတက်ပလာ (Stapler) ဖြင့် တစ်ခါတည်း ဖြတ်ထုတ်သည်။ စအိုပတ်ပတ်လည်၌ ဖြစ်နေသော လိပ်ခေါင်းများနှင့် စအိုအပြင်သို့ ကျွံထွက်လာသော လိပ်ခေါင်းများတွင် အသုံးပြုသည်။ - အားသာချက်နှင့် နောက်ဆက်တွဲပြဿနာများ
- ရိုးရိုးခွဲစိတ်ဖြတ်ထုတ်ခြင်းထက် နာကျင်မှုသက်သာပြီး နာလန်ထ ပိုမိုမြန်သည်
- စတက်ပလာအသုံးပြု ခွဲစိတ်သော လူနာများတွင် ရိုးရိုးခွဲစိတ်ဖြတ်ထုတ်ခြင်းတွင် တွေ့ရတတ်သော အနာမရှိပါ
- သို့သော် နောက်ဆက်တွဲ ပြဿနာအနေဖြင့် ရိုးရိုးခွဲစိတ်ဖြတ်ထုတ်ခြင်းကဲ့သို့ပင် ခွဲစိတ်ပြီးနောက် သွေးထွက်ခြင်း၊ ဆီးမသွားနိုင်ခြင်း၊ အနာရင်းပြီး ပိုးဝင်ခြင်းစသည်တို့ ဖြစ်ပွါးနိုင်သည်။
- စတက်ပလာအသုံးပြု ခွဲစိတ်ကုသခြင်းသည် လိပ်ခေါင်းပြန်လည်ဖြစ်ပွါးနှုန်း (Recurrence) ပိုများပြီး အစာဟောင်းအိမ် စအိုမှ ကျွံကျခြင်း (Rectal Prolapse) ဖြစ်တတ်သည်
- လုပ်ဆောင်ပုံ
ကာကွယ်ခြင်း
ဝမ်းသွားရလွယ်စေရန်၊ ဝမ်းပျော့ပျော့သွားရန်၊ ဝမ်းသွားသည့်အချိန် တိုတောင်းရန် ဂရုပြုခြင်းသည်သာ အကောင်းဆုံး ကာကွယ်နည်းဖြစ်သည်။ အောက်ဖော်ပြပါ အချက်များကို လိုက်နာပါ။
- အချိန်ကြာမြင့်စွာ မထိုင်ပါနှင့်၊ အထူးသဖြင့် အိမ်သာတွင် အချိန်ကြာကြာထိုင်ခြင်းကို ရှောင်ကြဥ်ပါ
- ဝမ်းသွားချင်သည့်အခါ အောင့်မထားဘဲ အိမ်သာချက်ချင်းသွားပါ
- ဝမ်းသွားသည့်အခါ အလွန်အမင်း ဝမ်းမညှစ်ပါနှင့်
- တစ်နေ့လျှင် အနည်းဆုံး ရေဖန်ခွက် (၆)ခွက် မှ (၈)ခွက် သို့မဟုတ် တတ်နိုင်သမျှ အရည်များများ သောက်ပါ
- အမျှင်ဓာတ်များသော အစားအစာများဖြစ်သည့် အသီးအရွက်နှင့် အစေ့အဆန်များ ပိုမိုစားသုံးပါ၊ သို့မဟုတ် အမျှင်ဓာတ်ဖြည့်စွက်ဆေးများ သောက်သုံးပါ၊ လူတစ်ဦးသည် ပျှမ်းမျှအားဖြင့် တစ်နေ့လျှင် အမျှင်ဓာတ် (၂၅)ဂရမ် မှ (၃၅)ဂရမ် လိုအပ်သည်
- လေ့ကျင့်ခန်းပြုလုပ်ပါ၊ ကိုယ်လက်လှုပ်ရှားခြင်းသည် ဝမ်းသွားရလွယ်ကူစေသည်
- ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဝမ်းပျော့ဆေးများ သောက်သုံးပါ
References:
- Mayo Clinic. (n.d.). Hemorrhoids: Symptoms and causes. Retrieved October 15, 2025, from https://www.mayoclinic.org/diseases-conditions/hemorrhoids/symptoms-causes/syc-20360268
- Cleveland Clinic. (n.d.). Hemorrhoids. Retrieved October 15, 2025, from https://my.clevelandclinic.org/health/diseases/15120-hemorrhoids
- Jeyarajah, S. (2022). Colorectal surgery. In Oxford handbook of clinical surgery (5th ed., p. 516). Oxford University Press.
Published: 26 November 2024
Last updated: 8 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.